အခန်း (၄၆) - နဂါးကိုသတ်သော ဓားတစ်ချက်
ယု နှင့် အီဂေးလ် တို့ လှည့်ကြည့်လိုက်ရာ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သော မြေပြင်နဂါးမှာ ယခုမူ နာကျင်စွာ ရုန်းကန်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ဘေးတွင်တော့ ပါးစပ်မှ သွေးများဖြင့် အင်္ကျီတွင် ရဲရဲနီနေသော ဂျက်စတာ ရပ်နေ၏။
ဂျက်စတာသည် မြေပြင်နဂါး၏ ခန္ဓာကိုယ်ကို မှီရင်း အားယူကာ မတ်တတ်ရပ်နေရသည်။ သူသည် အလွန်အမင်း အားနည်းနေပုံရသော်လည်း မျက်နှာတွင်မူ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ရှိနေဆဲပင်။
“ငါက အကြွေးထားတတ်တဲ့လူ မဟုတ်ဘူး။ လက်စားချေချင်ရင် အခုပဲ လုပ်လိုက်စမ်းပါ။ ငါ့ကို အရင် မသတ်ခဲ့မိတာကို မင်းတို့ နောင်တရစေရမယ်”
ဂျက်စတာ ပြောပြောဆိုဆိုနှင့်ပင် မြေပြင်နဂါး၏ ခန္ဓာကိုယ်ထဲသို့ သူ၏ မှော်အင်အား အမြောက်အမြားကို ရုတ်တရက် ထိုးထည့်လိုက်တော့သည်။
“မင်း ဘာလုပ်မလို့လဲ?!” ဂျက်စတာ၏ အပြုအမူကြောင့် အီဂေးလ် ထိတ်လန့်သွားသည်။ ဂျက်စတာသည် ထိပ်တန်းမှော်ဆရာတစ်ဦး ဖြစ်သည့်အတွက် သူ၏ လှုပ်ရှားမှုတိုင်းမှာ သာမန်မဟုတ်သည်ကို သူမ သိနေသောကြောင့် ဖြစ်၏။
“ဘာလုပ်တာလဲ ဟုတ်လား? ဒါက ငါ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ သုတေသနတွေအားလုံးရဲ့ ရလဒ်ပဲ။ လိုချင်တဲ့ အတိုင်းအတာအထိ အပြည့်အဝ မရောက်သေးပေမဲ့ အခု အခြေအနေအတွက်တော့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်”
သူ ပြောပြီးသည်နှင့် မြေပြင်နဂါး၏ ခြေထောက်အောက်တွင် ရှုပ်ထွေးလှသော သင်္ကေတများစွာ ပါဝင်သည့် မှော်အစီရင် တစ်ခု ပေါ်လာသည်။ သာမန်မှော်ဆရာတစ်ဦးဆိုလျှင် ဤကဲ့သို့ အစီရင်မျိုး ဖန်တီးရန် တစ်ရက်မက ကြာနိုင်သော်လည်း ဂျက်စတာကမူ မိနစ်ပိုင်းအတွင်း အပြီးသတ်နိုင်ခဲ့သည်။
မှော်အစီရင် ပေါ်လာသည်နှင့် ဂျက်စတာသည် သူရှိသမျှ အင်အားကိုသုံးကာ ဘေးသို့ ခုန်ရှောင်လိုက်သည်။ သူ မြေပြင်နဂါးနှင့် ခွာလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ောအုပ်လုံးကို တုန်လှုပ်ခြောက်ခြားစေသော ပြင်းထန်လှသည့် မှော်စွမ်းအင်တစ်ခု စီးဆင်းသွားတော့သည်။ ရာသီဥတုမှာလည်း ရုတ်တရက် ပြောင်းလဲသွားကာ တောထဲရှိ အခြားသားရဲများမှာလည်း ထိတ်လန့်တကြား ထွက်ပြေးကုန်ကြသည်။
