အခန်း (၃၅) - အားဖြည့်စွပ်ပြုတ်
ယခုဆိုလျှင် မနက်အစောပိုင်း ၃ နာရီ ရှိနေပြီဖြစ်ရာ ယု တစ်ယောက် အခန်းထဲတွင် အပိတ်ခံထားရသည်မှာ ဆယ့်နှစ်နာရီ တိတိ ပြည့်သွားခဲ့ချေပြီ။
ထိုအချိန်တွင် ကီးလ်သည် အလုပ်ရုံရှေ့ရှိ စင်္ကြံလမ်းတွင် ပေါ်လာ၏။ သူမကိုင်ဆောင်လာသော လင်ဗန်းထဲတွင်တော့ ပေါင်မုန့်ခြောက်တစ်ခြင်းနှင့် အငွေ့တထောင်းထောင်း ထနေသည့် နွားနို့တစ်ခွက် ပါရှိသည်။
အခန်းထဲတွင် ပိတ်ထားခြင်းခံရသော ထိုကောင်လေးမှာ မိမိ၏ဆရာကိုပင် အိမ်ခေါ်သွားပြီး ဇနီးအဖြစ် ပေါင်းသင်းချင်သည့် လူရှုပ်တစ်ဦး ဖြစ်သော်လည်း၊ အဆုံးစွန်၌မူ သူသည် သူမ၏ အမွေခံတပည့် ဖြစ်နေသည်မဟုတ်ပါလား။
အကယ်၍ သူ့ကို အငတ်ထားပြီး သေခိုင်းလိုက်လျှင် ကီးလ်အနေဖြင့် စိတ်မကောင်းဖြစ်ရရုံသာမက သူမလိုအပ်နေသည့် “သားရဲထိန်းကျောင်းသူ” အကူအညီကိုလည်း ရတော့မည်မဟုတ်ပေ။
“ဟင်း...” ကီးလ်သည် ထိုသို့တွေးတောရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ထို့နောက် သူမသည် မှော်စွမ်းအားများကို စုစည်းကာ တံခါးပေါ်ရှိ မှော်သော့ကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
“မင်းလည်း ဗိုက်ဆာနေရောပေါ့။ ငါ စားစရာတွေ ယူလာပေးတယ်။ ငါ့တပည့်ဖြစ်တဲ့ ပထမဆုံးနေ့မှာတင် အငတ်ဘေးနဲ့ သေမသွားစေနဲ့ဦး”
ကီးလ်သည် အလုပ်ရုံတံခါးကို ဖွင့်ရင်း ထိုသို့ ပြောလိုက်သည်။
သို့သော် တံခါးကို တွန်းဖွင့်လိုက်သည့် ခဏတွင်မူ သူမမှာ လုံးဝ ဆွံ့အသွားရတော့၏။
“မင်း... မင်း ဘာတွေလုပ်ထားတာလဲ??”
ကီးလ်သည် သူမရှေ့ရှိ အစက်အပြောက်မရှိအောင် ပြောင်လက်နေသော စာအုပ်စင်များ၊ ဝင်းပနေသော ကြမ်းပြင်နှင့် ပုံမှန် အသုံးမပြုသည့် မှော်ကိရိယာများမှာပင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်ကို ကြည့်ကာ အံ့ဩနေမိသည်။
သို့သော်... မှော်ကိရိယာတစ်ခုခု လိုနေသလားလို့??
