အခန်း (၃၆) - အားဖြည့်စွပ်ပြုတ် (၂)
“ယု... ငါ မင်းကို မေးနေတယ်၊ ဒီအိုးက ဘယ်က ရောက်လာတာလဲ?”
ကီးလ်သည် အိုးကို ချလိုက်ပြီး ယောက်မကို အစီအစဉ်တကျ ပြန်တင်ကာ အေးစက်သော အသံဖြင့် ယုကို မေးလိုက်သည်။
“အဲဒါကတော့... ဒီလိုပါ...”
လေထုက အနည်းငယ် တင်းမာနေသည်ကို ရိပ်မိလိုက်သဖြင့် ယု၏ အကြည့်များမှာ ဟိုရောက်ဒီရောက် ဖြစ်နေတော့သည်။
“မင်းကို အမှန်အတိုင်းပြောဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ပေးမယ်။ ဟိုဘက်က ပျောက်နေတဲ့ မှော်ကိရိယာက ဘယ်ရောက်သွားတာလဲ??”
ကီးလ်သည် အခန်းဘေးတစ်နေရာတွင် ပြသထားလေ့ရှိသော မှော်ကိရိယာ ရှိသည့်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
“ဟို... ဟိုလေ...”
ယုသည် ကီးလ်၏ အကြည့်ကို ရှောင်ရင်း ပါးကို ပွတ်နေမိ၏။
“မင်း အဲ့ဒါကို ဖျက်ဆီးပြီး စွပ်ပြုတ်ချက်လိုက်တာလား??”
“ဟုတ်ကဲ့...”
ဆက်လက် ဖုံးကွယ်ထား၍ မရတော့သည်ကို သိလိုက်ရသဖြင့် ယုမှာ ခေါင်းညိတ်ဝန်ခံလိုက်ရတော့သည်။
“အို... ဘုရားရေ!! ဒီမှော်ကိရိယာက ဘယ်လောက်တောင် ဈေးကြီးလဲဆိုတာ မင်းသိရဲ့လား?? ဒါက မှော်စွမ်းအင် ဖိသိပ်စက် ကွ! ငါ သိပ်မသုံးဘူးဆိုပေမဲ့ ဒါတစ်လုံးတည်းတင် ရွှေဒင်္ဂါး ၅၀၀ တန်တယ်!! မင်းက ဒါကြီးကို သုံးပြီး စွပ်ပြုတ်ချက်တယ်ပေါ့!! ဒီအိုးက အဖုံးပဲ မဟုတ်လား?? ကျန်တဲ့ တစ်ဝက်ကကော ဘယ်မှာလဲ??”
ကီးလ်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ကုလားထိုင်ပေါ်အထိ တက်ရပ်ကာ ယု၏ ကော်လာကို ဆွဲပြီး မလွှတ်တမ်း မေးတော့သည်။
“ကျန်တဲ့... ကျန်တဲ့ တစ်ဝက်ကိုတော့ မီးဖိုလုပ်ပြီး မီးမွှေးလိုက်တယ်...”
“...”
ကီးလ်မှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ဒူးထောက်ကျချင်စိတ်ပင် ပေါက်သွားပြီး စိတ်ထဲမှ ရေရွတ်နေမိသည်။
“တောက်! ဒီလို ငတုံးက ဘယ်က ရောက်လာတာလဲ? ရွှေ ၅၀၀ တန်တဲ့ မှော်စက်ကြီးကို ဖျက်ပြီး စွပ်ပြုတ်ချက်တယ်တဲ့လား။ သူက ဘယ်လိုလုပ် သားရဲထိန်းချုပ် နိုင်တဲ့ စွမ်းရည်ကို ရခဲ့တာလဲ! ငါ ဘယ်လို ဝဋ်ကြွေးတွေ ရှိခဲ့လို့ ဒီလို တပည့်မျိုးနဲ့ လာဆုံရတာလဲ။”
“နေဦး! မင်း ဒီစွပ်ပြုတ်ချက်ဖို့ ဘာတွေ သုံးလိုက်သေးလဲ!?”
