အခန်း (၃၃) - စွမ်းရည် ကွာဟချက်
ယုတစ်ယောက် ကီးလ်၏ အမွေခံတပည့် ဖြစ်သွားသည့် သတင်းမှာ နေ့လယ်စာစားချိန်အတွင်း တစ်ကျောင်းလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
ရုံးခန်းထဲတွင် အိပ်ငိုက် နေတတ်သော ပရော်ဖက်ဆာ ဂေးလ် မှ အစ ထမင်းချက်အဒေါ်ကြီးများအထိ ကျောင်းဝင်းအတွင်းရှိ လူတိုင်း ထိုသတင်းကြောင့် ဆွံ့အသွားကြသည်။
ကျောင်းသားအများစုမှာ ယုကို လူကိုယ်တိုင် မမြင်ဖူးကြသော်လည်း ဝင်ခွင့်စာမေးပွဲတုန်းက အိုင်းရှာကို နှောင့်ယှက်ခဲ့သည့် ကိစ္စကြောင့် သူ့ကို လူရှုပ်လူပွေတစ်ဦးအဖြစ်သာ သိထားကြသည်။ သို့သော် ယခုမူ ထိုလူရှုပ်မှာ မီးလျှံစုန်းမ၏ တရားဝင်တပည့် ဖြစ်လာခဲ့ချေပြီ။
“ဘာလို့ အဲ့ဒီကောင်က မီးတောက်စုန်းမရဲ့ တပည့် ဖြစ်သွားရတာလဲ?”
“ဟုတ်ပ! အဲ့ဒီကောင် မှော်သုံးတာ တစ်ခါမှ မမြင်ဖူးဘူး!”
“ဆရာမ ကီးလ်က ဘာကိုကြည့်ပြီး တပည့်အဖြစ် လက်ခံလိုက်တာလဲ? ပြီးတော့ ယု ရဲ့ တံဆိပ်က ဘာလို့ နဖူးပေါ်မှာ ဖြစ်နေရတာလဲ?”
“ငါမှတ်မိသလောက်ဆိုရင် ရူးရူးမူးမူး ချစ်ကြတဲ့ ချစ်သူတွေမှသာ အမှတ်အသားကို နဖူးမှာ ထိုးကြတာ မဟုတ်လား...”
ကျောင်းအတွင်း ထိုသတင်းများကြောင့် ဆူညံပွက်လောရိုက်နေစဉ်မှာပင် ကီးလ်သည် ယုကို သူမ၏ ကိုယ်ပိုင်အလုပ်ရုံထဲသို့ ဆွဲခေါ်သွားခဲ့သည်။
ထိုအခန်းမှာစာအုပ်စင်များ၊ မှော်ကိရိယာများနှင့် ပြည့်နှက်နေပြီး အလယ်ရှိ စားပွဲကြီးပေါ်တွင် မှော်အစီအရင် မူကြမ်းများနှင့် ထူးဆန်းသော ပစ္စည်းများ ရှုပ်ပွနေ၏။
ကီးလ်သည် ခါးကိုထောက်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယုကို မကျေမနပ် ကြည့်လိုက်သည်။
“မလိုအပ်ဘဲနဲ့ မှော်တံဆိပ်ကို ထုတ်မပြပါနဲ့လို့ ငါ မပြောထားဘူးလား?” ကီးလ်သည် ယု၏ နဖူးပေါ်မှ တံဆိပ်ကိုကြည့်ကာ အနည်းငယ် ရှက်ရွံ့နေမိသည်။
“ဘာလို့ ထုတ်မပြရမှာလဲ? ဒီမှာရှိနေတာ ကြည့်လို့ကောင်းသားပဲ!” ယုက လက်ကိုင်ပဝါဖြင့် နဖူးကို အသေအချာ သုတ်ပြနေသေးသည်။
ကီးလ်မှာ သက်ပြင်းသာ ချနိုင်တော့သည်။ သူမ၏ တပည့်မှာ အရှက်အကြောက် မရှိသော်လည်း ထိုသို့ ဂုဏ်ယူဝင့်ကြွားနေသည်မှာ ကလေးတစ်ယောက်လို ချစ်စရာကောင်းနေသဖြင့် ဘာမှ ဆက်မပြောတော့ပေ။
“ကျွန်တော် ထုတ်ပြရတဲ့ အကြောင်းရင်းရှိတယ်။ စောစောက ကိုင်လ်ဆိုတဲ့ကောင်က ကျွန်တော့်ကို ကျောင်းထုတ်ခံရပြီအမှတ်နဲ့ သတ်ဖို့အထိ ကြံစည်နေတာ။ ဆရာမရဲ့ တံဆိပ်ကို မြင်သွားတော့မှ သူ့မျက်နှာကြီးက ရှုံ့တွသွားတာ ဗျ”
ကီးလ်သည် ကိုင်လ်အကြောင်း ကြားလိုက်ရသည့်အခါ မျက်လုံးများ တောက်ပလာပြီး သူမ၏ ပတ်ဝန်းကျင်တွင် မီးတောက်များ ဝန်းရံလာခဲ့သည်။
“နေ... နေဦး ဆရာမ! စိတ်လျှော့ပါဦး!” ယုက အလန့်တကြား တားလိုက်ရသည်။
“ငါက ဘယ်လိုလုပ် စိတ်လျှော့နိုင်မှာလဲ? မင်းက ငါ့ကို အကာကွယ် တစ်ခုလို သုံးပြီး ပြဿနာရှာနေတာပဲ!”
