အခန်း (၄၈) - အသွားအပြန်
“ဆေးလ်ဖ်... မင်းရဲ့ သခင်ဟောင်းကို ငါ အခုလို လုပ်လိုက်တာနဲ့ ပတ်သက်ပြီး ငါ့အပေါ် အာဃာတ မရှိဘူးလား?”
ယု သည် တောအုပ်ထဲတွင် လျှောက်လှမ်းနေရင်း သူ၏ဘေးတွင် ရှိနေသော ဆေးလ်ဖ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။
မရှိပါဘူး။ အမှန်အတိုင်း ပြောရရင် သူတို့က ကျွန်ုပ်ရဲ့ သခင်တွေ မဟုတ်ကြပါဘူး။ ဝိညာဉ်ဘုရင်က ကျွန်ုပ်ကို သူတို့မိသားစုထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့စဉ်က ဓားကို လက်ခံရရှိခဲ့တဲ့ ‘အရှင်သခင်’ တစ်ဦးတည်းကသာ ကျွန်ုပ်ရဲ့ သခင်ပါ။ ဒါပေမဲ့ သူက မိသားစုအတွင်း အာဏာလုပွဲတွေကြောင့် မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့တယ်
ဤနေရာသို့ ရောက်သည့်အခါ ဆေးလ်ဖ်၏ မျက်လုံးများတွင် အထီးကျန်ရိပ်များ ယှက်သန်းသွားသည်။
“မိသားစုအတွင်း အာဏာလုပွဲလား? ဒါက ကိုင်လ်တို့ မိသားစု လုပ်လေ့လုပ်ထရှိတဲ့ ပုံစံပဲ။ မင်း အဲ့ဒီလို ပြောတော့လည်း ငါ စိတ်မကောင်းဖြစ်နေစရာ မလိုတော့ဘူးပေါ့”
ယု သည် သူ လုပ်ရပ်လွန်သွားသဖြင့် ဆေးလ်ဖ်က သူ့ကို မုန်းသွားမည်လားဟု အစောပိုင်းက စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
တကယ်တော့ ကျွန်ုပ် အံ့ဩမိတာက သခင်က သူတို့ကို ဘာလို့ အသက်ရှင်ခွင့် ပေးခဲ့တာလဲ ဆိုတာပါပဲ
ဆေးလ်ဖ်က ယု ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရင်း မေးလိုက်သည်။ ယု သူမကို ဆင့်ခေါ်လိုက်စဉ်က သူ၏ ဒေါသတကြီး ဖြစ်နေသော အရှိန်အဝါကို ဆေးလ်ဖ် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ထို့အပြင် ယု ၏ အစွမ်းနှင့်ဆိုလျှင် ဂျက်စတာ ဆယ်ယောက်ရှိလျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း နောက်ဆုံးတွင် ဂျက်စတာနှင့် ကိုင်လ်တို့၏ အသက်ကို ချန်ထားပေးခဲ့သည်။
“ငါ သူတို့ကို မသတ်ခဲ့တာက အီဂေးလ်ကို ကတိပေးထားလို့ပါ။ သူ ဘာတွေးပြီး တောင်းပန်ခဲ့တာလဲ ငါမသိပေမဲ့ ကတိပေးပြီးသားဆိုတော့ ငါ ကတိမဖျက်ချင်ဘူး”
အီဂေးလ် ဘာကို ရည်ရွယ်သည်ကို ယု အခုထိ စဉ်းစားမရသေးပေ။ ကိုင်လ်က သူမကို ဆေးရည်ဖြင့် ယုတ်မာဖို့ လုပ်ရန် ပြင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမကပဲ ကိုင်လ်ကို အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့သည်။ ကြည့်ရသည်မှာ အီဂေးလ်က မြင်ရသည့် ပုံစံနှင့်မတူဘဲ သူတော်စင်မလေးများ ဖြစ်နေမလားဟု ယု တွေးနေမိသည်။
