အခန်း (၅) — ကျောင်းတော်မှ ဆင့်ခေါ်သားရဲများ
“ဒါ... ဒါက... နိဗ္ဗာန်ဘုံပဲ!!!”
လူအုပ်ကြားထဲ တိုးဝှေ့နေတဲ့ ယု တစ်ယောက် စိတ်ထဲကနေ အော်ဟစ်နေမိသည်။
စာမေးပွဲဖြေမည့် ခန်းမသို့ ဦးတည်ထားသော စင်္ကြံလမ်းကျဉ်းလေးမှာ ကျောင်းသားသစ်များဖြင့် ပြည့်နှက်နေသည်။ အာစီမန်းစ်ပြောခဲ့သည့်အတိုင်းပင် ချစ်စရာကောင်းသော မိန်းကလေးများစွာ လည်းရှိနေသည်။
လူအုပ်က တိုးဝှေ့နေတာကြောင့် ယု ခမျာလည်း ‘ဆောရီး ပါ ‘ ၊ ‘ဘေးနည်းနည်း လောက်ပါ’ စသည့် စကားများ ရေရွတ်ရင်း ကောင်မလေးတွေရဲ့ နူးညံတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့နဲ့ မတော်တဆ ဆိုသလို လိုက်ထိ နေ လေ တော့သည်။
ယု ဟာ ပြုံးစိစိဖြင့် လူအုပ်ကြားထဲ တိုးဝှေ့ရင်း ပုံမှန်ဆို ၅ မိနစ်ပဲ လျှောက်ရမည့် လမ်းကို နာရီဝက်လောက် အချိန်ဆွဲပြီး မှနောက်ဆုံး အုပ်စု နဲ့အတူ ခန်းမကြီးထဲကို ရောက်လာ တော့သည်။
ခန်းမကြီးမှာ ဘောလုံးကွင်းတစ်ကွင်းစာခန့် ကျယ်ဝန်းသဖြင့် အထဲရောက်သည်နှင့် လူအုပ်မှာ ချက်ချင်းပင် လူစုကွဲသွားကြသည်။ ခန်းမ၏ အမိုးခုံးပတ်ပတ်လည်တွင် မှော်မီးအိမ်များ တပ်ဆင်ထားသဖြင့် ခန်းမတစ်ခုလုံး လင်းထိန်နေသည်။
အမိုးပေါ်တွင်လှပသော နံရံဆေးရေးပန်းချီများ ရှိသော်လည်း ယု ကမူ စိတ်မဝင်စားပေ။
သူ့မျက်လုံးထဲမှာတော့ ပန်းချီထဲက နတ်သမီးပုံတွေထက်... ဘေးနားက သက်ရှိထင်ရှား ကျောင်းသူလေးတွေက ပိုပြီး ဆွဲဆောင်မှု ရှိနေသည်။
“ကျောင်းသားသစ်တွေ အကုန်စုံပြီလား??”
ရုတ်တရက် ခန်းမထဲတွင် ကျယ်လောင်သော အသံတစ်ခု ဟိန်းထွက်လာသည်။ အသံကိုသာ ကြားရသော်လည်း ပြောသူကိုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။
“မရောက်သေးတဲ့သူတွေကိုတော့ ငါတို့ မစောင့်တော့ဘူး။ ပထမဆုံးအနေနဲ့ အင်ပါယာ တော်ဝင်အကယ်ဒမီ ကို တက်ခွင့်ရတဲ့အတွက် ဂုဏ်ပြုပါတယ်။ ဒုတိယအချက်ကတော့... ကျောင်းဝင်ခွင့် စာမေးပွဲကို အခုပဲ စတင်ပါမယ်!”
ချက်ချင်းဆိုသလိုပင် ခန်းမအလယ်တွင် နီရဲတောက်ပသော မှော်စက်ဝိုင်းလေးခု ပေါ်လာသည်။ ထို့နောက် မီးလျှံများ ထွက်ပေါ်လာပြီး ခန်းမအလယ်တွင် ကြီးမားသော ‘မီးလျှံဝံပုလွေ’ လေးကောင် ပေါ်လာတော့သည်။ ၎င်းတို့သည် နှစ်မီတာကျော် မြင့်မားပြီး ကျောကုန်းနှင့် ဦးခေါင်းတွင် မီးလျှံများ တောက်လောင်နေသည်။
“ဒါ... ဒါက အဆင့်မြင့် မီးမှော်ဆရာတွေပဲ
ဆင့်ခေါ်နိုင်တဲ့ ‘မီးလျှံနတ်ဆိုးဝံပုလွေ’ မဟုတ်လား??”
