အခန်း (၃၀) - အမွေဆက်ခံမည့် တစ်ဦးတည်းသော တပည့်
မီးလျှံစုန်းမ၏ အမွေခံတပည့် ဖြစ်လာရမည်တဲ့လား။
အကယ်၍ အခြားသူသာဆိုလျှင် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် သဘောတူမိမည်မှာ အသေအချာပင်။ ဤသည်မှာ ငွေကြေးဖြင့် ဝယ်ယူ၍မရနိုင်သော အခွင့်အရေးတစ်ရပ် ဖြစ်၏။
အင်ပါယာ၏ ထိပ်တန်းမှော်ဆရာမ ကီးလ်၏ တပည့်ရင်းဖြစ်ပြီဆိုလျှင် အခြားသူများထက် အခွင့်ထူးခံရမည်ဖြစ်ပြီး၊ ဆရာဖြစ်သူတွင် သားသမီးမရှိပါက ပိုင်ဆိုင်သမျှ မှော်သုတေသနများနှင့် စည်းစိမ်အားလုံးကိုပါ အမွေဆက်ခံခွင့် ရရှိမည်ဖြစ်သည်။
သို့သော် ယနေ့တွင်မူ ကီးလ်တစ်ယောက် ထင်မှတ်မထားသော ငြင်းပယ်မှုနှင့် ရင်ဆိုင်လိုက်ရချေပြီ။
“ကျွန်တော် မလုပ်ချင်ဘူး”
ယုက သူ၏ရှေ့မှ ကီးလ်ကို ကြည့်ကာ တုံ့ဆိုင်းမနေဘဲ ပြတ်သားစွာ အဖြေပေးလိုက်သည်။ ကီးလ်မှာ ကြောင်အသွားရုံတင်မကဘဲ ဘာဆက်လုပ်ရမည်ကိုပင် မသိတော့ပေ။
ယု၏ စိတ်ထဲတွင်မူ အမွေခံတပည့်ဖြစ်သွားပါက ကိုယ်ပိုင်အချိန်များ ဆုံးရှုံးရမည်ဟု တွေးတောနေမိသည်။ လူသားစာအုပ်များထဲတွင် ဖတ်ဖူးသည်မှာ တပည့်ဖြစ်သူသည် ဆရာဖြစ်သူထံ၌ မှော်ပညာသင်ယူရုံသာမက လက်ဖက်ရည်ဖျော်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် အိပ်ရာခင်းပေးခြင်းတို့ကိုပါ လုပ်ဆောင်ပေးရသည်ဟု ဆိုထားသည်။
“စိတ်မပူပါနဲ့၊ မင်း ငါ့တပည့်ဖြစ်လာရင်တောင် မင်းရဲ့ကိုယ်ပိုင်ဘဝကို ငါ အများကြီး ဝင်မစွက်ဖက်ပါဘူး”
ယု၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ကာ ကီးလ်က ဖျောင်းဖျပြောဆိုလိုက်သည်။ သို့သော် ယုကမူ မလိုက်လျောပေ။ သူသည် ထိပ်တန်းမှော်ဆရာကြီး ဖြစ်ချင်သည့်ဆန္ဒထက် ကိုယ်ပိုင်အချိန်ရှိခြင်းကိုသာ ပို၍ တန်ဖိုးထား၏။ သူသည် ငြင်းဆိုပြီးနောက် လှေကားထံသို့ ခြေလှမ်းပြင်လိုက်သည်။
“မင်းရဲ့ အတွေးအခေါ်တွေက ဒီလောက်အထိ အပေါ်ယံဆန်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ကီးလ်က လှောင်ပြုံးပြုံးရင်း ယု၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်း တကယ်ပဲ အိုင်းရှာလို မိန်းကလေးမျိုးက မင်းလို ဘာမဟုတ်တဲ့သူကို စိတ်ဝင်စားမယ်လို့ ထင်နေတာလား?”
