မှော်ဆရာတစ်ဦးအတွက် "အမွေခံတပည့်" ဆိုသည်မှာ အလွန်ထူးခြားသော ဖြစ်တည်မှုမျိုး ဖြစ်သည်။ ပုံမှန်အားဖြင့် မှော်ဆရာတစ်ဦးတွင် သားသမီးရှိပါက ထိုသားသမီးသည်သာ အမွေခံတပည့် ဖြစ်လာလေ့ရှိသည်။
အကြောင်းမှာ ကတိကဝတ်ပြုပြီးသည်နှင့် ဆရာသည် မိမိ၏ အတတ်ပညာအားလုံးကို သင်ကြားပေးရမည်ဖြစ်ပြီး တပည့်ကလည်း ဆရာ၏အလိုကို လုံးဝမဆန့်ကျင်ရဟု သတ်မှတ်ထားသောကြောင့်ပင်။ ထိုကတိကဝတ်ကို တည်မြဲစေရန် "ဆရာတပည့် ကတိကဝတ် တံဆိပ်တော်" နှင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။
နာကျင်မှုများ တဖြည်းဖြည်း လျော့ပါးသွားသည့်အခါ ကီးလ်သည် သတိပြန်ဝင်လာပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ကီးလ်သည် အလွန်ပင် ဒေါသထွက်နေမိသည်။ မည်သည့်မှော်ဆရာအတွက်မဆို တပည့်လက်ခံသည့် အခမ်းအနားမှာ မြင့်မြတ်သန့်စင်ရမည် ဖြစ်သော်လည်း ယခုမူ သူမ၏ ပထမဆုံးနှင့် နောက်ဆုံးဖြစ်လာမည့် အခမ်းအနားမှာ အရှက်ရဖွယ် အဆုံးသတ်သွားခဲ့ရချေပြီ။
ထို့ထက် ပိုဆိုးသည်မှာ ယုကို ကိုယ်စားပြုသော တံဆိပ်မှာ သူမ၏ ပေါင်သားပေါ်တွင် ခတ်နှိပ်မိသွားခြင်းပင်။ ပုံမှန်အချိန်တွင် မမြင်ရသော်လည်း နောင်တစ်ချိန်တွင် တပည့်ရှိကြောင်း သက်သေပြရန် လိုအပ်လာပါက သူမအနေဖြင့် လူတိုင်းကို ပေါင်လှန်ပြနေရမည်လားဟု တွေးကာ ပို၍ ဒေါသထွက်လာတော့သည်။
ကီးလ်သည် ဒေါသတကြီးဖြင့် ယု၏ ကော်လာကို ဆွဲကိုင်လိုက်၏။
"မင်း ဘာတွေလုပ်လိုက်တယ်ဆိုတာ သိရဲ့လား?!"
ကီးလ်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်ရာ သူမ၏ ဝင်းပသော မျက်နှာလေးမှာ နီရဲနေလေသည်။ သို့သော် ယုက ခေါင်းမော့ကြည့်လိုက်သည့် ခဏတွင်မူ ကီးလ်မှာ မရယ်မိအောင် အတင်းအောင့်ထားရတော့သည်။ အကြောင်းမှာ ကီးလ်ကို ကိုယ်စားပြုသော တံဆိပ်မှာ ယု၏ နဖူးတည့်တည့်တွင် ထင်ကျန်နေသောကြောင့်ပင်။
ရှေးခေတ်မှ ယနေ့အထိ ဆရာ့တံဆိပ်ကို နဖူးပေါ်တွင် ခတ်နှိပ်ထားသည့် တပည့်မျိုး တစ်ခါမျှ မကြားဖူးခဲ့ပေ။ ၎င်းမှာ တက္ကသိုလ်ကျောင်းသားတစ်ဦးက မိမိ၏ ကျောင်းသားကတ်ကို နဖူးတွင် ကပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် ကီးလ်မှာ စိတ်ဆိုးရာမှ ရယ်ချင်စိတ် ဖြစ်လာခြင်း ဖြစ်သည်။
"မင်း ခုနက ဘာလုပ်လိုက်တာလဲ ဆိုတာ သိလား?" ကီးလ်က ပြန်မေးလိုက်သည်။
ယု မှာ သူ ဘာမှားသွားမှန်း မသိသဖြင့် အလွန်ပင် ထိတ်လန့်သွားပြီး "ကျွန်တော်က တကယ်ပဲ ဆရာမကို လေးလေးစားစားနဲ့ ဆရာတင်ချင်တာပါ..." ဟု ပျာပျာသလဲ ပြန်ဖြေလေသည်။ ယု၏ ရိုးသားသော အမူအရာနှင့် နဖူးပေါ်မှ တံဆိပ်ကို ကြည့်ကာ ကီးလ်၏ ဒေါသများ တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။ ဘယ်လိုပင်ဖြစ်စေ ယနေ့မှစ၍ ဤလူမှာ သူမ၏ တစ်ဦးတည်းသော အမွေခံတပည့် ဖြစ်လာခဲ့ချေပြီ။
"ထားလိုက်ပါတော့... ကဲ၊ ဒီမှာကြည့်လိုက်ဦး" ကီးလ်သည် မှန်အသေးလေးတစ်ခုကို ထုတ်ပေးလိုက်၏။ ယုသည် မှန်ထဲတွင် မိမိကိုယ်မိမိ ပြန်ကြည့်လိုက်ရာ နဖူးပေါ်တွင် မီးတောက်ပုံစံ အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။ သေချာကြည့်လျှင် ထိုမီးတောက်မှာ မီးလောင်နေသော ကြောင်ကလေးနှင့် တူနေသော်လည်း မကြာမီမှာပင် ပျောက်ကွယ်သွားခဲ့သည်။
"မင်းက ငါ့ရဲ့ တစ်ဦးတည်းသော အမွေခံတပည့် ဖြစ်သွားပြီဆိုတော့ နောက်ပိုင်း အနေအထိုင် ဆင်ခြင်ရမယ်နော်"
"ဟုတ်ကဲ့ပါ ဆရာမ!"
