အခန်း (၄၂) - မြေပြင်နဂါး၏ တန်ဖိုး
“ဒါ... ဒါကြီးက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပျောက်သွားတာလဲ...”
အီဂေးလ်တစ်ယောက် အသက်ရှူမဝဘဲ ယု ကို စင်္ကြံလမ်းအဆုံးအထိ ဆွဲခေါ်လာချိန်တွင် မြေပြင်နဂါးမှာ မရှိတော့ဘဲ ကြီးမားသော မြေကျင်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။
“ထားလိုက်ပါတော့၊ မြေပြင်နဂါးကို မေ့လိုက်ပြီး အိုင်းရှာကိုပဲ မြန်မြန်သွားရှာရအောင်”
ယု သည် မြေကျင်းကြီးကို စိတ်မရှည်စွာ တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။ သူသည် အနာဂတ်ဇနီးလောင်း၏ ပစ်ပယ်ခြင်းကို ခံထားရသဖြင့် ဤပုတ်သင်ညိုကြီးနှင့် ကစားနေရန် စိတ်မပါတော့ပေ။
“မင်းလို လူရှုပ်က ဘာသိမှာလဲ! မြေပြင်နဂါးမှာ နဂါးမျိုးနွယ်သွေး အနည်းဆုံးတော့ ပါတယ်၊ အဲ့ဒီတော့ တောက်ပတဲ့ အရာတွေကို မက်မောတာက သူ့သဘာဝပဲ!” အီဂေးလ်က မြေကျင်းနား တိုးသွားရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“တောက်ပတဲ့ အရာတွေ??” ထိုစကားကို ကြားလိုက်ရသည့်အခါ ယု ၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ဝင်းခနဲ ဖြစ်သွား၏။
“ဒီမြေပြင်နဂါးတွေက တစ်သက်လုံး မြေအောက်မှာ ကျင်းတူးနေတာဆိုတော့ သူတို့ဆီမှာ စိန် လိုမျိုး အဖိုးတန်ကျောက်မျက်ရတနာတွေကို ခဏခဏ တွေ့ရတတ်တယ်”
“စိန်...” ယု ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
“စဉ်းစားကြည့်လေ၊ မိန်းကလေးတစ်ယောက်က လှပတဲ့ အဝတ်အစားတွေအပြင် ဘာကို အကြိုက်ဆုံးလဲ?? အိုင်းရှာက ငွေမက်တဲ့ မိန်းကလေးမျိုး မဟုတ်ရင်တောင်မှ၊ အခုလို အမှားလုပ်ထားတဲ့ အချိန်မှာ မင်းက စိန်တစ်လုံးသာ လက်ဆောင်ပေးလိုက်ရင်... ဟေ့! မင်း ဘာလုပ်တာလဲ?”
အီဂေးလ် စကားမဆုံးမီမှာပင် ယု သည် မြေကျင်းထဲသို့ ခုန်ဆင်းရန် ပြင်နေသဖြင့် သူမက ယု ၏ လက်မောင်းကို အလန့်တကြား လှမ်းဆွဲလိုက်ရသည်။
“မေးနေဖို့ လိုသေးလို့လား! အိုင်းရှာအတွက် စိန်နောက်ကို လိုက်မယ် လေ!”
ယု သည် အီဂေးလ်၏ လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသော်လည်း မရပေ။ အီဂေးလ်မှာ မိန်းကလေးဖြစ်သော်လည်း လူသားများထဲတွင် အားအကောင်းဆုံး အဆင့်၌ ရှိသူ ဖြစ်သည်။ သို့သော် ယု မှာ ထိုအကြောင်းများကို စဉ်းစားမနေတော့ဘဲ ကျင်းထဲသို့ ခုန်ဆင်းရန်သာ စိတ်စောနေတော့သည်။
“မင်း ရူးနေလား! ဒီကျင်းထဲက မြေအောက်လမ်းကြောင်းသာ ပြိုကျသွားရင် မင်းကို ဘယ်သူမှ ရှာတွေ့တော့မှာ မဟုတ်ဘူး”
အီဂေးလ်က အတင်းပြန်ဆွဲထား၏။ မြေပြင်နဂါး တူးသွားသော ကျင်းများမှာ မည်သည့်အထောက်အပံ့မှ မရှိသဖြင့် အချိန်မရွေး မြေပြိုနိုင်သည် လေ။
“ဘာကြောက်စရာ ရှိလဲ! မြေပြိုရင် နောက်ထပ် ကျင်းတစ်ခု ထပ်တူးပြီး ပြန်ထွက်လာခဲ့မှာပေါ့!!” ယု က စိတ်ထဲမှ တွေးလိုက်သည်။ ငါက ပထမဆုံး တမန်တော်ကြီး ပဲ၊ ကျင်းတူးတဲ့နေရာမှာ ဒီပုတ်သင်ညိုကို ရှုံးပါ့မလား?
