အခန်း (၄၃) - ထောင်ချောက်
ကျောင်းနောက်ဘက်ရှိ တောအုပ်မှာ အလွန်ကျယ်ပြောလှသည်။ အကယ်၍ ကျောင်းဘက်မှ ဝင်ရောက်ပြီး တောအုပ်ကို တည့်တည့်ဖြတ်ကျော်သွားမည်ဆိုပါက ကျောင်း၏ မြောက်ဘက်အရပ်ရှိ မြို့သို့ အမြန်ဆုံး ရောက်ရှိနိုင်သည်။ သို့သော် မည်မျှပင် အချိန်ကုန်သက်သာစေကာမူ မည်သူမျှ ထိုသို့ မလုပ်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤတောအုပ်ကြီးကိုယ်တိုင်က သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဝင်္ကပါကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။ ကျွမ်းကျင်သော အတတ်ပညာနှင့် လုံလောက်သော ရိက္ခာမပါဘဲ ဝင်သွားပါက ချက်ချင်းပင် လမ်းပျောက်သွားနိုင်ပြီး ထွက်ပေါက်ရှာရင်း အငတ်ဘေးနှင့် ကြုံတွေ့ရနိုင်သည်။
သို့သော် ထိုအရာက အဆိုးဆုံး မဟုတ်သေးပေ။ ကျောင်းနှင့်နီးသော တောအုပ်၏ ခြောက်ပုံတစ်ပုံခန့်ရှိသော ဧရိယာတွင် ကျောင်းအုပ်ကြီး အာဆီမန်းစ် က အကာအကွယ်မှော် တစ်ခု ချထားပေးသည်။ ထိုအကာအကွယ်က တောတွင်းရှိ မိစ္ဆာသားရဲများကို အပြင်ဘက်တွင်သာ ရှိနေစေသော်လည်း တစ်စုံတစ်ယောက်က မတော်တဆ ထိုဘေးကင်းဇုန်အပြင်ဘက်သို့ ခြေလှမ်းကျွံသွားပါက လမ်းပျောက်ခြင်း၊ အငတ်ဘေးဆိုက်ခြင်းတို့အပြင် အမျိုးစုံသော မိစ္ဆာသားရဲများနှင့်ပါ ရင်ဆိုင်ရပေလိမည်။
ယခုမူ အီဂေးလ် နှင့် ယု တို့သည် မြေပြင်နဂါးနောက်သို့ လိုက်ရင်း မိမိတို့ကိုယ်တိုင်ပင် သတိမထားမိဘဲ ထိုဘေးကင်းဇုန်၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။ တောထဲသို့ ရောက်သွားသည့်အခါတွင်လည်း မြေပြင်နဂါးမှာ သစ်ပင်များကို အကာအကွယ်ယူကာ ယု ၏ အမြင်အာရုံမှ ပုန်းကွယ်သွားတော့သည်။
“ဒီမှာကြည့်စမ်း၊ လူရှုပ်ကောင်... အခြေအနေက သိပ်မဟန်တော့ဘူးထင်တယ်။ အရင် ပြန်ကြရင် မကောင်းဘူးလား?” အီဂေးလ်သည် သစ်ကိုင်းများပေါ်တွင် အဖူးအပွင့်လေးများ စတင်ထွက်ပေါ်နေသည်ကို ကြည့်ကာ ရုတ်တရက် ထိတ်လန့်သွားသည်။
အကြောင်းမှာ သူမကြည့်လိုက်သည့် နေရာတိုင်းမှာ ခုနက လျှောက်လာခဲ့သည့် လမ်းနှင့် အတူတူပင် ဖြစ်နေသော်လည်း တစ်ဖက်တွင်လည်း တစ်မျိုးကြီး ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုသို့သော ဝေဝေဝါးဝါး ခံစားချက်မျိုးမှာ လမ်းစတင် ပျောက်နေပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
“မရဘူး! ဒီကောင်ကို မတွေ့မချင်း ငါ မပြန်ဘူး!” ယု ကတော့ ဘာကိုမျှ ဂရုမထားမိဘဲ မြေပြင်နဂါး၏ ခြေရာကိုသာ လိုက်ရှာနေဆဲပင်။