ထိုစကားကြောင့် ယု၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
“အခု အချင်းချင်း သဘောကျနေရင်တောင် လက်တွေ့ဘဝနဲ့ ရင်ဆိုင်ရတဲ့အခါ လမ်းခွဲကြရမှာပဲ။ မင်းမှာ ဘာရှိလို့လဲ?” ကီးလ်၏ စကားများက ယုကို ဆင်းရဲတွင်း၏ ကြောက်စရာကောင်းပုံကို ပြန်လည်သတိရစေခဲ့သည်။
မနေ့က ဆေးလ်ဖ်အတွက် အဝတ်အစားဝယ်ပေးစဉ်ကပင် ရွှေဒင်္ဂါး ၃ ပြား ကုန်ဆုံးသွားခဲ့သည် မဟုတ်ပါလား။ အကယ်၍ ပိုက်ဆံရှိသော သူဌေးသားတစ်ဦးက အိုင်းရှာကို ဈေးကြီးသော ပစ္စည်းများ ဝယ်ပေးကာ သိမ်းပိုက်သွားလျှင် မည်သို့လုပ်မည်နည်း။
ယု၏ စိတ်ကူးထဲတွင် အိုင်းရှာက “ယု၊ ငါ နင့်ဆီမှာ နေရတာ တကယ် မနေတတ်တော့ဘူး၊ ငါတို့ လမ်းခွဲကြရအောင်” ဟု စာရေးထားခဲ့မည့် ပုံရိပ်ကို မြင်ယောင်ကာ ထိတ်လန့်သွားရသည်။
“မဖြစ်ဘူး!! ဒါမျိုး လုံးဝ အဖြစ်မခံနိုင်ဘူး!!!”
ယု အော်ဟစ်လိုက်သည့်အခါ ကီးလ်က ပြုံးလိုက်သည်။ သူမ၏ ငါးစာကို ယု ဟပ်မိသွားပြီဖြစ်ကြောင်း သူမ သိလိုက်ပြီဖြစ်သည်။
“ဒီရာထူးမှာရှိရင် ငါ တစ်နှစ်ကို ရွှေဒင်္ဂါး ဘယ်လောက်တောင် ရှာနိုင်လဲဆိုတာ မင်း သိလား?”
ထိုစကားတစ်ခွန်းက ယုကို ဒူးထောက်စေခဲ့သည်။ ယုသည် ကီးလ်ထံသို့ အပြေးအလွှား သွားရောက်ကာ သူမ၏ ပေါင်ကို ဖက်လိုက်တော့သည်။
“ဆရာမ!! နောက်ပိုင်း ကျွန်တော့်ရဲ့ စားဝတ်နေရေးအတွက် ဆရာမကိုပဲ အားကိုးပါတော့မယ်!”
ယု၏ မျက်နှာက ကီးလ်၏ နူးညံ့သော ပေါင်ပေါ်တွင် ကပ်နေသဖြင့် ကီးလ်မှာ အထိတ်တလန့်ဖြစ်သွားရှာသည်။
"နေ... နေဦး!! တပည့်ခံတာ ဒီလိုမျိုး မဟုတ်ဘူးလေ! အဲဒီနေရာကို လွှတ်စမ်း... မဟုတ်ရင်... အား~~"
ကီးလ် က ယု ရဲ့ မျက်နှာကို တွန်းထုတ်ဖို့ ကြိုးစား နေချိန်မှာပဲ ဆရာတပည့် ကတိကဝတ် စာချုပ် စတင်အသက်ဝင်လာပြီးပတ်၀န်းကျင်မှ မှော်စွမ်းအားများ စုစည်းလာခဲ့သည်။
“အင်း... အင့်... အား!!!”
ကီးလ် ရဲ့ ညည်းတွားသံလေးနဲ့အတူ ပြင်းထန်တဲ့ မှော်စွမ်းအင်တွေက ယု ကို ကိုယ်စားပြုတဲ့ အမှတ်အသားကို ကီးလ် ရဲ့ ပေါင်တံပေါ်မှာ စတင် ထွင်းထုလိုက်တော့သည်။
အသားပေါ်မှာ စာချုပ်အမှတ်အသား ထွင်းထုတာဟာ အလွန်ပဲ နာကျင်လှတဲ့ ဖြစ်စဉ် ဖြစ်သည်။ ပုံမှန်ဆိုရင် အသားထူတဲ့ လက်မောင်းတို့၊ နောက်ကျောတို့မှာ လုပ်လေ့ရှိကြပေမယ့် အခုကတော့ ယု ရဲ့ မျက်နှာက ကီးလ် ရဲ့ ဖြူစင်တဲ့ ပေါင်တံ ပေါ်မှာ အတင်းကပ်နေတာမို့ အမှတ်အသားက ထိုနေရာ၌ပင် စွဲထင်သွားတော့သည်။
မှော်စွမ်းအင်တွေ ကွယ်ပျောက်သွားတဲ့အခါမှာတော့ ပြင်းထန်တဲ့ နာကျင်မှုကြောင့်
ကီးလ်တစ်ယောက် ညည်းညူရင်း အားအင်ကုန်ခမ်းကာ မျက်လုံးများ ပြာဝေရင်း ကြမ်းပြင်ပေါ်တွင် လဲကျသွား တော့သည်။