အခန်း (၃၉) - သဝန်တိုခြင်း
ကျောင်းထမင်းစားဆောင်၏ အဝင်ဝတွင် ရပ်နေရင်း အီဂေးလ်က တည်ငြိမ်လေးနက်သော မျက်နှာပေးဖြင့် ယုကို ပြောလိုက်သည်။
“သေချာနားထောင်စမ်း! အိုင်းရှာကို ဘယ်လိုရှင်းပြရမလဲဆိုတာ အခုကတည်းက သေသေချာချာ စဉ်းစားထားတော့။ မင်းဘက်က မှားသည်ဖြစ်စေ၊ မမှားသည်ဖြစ်စေ အိုင်းရှာကိုတော့ သေသေချာချာ တောင်းပန်ရမယ်! အကျိုးအကြောင်း မဆီလျော်ဘူးလို့ ထင်ရပေမဲ့ မိန်းကလေးတွေရဲ့ သဘာဝက အဲ့ဒီအတိုင်းပဲ”
အီဂေးလ်က သူမ၏ လက်ညှိုးဖြင့် ယု၏ ရင်ဘတ်ကို ခပ်ပြင်းပြင်း ထိုးလိုက်၏။
“သိပြီ!! ဒါကို သဝန်တိုတယ်လို့ ခေါ်တာ မဟုတ်လား!”
အီဂေးလ်၏ စကားကို ကြားမှ ယုတစ်ယောက် ရုတ်တရက် သဘောပေါက်သွားတော့သည်။
“သိရင် ပြီးတာပဲ! အိုင်းရှာက စိတ်ဆိုးနေတာ။ သူမက ပုံမှန်ဆို ဘယ်လောက်ပဲ နူးညံ့ပြီး နားလည်ပေးတတ်ပါစေ၊ မိန်းကလေးက မိန်းကလေးပဲလေ။ သူမ အခုလို ဖြစ်နေတာက မင်းကို သူမရဲ့ ရင်ထဲမှာ ရှိနေသေးလို့ပဲ”
အီဂေးလ်သည် ရှေ့မှ အူကြောင်ကြောင် ဖြစ်နေသော ယုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ တကယ်ပဲ နားလည်သွားတာလား၊ ဒါမှမဟုတ် နားမလည်ဘဲ ဟန်ဆောင်နေတာလား ဆိုသည်ကို သူမ မဝေခွဲတတ်ပေ။
“သိပါပြီ! ဒီတစ်ခါအတွက် တကယ် ကျေးဇူးတင်ပါတယ်!”
ယုက ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကောင်းပြီ။ မင်း ဒီမှာပဲ ရပ်နေ၊ ဘယ်မှ လျှောက်မသွားနဲ့ဦး။ ငါ အိုင်းရှာဆီ သွားပြီး စကားခဏသွားပြောလိုက်မယ်”
“ဟုတ်ကဲ့!”
အီဂေးလ် ပြောပြီးသည်နှင့် ထမင်းစားဆောင်ထဲသို့ ဝင်သွားတော့သည်။ ယုသည် မျှော်လင့်ချက်အပြည့်ဖြင့် အီဂေးလ်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် ကျေးဇူးတင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
ဟင်? နေဦး! ငါ့ရဲ့ အဆင့်အတန်းက ရုတ်တရက်ကြီး နိမ့်ကျသွားသလို ခံစားနေရတာ ဘာကြောင့်လဲ?
ယု၏ စိတ်ထဲတွင် ခဏတာ ဇဝေဇဝါ ဖြစ်သွားသော်လည်း အလေးမထားတော့ပေ။ အကြောင်းမှာ သူ၏ စိတ်ထဲတွင် အိုင်းရှာတစ်ယောက်တည်းသာ ရှိနေသောကြောင့် ဖြစ်သည်။ အိုင်းရှာက သူ့ကို ခွင့်လွှတ်ပေးဖို့နှင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ မနေ့မနက်ကလို ပြန်လည် နီးစပ်သွားဖို့ကိုသာ သူ ဆုတောင်းနေမိသည်။
သို့သော် ယုက အီဂေးလ်ကို လှမ်းကြည့်နေစဉ်မှာပင် လူအုပ်ကြားထဲတွင် အီဂေးလ်နှင့် အိုင်းရှာတို့ အချေအတင် စကားများနေသည်ကို မြင်လိုက်ရသည်။ အိုင်းရှာ၏ မျက်နှာမှာ အပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း အီဂေးလ်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေ၏။ အီဂေးလ်ကတော့ အိုင်းရှာကို အော်ဟစ်နေပုံရသည်။
ယုမှာ ဘာတွေပြောနေကြသည်ကို အသေအချာ မကြားရသော်လည်း အိုင်းရှာ၏ ဘေးတွင် ရပ်နေသော ရွှေရောင်ဆံပင်နှင့် လူငယ်လေးကို မြင်လိုက်ရသည်။ ထိုသူမှာ ကိုင်လ် ပင် ဖြစ်သည်။ ကိုင်လ်သည် အိုင်းရှာ၏ ဘေးတွင် အလွန်နီးကပ်စွာ ရပ်နေပြီး နှုတ်ခမ်းထောင့်ကို အသာအယာ ကွေးညွှတ်ကာ အီဂေးလ်ကို လှောင်ပြောင်သလို ကြည့်နေ၏။ အခြေအနေမှာ ပိုမို တင်းမာလာသည်ဟု ခံစားလိုက်ရသဖြင့် ယုမှာ အမြန် ပြေးသွားလိုက်သည်။
“အီဂေးလ်၊ ဘာဖြစ်နေတာလဲ? ဘာလို့ ရန်ဖြစ်နေကြတာလဲ!”