သို့သော် ဆေးလ်ဖ်ကတော့ ယု ၏ ဇဝေဇဝါဖြစ်နေမှုကို သတိမပြုမိပေ။ သူမသည် ယု ၏ စကားကို ကြားရသည့်အခါ ကျေနပ်စွာ ပြုံးလိုက်သည်။ ဓားဝိညာဉ်တစ်ခုအနေဖြင့် သူမ၏ သခင်ဖြစ်သူမှာ အစွမ်းထက်ရုံသာမက စိတ်ထားလည်း မြင့်မြတ်ရန် လိုအပ်သည်။ ယု က တခါတရံ လူရှုပ်ကောင်လို နေတတ်သော်လည်း သူသည် ကောက်ကျစ်စဉ်းလဲသူ မဟုတ်ကြောင်း ဆေးလ်ဖ် ခံစားမိသည်။ ယနေ့ ယု ၏ လုပ်ဆောင်ချက်များမှာ သူမကို အစမှအဆုံး ကျေနပ်စေခဲ့သည်။
ဆေးလ်ဖ်သည် ထပ်မံ၍ မေးခွန်းမထုတ်တော့ဘဲ ယု ၏နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
တောအုပ်ထဲတွင် အီဂေးလ်သည် သတိလစ်နေသော အိုင်းရှာကို ပုခုံးပေါ်တွင် ထမ်းကာ ကျောင်းဘက်သို့ ဦးတည်နေ၏။ ဆရာမ ကီးလ် ကို အမြန်ဆုံး ရှာတွေ့မှသာ အိုင်းရှာ၏ အသက်ကို ကယ်တင်နိုင်မည်ဟု သူ သိနေသည်။ သို့သော် အစောပိုင်းကတည်းက အီဂေးလ် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသည်။ တောအုပ်ကြီးက ဘာကြောင့် ဒီလောက်အထိ တိတ်ဆိတ်သွားရတာလဲ? လမ်းတစ်လျှောက်မှာ မိစ္ဆာသားရဲ တစ်ကောင်မှ မတွေ့ရသလို အနက်ရောင်နဂါးကြီး၏ ကြောက်မက်ဖွယ် မှော်အရှိန်အဝါတွေကလည်း ဘယ်ဆီ ရောက်သွားတာလဲ?
ထိုစဉ် အီဂေးလ်၏ အနောက်မှ ယု ၏ အသံကို ကြားလိုက်ရသည်။
“အီဂေးလ်!! အိုင်းရှာ! မင်းတို့ အဆင်ပြေရဲ့လား??”
အီဂေးလ် လှည့်ကြည့်လိုက်ရာ ယု သည် သူ၏ဘေးတွင် ဆေးလ်ဖ်နှင့်အတူ ပြေးလာသည်ကို တွေ့လိုက်ရသည်။
“လူရှုပ်ကောင်၊ မင်း အဆင်ပြေရဲ့လား? အနက်ရောင်နဂါးကော ဘယ်မှာလဲ? ပြီးတော့ ဆေးလ်ဖ်က ဘာလို့ ဒီမှာ ရှိနေတာလဲ?”
ယု ကို မြင်လိုက်ရသဖြင့် အီဂေးလ် အလွန်ဝမ်းသာသွားသော်လည်း တစ်ဖက်တွင်လည်း သံသယဖြစ်မိသည်။ အနက်ရောင်နဂါးမှာ ယု အလွယ်တကူ အနိုင်ယူနိုင်မည့် ပြိုင်ဘက်မျိုး မဟုတ်ပေ။
“အဲ့ဒီနဂါးကြီးလား? သူ ဘာလို့ လူပုံစံ ပြန်ပြောင်းသွားလဲဆိုတာ ငါလည်း မသိဘူး။ အရမ်းသောင်းကျန်းနေတုန်းပဲ ဆိုပေမဲ့ ဆေးလ်ဖ်ရဲ့ အစွမ်းနဲ့ ငါ သူတို့ကို မောင်းထုတ်လိုက်နိုင်တယ်”
ယု သည် လမ်းတွင် ဆင်ခြေတစ်ခု ကြိုတင်ပြင်ဆင်လာခဲ့သဖြင့် အီဂေးလ် မေးသည့်အခါ ပေါက်ကရ အဖြေတစ်ခုကို ပေးလိုက်ခြင်း ဖြစ်သည်။
ဘေးတွင် ရပ်နေသော ဆေးလ်ဖ်မှာ ယု နှင့် ကြိုတင် ညှိနှိုင်းထားခြင်း မရှိသဖြင့် ဤစကားကို ကြားရသည့်အခါ အံ့ဩသွားသည်။
ပြန်ပြောင်းသွားတယ် ဟုတ်လား?