“ရှာမနေနဲ့တော့! လမ်းမှတ်မိတုန်း မြန်မြန် ပြန်ရအောင်” အီဂေးလ်က ယု ၏ လက်မောင်းကို ဆွဲကာ ဆန့်ကျင်ဘက်သို့ ခေါ်သွားရန် ကြိုးစားသည်။
“ဟင်? နေဦး! မြေပြင်နဂါးက ဒီနားမှာပဲ ရှိနေတယ်လို့ ငါ ခံစားနေရတယ်။ ခဏလေးပဲ အချိန်ပေး၊ ငါ ကျိန်းသေ ရှာတွေ့စေရမယ်”
“မင်း အဲ့ဒီစကား ပြောနေတာ သုံးမိနစ်တောင် ရှိပြီ!!” အီဂေးလ်က ယု ကို ဂရုမစိုက်တော့ဘဲ အနောက်ဘက်သို့သာ အတင်းဆွဲခေါ်သွားတော့သည်။
“မရဘူး!! ငါ့ရဲ့ စိန်တုံးလေး!! ဒီအတိုင်း လွှတ်မပေးနိုင်ဘူး!” ယု က ရုန်းကန်ရင်း အီဂေးလ်၏ လက်ကို ခါထုတ်လိုက်သည်။
“ဟင်? ဒါက ဘယ်လိုလုပ်...” ထိုစဉ် ယု ကို ဆွဲထားသော အီဂေးလ်မှာ ရုတ်တရက် ကြောင်သွားသည်။ သူမ ရှေ့တည့်တည့် ၁၀ မီတာခန့်အကွာတွင် မြေပြင်နဂါးမှာ ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
“ရှူး!! အသံတိုးတိုးလုပ်၊ မဟုတ်ရင် သူ ထပ်ပြေးသွားလိမ့်မယ်” ယု က လက်ညှိုးကို နှုတ်ခမ်းမှာ တင်ကာ အီဂေးလ်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
“မင်းကများ ငါ့ကို လာပြောရသေးတယ်!? ခုနက လက်သီးဝှေ့ယမ်းပြီး အော်ဟစ်ပြေးဝင်သွားတာ ဘယ်သူလဲ!?” အီဂေးလ်မှာ ဒေါသထွက်သွားရသည်။
“ကဲပါ... ပြီးခဲ့တာတွေလည်း ပြီးပါပြီ။ တို့တွေ ရှေ့ဆက်ရမယ်။ အခုတော့ ဒီပုတ်သင်ညိုကြီးက သူ့ရဲ့ ကံကြမ္မာကို လက်ခံလိုက်ပုံရပြီ၊ အဲ့ဒီတော့ စိန် တွေ ကို မြန်မြန် သွားယူရအောင်”
ယု နှင့် အီဂေးလ်တို့ စကားများနေသော်လည်း မြေပြင်နဂါးမှာ တစ်ချက်မျှ မလှုပ်ဘဲ ငြိမ်သက်စွာ ရပ်နေ၏။ အီဂေးလ်မှာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း ယု တွင် သားရဲများကို နားထောင်စေနိုင်သော ပါရမီပါသည်ဟု တွေးကာ စိတ်လျှော့လိုက်သည်။
“လိမ္မာတယ်~ လိမ္မာတယ်~~~ မလှုပ်နဲ့နော်။ စိန်ကို ဘယ်မှာ ဝှက်ထားလဲဆိုတာ အမှန်အတိုင်း ပြောစမ်း” ယု သည် နဂါးနားသို့ ချဉ်းကပ်သွားရင်း ထွက်မပြေးနိုင်စေရန် ဖိအားတစ်ချို့ ကို ထုတ်လွှတ်လိုက်သည်။
မြေပြင်နဂါးမှာ ယု က သူ့အသက်ကို ရန်မရှာမှန်း သိသွားသည့်အလား ငြိမ်ငြိမ်လေး နေပေးနေ၏။ သို့သော် ယု သည် နဂါး၏ အနားသို့ ရောက်ခါနီးမှာပင် ခြေထောက်အောက်မှ တစ်စုံတစ်ခုကို နင်းမိသွားသည်။ ထိုခဏ၌ မှော်အစီရင် တစ်ခု၏ အလင်းရောင်မှာ ယု ၏ ခြေဖဝါးအောက်တွင် လင်းလက်သွားပြီးနောက် မြေပြင်ပေါ်မှ လူတစ်ရပ်စာခန့်ရှိသော ချွန်ထက်လှသည့် ကျောက်ဆူးကြီးတစ်ခု ထိုးထွက်လာပြီး ယု ၏ ဆီးခုံတည့်တည့်သို့ ဦးတည်လာတော့သည်။