ယုသည် အီဂေးလ်၏ ရှေ့တွင် ကာရပ်လိုက်သည်။ အီဂေးလ် စိတ်မထိန်းနိုင်ဘဲ အိုင်းရှာနှင့် ရန်ဖြစ်မှာကို သူ စိုးရိမ်မိသောကြောင့် ဖြစ်သည်။
“ယု၊ ငါ့ကို မတားနဲ့! အိုင်းရှာရဲ့ ဦးနှောက်ထဲမှာ ရေဝင်နေပြီလား မသိဘူး! ဘယ်သူက သူမအပေါ် စိတ်ရင်းမှန်လဲဆိုတာကိုတောင် သူမ မခွဲခြားနိုင်တော့ဘူးလား!”
ယုသာ ကြားထဲက မခံထားလျှင် အီဂေးလ်မှာ အိုင်းရှာ၏ ပါးကို ရိုက်မိတော့မည့် ပုံစံမျိုး ဖြစ်နေသည်။ သို့သော် အိုင်းရှာကတော့ ယုနှင့် အီဂေးလ်ကို ဘာစကားတစ်ခွန်းမှ မပြောဘဲ အေးစက်စွာသာ ကြည့်နေဆဲပင်။
“ဒီက မိန်းမကြမ်း လေး! မင်း အဲ့ဒီလို ပြောတာကို ငါ မကြိုက်ဘူးနော်။ ငါက အိုင်းရှာအပေါ် စိတ်မမှန်ဘူးလို့ မင်း ဘယ်လို သိတာလဲ?”
ကိုင်လ်သည် သူ၏မျက်နှာကို အိုင်းရှာနားသို့ တိုးကပ်လိုက်ပြီး ကျေနပ်ပီတိဖြစ်နေသော အပြုံးဖြင့် ပြောလိုက်သည်။
အမှန်တော့ အိုင်းရှာသည် ကိုင်လ်ကို အရေးလုပ်ရန် စိတ်ကူးမရှိခဲ့ပေ။ ကိုင်လ်ကသာ အိုင်းရှာ စိတ်မချမ်းသာဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး ချဉ်းကပ်လာခြင်း ဖြစ်သည်။ ယုနှင့် ကီးလ်တို့၏ သတင်းများမှာ ကျောင်းထဲတွင် ပျံ့နှံ့နေသဖြင့် ဤသည်မှာ အိုင်းရှာကို သိမ်းသွင်းရန် အခွင့်ကောင်းဟု ကိုင်လ်က တွေးလိုက်ခြင်း ဖြစ်၏။ ကိုင်လ်က အပြင်သို့ လမ်းလျှောက်ထွက်ရန် ဖိတ်ခေါ်သည့်အခါ အိုင်းရှာက အရေးမလုပ်သလို၊ ငြင်းဆန်ခြင်းလည်း မပြုခဲ့ပေ။ ထို့ကြောင့် ကိုင်လ်က အိုင်းရှာ သဘောတူသည်ဟု သူ့ဘာသာ မှတ်ယူလိုက်ခြင်း ဖြစ်သည်။
ကိုင်လ်၏ ရုပ်ကို မြင်ရသည်နှင့် အီဂေးလ်မှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်နေမိသည်။ ထို့နောက် ယုကို ကျော်ကာ “ဖြန်း!” ခနဲ အသံထွက်အောင် ကိုင်လ်၏ ပါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။
ချက်ချင်းပင် ကိုင်လ်၏ ပါးပေါ်တွင် နီရဲနေသော လက်ဝါးရာကြီး ထင်ကျန်သွား၏။
“မင်း!! မင်း ဘယ်သူ့ကို ရိုက်လိုက်တာလဲဆိုတာ သိရဲ့လား!?”