ဂျက်စတာ၏ စမ်းသပ်မှု ကျရှုံးသွားသဖြင့် အနက်ရောင်နဂါးမှာ မူလ မြေပြင်နဂါးအဖြစ် ပြန်ပြောင်းသွားခြင်းမှာ ဖြစ်နိုင်ချေရှိသည်။ ထိုသို့ဆိုလျှင် ယု က အနိုင်ယူနိုင်သည်မှာ မဆန်းပေ။ သို့သော် မေးခွန်းထုတ်စရာ တစ်ခုမှာ ယု လို ကောင်လေးတစ်ယောက်က အင်ပါယာ၏ ထိပ်တန်းမှော်ဆရာကို မည်သို့ အနိုင်ယူနိုင်ခဲ့သနည်း?
အီဂေးလ်သည် တွေးတောရင်း သူ၏ရှေ့မှ ငတုံးပုံစံနှင့် လူရှုပ်ကောင် ယု ကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
“ယု ... မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာလား?”
ခဏကြာ စဉ်းစားပြီးနောက် အီဂေးလ်က မေးလိုက်သည်။
“ဟင်!?? မဟုတ်ပါဘူး!? ငါက မင်းကို ဘာဖုံးကွယ်ထားရမှာလဲ?”
ယု မှာ ဗိုက်ထဲမှ အေးသွားပြီး ဟာ... ငါ တော်တော်လေး လွန်သွားပြန်ပြီလား? ကိုင်လ်ရဲ့ ဦးလေးက တော်တော် အစွမ်းထက်တာပဲ၊ ငါ နှိပ်စက်လိုက်တာ နည်းနည်း လွန်သွားသလား မသိဘူး... ဟု တွေးနေမိသည်။
အီဂေးလ်ကမူ သူ၏ စိတ်ထဲတွင်— ဒီယု က ပုံမှန်အားဖြင့် မှော်ပညာ မသုံးပေမဲ့ သူက အရမ်း လျင်မြန်ပြီး အားကောင်းတယ်။ သူ တိုက်ခိုက်လိုက်တိုင်းမှာ ပြင်းထန်တဲ့ စွမ်းအင်တစ်ခုကို ငါ မသိမသာ ခံစားရတယ်။ ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်...
“လူရှုပ်ကောင်၊ ငါ့ကို အမှန်အတိုင်းပြောစမ်း... မင်း တိုက်ပွဲဝင်ချီ ကို သုံးတတ်တယ် မဟုတ်လား?”
အီဂေးလ်က ယု ကို စိုက်ကြည့်ကာ အလေးအနက် မေးလိုက်သည်။
“တိုက်ပွဲဝင်... တိုက်ပွဲဝင်ချီ??”
ယု မှာလည်း အံ့ဩသွားသည်။ လူသားတို့၏ ရှေးဟောင်းစာအုပ်များတွင် ထိုအကြောင်းကို မကြာခဏ ဖော်ပြထားသည်ကို သူ သတိရလိုက်သည်။
တိုက်ပွဲဝင်ချီ သည် လက်ရှိ ဒြပ်စင်မှော်ပညာ နှင့် ကွဲပြားသည်။ ဒြပ်စင်မှော်ပညာသည် သဘာဝထဲမှ စွမ်းအင်များကို မိမိ၏ ဂုဏ်သတ္တိမရှိသော မှော်အင်အားနှင့် ပေါင်းစပ်ကာ ထုတ်လွှတ်ခြင်း ဖြစ်သည်။ သို့သော် တိုက်ပွဲဝင်ချီသည် မိမိ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပျိုးထောင်ခြင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း စွမ်းအင်တစ်မျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။
နောင်ပိုင်း စာအုပ်များတွင် ထိုအကြောင်းကို မဖော်ပြတော့ပေ။ အကြောင်းမှာ ဒြပ်စင်မှော်ပညာမှာ ပိုမို ကျယ်ပြန့်လာပြီး လေ့ကျင့်ရန် ခက်ခဲကာ တိုးတက်မှု နည်းပါးသော တိုက်ပွဲဝင်ချီမှာ သဘာဝအလျောက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
“ဟုတ်တယ်၊ ဟုတ်တယ်!! ဒါပဲ ဖြစ်ရမယ်! မင်း မှော်ပညာ သုံးတာကို ငါ တစ်ခါမှ မမြင်ဖူးဘဲ ဒီလောက် အစွမ်းထက်နေတာဆိုတော့ မင်း တိုက်ပွဲဝင်ချီကို သုံးတတ်တာ ကျိန်းသေတယ်! ဟုတ်တယ်မလား!?”
