အခန်း (၄) — ပြောပြ၍မရသော လျှို့ဝှက်ချက်
‘ အင်ပါယာတော်ဝင်အကယ်ဒမီ '
ဤကျောင်းမှာ အင်ပါယာတစ်ခုလုံးအတွက် ဂုဏ်ယူစရာဖြစ်သလို တစ်လောကလုံးမှာပါ ထိပ်တန်းစာရင်းဝင်တဲ့ ကျောင်းတော်ကြီးတစ်ခုဖြစ်သည်။
အကယ်ဒမီ တွင် ပညာသင်ခွင့်ရသူများသည် ထူးချွန်ထက်မြက်သူများ သို့မဟုတ် ပါရမီရှင်များသာ ဖြစ်ကြသည်။ သို့သော် ယခု စာသင်ခန်းထဲတွင် ထိုင်နေသော လူ ၂၄ ယောက်မှာမူ ထိုအချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။
စာသင်ခန်း၏ တံခါးနှင့် ပြတင်းပေါက်များကို အသံလုံမှော်နှင့် အကာအကွယ်မှော်များဖြင့် ပိတ်ဆို့ထားသည်။ အထဲမှ အသံကို အပြင်က အစောင့်စစ်သားများပင် ကြားနိုင်မည်မဟုတ်ပေ။ စင်မြင့်ထက်တွင် အသက် ၃၀၀ ကျော်ပြီဖြစ်သော အင်ပါယာ၏ ထိပ်တန်းမှော်ဆရာကြီး အာစီမန်းစ် နှင့် တည်ကြည်လှသော စစ်ဗိုလ်တစ်ဦး ရပ်နေကြသည်။
“မင်းတို့ရဲ့ အရည်အချင်းက ဘာလဲဆိုတာ မင်းတို့ကိုယ်တိုင် အသိဆုံးပဲ! အခု မင်းတို့ ဒီကို ရောက်လာတာက အင်ပါယာရဲ့ ဂုဏ်သိက္ခာအတွက်ပဲ။ မဟုတ်ရင်တော့ မင်းတို့ကို စစ်ပြေးမှုနဲ့ ကွပ်မျက်တာ ကြာလှပြီ!”
စစ်ဗိုလ်က ရှေ့မှာ ထိုင်နေတဲ့ လူတွေကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“........”
စာသင်ခန်းထဲရှိ လူ ၂၃ ယောက်မှာ ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့နေကြသည်။ သူတို့အများစုမှာ ပိုက်ဆံရချင်၍ သို့မဟုတ် စစ်တပ်ထဲဝင်ချင်၍ အရေးပေါ် စစ်သားစုဆောင်းမှုတွင် ပါဝင်ခဲ့ကြသည့် စွန့်စားသူအသစ်လေးများသာ ဖြစ်သည်။ သူတို့၏ ရည်မှန်းချက် အောင်မြင်သွားပြီဟု ထင်ရသော်လည်း လက်တွေ့အခြေအနေမှာ သူတို့ ထင်ထားသည်နှင့် လုံးဝ ကွာခြားနေသည်။
ထိုအချိန် အာစီမန်းစ်က ပြုံးပြီး ၀င်ပြောလိုက်သည်။
“ဗိုလ်ကြီး ကယ်လာ… သိပ်မတင်းကျပ်ပါနဲ့။
ရေခဲနဂါးဆိုတာ သာမန်ရန်သူ မဟုတ်ဘူးလေ။သူတို့ ထွက်ပြေးချင်တာလည်း နားလည်ပေးလို့ ရပါတယ်”
“ကျောင်းသားတို့... မကြောက်ကြပါနဲ့။ ငါတို့ အပြင် မှာ သတင်း လွင့်ထားတဲ့ ဇာတ်လမ်းအတိုင်းပဲ နေကြပါ။ ပြီးတော့ ကျောင်းမှာလည်း စာကြိုးစားကြပေါ့”
ကယ်လာက ချက်ချင်း ၀င် ပြောလိုက်သည်။
“ဆရာကြီး အာစီမန်းစ်က ဒီလိုပြောပေမဲ့
ငါ ကတော့ သတိပေးရလိမ့်မယ်။ဒီလျှို့ဝှက်ချက်ကို အပြင်မှာ ပေါက်ကြားအောင်လုပ်တဲ့သူ—ချက်ချင်း အကွပ်မျက်ခံရမယ်!နားလည်ကြလား!!”