“ဆရာမ... ဒီဘက်ကို ကြွပါခင်ဗျာ~” ကီးလ် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ယုက ရုတ်တရက် ထွက်၍ ကြိုဆိုလိုက်သည်။
သူသည် ကီးလ် သုတေသနလုပ်လျှင် ဝတ်လေ့ရှိသော ခါးစည်းအင်္ကျီ ကို ဝတ်ဆင်ထားပြီး သူမလက်ထဲမှ လင်ဗန်းကို လှမ်းယူလိုက်၏။ ထို့နောက် အခန်းအလယ်ရှိ စားပွဲဝိုင်းတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
“ဒါ... ဒါက ဘာတွေလဲ??” ကီးလ်မှာ အူကြောင်ကြောင်ဖြင့် ခုံတွင် ဝင်ထိုင်လိုက်ရသည်။
ဖုန်တစ်စပင်မရှိဘဲ ပြောင်စင်နေသော စားပွဲဝိုင်းကို ကြည့်ကာ ကီးလ်မှာ လုံးဝ အသားမကျသလို ခံစားနေရ၏။ အကြောင်းမှာ ယနေ့မနက်ကအထိ ထိုစားပွဲပေါ်တွင် ထူးဆန်းသော ပစ္စည်းမျိုးစုံနှင့် သူမ မည်မျှကြာအောင် ဆွဲထားမှန်းမသိသည့် မှော်အစီအရင် မူကြမ်းစာရွက်များ ပြန့်ကျဲနေခဲ့သောကြောင့်ပင်။
“ထိုင်ပါ ဆရာမ။ ကျွန်တော် လုပ်ခဲ့တဲ့ အပြုအမူတွေအတွက် အသေအချာ နောင်တရပြီး ပြန်လည်သုံးသပ်ထားပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ အမှားအတွက် အထူးပြင်ဆင်ထားတဲ့ တောင်းပန်လွှာပါပဲ”
ထိုသို့ပြောရင်း ယုသည် သူ၏နောက်ကွယ်မှ မွှေးကြိုင်လှသော အသားစွပ်ပြုတ်အိုးတစ်အိုးကို မထုတ်လာခဲ့သည်။
“ဟင်??” ကီးလ်သည် ရှေ့မှ အသားစွပ်ပြုတ်နှင့် ဘေးမှ ခါးစည်းဝတ်ထားသော ယုကို ကြည့်ကာ မှင်သက်သွားရ၏။
“ဘာဖြစ်လို့လဲ ဆရာမ??” ယုက အမြန်မေးလိုက်သည်။
သူသည် ကီးလ်ကို အသေအချာ တောင်းပန်နေခြင်း ဖြစ်သည်။ အကယ်၍ သူမ စိတ်ကျေနပ်အောင် မလုပ်နိုင်ပါက နောင်တွင် သူမကို အားကိုးရန် ခက်ခဲသွားနိုင်သည်မဟုတ်ပါလား။
“ငါ့အလုပ်ရုံထဲမှာ အိုးလည်းမရှိ၊ ဟင်းချက်စရာ ပါဝင်ပစ္စည်းလည်း မရှိဘူးလေ။ မင်း ဒါကို ဘာနဲ့ ချက်လိုက်တာလဲ??”
ကီးလ်မှာ ဇဝေဇဝါ ဖြစ်နေ၏။ သူမက ဤတပည့်လေး ငတ်သေမှာစိုး၍ စားစရာလာပေးခြင်း ဖြစ်သော်လည်း အခန်းထဲရောက်သည့်အခါ သူမကသာ ပြန်ကျွေးခြင်း ခံနေရချေပြီ။
“စားကြည့်ရင် ဆရာမ သိမှာပါ” ယုက ဇွန်းတစ်ချောင်းကို ထုတ်ကာ ကီးလ်ကို ပေးလိုက်သည်။
“အင်း...” ကီးလ်သည် ဇွန်းကိုကိုင်ကာ တစ်ခုခုတော့ လွဲနေပြီဟု ခံစားနေရဆဲ ဖြစ်သည်။ ဤပစ္စည်းများက သူမအလုပ်ရုံထဲသို့ မည်သို့ရောက်လာသနည်း။ တံခါးကိုလည်း နေ့လယ်ကတည်းက ပိတ်ထားခဲ့သဖြင့် သူ အပြင်ထွက်ဝယ်ရန်မှာလည်း မဖြစ်နိုင်ပေ။
သို့သော် အတွေးများကို ဘေးဖယ်လိုက်ရလောက်အောင်ပင် စွပ်ပြုတ်အိုးထဲမှ ထွက်ပေါ်လာသော အနံ့မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။
ယခုဆိုလျှင် မနက် ၃ နာရီ ရှိပြီဖြစ်ရာ ကီးလ် ညစာစားခဲ့သည်မှာ ၈ နာရီကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် နွေဦးအစပိုင်း ဖြစ်သဖြင့် ညဘက်တွင် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေ၏။