“မြေပြင်ဆူးချွန်” ။ ၎င်းမှာ အခြေခံ မြေဓာတ်မှော်ပညာ ဖြစ်သော်လည်း အလစ်အငိုက် တိုက်ခိုက်ရာတွင် အလွန် ထိရောက်လှသည်။ သတိမထားမိပါက လူတစ်ကိုယ်လုံးကို အောက်မှနေ၍ ခေါင်းအထိ ထိုးဖောက်သွားနိုင်သည့်အထိ အန္တရာယ်ကြီးလှသည်။
ကံကောင်းသည်မှာ ယု ၏ တုံ့ပြန်မှုမှာ မြန်ဆန်လှသဖြင့် ဘေးသို့ ရှောင်လိုက်နိုင်သည်။ သို့သော် ယု ရှောင်လိုက်သည့် နေရာတွင်လည်း ထိုအလင်းရောင်က ထပ်မံ ထွက်ပေါ်လာပြန်သည်။ ယု မှာ အခြေအနေ မဟန်မှန်း သိလိုက်ရသဖြင့် ဘေးသို့ အမြန်ပြေးလွှားရတော့သည်။ သူ ခြေချလိုက်သည့် နေရာတိုင်းတွင် ကျောက်ဆူးကြီးများက ထိုးထွက်လာသဖြင့် မနီးမဝေးရှိ ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားချိန်မှသာ ထိုမှော်ပညာများ ရပ်တန့်သွားတော့သည်။
“ဟေ့! အဆင်ပြေရဲ့လား!!?” အီဂေးလ်မှာ ယု ဆီသို့ ပြေးသွားရန် ပြင်လိုက်သော်လည်း ယု က သူမကို အော်ဟန့်လိုက်သည်။
“မလာနဲ့! ဒီထောင်ချောက်တွေက နေရာအနှံ့မှာ ခင်းထားတာ၊ ငါ နင်းမိတာတွေက အကုန်လုံး မဟုတ်သေးဘူး!”
ထိုသို့ ယု ပြော နေစဉ်မှာပင် မြေပြင်နဂါး၏ အနောက်မှနေ၍ ရွှေရောင်ဆံပင်နှင့် ခန့်ညားလှသော လူတစ်ယောက် ထွက်လာသည်။ သူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်မျက်မှန် တပ်ထား၏။ ထိုလူသည် သူ၏ လက်အိတ်ဖြူဝတ်ထားသော လက်ဖြင့် မျက်မှန်ကို အသာအယာ ပင့်တင်လိုက်ပြီးနောက် ယု ကို ပြုံးကာ ပြောလိုက်သည်။
“မင်းက ကြည့်ရတာ ငတုံးလေးလို့ ထင်ရပေမဲ့ အတော်လေး စဉ်းစားဉာဏ် ရှိသားပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ထောင်ချောက်တွေကို မင်းရဲ့ ထွက်ပြေးမယ့် လမ်းကြောင်းမှာပဲ ခင်းထားတာပါ။ မင်း ခုနက ကျောက်ဆူးတွေကို ရှောင်နိုင်ခဲ့တာကလည်း ငါက မှော်အစပျိုးချိန်ကို တစ်စက္ကန့်လောက် နှေးအောင် လုပ်ထားပေးလို့ပဲ”
ယု သည် ရှေ့မှလူကို ကြည့်လိုက်ရာ ရင်းနှီးနေသလို ခံစားရသည်။ သူ၏ ရုပ်ရည်နှင့် အမူအရာမှာ ကိုင်လ် နှင့် အတော်လေး ဆင်တူနေသော်လည်း ကိုင်လ်ထက် ပိုမို တည်ငြိမ်ပြီး ကောက်ကျစ်သည့် ပုံစံမျိုး ရှိသည်။
“ရှင်က ဘယ်သူလဲ!!?” အီဂေးလ်က အော်မေးလိုက်သော်လည်း ခုနက ထောင်ချောက်များကြောင့် ဇွတ်တိုးရန် မဝံ့မရဲ ဖြစ်နေသည်။
“ငါက ဘယ်သူလဲဆိုတာ နောက်မှ ပြောပြမယ်။ အခုကတော့ အရေးကြီးတဲ့ ဖျော်ဖြေပွဲ အချိန်ပဲ၊ အရာအားလုံးက အဆင်သင့် ဖြစ်နေပြီ!”