ပြန်လည်ဖြေကြားရဲသူ မရှိပဲ အခန်း က တိတ်ဆိတ်နေလေသည်။
“ကဲ… ကဲ…ဗိုလ်ကြီး ကယ်လာလည်း သူတို့ကို အဲဒီလောက် မခြောက်ပါနဲ့။အခု သူတို့က ငါ့တပည့်တွေ ဖြစ်နေပြီ။အခုတော့ ကျောင်းဝင်ခွင့် စာမေးပွဲ သွားဖြေကြတော့”
အာစီမန်းစ်က ပြောရင်း လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ တံခါးရှိ မှော်အတားအဆီးများ ပျောက်ကွယ်သွား လေသည်။
ကျောင်းသားများ မျက်နှာဖြူဖျော့ပြီး
တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။
သို့သော်…ခုံတွင် ထိုင်လျက် မျက်နှာကြက်ကို ငေးကြည့်ကာ တစ်ခုခုကို အာရုံစိုက်နေသည့် လူတစ်ယောက် ကျန်ရစ်ခဲ့ လေသည်။
“ဟေး... ကျောင်းသားလေး! ကျောင်းသားလေး!”
အာစီမန်းစ်ကအနားသွားပြီး လက်ယမ်းကာ ခေါ်လိုက်သည်။
“ကျောင်းဝတ်စုံနဲ့ အပြစ်ကင်းစင်တဲ့ ကျောင်းသူလေးတွေ... ခြေအိတ်အမည်းလေးနဲ့ ခြေတံရှည်ရှည် ဆရာမချောချောလေးတွေ…”
ယု ကမူ ဘာကိုမှ မကြားဘဲ သူ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် သွားရည်ကျကာ နစ်မြောနေဆဲ ဖြစ်သည်။
“အခုချက်ချင်း ထစမ်း!!”
စစ်ဗိုလ် ကယ်လာရဲ့ အသံကြီးကြောင့်
ယု လန့်ပြီး ခုန်ထလိုက်သည်။
“ဘာဖြစ်လို့လဲ? ဘာဖြစ်လို့လဲ?? ကျွန်တော် ဘာမှ ချောင်းမကြည့်ပါဘူး! တကယ်ပါ!!”
ယုသည် အိပ်မက်ထဲမှ နိုးလာသကဲ့သို့ ပျာပျာသလဲ ထရပ်လိုက်သည်။
“ဟေ့... ဒီကနေ မြန်မြန် ထွက်သွားတော့။ စာမေးပွဲဖြေမယ့် ခန်းမထဲမှာ မိန်းကလေးချောချောလေးတွေ မင်းကို စောင့်နေကြတယ်”
အာစီမန်းစ် က ရယ်ချင်စိတ်ကို အောင့်ကာ ယုကို ခန်းမဘက်သို့ ညွှန်ပြလိုက်သည်။
ယု ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။
“တကယ်လား!?ပြောပြီးပြီမလား!?
ဒါဆို ကျွန်တော် သွားပြီနော်!”
သူတို့ နှစ်ယောက် ပြန်မ ဖြေ နိင်ခင်မှာပင်
ယု က လျှပ်စီးလို ဟောခန်းဘက်ကို ပြေးထွက်သွားတော့သည်။
ယု ထွက်သွားပြီးနောက် ကယ်လာရဲ့ တင်းမာနေ သော ပုံစံ ပြောင်းလဲသွား လေ သည်။
“ဘာလို့ သူတို့ကို အခွင့်အရေး ပေးနေတာလဲ
ဆရာကြီး အာစီမန်းစ်?”
ဟု ရိုကျိုးစွာ မေးလိုက်သည်။
အာဆီမန်းစ်က ပြုံးပြရင်း ဖြေလိုက်သည်။
“လူငယ်တွေကို အခွင့်အရေး ပေးကြည့်ရမှာပေါ့…တစ်ခါတလေ သူတို့ဆီက ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်လာတတ်တယ်လေ…”