ထို့နောက် မှော်အစီရင်ပေါ်တွင် ရုန်းကန်နေသော မြေပြင်နဂါးမှာ လည်ပင်းကို မော့ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းသံနှင့်အတူ မြေကြီးများ တုန်ခါသွားကာ နဂါး၏ မူလ ညိုမည်းရောင် အကြေးခွံများမှာ ချက်ချင်းပင် အနက်ရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာလည်း နှစ်ဆမက ကြီးထွားလာတော့သည်။ အံ့ဩစရာ အကောင်းဆုံးမှာ အောက်တန်းစား နဂါးမျိုးစိတ်ဖြစ်သော ဤမြေပြင်နဂါး၏ ကျောပေါ်မှ အတောင်ပံများ ထွက်ပေါ်လာခြင်းပင်။ ဆယ်မီတာမက ရှည်လျားသော အနက်ရောင် အတောင်ပံကြီးများမှာ ယု နှင့် အီဂေးလ်တို့ကို အရိပ်မည်းကြီးဖြင့် လွှမ်းမိုးသွားတော့သည်။
“ဒါ... ဒါ... မဖြစ်နိုင်တာ... မြေပြင်နဂါးက ဘယ်လိုလုပ် ဒီလိုပုံစံမျိုး ပြောင်းသွားရတာလဲ??”
အီဂေးလ်သည် ရှေ့မှ နဂါးကြီးကို ကြည့်ကာ လုံးဝ ထိတ်လန့်သွားတော့သည်။ ဤအရာကို မြေပြင်နဂါးဟု ခေါ်ရန်ပင် မသင့်တော့ပေ။ သူမရှေ့ရှိ အနက်ရောင်နဂါးမှာ စစ်မှန်သော နဂါး တစ်ကောင်၏ အရှိန်အဝါမျိုး ရှိနေသောကြောင့် ဖြစ်၏။
“ဘယ်လိုလဲ? ငါ့ရဲ့ လက်ရာမွန်က ပြည့်စုံတယ် မဟုတ်လား?” ဂျက်စတာက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အနက်ရောင်နဂါးကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
“မင်း ရူးနေပြီ! မင်းက အရူးပဲ! ဒီလိုအရာမျိုးက ဤကမ္ဘာမှာ မရှိသင့်ဘူး”
အီဂေးလ်သည် အနက်ရောင်နဂါးကို စိုက်ကြည့်ရင်း နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။ အကယ်၍ နဂါး၏ မျက်လုံးများက သူမကို စိုက်မကြည့်နေပါက သူမ ချက်ချင်းပင် လှည့်ပြေးမိမှာ အမှန်ပင်။ သို့သော် ယခုအချိန်တွင် လှည့်ပြေးလိုက်ပါက သေခြင်းတရားသာ စောင့်ကြိုနေမည်ကို သူမ သိသည်။