အီဂေးလ်သည် ယု ကို ကြည့်ကာ မျက်လုံးများ တောက်ပနေသည်။
“အင်း... အဲ့ဒီလိုပဲ ထင်တာပဲ”
ယု က အီဂေးလ်ကို ကြည့်ပြီး— ဒီကောင်က ငါ့အတွက် ဆင်ခြေတောင် ရှာပေးထားပြီးသားပဲ၊ ငြင်းလိုက်ရင်လည်း အားနာစရာကြီး ဟု တွေးကာ လက်ခံလိုက်သည်။
“တကယ်ပဲ! တကယ်ကြီး တိုက်ပွဲဝင်ချီကို သုံးတာပဲ!!! ငါတော့ ကံကောင်းပြီ!!! မင်းလို လူရှုပ်ကောင်က တိုက်ပွဲဝင်ချီကို တကယ် သုံးတတ်တာပဲ!!!”
အီဂေးလ်သည် အလွန်ဝမ်းသာသွားကာ ခုန်ပေါက်မိလုနီးပါး ဖြစ်သွားသည်။ တိုက်ပွဲဝင်ချီ ဆိုသည်မှာ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အရာတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများအရ အရှေ့ဘက် တိုက်ကြီးတွင်သာ ထိုအစအနများကို တွေ့နိုင်သည်ဟု ဆိုကြသည်။
အီဂေးလ် ကိုယ်တိုင်မှာ မှော်ပညာကို စိတ်မဝင်စားသလို ပါရမီလည်း မရှိပေ။ အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူသည် တိုက်ခိုက်မှုစွမ်းအား မြှင့်တင်ရန်အတွက် မှော်ပညာကိုသာ မှီခိုနေရပေလိမည်။ သို့သော် သူသာ တိုက်ပွဲဝင်ချီကို လေ့ကျင့်ခွင့်ရမည်ဆိုပါက အခြေအနေမှာ ပြောင်းလဲသွားပေလိမည်။ ဂျက်စတာ မြေပြင်ပေါ်တွင် လဲကျနေသည့် မြင်ကွင်းကို ပြန်တွေးရင်း အီဂေးလ်က သူသာ တိုက်ပွဲဝင်ချီကို လေ့ကျင့်နိုင်မည်ဆိုပါက ယု နှင့် ရင်ဘောင်တန်း တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသွားသည်။
“နေဦး! စိတ်အေးအေးထားပါဦး၊ မင်း လှုပ်ရှားနေတာနဲ့ အိုင်းရှာ ပြုတ်ကျတော့မယ်”
ယု သည် အီဂေးလ် စိတ်လှုပ်ရှားပြီး အိုင်းရှာကို လွှတ်ချမိမှာ စိုးရိမ်သဖြင့် အမြန်သွားကာ အိုင်းရှာကို တွဲကူလိုက်သည်။ သို့သော် ထိုအချိန်တွင် အီဂေးလ်၏ လှုပ်ရှားမှုမှာ ပြင်းထန်သဖြင့် သတိလစ်နေသော အိုင်းရှာမှာ နိုးလာတော့သည်။
အိုင်းရှာသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် အီဂေးလ်ကို ကြည့်လိုက်ပြီးနောက် ယု ဆီသို့ အကြည့် ရောက်သွားသည်။
“ယု !!! ယု !!!!!!!!!!”
ယု နှင့် အိုင်းရှာတို့ မျက်လုံးချင်း ဆုံလိုက်သည်နှင့် အိုင်းရှာသည် ချက်ချင်း အော်ဟစ်ကာ ယု ကို ဖက်လိုက်တော့သည်။
“ရှင် အသက်ရှင်နေသေးတာပဲ! တကယ် ဝမ်းသာလိုက်တာ! တကယ် ဝမ်းသာလိုက်တာ! တောင်းပန်ပါတယ်၊ အားလုံးက ကျွန်မအမှားတွေပါ၊ ကျွန်မအမှားတွေပါ”
အိုင်းရှာသည် မျက်ရည်များကြားမှ ယု ကို တင်းကြပ်စွာ ဖက်ထားပြီး လွှတ်ပေးမည့်ပုံ မရှိပေ။ ယု မှာလည်း မထင်မှတ်ထားသော ဖက်လှဲတကင်း အပြုအမူကြောင့် ကြောင်အမ်းသွားရသည်။ အမှန်တကယ် တောင်းပန်ရမှာက သူဖြစ်သော်လည်း အိုင်းရှာက ဘာကြောင့် အသည်းအသန် တောင်းပန်နေရသနည်း?