ထိုသို့တွေးမိသည်နှင့် မကောင်းသော အငွေ့အသက်များက ကီးလ်၏ စိတ်ထဲတွင် ထပ်မံ စိုးမိုးလာပြန်သည်။
“စွပ်ပြုတ်လား? ဆရာမ စားပွဲပေါ်မှာ တင်ထားတဲ့ မီးတောက်ဖွတ်အမြီးတွေ၊ ဒေါတူရာ ပွင့်ချပ်တွေ၊ လူစားပန်းပွင့်ချပ်တွေပေါ့။ ပြီးတော့ အရသာ ပိုကောင်းအောင်လို့ အံဆွဲထဲက မှော်ကျောက်တုံး အနည်းငယ်ကိုလည်း အမှုန့်ကြိတ်ပြီး ထည့်လိုက်သေးတယ်...”
ယု စကားမဆုံးမီမှာပင် ကီးလ်၏ ပတ်ဝန်းကျင်တွင် ပြင်းထန်သော မှော်စွမ်းအားများ စုစည်းလာသည်ကို မြင်လိုက်ရ၏။
“မင်းလို ငတုံး... အဲ့ဒီ အဖိုးတန် ပစ္စည်းတွေကို ဘာအတွက် သုံးရလဲဆိုတာ သိရဲ့လား...”
ကီးလ်သည် လက်သီးကို တင်းတင်းဆုပ်ကာ ပြင်းထန်သော မှော်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူမ၏ ဘေးပတ်ဝန်းကျင်တွင် မီးတောက်များ တဖျတ်ဖျတ် တောက်လောင်နေပြီး လှပသော ဆံနွယ်နီများမှာလည်း စုစည်းနေသော မှော်အရှိန်ကြောင့် လေထဲတွင် ဝဲပျံနေတော့သည်။
“သိတာပေါ့၊ ဆရာမက အဲ့ဒါတွေကို သုံးပြီး ‘ဝိညာဉ်ဆေးရည်’ ဖော်စပ်ချင်တာ မဟုတ်လား”
ယုသည် လူသားတို့၏ မှော်စနစ်နှင့် လုံးဝ ကွဲပြားသော စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် လူသားမှော်ပညာကို မတတ်သော်လည်း ဆေးဝါးဗေဒကိုမူ နားမလည်ခြင်း မဟုတ်ပေ။ သူ ဝါသနာပါသော ဝတ္ထုများထဲတွင် ထိုအကြောင်းအရာများ အမြဲပါလေ့ရှိသဖြင့် သူသည် နှစ်ပေါင်း ရာချီ၍ ထိုပညာရပ်များကို လေ့လာထားပြီးသား ဖြစ်သည်။
“သိရက်နဲ့ ဘာလို့ စွပ်ပြုတ်ချက်ရတာလဲ!!”
ကီးလ်၏ မှော်စွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ သူမသာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပါက ဤအလုပ်ရုံတစ်ခုလုံး ကမ္ဘာမြေပြင်ပေါ်မှ ပျောက်ကွယ်သွားနိုင်သည်။
“ဒါပေမဲ့ ကြည့်လိုက်ဦးလေ၊ အာနိသင်က တော်တော်လေး ကောင်းမနေဘူးလား?”
ယုက ကီးလ်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဟင်??”
ကီးလ်မှာ ကြောင်သွား၏။ သူမသည် အလွန် ဒေါသထွက်နေသဖြင့် သတိမထားမိခဲ့ပေ။ ယခု ယု ပြောမှ သတိပြုကြည့်လိုက်ရာ သူမ စုစည်းနိုင်သော မှော်စွမ်းအား၏ သိပ်သည်းဆမှာ ယခင်ကထက် များစွာ မြင့်မားနေသည်ကို တွေ့လိုက်ရသည်။
“ဒါက... ဘာဖြစ်လို့လဲ??”
ကီးလ်သည် သူမ၏ ပတ်ဝန်းကျင်တွင် စုဝေးနေသော မီးဒြပ်စင်များကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။
“ဘာမှ မဖြစ်ပါဘူး၊ စောစောက ဆရာမ သောက်လိုက်တဲ့ စွပ်ပြုတ်က ‘ဝိညာဉ်ဆေးရည်’ ပဲလေ”
ယုက အိုးအလွတ်ကို မပြရင်း ပြောလိုက်၏။
“ဟင်?? ဒါက ဝိညာဉ်ဆေးရည်လား?? မင်းက ဒါကို စွပ်ပြုတ်လို တည်လိုက်တာလား?”