ထိုလူ ပြောပြီးသည်နှင့် ယု ၏ ခြေထောက်အောက်တွင် အလွန်ပင် ရှုပ်ထွေးလှသော မှော်အစီရင် တစ်ခု ချက်ချင်း ပေါ်လာတော့သည်။ ၎င်းမှာ ဖိအားကြောင့် အလိုအလျောက် အလုပ်လုပ်သော ထောင်ချောက်မျိုး ဖြစ်သော်လည်း မှော်ပညာ အမျိုးအစားများစွာ ပါဝင်နေသဖြင့် ချက်ချင်း အကျိုးသက်ရောက်မှု မရှိသေးပေ။ သို့သော် ထိုလူမှာ အချိန်ဆွဲပြီး ယု တို့၏ အာရုံကို လွှဲထားနိုင်ခဲ့သဖြင့် အစီရင်မှာ အလုပ်လုပ်ရန် အချိန်ရသွားခဲ့ချေပြီ။
“အားနည်းစေခြင်း”၊ “မှော်ပညာ ပိတ်ပင်ခြင်း”၊ “ခန္ဓာကိုယ် ချည်နှောင်ခြင်း”၊ “အသိစိတ် ဝေဝါးစေခြင်း” နှင့် “အာရုံခံစားမှု ဖြတ်တောက်ခြင်း”
ဤကြောက်မက်ဖွယ်ကောင်းသော မှော်ပညာ ၅ မျိုးလုံးကို မှော်အစီရင် တစ်ခုတည်းတွင် ထည့်သွင်းထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။ ဆရာမ ကီးလ် ကိုယ်တိုင် လာပါစေဦး၊ ဤနေရာတွင် ပိတ်မိသွားမည်မှာ အမှန်ပင်။ ယခု ယု မှာ ထိုလူ၏ လက်ထဲမှ အသားတစ်တုံးပမာ ဖြစ်နေချေပြီ။
သို့သော် ထိုလူမှာ အသာစီးရနေချိန်တွင် စကားများများပြောတတ်သူ မဟုတ်ပေ။ ထိုမှော်ပညာများ အလုပ်လုပ်ပြီး တစ်စက္ကန့်ပင် မကြာမီမှာပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော မှော်ပညာတစ်ခုက ယု ဆီသို့ ဦးတည်လာတော့သည်။
“မြေမြှုပ်နွံအိုင်”
ခဏတာအတွင်းမှာပင် ယု ၏ ခြေထောက်အောက်မှ မြေကြီးများမှာ လိပ်တက်လာပြီး သူ၏ ခန္ဓာ တစ်ကိုယ် လုံး ကို ဖုံးအုပ်သွားတော့သည်။ ထို့နောက် ထိုမြေသားများမှာ ပိုမို တင်းကြပ်လာပြီး ယု ကို ပိုးအိမ်တစ်ခုလိုမျိုး ရွှံ့အိမ်မြှောင်ကြီးအဖြစ် ပတ်ပတ်လည် ဝန်းရံသွားတော့သည်။
ရွှံ့အိမ်မြှောင်ကြီးမှာ တစ်ချက်မျှ လိမ်တွန့်သွားပြီးနောက် မြေကြီးထဲသို့ လုံးဝ နစ်ဝင် ပျောက်ကွယ်သွားတော့သည်။