“အရူး ဟုတ်လား? မင်းလို မိန်းကလေးက ဘာသိမှာလဲ! ဒါက ငါ့ရဲ့ ဉာဏ်ပညာတွေ ပေါင်းစပ်ထားတဲ့ ရလဒ်ပဲ။ လူသားသမိုင်းမှာ ပထမဆုံးအကြိမ် မိစ္ဆာသားရဲကို ဆင့်ကဲပြောင်းလဲ ပေးနိုင်ခဲ့တာ။ တစ်ခါ ပြောင်းလဲပြီးရင် ဘယ်တော့မှ မူလအတိုင်း ပြန်မဖြစ်တော့ဘူး။ မှော်ဆရာချုပ်ကြီးတွေပဲ ဖြစ်ဖြစ်၊ ‘မီးလျှံစုန်းမ’ ပဲဖြစ်ဖြစ် ငါ ဂျက်စတာရဲ့ ရှေ့မှာတော့ အသုံးမကျတဲ့ အမှိုက်တွေပါပဲ”
ဂျက်စတာသည် အနက်ရောင်နဂါးကို ကြည့်နေသည်မှာ သူ၏ ကြိုးစားမှုကြောင့် ရရှိလာသော အသီးအပွင့်ကို ကြည့်နေသကဲ့သို့ပင်။ သူ၏ မျက်လုံးများတွင် ကျေနပ်မှုနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
ယု ၏ အမြင်တွင်တော့ ရှေ့မှ နဂါးကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း သူနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သို့သော် သူ၏ လက်ရှိ (စွမ်းအားပိတ်ထားသော) အခြေအနေနှင့်တော့ အနိုင်ယူရန် မလွယ်ကူလှ။ ဤနဂါးကို သတ်ရန်အတွက် သူ၏ ကိုးပါးသော လမ်းစဉ် စွမ်းအားများထဲမှ အနည်းဆုံး တစ်ခုကိုတော့ ဖွင့်ရန် လိုအပ်ပေမည်။
“အီဂေးလ်၊ အိုင်းရှာက ဒီနားက တောအုပ်ထဲမှာပဲ ရှိဦးမယ်။ သူမကို ခေါ်ပြီး ဘေးကင်းတဲ့နေရာကို အခုချက်ချင်း သွားပုန်းနေလိုက်”
ယု သည် တိုက်ပွဲကြောင့် သူတို့နှစ်ဦး ထိခိုက်မည်ကို စိုးရိမ်သဖြင့် အရင်လွှတ်လိုက်ခြင်း ဖြစ်သည်။
“ကောင်းပြီ!”
ယု ၏ အရင်က စွမ်းရည်များနှင့် ယခုလက်ရှိ တည်ငြိမ်လှသော မျက်နှာပေးကို ကြည့်ပြီး သူ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အီဂေးလ် သိလိုက်သည်။ ထို့ကြောင့် သူမ ဝေခွဲမနေဘဲ ချက်ချင်း သဘောတူလိုက်၏။
အီဂေးလ် လှည့်ပြေးရန် ပြင်လိုက်သည်နှင့် အနက်ရောင်နဂါးက သူမကို စိုက်ကြည့်လိုက်သည်။ ကောင်းကင်မှ လင်းယုန်ငှက်တစ်ကောင်က သားကောင်ကို ဖမ်းရန် ပြင်နေသကဲ့သို့ပင်။
သို့သော် ထိုစဉ် ယု က ရှေ့သို့ တစ်လှမ်းတိုးကာ နဂါးနှင့် အီဂေးလ်ကြားတွင် ပိတ်ရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယု သည် နဂါး၏ မျက်လုံးများကို စိုက်ကြည့်ကာ ဖိအား များ ထုတ်လွှတ်ပြီး ခြိမ်းခြောက်လိုက်၏။ သို့သော် ထိုဖိအားမှာ နဂါး၏ ဟိန်းသံကြားတွင် လေထဲ၌ပင် ပျောက်ကွယ်သွားတော့သည်။