“ဟုတ်ကဲ့၊ ဒီနေ့ သန့်ရှင်းရေးလုပ်ပြီးတော့ ပျင်းနေတာနဲ့ ဆရာမရဲ့ သုတေသန မှတ်တမ်းတွေကို ဖတ်ကြည့်လိုက်တာ။ ဆရာမရဲ့ ဆေးဖော်စပ်နည်းက မှားနေတာ တွေ့လို့ ကျွန်တော် ကိုယ်တိုင် လုပ်လိုက်တာ”
ယုက စာအုပ်စင်ပေါ်မှ ကီးလ်၏ မူကြမ်းစာရွက်များကို ယူပြလိုက်သည်။
“မှားနေတယ် ဟုတ်လား??”
“ဟုတ်တယ်၊ ပထမဆုံးအနေနဲ့ ဒေါတူရာ အရွက်တွေက အညှာကို မဖယ်ရသေးဘူး။ ပြီးတော့ မီးတောက်ဖွတ်အမြီးထဲမှာ မမြင်နိုင်တဲ့ အရိုးနု တစ်မျိုးရှိတယ်၊ အဲ့ဒါကို မဖယ်ရင် ဆေးရည်ရဲ့ သိပ်သည်းဆကို ထိခိုက်စေတယ်။ ပြီးတော့...”
ယုက စာရွက်ကို ကိုင်ကာ တစ်ချက်ချင်း ခွဲခြမ်းစိတ်ဖြာ ပြနေသည်ကို ကြည့်ပြီး ကီးလ်မှာ လုံးဝ ဆွံ့အသွားရသည်။
“ဒီကောင်က ငတုံးလား ဒါမှမဟုတ် ပါရမီရှင်လား??”
“နောက်ပြီးတော့ ဒီဆေးရည်ကို အထူးပြုလုပ်ထားတဲ့ ဆေးဖိုနဲ့ ဖော်စပ်ရမှာ၊ ဒါပေမဲ့ ဆရာမဆီမှာ မရှိဘူးလေ။ ဒါကြောင့် ကျွန်တော်က နည်းလမ်းပြောင်းပြီး စွပ်ပြုတ်လို တည်လိုက်တာ။ သာမန်အိုးနဲ့ မီးဖိုဆိုရင် မှော်စွမ်းအားတွေ လွင့်စင်ကုန်မှာစိုးလို့ ဆရာမရဲ့ မှော်ဖိသိပ်စက်ကို ဖျက်ပြီး မီးဖိုလုပ်လိုက်တာ”
“ယု... မင်း ဒါတွေကို ဘယ်မှာ သင်လာတာလဲ?”
ကီးလ်က ယု၏ စကားကို ဖြတ်မေးလိုက်သည်။ အကြောင်းမှာ နှစ်ပေါင်း ရာချီ ပျောက်ကွယ်နေခဲ့သော ဤဆေးဖော်နည်းကို သူ မည်သို့ သိနေသနည်း ဆိုသည်ကို သူမ အလွန် သိချင်နေသောကြောင့် ဖြစ်သည်။
“ဒါတွေလား? စာအုပ်အချို့ ဖတ်ဖူးတာရယ်၊ ကိုယ့်ဘာသာ စဉ်းစားကြည့်တာရယ်နဲ့တင် သိတာပါ”
ယုသည် လိမ်ပြောနေခြင်း မဟုတ်ပေ။ သူသည် လွန်ခဲ့သော နှစ်ပေါင်း ရာချီက စာအုပ်များတွင် ထိုအကြောင်းအရာများကို ဖတ်ဖူးခြင်း ဖြစ်သည်။
“ဒီဆေးက နှစ်ပေါင်း ရာချီ ပျောက်ကွယ်နေတာ မင်းသိရဲ့လား? ဒီအကြောင်း ရေးထားတဲ့ စာအုပ်ကို မင်း ဘယ်မှာ တွေ့ခဲ့တာလဲ!”