“ဟင်း... ကြည့်ရတာ ဒီမှာ တို့တွေ မလိုအပ်တော့ဘူး ထင်တယ်။ ဆေးလ်ဖ်... တို့တွေ ဖယ်ပေးလိုက်ရအောင်လေ?”
အီဂေးလ်က ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချရင်း သူ မလိုအပ်တော့သလို ခံစားလိုက်ရသည်။
မရဘူး၊ ကျွန်ုပ်က သခင့်ဘေးမှာပဲ နေချင်တယ်
ဆေးလ်ဖ်ကတော့ သူတစ်ပါးကြားမှာ အနှောင့်အယှက် ဖြစ်နေသည်ကို လုံးဝ သတိမထားမိပေ။ သူမသည် ပြောပြောဆိုဆိုနှင့်ပင် ယု ၏ လက်မောင်းကို ဘေးမှနေ၍ ဆွဲလိုက်သည်။
သခင်... ကျွန်ုပ်နဲ့အတူ မြန်မြန် ပြန်ကြရအောင်။ မနေ့ညက တို့တွေ မပြီးသေးတဲ့ ကိစ္စတွေကို ဆက်လုပ်ရအောင်လေ
“ဟင်!? မနေ့ညက?”
ယု သည် မနေ့ညက ကိစ္စကို ခဏတာ စဉ်းစားလိုက်သည်။ သူသည် ဆေးလ်ဖ်ကို အိုင်းရှာဟု ထင်ပြီး ဖက်ခဲ့မိသည်ကို သတိရသွားကာ ချက်ချင်းပင် ဗိုက်ထဲက အေးသွားတော့သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အိုင်းရှာမှာ ခဏတာ ကြောင်သွားပြီးနောက် မျက်ရည်များကြားမှ ထိတ်လန့်နေသော ယု ကို ကြည့်လိုက်သည်။
ဟုတ်တယ်၊ မနေ့ညက တို့တွေ ကုတင်ပေါ်မှာ လုပ်ခဲ့ကြတဲ့ အရာလေ
ဆေးလ်ဖ်သည် ဘာမှမသိသလို ပုံစံဖြင့် ချစ်စဖွယ် အမူအရာလေး လုပ်ပြလိုက်သည်။
ဤသည်ကို ကြားလိုက်ရသည့်အခါ အိုင်းရှာ၏ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ ပြန်လည် စီးကျလာပြန်သည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်ပြီး တောအုပ်ထဲသို့ ပြေးဝင်သွားပါတော့သည်။
“ဟေ့!! နေဦး!! အိုင်းရှာ! ငါ ရှင်းပြပါရစေ!! ဒါက အထင်လွဲနေတာ!”
ယခုတစ်ကြိမ်တွင်တော့ ယု မှာ ဝေခွဲမနေတော့ဘဲ အိုင်းရှာ ပြေးမလွတ်ခင် နောက်မှ အသည်းအသန် လိုက်သွားပါတော့သည်။
ချစ်သူနှစ်ဦး ရန်ဖြစ်နေသည့် ပုံစံမျိုးဖြင့် ထွက်သွားကြသည်ကို ကြည့်ရင်း အီဂေးလ်သည် ဘေးနားရှိ ဆေးလ်ဖ်ကို အားနာစွာ ကြည့်လိုက်သည်။
“ဆေးလ်ဖ်... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?”
အထင်လွဲတာကို အခုမှ ရှင်းပြီးရုံရှိသေးတယ်၊ နောက်ထပ် တစ်ခု ထပ်ဖြစ်ပြန်ပြီလား?
အသွားရှိရင် အပြန်ရှိရမှာပေါ့
ဆေးလ်ဖ်သည် အီဂေးလ်ကို မော့ကြည့်ကာ ခပ်ပါးပါးလေး ပြုံးပြလိုက်လေသည်။