“လျှောက်မလုပ်စမ်းနဲ့! အဲ့ဒီလိုမျိုး အလွယ်တကူ ပြန်ထွက်လို့ရရင် တခြားလူတွေလည်း ထွက်လာကြတာကြာပြီ”
အီဂေးလ်က လုံးဝလွှတ်မပေးဘဲ တားထား၏။ ယု ကလည်း သူမ၏ လက်ကို အတင်းဖြုတ်ရန် ကြိုးစားနေသည်။ အီဂေးလ်မှာ မိန်းကလေးဖြစ်သဖြင့် သူ၏ အင်အားကြောင့် ထိခိုက်သွားမည်ကို မစိုးရိမ်ရလျှင် သူသည် စည်း တံဆိပ် ကို ဖြေလျှော့ပြီး သူမကို လွင့်ထွက်သွားအောင် လုပ်လိုက်မိပြီ ဖြစ်သည်။
“သူရဲကောင်းမလေးရယ်၊ ကျေးဇူးပြုပြီး လက်ကို လွှတ်ပေးပါ!!” ယု မှာ အားဖြင့် မရသည့်အဆုံး အနုနည်းဖြင့် တောင်းပန်ရတော့သည်။
“မရဘူး!! မင်းသာ အဲ့ဒီကျင်းထဲမှာ သေသွားရင် ငါက သမိုင်းတရားခံ ဖြစ်သွားမှာပေါ့”
အီဂေးလ်က စိတ်ထဲမှ တွေးနေမိသည်။ ဒီအကြံကို ငါပေးမိတာလေ။ ငါ့စကားနားထောင်ပြီး စိန်သွားရှာရင်း ယု သေသွားတယ်ဆိုတာကို အိုင်းရှာ သိသွားရင် ငါ့ကို သေအောင် မုန်းတော့မှာပေါ့။ ဆရာမ ကီးလ်သာ သိသွားရင်လည်း ငါ့ကို အသားတစ်စစီ ဖြစ်အောင် လုပ်လိမ့်မယ်။
ယု အီဂေးလ်၏ လက်ထဲမှ လွတ်လုနီးပါး ဖြစ်နေချိန်တွင် အီဂေးလ်က ပြင်းထန်သော နည်းလမ်းကို သုံးရန် ဆုံးဖြတ်လိုက်သည်။ စိန်ထက် အသက်က ပိုအရေးကြီးသည် မဟုတ်ပါလား။ ယု ကို ဒီမှာတင် သတိလစ်အောင် ရိုက်ထားလိုက်တာက ပိုကောင်းလိမ့်မည်။ အိုင်းရှာကို တောင်းပန်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါသေးသည်။
ထိုသို့တွေးပြီး အီဂေးလ်သည် ယု ၏ ခေါင်းကို ကန်ရန် ညာဘက်ခြေထောက်တွင် အားသွန်နေစဉ်မှာပင်...
“ရှဲ... ရှဲ...” ဆိုသော အသံတစ်ခု ထွက်ပေါ်လာသည်။ မနီးမဝေးရှိ မြက်ခင်းပြင်တစ်ခုမှာ အသက်ရှူနေသလို နိမ့်ချည်မြင့်ချည် ဖြစ်နေပြီးနောက် မြေကြီးများ ပေါက်ကွဲထွက်လာကာ ခုနက မြေပြင်နဂါးမှာ မြက်ခင်းပေါ်သို့ ပြန် ပေါ် လာတော့သည်။
“...”
“...”