ကိုင်လ်က သူ၏ ပြာလွင်သော မျက်လုံးများဖြင့် အီဂေးလ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူသည် အီဂေးလ်၏ ပါးကို ပြန်ရိုက်ရန် လက်ရွယ်လိုက်သော်လည်း ထိုခဏမှာပင် ယုက ကိုင်လ်၏ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဖမ်းဆုပ်လိုက်တော့သည်။ ကိုင်လ်မှာ နာကျင်လွန်းသဖြင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ အီဂေးလ်က ရှေ့သို့ တစ်လှမ်းတိုးကာ ကိုင်လ်ကို ထပ်မံ ကန်ကျောက်လိုက်ပြီး ဆဲဆိုလေတော့သည်။
“အမှိုက်ကောင်! မင်းကများ မိန်းကလေးကို ပြန်ရိုက်ချင်သေးတယ်ပေါ့!? မြို့စားမင်းရဲ့ သားကြီးဖြစ်တာက ဘာဖြစ်လဲ? မင်းက လူကောင်းအိမ်မှာ မွေးလာရုံတင် မဟုတ်ဘူးလား!?”
ကိုင်လ်မှာ လက်အဖမ်းခံထားရသော်လည်း ပါးစပ်ကတော့ မပိတ်ဘဲ ပြန်အော်တော့သည်။
“တောက်! မင်းရဲ့ မျိုးရိုးနာမည်က အိုင်ဇာ ဆိုရုံနဲ့ မင်းကိုယ်မင်း ဗိုလ်ချုပ်ရဲ့ သမီးလို့ တကယ် ထင်နေတာလား? မင်းလို မိန်းမကြမ်းမျိုးကို ငါ ကိုင်လ်က အလောင်းတောင် ရှာမတွေ့အောင် လုပ်ပစ်လို့ ရတယ်!! အား~~~!!!!”
သို့သော် ကိုင်လ် စကားမဆုံးမီမှာပင် ယုက သူ၏လက်မောင်းကို နောက်ပြန် လိမ်ချလိုက်သည်။
“ယု! လွှတ်လိုက်စမ်း!!”
ထိုအချိန်တွင် တိတ်ဆိတ်နေသော အိုင်းရှာက နောက်ဆုံး၌ စကားပြောလာခဲ့သည်။ သို့သော် ယုကို ကြည့်နေသော သူမ၏ မျက်လုံးများမှာ အေးစက်နေဆဲပင်။
“အိုင်းရှာ! ကျွန်တော့် ရှင်းပြတာကို နားထောင်ပါဦး၊ မနေ့က ကျွန်တော်...”
အိုင်းရှာက သူ့ကို အရေးတယူ စကားပြောလာပြီဖြစ်သဖြင့် ယုက ထိုအခွင့်အရေးကို သုံးကာ နားလည်မှုလွဲနေသည်ကို ရှင်းပြရန် ကြိုးစားလိုက်သည်။
“လွှတ်လိုက်လို့ ပြောနေတယ်လေ!”
သို့သော် ယု စကားမဆုံးမီမှာပင် အိုင်းရှာက ကြားဖြတ်ဟန့်တားလိုက်သည်။ သူမသည် ယုကို စိုက်ကြည့်ရင်း အေးစက်သော စကားလုံးများဖြင့် ယု၏ ရင်ကို ထိုးနှက်လိုက်၏။ ထိုခဏတွင် ယုသည် အိုင်းရှာကို ကြည့်လိုက်သည့်အခါ ပျော်ရွှင်မှုများ မရှိတော့ဘဲ ဖော်ပြမတတ်အောင် နက်ရှိုင်းသော နာကျင်မှုကိုသာ ခံစားလိုက်ရတော့သည်။
ယုသည် သူ၏လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး ကိုင်လ်ကို လွှတ်လိုက်သည်။ ထိုအချိန်တွင် ယု၏ ရင်ထဲ၌ နာကျင်မှုများသာ ပြည့်နှက်နေ၏။ သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး ရုပ်သေးရုပ်တစ်ရုပ်လိုပင် စဉ်းစားတွေးတောနိုင်စွမ်း ပျောက်ဆုံးသွားခဲ့ရသည်။
သူသည် ဤကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုးကို တစ်ခါမျှ မခံစားဖူးပေ။ သူ ဘာဖြစ်နေမှန်း သူကိုယ်တိုင် မသိတော့ဘဲ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာလည်း အရသာမဲ့သွားသလို ခံစားလိုက်ရသည်။
“ဟွန်း!”