“အာ~ ကိုင်လ် ပြောပြလို့ မင်းရဲ့ ပါရမီက ‘သားရဲထိန်းကျောင်းသူ’ လိုမျိုးလို့ ငါ ကြားထားတယ်။ ဒါပေမဲ့ စိတ်မကောင်းပါဘူး၊ ဒီအနက်ရောင်နဂါးက သောင်းကျန်းနေတဲ့ သားရဲဖြစ်လို့ ဘယ်သူ့စကားမှ နားထောင်မှာ မဟုတ်ဘူး။ ငါကိုယ်တိုင်တောင် မှော်ပညာနဲ့ မနည်း ထိန်းထားရတာ”
ဂျက်စတာသည် ယု ကို အရုပ်တစ်ရုပ်လို ကြည့်နေသည်။ အစွမ်းကုန် ကြိုးစားပြီးမှ ဘာမှမထူးခြားတော့သည့်အခါ လူတစ်ယောက်၏ မျက်နှာတွင် မည်သို့သော အမူအရာ ပေါ်လာမည်နည်း? မျှော်လင့်ချက်မဲ့ခြင်းလား? အားကိုးရာမဲ့ခြင်းလား? သို့မဟုတ် ကြောက်ရွံ့ခြင်းလား? ဂျက်စတာက ထိုအရာအားလုံးကို နှစ်သက်သည်။ လူတွေကို နှိပ်စက်ရခြင်းမှာ သူ၏ အကြီးမားဆုံး ဝါသနာဖြစ်ပြီး မိမိကိုယ်ကိုယ် အားကိုးသူများကို နှိပ်စက်ရခြင်းက ပို၍ပင် တန်ဖိုးရှိသည်။
သူ့ရှေ့မှ ယု မှာလည်း ထိုသို့သော အင်အားကြီးသူမျိုးပင်။ နတ်ဘုရားဓားကို ပိုင်ဆိုင်ထားပါစေဦး... ဆေးလ်ဖ် ဆိုရင်ရော ဘာဖြစ်လဲ? ငါ့ကို လက်ချည်းသက်သက်နဲ့ နိုင်ခဲ့ရင်ရော ဘာဖြစ်လဲ? ဒီနဂါးကြီးက စစ်မှန်တဲ့ နဂါးတစ်ကောင်ရဲ့ အရည်အချင်းတွေ ရှိနေပြီ။ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီနဂါးက S-rank၊ တစ်နည်းအားဖြင့် ကပ်ဘေးအဆင့် မိစ္ဆာသားရဲပဲ။ 4S-rank ရှိတဲ့ ‘ရေခဲနဂါး’ ကိုတော့ မမီပေမဲ့ ဒီ ယု ကို သတ်ဖို့ကတော့ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသလို လွယ်ကူပါလိမ့်မယ်။
သို့သော် ဂျက်စတာ ယု ကို ကြည့်လိုက်သည့်အခါ စိတ်ပျက်သွားရသည်။ ယု ၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်မျှပင် မရှိပေ။ သူ၏ မျက်နှာမှာ အေးစက်ပြီး ဘာခံစားချက်မျှ မရှိသလို ဖြစ်နေသည်။
“ဟဲဟဲ~~ ကြောက်လွန်းလို့ အသိစိတ်တွေ လွတ်သွားပြီလား? ငါကတော့ မင်း ငါတို့ရဲ့ နတ်ဘုရားဓားကို ဘယ်လိုသုံးမလဲဆိုတာ ကြည့်ချင်နေတာ။ ကြည့်ရတာ မင်းကို သတ်ပြီးမှ ကျောင်းမှာ သွားရှာရတော့မယ် ထင်တယ်”
ဂျက်စတာသည် ဘေးတွင်ရပ်ကာ ယု ကို စိတ်ပျက်လက်ပျက် ကြည့်နေသည်။ သူ၏အမြင်တွင် ယု မှာ နဂါးကြီးကို ကြည့်ပြီး ကြောက်လန့်နေသည်ဟု ထင်နေခြင်း ဖြစ်၏။
“နတ်ဘုရားဓား ဆေးလ်ဖ်ရဲ့ စွမ်းရည်ကို မြင်ချင်တယ်ပေါ့ ဟုတ်လား?”