“ဟာ... မဟုတ်တာ။ ဆရာမက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံလိုက်ကတည်းက ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ ဆုံးဖြတ်ပြီးသား မဟုတ်လား?”
ယု၏ စကားကြောင့် ကီးလ်သည် မှော်စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ဤကောင်လေးမှာ ထင်သလောက် မအကြောင်း သူမ သိထားပြီးဖြစ်သည်။
အမှန်စင်စစ်ကီးလ်၏ ဆရာမှာ အင်ပါယာ၏ ထိပ်တန်းမှော်ဆရာကြီး အာစီမန်း ဖြစ်သဖြင့် ကိုင်လ်၏ ဖခင်ဖြစ်သူ ပင်လျှင် သူမကို အကြောင်းမရှိပဲ ရန်စ ရဲမည် မဟုတ်ပေ။
“ကဲ... ထားလိုက်ပါတော့။ အခု မင်းကို ငါ သီးသန့်သင်ခန်းစာ သင်ပေးမယ်” ကီးလ်က လေးနက်စွာ ပြောလိုက်သည်။
“မင်း မှော်ပညာကို ဘယ်လောက်အထိ တတ်မြောက်ထားလဲဆိုတာ ငါ့ကို အမှန်အတိုင်းပြော”
ယုက မေးစေ့ကို ပွတ်ရင်း အလေးအနက် စဉ်းစားဟန် ပြုလိုက်သည်။
“အခြေခံလား? ဒါမှမဟုတ် အလယ်အလတ်လား? မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လို ဒြပ်စင်မျိုးနဲ့ ပိုပြီး လိုက်ဖက်လဲ?” ကီးလ်က စိတ်ဝင်တစား မေးမြန်းနေသော်လည်း ယု၏ အဖြေမှာမူ -
“ကျွန်တော် မှော်ပညာ အသုံးမပြုတတ်ဘူး...”
ထိုစကားကြောင့် ကီးလ်မှာ အံ့ဩသွားရသည်။ မီးလျှံစုန်းမ၏ အမွေခံတပည့်က မှော်ပညာ မတတ်ဘူးတဲ့လား။
ကီးလ်သည် မယုံကြည်နိုင်သဖြင့် ယု၏ နဖူးပေါ်သို့ လက်တင်ကာ စမ်းသပ်ကြည့်လိုက်သည်။ သို့သော် ယု၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် ဒြပ်စင်မှော်အမှတ်အသားမျှ မရှိဘဲ သာမန်လူသားတစ်ဦးတွင် ရှိတတ်သည့် ပုံမှန် မှော်စွမ်းအား အနည်းငယ် ကိုသာ တွေ့ရှိရလေသည်။
ကီးလ်သည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ရင်း လက်ထဲမှစာအုပ်ကို စားပွဲပေါ်သို့ အသာအယာ တင်လိုက်သည်။ သူမ၏မျက်ဝန်းများတွင် အံ့ဩရိပ်နှင့် စိတ်ပျက်ရိပ်တို့ ဒွန်တွဲနေ၏။
“ငါတော့ တကယ်ပဲ ဘာမှ မပြောနိုင်တော့ဘူး... ။ကောင်းပြီလေ... အစကနေ စကြတာပေါ့”
သူမသည် ယုကို စူးစိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။ “မှော်ပညာဆိုတာက အစပိုင်းမှာ လမ်းကြောင်းလွဲသွားရင် နောက်ပိုင်း ပြင်ရတာ အရမ်းခက်တယ်။ မင်းက ဘာမှမတတ်သေးတာဟာ တစ်ဖက်ကကြည့်ရင်တော့ ပိုကောင်းတာပေါ့။ ငါ့ရဲ့ နည်းစနစ်တွေကို အဖြူရောင်စက္ကူပေါ်မှာ ရေးသလိုမျိုး အသစ်ကနေ ပုံဖော်လို့ရတာပေါ့”
ကီးလ်သည် စာအုပ်စင်ဆီသို့ ပြန်သွားပြီး “မှော်ပညာ အခြေခံ သီအိုရီ” ဆိုသော စာအုပ်အထူကြီးတစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ယု၏ရှေ့သို့ ဝုန်းခနဲ ချပေးလိုက်သည်။
“ဒီနေ့ညနေ မင်း ဒီအခန်းထဲက မထွက်ရဘူး။ ဒီစာအုပ်ရဲ့ ပထမဆုံး အခန်းသုံးခန်းကို အလွတ်ရအောင် ဖတ်ထား။ နားမလည်တာရှိရင် ငါ့ကို အချိန်မရွေးမေးလို့ရတယ်... “
ယုသည် ရှေ့မှ စာအုပ်အထူကြီးကို ကြည့်ကာ မျက်နှာငယ်လေးဖြင့် ကီးလ်ကို ပြန်ကြည့်လိုက်သည်။ သူကတော့ အိုင်းရှာနှင့် ဒိတ်လုပ်ရန်သာ စိတ်စောနေသော်လည်း ယခုမူ ဆရာမဖြစ်သူ၏ တင်းကျပ်သော ပညာရေးစနစ်အောက်တွင် ပိတ်မိနေရချေပြီ။
ကီးလ်သည်လည်း သူမ၏ ထိုင်ခုံတွင် ပြန်ထိုင်ကာ စာဖတ်နေရင်းမှ ယုကို ရံဖန်ရံခါ ခိုးကြည့်နေမိသည်။ ဤထူးဆန်းသော တပည့်လေးမှာ သူမအတွက်တော့ စိတ်ဝင်စားစရာကောင်းသည့် ပဟေဠိတစ်ခုပင် ဖြစ်နေတော့သည်။