အခန်း (၃၇) - သခင်၏ ဓားတော်
ညဉ့်နက်သန်းခေါင်ယံအချိန်၊ လမင်းကြီးသည် သစ်ကိုင်းဖျားများထက်တွင် မြင့်မားစွာ သာထွန်းနေပြီး ကျောင်းတော်ကြီးတစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်နေသည်။
ယုသည် မိမိအခန်းတံခါးကို ဂျက်ထိုးကာ မီးပိတ်လိုက်ပြီးနောက် နွေးထွေးသော ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
“အား... ဘာမှမလုပ်ဘဲ ဒီတိုင်း လှဲနေရတာ အကောင်းဆုံးပဲ~~”
တစ်နေ့ခင်းလုံး သန့်ရှင်းရေးလုပ်ခဲ့ရသည်မှာ သူ၏ လက်ရှိလူသားခန္ဓာကိုယ်အတွက် အတော်လေး ပင်ပန်းလှသည် မဟုတ်ပါလား။
“ဒီအတိုင်းပဲ အိပ်လိုက်တော့မယ်...”
ယုသည် မျက်လုံးများကို မှိတ်ကာ အိပ်စက်ခြင်း၏ နယ်ပယ်ထဲသို့ နစ်မြုပ်ရန် ပြင်လိုက်သည်။ သို့သော် ထိုခဏမှာပင် နူးညံ့ချောမွေ့သော အရာတစ်ခုက သူ့ကို လာရောက်ပွတ်သပ်နေသည်ဟု ယု ခံစားလိုက်ရ၏။
“!!!???”
အရေပြားချင်း ထိတွေ့မိသော အထိအတွေ့ကြောင့် ယုတစ်ယောက် ချက်ချင်းပင် မျက်လုံးပွင့်သွားရသည်။
“အိုင်းရှာက ငါ့ကုတင်ပေါ်မှာ လာအိပ်နေတာလား?? သူမက မနက်က ကိစ္စကို တွေးပြီး ညဘက်ကြီး ငါ့ဆီကို သီးသန့်လာခဲ့တာလား...”
ထိုသို့တွေးမိသည်နှင့် ယုတစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားသွားပြီး အမှောင်ထဲတွင်ပင် အတည်မပြုတော့ဘဲ ဘေးနားရှိ အိုင်းရှာဟု ထင်ရသူကို လှမ်းဖက်လိုက်တော့သည်။
ချက်ချင်းပင် နူးညံ့လှပသော ကိုယ်လုံးလေးမှာ ယု၏ ရင်ခွင်ထဲသို့ ရောက်ရှိလာသည်။မျက်စိဖြင့် မမြင်ရသော်လည်း မိန်းကလေးတစ်ဦး၏ ထူးခြားသော ရနံ့မှာ ယု၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ယုသည် ထိုရနံ့နောက်သို့ လိုက်ရင်း သူ၏မျက်နှာကို နူးညံ့သော ဆံနွယ်ရှည်များကြားထဲသို့ အသာအယာ တိုးကပ်လိုက်၏။ နွေဦးလေပြည်ကဲ့သို့ နူးညံ့လှသော ဆံနွယ်လေးများကို ရှူရှိုက်လိုက်ရသည့်အတွက် ပင်ပန်းသမျှမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။
အိုင်းရှာ၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ သူမ နိုးနေသည်မှာ သေချာလှ၏။ သူ ဤသို့လုပ်နေသည်ကိုပင် ဘာမှ ပြန်မပြောသည်မှာ...
“ဟင်?? အိုင်းရှာက ဘယ်တုန်းက ဒီလောက်အထိ ကိုယ်လုံးသေးသွားတာလဲ?”
ယုသည် တစ်ခုခု ဆက်လုပ်ရန် ပြင်ဆင်နေစဉ်မှာပင် အခြေအနေမှာ ထူးဆန်းနေသည်ကို သတိပြုမိသွားသည်။
“သခင်... ဘာကို စောင့်နေတာလဲ?”
ရုတ်တရက် ဆေးလ်ဖ်၏ အသံက ယု၏ နားထဲသို့ တိုးဝင်လာခဲ့၏။
“အမလေးဗျာ!!”
ယုသည် လန့်ဖြတ်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းကာ အခန်းမီးကို အပြေးအလွှား သွားဖွင့်လိုက်တော့သည်။
မီးလင်းလာသည့်အခါ ဆံနွယ်ရှည်များကို ပုခုံးပေါ်ဖြန့်ချလျက် ကုတင်ပေါ်တွင် လဲလျောင်းနေသော ဆေးလ်ဖ်ကို မြင်လိုက်ရ၏။ သူမ၏ ထက်မြက်လှသော မျက်ဝန်းများမှာ ယခုမူ ချွဲနွဲ့လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
“ဆေးလ်ဖ်! ငါ့စကား နားထောင်ဦး! ငါက အိုင်းရှာမှတ်လို့ ဖက်လိုက်တာပါ! တကယ် ရည်ရွယ်ပြီး လုပ်တာ မဟုတ်ဘူး!”