ထိုစဉ် တိတ်ဆိတ်နေသော ယု က နောက်ဆုံးတွင် စကားပြောလာသည်။ သူ၏ အမြဲတမ်း ပျော်ပျော်နေတတ်သော အပြုံး သို့မဟုတ် အိုင်းရှာကို ကြည့်တတ်သော လူရှုပ်မျက်နှာပေးမှာ ပျောက်ကွယ်သွားချေပြီ။ ယခု ယု ၏ မျက်လုံးများတွင် ဒေါသများသာ ပြည့်နှက်နေသည်။
ယု စကားပြောလိုက်သည်နှင့် ဂျက်စတာသည် ထူးဆန်းသော အငွေ့အသက်တစ်ခုကို အလိုလို ခံစားလိုက်ရသည်။ ကြောက်ရွံ့နေသူ သို့မဟုတ် မျှော်လင့်ချက်မဲ့နေသူတစ်ဦးသည် ဤမျှ တည်ငြိမ်ပြီး ထောင်လွှားသော လေသံဖြင့် စကားမပြောနိုင်ပေ။ ဤကဲ့သို့ ပြောနိုင်ရန်မှာ လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်မည့် ယုံကြည်ချက် အပြည့်အဝ ရှိနေရမည် ဖြစ်သည်။
“ဒါပေမဲ့ ဘာဖြစ်လဲ? မင်း ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ ယုံကြည်ချက်ရှိရှိ၊ လူတစ်ယောက်ရဲ့ အင်အားက ကန့်သတ်ချက် ရှိတာပဲ။ ငါ ဂျက်စတာအနေနဲ့ မင်းကို သတ်နိုင်ဖို့ ၂၀၀ ရာခိုင်နှုန်း ယုံကြည်တယ်!”
ဂျက်စတာက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ အထူးမှော်ပညာဖြင့် နဂါးကို အမိန့်ပေးလိုက်သည်။ တစ်ခဏချင်းမှာပင် နဂါး၏ မျက်လုံးများမှာ နီရဲလာပြီး ယု ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်း တိုက်ခိုက်တော့သည်။
ဤနဂါးမှာ မြေပြင်နဂါးမှ မှော်ပညာဖြင့် ဆင့်ကဲပြောင်းလဲထားခြင်းသာ ဖြစ်သဖြင့် စစ်မှန်သော နဂါးများကဲ့သို့ ကြောက်မက်ဖွယ် မှော်ပညာများ မရှိပေ။ သို့သော် သူ၏ အင်အားနှင့် အရှိန်မှာမူ စစ်မှန်သော နဂါးတစ်ကောင်နှင့် မခြားနားလှပေ။
နဂါးကြီးသည် ပါးစပ်ကို ဖြဲကာ ယု ဆီသို့ တည့်တည့် ထိုးဆင်းလာသည်။ သို့သော် ယု မှာမူ ထူးထူးခြားခြား တည်ငြိမ်နေဆဲပင်။ သူသည် ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏လက်ထဲတွင် မှော်အစီရင်များစွာ ပေါ်လာပြီးနောက် မြစိမ်းရောင်ရှိသော ဓားရှည်တစ်လက် ပေါ်ထွက်လာတော့သည်။
ကြားနိုင်လား?
ယု က သူ၏လက်ထဲမှ ဆေးလ်ဖ် ကို တိုးတိုးလေး မေးလိုက်သည်။
ကြားနိုင်ပါတယ်... ဒါက မျှော်လင့်ချက်မဲ့နေတဲ့ အသံပဲ ဆေးလ်ဖ်က ပြန်ဖြေသည်။
“သတ်ပေးပါ... ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်သတ်ပေးပါ။ ငါ အရမ်းနာကျင်နေတယ်၊ ဒီလိုမျိုး မရှင်သန်ချင်တော့ဘူး”
ဤစကားသံများမှာ ယု နှင့် ဆေးလ်ဖ်တို့၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဤသည်မှာ နဂါးကြီးက ယု ကို ပြောချင်နေသော စကားများ ဖြစ်သည်။ မိမိနှင့် မထိုက်တန်သော စွမ်းအားမှာ ပိုင်ရှင်ကို နှိပ်စက်ရုံသာရှိပြီး ထိုသို့ နာကျင်နေစဉ်အတွင်းမှာပင် ယုတ်မာသူ၏ စေခိုင်းမှုကို ခံနေရခြင်းက ယု ကို ဒေါသထွက်စေသည့် အကြောင်းရင်းပင်။
“ဆေးလ်ဖ်... သူ့ကို နာကျင်မှုမရှိဘဲ လွတ်မြောက်ခွင့် ပေးလိုက်ရအောင်”
ယု ပြောပြောဆိုဆိုနှင့်ပင် ဓားကို မြှောက်လိုက်သည်။
အလိုရှိသည့်အတိုင်းပါပဲ... ကျွန်ုပ်၏ သခင်
ချက်ချင်းပင် ဆေးလ်ဖ်ဓားပတ်လည်တွင် ပြင်းထန်သော မှော်စွမ်းအင်များ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်မှာ အဆင့်မြင့်မှော်ဆရာတစ်ဦး၏ အဆင့်အတန်းမျိုး ရှိသော်လည်း နဂါးကြီးနှင့်ယှဉ်လျှင်မူ အားနည်းလွန်းလှသည်ဟု ထင်ရသည်။
“ဟား!! ငါကတော့ ဘယ်လောက်တောင် အစွမ်းထက်မလဲလို့ အောက်မေ့တယ်!”