ဝံပုလွေတွေနဲ့ အနီးဆုံးမှာရှိတဲ့ ကျောင်းသားတွေဟာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။
“ဘုရားရေ! ဒီလောက် အဆင့်မြင့်တဲ့ သားရဲမျိုးကို အနီးကပ် မြင်ဖူးတာ ဒါပထမဆုံးပဲ!”
“ဒါ ဘယ်လို စာမေးပွဲမျိုးလဲ?
ဘာလို့ ဒီဝံပုလွေကြီးတွေကို သုံးရတာလဲ?”
ကျောင်းသားများသည် စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ဝံပုလွေများကို ကြည့်နေကြသည်။
“ကဲ... ဒါဆို ကျောင်းဝင်ခွင့်စာမေးပွဲကို စတင်လိုက်ကြရအောင်။ မင်းတို့အားလုံး အသက်ရှင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”
“...”
“...”
“...”
“ဒါ.. ဒါ နောက်နေတာ မဟုတ်လား??”
“ဒီပြက်လုံးက မရယ်ရဘူးနော်! စာမေးပွဲကိုပဲ မြန်မြန်စပါတော့၊ လျှောက်နောက်မနေနဲ့!”
ကျောင်းသားအချို့ဆီက ကန့်ကွက် အသံ တွေထွက် နေကြပေမဲ့ သူတို့မျက်နှာတွေကတော့ ကြောက်ရွံ နေကြ ပြီဖြစ်သည်။
အဲဒီအချိန်မှာပဲ မီးလျှံနတ်ဆိုးဝံပုလွေတွေရဲ့ ကိုယ်ပေါ်က မီးတောက်တွေက ပိုမိုပြင်းထန်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ဝံပုလွေလေးကောင်ဟာ သူတို့ရှေ့က ကျောင်းသားတွေကို အစာငတ်နေတဲ့ မုဆိုးတွေလိုမျိုး ရက်ရက်စက်စက် စိုက်ကြည့်နေကြသည်။
“ဒီလိုဆိုတော့လည်း တိုက်ရုံပဲ ရှိတာပေါ့!”
ကျောင်းသားတစ်ဦး၏ အော်ဟစ်သံနှင့်အတူ ကြီးမားသော ရေလုံးကြီးတစ်ခုက ဝံပုလွေတစ်ကောင်ထံသို့ ပြေးဝင်သွားသည်။ ရေနှင့် မီး ထိတွေ့မိသောအခါ အဖြူရောင် အငွေ့များ ထွက်ပေါ်လာသည်။
ထူးဆန်းသည်မှာ ထိုရေလုံးကြီးထဲတွင် လူတစ်ယောက် ပုန်းနေခြင်းပင်။ ရေလုံးကြီး အငွေ့ပျံသွားချိန်တွင် ထိုကျောင်းသားက ဝံပုလွေကို အရှိန်ဖြင့် ထိုးနှက်လိုက်သည်။ မီးလျှံများ အားနည်းသွားချိန်တွင် အထိုးခံလိုက်ရသဖြင့် ဝံပုလွေမှာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားရသည်။
“ကောင်းတယ်! အခုပဲ! အားလုံး တူတူတိုက်ကြ!”
ဝံပုလွေကို ထိုးနှက်ခဲ့သော ကျောင်းသားက မြေပြင်ပေါ် ဆင်းသက်ရင်း အနောက်က လူများကို အော်ပြောလိုက်သည်။ သို့သော် ကျန်ကျောင်းသား အများစုမှာ တိုက်ပွဲအတွေ့အကြုံ မရှိကြသဖြင့် ကြောက်လန့်ကာ တောင့်တောင့်ကြီး ရပ်နေမိကြသည်။
ကျောင်းသားတွေ တွန့်ဆုတ်နေစဉ် ခဏလေးအတွင်းမှာပဲ ဝံပုလွေကြီးဟာ အရှိန်နဲ့ ခုန်အုပ်လိုက်ပြီး ခုနက စ အော်လိုက်တဲ့ ကျောင်းသားရဲ့ ပုခုံးကို ရက်ရက်စက်စက် ကိုက်ချလိုက်တော့သည်။
သွေးစက်များမှာဘေးကလူများ၏ မျက်နှာပေါ်သို့ စင်ထွက်ကုန်သည်။ ဒဏ်ရာရသွားသော ကျောင်းသားမှာ သွေးများစွာ ထွက်ပြီး ထောင့်တစ်နေရာတွင် သတိလစ် လဲကျ နေတော့သည်။