ဆေးလ်ဖ်မှာ သူ၏ဓားဖြစ်သော်လည်း ယခုမြင်တွေ့နေရသော ပုံစံမှာ မိန်းကလေးတစ်ဦး၏ အသွင်အပြင် လုံးလုံးလျားလျား ရှိနေသည် မဟုတ်ပါလား။ မိန်းကလေးတစ်ဦးကို သူမ မကြိုက်သော အလုပ်မျိုး အတင်းအကျပ် ခိုင်းစေခြင်းမှာ ယု၏ မူဝါဒ မဟုတ်ပေ။
“သခင် စိုးရိမ်စရာမလိုပါဘူး။ ဆေးလ်ဖ်က သခင် ရဲ့ ဓားဖြစ်တဲ့အတွက် သခင်က ဆေးလ်ဖ်ကို ဘယ်လိုပဲ အသုံးချပါစေ... ဆေးလ်ဖ်က ဘာမှ ငြင်းဆန်မှာ မဟုတ်ပါဘူး”
ယုသာ ခေါင်းညိတ်လိုက်ပါက ဆေးလ်ဖ်သည် သူ့ရင်ခွင်ထဲသို့ ချက်ချင်း တိုးဝင်လာတော့မည့် ပုံမျိုးပင်။ သို့သော် ယုသည် ဆေးလ်ဖ်မှာ သူမ၏ ဆန္ဒအရ လုပ်နေခြင်းမဟုတ်ဘဲ သခင်ဖြစ်သူ စိတ်ချမ်းသာစေရန်အတွက်သာ မိမိကိုယ်ကို အတင်းအကျပ် ခိုင်းစေနေခြင်းဖြစ်ကြောင်း သိလိုက်သည်။
“ဆေးလ်ဖ်! တော်လိုက်တော့! မနေ့ညက ကိစ္စက ငါ့အမှားပါ၊ အဲ့ဒါကို ငါ အခု နောင်တရနေတာ။ နင်ကသာ ဒီလိုကြီး ဆက်လုပ်နေရင် ငါ့ကိုယ်ငါ တကယ့် လူယုတ်မာကြီးလို့ ခံစားနေရလိမ့်မယ်”
“...”
ဆေးလ်ဖ်သည် ယုကို ဘာမှပြန်မပြောဘဲ ကြည့်နေ၏။ သူမ၏ အေးစက်သော မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မပေါ်သော်လည်း သူမသည် တစ်ခုခုကို ဝမ်းနည်းနေသလား သို့မဟုတ် နောင်တရနေသလား ဆိုသည်မှာတော့ ပဟေဠိပင်။
“နားလည်ရင် ဓားပုံစံကို ချက်ချင်း ပြန်ပြောင်းလိုက်တော့။ နင် ဒီလိုကြီး ဖြစ်နေတာကို ငါ ဘာလုပ်ရမှန်း မသိတော့ဘူး”
ယုသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော ဆေးလ်ဖ်ကို မဝံမရဲ ကြည့်ကာ ပြောလိုက်သည်။
“သခင်က ဆေးလ်ဖ်ကို အသုံးမချဘူးဆိုရင်တော့ အမြန်အိပ်လိုက်ပါတော့”
ဆေးလ်ဖ်သည် ယု၏ တောင်းဆိုမှုကို လျစ်လျူရှုကာ အေးစက်စွာ ပြောလိုက်ပြီးနောက် ကုတင်ပေါ်တွင်ပင် ခေါင်းချကာ အိပ်စက်ရန် ပြင်လိုက်တော့သည်။
“နေဦး... ဆေးလ်ဖ်၊ နင် ဓားပုံစံပြောင်းပြီး စားပွဲပေါ်ကို ပြန်သွားလို့ မရဘူးလား?”
“...”
ဆေးလ်ဖ်က ဘာမှပြန်မဖြေဘဲ လှဲနေဆဲပင်။ ယု တစ်ခုခု ဆက်ပြောရန် ပြင်စဉ်မှာပင် ဆေးလ်ဖ်က ထိုင်လိုက်ပြီး ခိုင်မာသော လေသံဖြင့် ဆိုလိုက်၏။
“သခင် ရဲ့ ဓားတစ်စင်းအနေဖြင့် ကျွန်မမှာ သခင်၏ ဘေးကင်းလုံခြုံရေးကို အမြဲတမ်း စောင့်ရှောက်ပေးရမယ့် တာဝန်ရှိပါတယ်။
လူသားတွေဟာ အိပ်နေချိန်မှာ အားအနည်းဆုံးဖြစ်တဲ့အတွက် သခင့် ဘေးနားမှာ အိပ်စက်ပြီး စောင့်ရှောက်ပေးရမှာက ကျွန်မရဲ့ တာဝန်ပဲ ဖြစ်ပါတယ်”
ပြောပြီးသည်နှင့် ဆေးလ်ဖ်သည် ကုတင်ပေါ်တွင် ပြန်လှဲကာ စောင်ကို အသေအချာ ခြုံလိုက်ပါတော့သည်။
“ဟို... အင်း...”
မနက်ကတည်းက သူမသည် သူ့နောက်ကို မလိုက်ခဲ့ဘဲ ယခုမှ ဘာကြောင့် ထိုသို့ ပြောနေရသနည်း။ သို့သော် လက်ရှိ အခြေအနေအရ သူ ဘယ်နေရာမှာ အိပ်အိပ် ဆေးလ်ဖ်ကတော့ သူ့ဘေးနားမှာ ကပ်နေတော့မှာပဲ ဖြစ်သည်။