ကီးလ်မှာ စိတ်လှုပ်ရှားသွား၏။ ယုသည် အခြေအနေ မဟန်တော့သည်ကို ရိပ်မိလိုက်ပြီး သူ့ လျှို့ဝှက်ချက် များ ပေါ်သွားမည်ကို စိုးရိမ်လာသည်။
“အဲဒါက... ကျွန်တော့် မိသားစုက တောင်နက်ထဲမှာ အခြေချပြီး ဆေးဝါးဗေဒကို သုတေသနလုပ်လာခဲ့တာလေ။ ဒါကြောင့် ဒီဆေးတွေက ကျွန်တော့်အတွက်တော့ မဆန်းပါဘူး”
ယုက သူ လိမ်မပြောကြောင်း ဆင်ခြေပေးလိုက်သည်။
(တမန်တော်ဆောင် = တောင်နက်၊ ဝတ္ထုဖတ်ပြီး ပညာဗဟုသုတ ရှာခြင်း = သုတေသနလုပ်ခြင်း)
“တောင်နက်ထဲမှာ?? ဆေးဝါးဗေဒကို သုတေသနလုပ်တယ်?? မင်းရဲ့ ဇာတိကို ငါ ဘယ်လိုမှ ရှာမတွေ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ။ မင်းက တောင်ပေါ်မှာ နေလာတာကိုး”
ကီးလ်က ချက်ချင်းပင် နားလည်သွားခဲ့သည်။ အင်ပါယာ၏ နယ်မြေမှာ ကျယ်ပြောလွန်းလှသဖြင့် လူသူမရောက်သော နေရာများစွာ ရှိနေသေးသည်။ ထို့ကြောင့် တောင်ပေါ်တွင် တသီးတခြား နေထိုင်သူများ ရှိနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ယု၏ အမြဲတမ်း ခပ်နွမ်းနွမ်း ဝတ်စုံနှင့် မိန်းကလေးမြင်လျှင် အရည်ပျော်တတ်သော မျက်လုံးများကို ကြည့်ကာ သူသည် တောင်ပေါ်တွင် အကြာကြီး နေလာခဲ့သူ ဖြစ်ကြောင်း ကီးလ်က ယုံကြည်သွားခဲ့သည်။
ထိုသို့ တွေးကြည့်လိုက်သည့်အခါ ဤတပည့်ကို လက်ခံလိုက်ရခြင်းမှာ ဝဋ်ကြွေးမဟုတ်ဘဲ ရတနာကို ရှာဖွေတွေ့ရှိခြင်းသာ ဖြစ်တော့သည်။ ရွှေ ၅၀၀ တန်သော အိုးအပျက်နှင့် ပစ္စည်းအချို့မှာ ဤစွပ်ပြုတ်တစ်ခွက်၏ တန်ဖိုးနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ ဤစွပ်ပြုတ်တစ်ခွက်ကိုသာ အပြင်တွင် ရောင်းပါက ရွှေဒင်္ဂါး ၃ သိန်းပေးပြီး ဝယ်မည့်သူများ တန်းစီနေလိမ့်မည် ဖြစ်သည်။
“အူကြောင်ကြောင် တပည့်လေး! မှတ်ထားဦး၊ မင်း ဆေးဖော်တတ်တဲ့ အကြောင်းကို အခုလောလောဆယ် ဘယ်သူ့ကိုမှ မပြောနဲ့ဦး”
ကီးလ်သည် တစ်စုံတစ်ဦးက ယုကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာမည်ကို စိုးရိမ်မိသည်။
“ဟုတ်ကဲ့ပါ!”
“မိုးလင်းတော့မယ်၊ မင်း မြန်မြန်ပြန်ပြီး နားတော့”
ကီးလ်သည် အချိန်ကို ကြည့်လိုက်ရာ မနက် ၄ နာရီခွဲ ရှိနေပြီ ဖြစ်သည်။ သူမသည်လည်း ဤတပည့်နှင့် နပန်းလုံးနေရသည်မှာ အတော်လေး ပင်ပန်းနေခဲ့ချေပြီ။
“ဒါဆို ဆရာမ စိတ်မဆိုးတော့ဘူးပေါ့နော်~? စိတ်မဆိုးရင် ကျွန်တော် ပြန်အိပ်တော့မယ်~”
“စိတ်မဆိုးတော့ပါဘူး။ ဒါပေမဲ့ နောက်ဆိုရင် ငါ့ကို ‘ကီးလ်’ လို့ပဲ ခေါ်။ ‘ဆရာမ... ဆရာမ’ နဲ့ အမြဲကြားနေရတာ ငါ့ကိုယ်ငါ အသက်ကြီးသွားသလို ခံစားရလို့”
“ကီးလ် လို့ ခေါ်ရမှာလား? ရင်းနှီးလှချည်လား။ ဒါဆို ‘အမယ်အိုကြီး’ လို့...”
“သွားအိပ်တော့!”
ယု စကားမဆုံးမီမှာပင် ကီးလ်က သူ့ကို အခန်းပြင်သို့ ကန်ထုတ်လိုက် တော့သည်။