ကိုင်လ်သည် နာကျင်နေဆဲဖြစ်သော သူ၏ လက်ကောက်ဝတ်ကို ပြန်လည် နှိပ်နယ်ရင်း တည်ငြိမ်နေသော ယုကို အေးစက်စွာ ကြည့်လိုက်သည်။
ယု၏ အနားတွင် ဆေးလ်ဖ် မရှိသော်လည်း ဆေးလ်ဖ်ကဲ့သို့သော နတ်ဘုရားဓားကို မည်သည့်အချိန်မဆို ဆင့်ခေါ်နိုင်သည်ကို သိသဖြင့် ကိုင်လ်မှာ ယုနှင့် တိုက်ရိုက် ရင်မဆိုင်ရဲပေ။
အိုင်းရှာသည် အစမှအဆုံး ဘာစကားမျှ မပြောတော့ဘဲ ကြမ်းပြင်ကိုသာ အေးစက်စွာ စိုက်ကြည့်နေပြီး ယုနှင့် အကြည့်ချင်းဆုံမှာကို ရှောင်ရှားနေပုံရသည်။ သူမ၏ ရင်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း အပြင်ပန်းတွင်မူ “ဂရုမစိုက်ခြင်း” အသွင်ကိုသာ ဆောင်နေခဲ့သည်။
သို့သော် အိုင်းရှာ၏ ခံစားချက်မှာ ထိုမျှအထိ တန်ဖိုးမနည်းပေ။ ယုက လူရှုပ်လုပ်တာကို သူမ ခွင့်လွှတ်နိုင်သည်၊ ယုက သူမအပေါ် ကမြင်းတာကိုလည်း သူမ လက်ခံနိုင်သည်။ သို့သော် ယုက သူမ၏ ခံစားချက်များကို ဤသို့ လိမ်ညာလှည့်ဖြားခြင်းကိုမူ သူမ ခွင့်မလွှတ်နိုင်ပေ။ သူက ဆရာမ ကီးလ်ဆီမှာ မှော်ပညာသွားသင်မယ်လို့ ပြောခဲ့သော်လည်း ဘာကြောင့် မနက် ၄ နာရီအထိ နေခဲ့ရတာလဲ? ပြီးတော့ သူ၏ နဖူးပေါ်က အမှတ်အသားက ချစ်သူချင်း ပေးထားတဲ့ ကတိတံဆိပ်ဆိုတာ အထင်အရှားပင်။
အိုင်းရှာက ဘာမှမပြောသလို ယုကလည်း ဘာမှမဆိုတော့ပေ။ တိတ်ဆိတ်မှုများအပြီးတွင် အိုင်းရှာသည် ထမင်းစားဆောင်၏ အခြားတစ်ဖက်ရှိ တံခါးဆီသို့ ဦးစွာ လှည့်ထွက်သွားတော့သည်။
“ဟဲဟဲ! ရှုံးနိမ့်သူကြီး!”
ကိုင်လ်သည် နာကျင်နေသော လက်ကောက်ဝတ်ကို ကိုင်ရင်း အောင်နိုင်သူတစ်ဦး၏ လေသံဖြင့် ယုကို လှောင်ပြောင်လိုက်သည်။ သို့သော် ယုအတွက်မူ ထိုအရာများက အရေးမပါတော့ပေ။ သူ ချစ်ရသူက ထွက်ခွာသွားခဲ့ပြီ မဟုတ်ပါလား။ သူမ၏ ရင်ထဲတွင် သူ မရှိတော့ဘူးဆိုလျှင် အရာအားလုံးမှာ အဓိပ္ပာယ်မဲ့သွားခဲ့ချေပြီ။
“ယု...”
အီဂေးလ်သည် ယု၏ လက်မောင်းကို ဆွဲကာ နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ သို့သော် ယုသည် အီဂေးလ်ကို ဂရုမမူဘဲ လူအုပ်ကြီး၏ အကြည့်များအောက်တွင် ထမင်းစားဆောင်ထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားပါတော့သသည်။
တစ်ဖက်တွင်မူ အိုင်းရှာနှင့်အတူ ထမင်းစားဆောင်အပြင်သို့ ထွက်လာသော ကိုင်လ်မှာ အိုင်းရှာ၏ ပုခုံးကို ဖက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ မအောင်မြင်ခဲ့ပေ။ သူ၏လက်က အိုင်းရှာ၏ ပုခုံးပေါ်သို့ ရောက်ခါနီးမှာပင် အိုင်းရှာက ဤနေရာမှ အမြန်ဆုံး လွတ်မြောက်ချင်နေသည့်အလား ခြေလှမ်းများကို မြှင့်တင်ကာ ထွက်ခွာသွား တော့သည်။