ထို့ကြောင့် ဤကဲ့သို့ အငွေ့တထောင်းထောင်းနှင့် စွပ်ပြုတ်ပူပူလေးကို မြင်သည့်အခါ မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ကီးလ်သည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ အသားနှင့်တူသော အဖတ်တစ်ခုကို ခပ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
“!!!” ပထမဆုံး တစ်လုပ်စားလိုက်ရုံနှင့် ကီးလ်မှာ မထိန်းနိုင်တော့ပေ။ ရက်ပေါင်းများစွာ ငတ်မွတ်နေသူတစ်ဦးပမာ စွပ်ပြုတ်နှင့် အသားဖတ်များကို တစ်လုပ်ပြီးတစ်လုပ် ခပ်စားလေတော့သည်။
“အသား! ဒီအသားက တကယ်ပဲ ဝါးရတာ အိစက်နေတာပဲ။ ဘာလို့ ဒီလောက်တောင် ခံတွင်းတွေ့အောင် လုပ်ထားရတာလဲ? ဒါက တကယ်ပဲ အသားလား? ပြီးတော့ ဒီစွပ်ပြုတ်အရသာက အနည်းဆုံး သုံးနာရီလောက် သေချာ တည်ထားမှ ရနိုင်မယ့် အရသာမျိုးပဲ”
ကီးလ်သည် စွပ်ပြုတ်ကို သောက်ရင်း စိတ်ထဲမှ တအံ့တဩ ရေရွတ်နေမိသည်။ ဤလူရှုပ်တပည့်လေးက ဘယ်နေရာမှာ ဒီလိုလက်ရာမျိုး သင်လာခဲ့တာလဲ။ သူက လူရှုပ်တစ်ယောက် ဖြစ်နေသော်လည်း ဟင်းချက်လက်ရာကတော့ ဤမျှအထိ ကောင်းမွန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမ ညဘက် အလုပ်လုပ်စဉ်တွင် ဤကဲ့သို့ အရသာရှိသော အစားအစာမျိုးကို နောက်ဆုံး ဘယ်တုန်းက စားခဲ့ဖူးပါသနည်း။ တစ်ခါမျှ မရှိခဲ့ဖူးပါ။
ပုံမှန်ဆိုလျှင် ပေါင်မုန့်ခြောက်နှင့် နွားနို့ကိုသာ စားလေ့ရှိသော်လည်း ယနေ့ညတွင်မူ လတ်လတ်ဆတ်ဆတ် ချက်ထားသော စွပ်ပြုတ်ကို သောက်ရသဖြင့် ကီးလ်၏ မျက်နှာတွင် ကျေနပ်ပီတိများ ချက်ချင်း ပေါ်လာတော့သည်။
“ဘယ်လိုလဲ ဆရာမ? အရသာ အဆင်ပြေရဲ့လား??”
“ကောင်းတယ်! မင်းက ဒီလောက်အထိ ဟင်းချက်တော်မယ်လို့ ငါ မထင်ထားဘူး”
တစ်နေ့ခင်းလုံး စိတ်တိုနေခဲ့သော ကီးလ်၏ စိတ်အခြေအနေမှာ ထိုစွပ်ပြုတ်တစ်အိုးကြောင့် လွင့်စင်သွားခဲ့ချေပြီ။
“ဒါဆိုရင်တော့ တော်သေးတာပေါ့~~ ဒါက ကျွန်တော် ပထမဆုံးအကြိမ် ချက်ဖူးတဲ့ ဟင်းပဲ”
ယုသည် တမန်တော်ဆောင် တွင် ရှိစဉ်က အစားအစာကို များများစားစား မစားသော်လည်း လူ့ပြည်သို့ ရောက်သည့်အခါ လူသားတို့၏ ဟင်းလျာများကို အလွန် စိတ်ဝင်စားလာခဲ့သည်။
သို့သော် သူ စွန့်စားသူ ဘဝတွင် ရှိစဉ်က နေ့တိုင်း ဆိုင်မှာ စားနိုင်လောက်အောင် ပိုက်ဆံမချမ်းသာသဖြင့် ပါဝင်ပစ္စည်းများကို ဝယ်ယူကာ ကိုယ်တိုင် စမ်းသပ်ချက်ပြုတ်လေ့ ရှိသည်။ သူ၏ မှတ်ဉာဏ်နှင့် စာအုပ်ထဲမှ ဖော်ပြချက်များကို အခြေခံ၍ ယုသည် မည်သည့်ဟင်းလျာကိုမဆို ပြန်လည်ဖန်တီးနိုင်စွမ်း ရှိ၏။
“ပထမဆုံးအကြိမ် ချက်ဖူးတာ ဟုတ်လား??” ကီးလ်သည် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသော်လည်း အရသာက အလွန်ကောင်းနေသဖြင့် ဘာမှ ဆက်မတွေးတော့ဘဲ တစ်လုပ်ပြီးတစ်လုပ် ဆက်သောက်နေမိသည်။
စွပ်ပြုတ်အရည်များ တဖြည်းဖြည်း နည်းသွားသည့်အခါ ကီးလ်နှင့် အလွန်ရင်းနှီးနေသော မှော်စာလုံး တစ်ခုမှာ အိုး၏ အောက်ခြေတွင် ပေါ်လာခဲ့ချေပြီ။
ထိုခဏတွင်ပင် ကီးလ်၏ မျက်နှာပေါ်ရှိ ကျေနပ်ပီတိ အပြုံးများမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားတော့သည်။