အီဂေးလ်နှင့် ယု တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လက်ကို လွှတ်လိုက်ကြသည်။
လက်လွတ်သွားသည်နှင့် ယု သည် ဇက်ကြိုးပြတ်သွားသော မြင်းရိုင်းတစ်ကောင်ပမာ မြေပြင်နဂါးဆီသို့ ပြေးထွက်သွားတော့သည်။
“စိန်တုံးကြီး!! အဲ့မှာပဲ ရပ်နေစမ်း!! မပြေးနဲ့!!”
ယု သည် သူ၏လက်သီးများကို ဝှေ့ယမ်းကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ များ ထုတ်လွှတ်လိုက်ပြီး ဒီရေလှိုင်းများပမာ မြေပြင်နဂါးကို ဖိနှိပ်လိုက်တော့သည်။
“ဘုရားရေ!! မြေပြင်နဂါးကို အဲ့ဒီလိုမျိုး ဘယ်သူက လိုက်ဖမ်းလို့လဲ!!!” အီဂေးလ်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
မြေပြင်နဂါးဆိုသည်မှာ အလွန်သံသယကြီးသော သတ္တဝါဖြစ်သဖြင့် ပုံမှန်ဆိုလျှင် အသာအယာ ချဉ်းကပ်ရသည် ဖြစ်သော်လည်း ယခု ယု ကတော့ လက်သီးဝှေ့ယမ်းပြီး ပြေးဝင်သွားချေပြီ။
“ဟင်း... ဒီကောင်နဲ့တော့ ခက်တော့တာပဲ” အီဂေးလ်က သူမ၏ နဖူး သူမ ပြန် ရိုက်ကာ သက်ပြင်းချလိုက်တော့သည်။ထို့ နောက် ယု နောက်သို့ ပြေးလိုက်ရတော့သည်။
မြက်ခင်းပေါ်ရှိ မြေပြင်နဂါးမှာ ယု ၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ခေါင်းမော့ကြည့်ကာ ခေတ္တ ကြောင်သွား၏။ ထို့နောက် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေးလာနေသော ယု ကို မြင်လိုက်ရသည့်အခါ ၎င်းမှာ B အဆင့်ရှိသော မိစ္ဆာသားရဲ မဟုတ်တော့ဘဲ အသတ်ခံရတော့မည့် သိုးသူငယ်တစ်ကောင်ပမာ ခံစားလိုက်ရတော့သည်။
ယု ၏ အရှိန်မှာ အလွန်မြန်လှသဖြင့် မြေပြင်နဂါးမှာ ကြောက်လန့်လွန်း၍ မြေကြီးထဲ ပြန်ငုပ်ဖို့ပင် မေ့သွားကာ ဖင်ဘူးတောင်းထောင်ပြီး တောအုပ်ထဲသို့ အမြန်ပြေးဝင်သွားတော့သည်။
“စိန်တုံးကြီး!! ရပ်လိုက်စမ်း!!!”
ယု က အနောက်မှ အော်ဟစ်လိုက်လာသော်လည်း သူ၏ အရှိန်အဝါကြောင့် မြေပြင်နဂါးမှာ ပို၍ပင် ကြောက်လန့်သွားတော့သည်။ ပုံမှန်ဆိုလျှင် မိစ္ဆာသားရဲများသည် အသက်ဘေးမှ လွတ်ရန် လက်နက်ချတတ်သော်လည်း ယခု ယု ၏ ပုံစံမှာ အသေသတ်တော့မည့် ပုံစံဖြစ်နေသဖြင့် အသေအလဲ ပြေးရတော့သည်။
“ဟာ!! ဒီမြေပြင်နဂါးက မင်းကို ဘယ်လောက်တောင် ကြောက်သွားလဲဆိုရင် မြေကြီးထဲတောင် ပြန်မငုပ်တော့ဘူးလား! ဒါက သိပ္ပံနည်းကျရဲ့လား!” အီဂေးလ်မှာ အံ့ဩလွန်း နေတော့သည်။
“ဒါ ငါလိုချင်တဲ့ အခြေအနေပဲလေ!” ယု က အရှိန်မလျှော့ဘဲ ကျောင်းနောက်ဘက်ရှိ တောအုပ်ထဲသို့ ပြေးဝင်သွားသော မြေပြင်နဂါးနောက်သို့ တောက်လျှောက် လိုက်ပါသွားပါတော့သည်။