ယု ၏ စွမ်းအားကို ကြည့်ပြီး ဂျက်စတာက လှောင်ရယ်လိုက်သည်။ ဆေးလ်ဖ်မှာ အလွန်အင်အားကြီးလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယခုတော့ အဆင့်မြင့်မှော်ဆရာ အဆင့်လောက်သာ ရှိသည်ဟု သူ ထင်မြင်လိုက်သည်။
“ပထမအဆင့် စည်းတံဆိပ် ... ဖြေ လျော့ ”
ယု က သူ၏ ပထမအဆင့် စည်းတံဆိပ်ကို ဖြေလွှတ်လိုက်သည်နှင့် ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအားတစ်ခု ဖြာထွက်သွားတော့သည်။ ဆေးလ်ဖ်ဓားတွင် ပတ်ဝန်းရံထားသော မှော်စွမ်းအင်မှာလည်း ချက်ချင်းပင် တောက်ပသော ရွှေရောင်သို့ ပြောင်းလဲသွား၏။ တစ်တောလုံးကို တုန်ခါစေသော ဓားအရှိန်အဝါ များက ပျံ့နှံ့သွားတော့သည်။
သို့သော် အနက်ရောင်နဂါးကတော့ ရပ်တန့်ခြင်းမရှိဘဲ ယု ဆီသို့ မဆုတ်မနစ် ပြေးဝင်လာသည်။ ယု သည် နဂါးကြီးကို ဝမ်းနည်းရိပ်သန်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူသည် ရွှေရောင် ဆေးလ်ဖ်ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ရှောင်တိမ်းရန် သို့မဟုတ် တိုက်ခိုက်မည့် ပုံစံမျိုး မယူဘဲ ရှေ့သို့ တစ်လှမ်းတိုးကာ နဂါးကြီး တိုးဝင်လာမည့် ဘက်သို့ ဓားကို အောက်သို့ ဝှေ့ချလိုက်တော့သည်။
တစ်ခဏအတွင်းမှာပင်... ရိုးရှင်းလှသော ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် တစ်တောလုံးရှိ သားရဲများကို ထိတ်လန့်စေခဲ့သော ထိုနဂါးကြီးမှာ ယု ၏ ရှေ့မှောက်တွင် နှစ်ပိုင်း ပြတ်သွားတော့သည်။ နဂါး၏ ခေါင်းမှ အမြီးအထိ အလွန်ပင် သန့်ရှင်းသပ်ရပ်စွာ ပြတ်တောက်သွားခြင်း ဖြစ်၏။ ယု ပြောခဲ့သည့်အတိုင်းပင် နဂါးကြီးမှာ ဘာနာကျင်မှုမျှ မခံစားလိုက်ရဘဲ အသက်မီးတောက်မှာ တစ်ခဏချင်းအတွင်း ငြိမ်းသတ်ခြင်း ခံလိုက်ရ တော့သည်။