ယုက အလေးအနက် ပြန်ထူးလိုက်သော်လည်း ချက်ချင်းပင် မျက်နှာပေး ပြောင်းသွားကာ မေးလိုက်သည်။ "ဒါနဲ့ ဆရာမက ကျွန်တော့်ကို အခုလို လွယ်လွယ်နဲ့ တပည့်လက်ခံလိုက်တာ... ကျွန်တော့်ဆီက တစ်ခုခု အကူအညီလိုနေလို့ မဟုတ်လား?"
ကီးလ်သည် ယုမှာ ထင်သလောက် မအကြောင်းကို သတိပြုမိသွားပြီး ပြုံးလိုက်မိသည်။ "ဟုတ်တယ်... ငါ မင်းရဲ့ ‘သားရဲထိန်းကျောင်းသူ’ စွမ်းရည် ကို အသုံးချဖို့ လိုအပ်နေလို့ပဲ"
ယုသည် တစ်ခဏမျှ ကြောင်အသွားသည်။ မနေ့က သူ လိမ်ပြောခဲ့သော စကားကို ကီးလ်က အတည်မှတ်နေခြင်း ဖြစ်သည်။ အကယ်၍ သူ လိမ်ထားမှန်း ကီးလ် သိသွားပါက သူမ၏ ပေါင်ကို ဖက်ထားခွင့် ရတော့မည် မဟုတ်ပေ။
"မင်းရဲ့ မွေးရာပါမှော်က တကယ်ပဲ သားရဲထိန်းကျောင်းတာ ဟုတ်ရဲ့လား?" ကီးလ်၏ အသံက လေးနက်သွားသည်။ သူမသည် တပည့်လက်ခံသည့် ကတိကဝတ်ကို သုံး၍ ယု လိမ်၊ မလိမ် စမ်းသပ်လိုက်ခြင်းပင်။
ယုသည် လက်သုံးချောင်းထောင်ကာ အလွန်တည်ကြည်သော မျက်နှာဖြင့် ကျိန်ဆိုလိုက်တော့သည်။ "ဟုတ်ပါတယ်! ကျွန်တော် ဆရာမကို ဘာမှ ဖုံးကွယ်မထားပါဘူး။ ကျွန်တော့်ရဲ့ မွေးရာပါမှော်က 'သားရဲထိန်းကျောင်းသူ' စစ်စစ်ပါ!"
ကတိကဝတ် တံဆိပ်တော်များမှာ တုံ့ပြန်မှု မရှိဘဲ ပျောက်ကွယ်သွားသဖြင့် ယု လိမ်မပြောကြောင်း ကီးလ်က ယုံကြည်သွားခဲ့သည်။ "မင်း လိမ်မပြောဘူးဆိုရင်တော့ ကောင်းပြီ... မင်းရဲ့ စွမ်းရည်ကို ဘယ်လိုသုံးမလဲဆိုတာ နောက်မှ အသေးစိတ် ပြောပြမယ်။ အခုတော့ အတန်းပြန်တက်တော့"
"ဟုတ်ကဲ့..." ယုက ပြန် ဖြေလိုက် သော်လည်း ပြန်မသွားသေးဘဲ ရပ်နေဆဲ ဖြစ်သည်။
"ဘာလို့ မသွားသေးတာလဲ?"
"ဆရာမ... ကျွန်တော့်မှာ အခုတလော လက်ထဲမှာ ပိုက်ဆံလေး နည်းနည်း ပြတ်နေလို့ပါ..." ယုက မျက်နှာချိုသွေးရင်း လက်ဝါးဖြန့်ကာ တောင်းဆိုလိုက်တော့သည်။