အခန်း (၃) — မျှော်လင့်မထားသော ဝင်ခွင့် လက်မှတ်
အင်ပါယာ၏ ထိပ်တန်းမှော်ဆရာမ "မီးလျှံစုန်းမ" က ကပ်ဘေးအဆင့် ရေခဲနဂါးကြီးကို နှိမ်နင်းလိုက်နိုင်ပြီဟူသော သတင်းသည် တိုင်းပြည် တစ်ခု လုံးသို့ တောမီးပမာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။
အင်ပါယာ မြောက်ဘက် နှင်းပြင် မြို့ကလေးမှာလည်း အောင်ပွဲခံသံများဖြင့် ဆူညံနေတော့သည်။ လမ်းမကြီးများမှသည် လမ်းကြားလေးများအထိ လူတိုင်းက မီးလျှံစုန်းမ" ၏ စွမ်းဆောင်ချက်ကို ချီးကျူး၍ မဆုံးနိုင်ကြချေ။
သို့သော် လူတိုင်း အောင်ပွဲခံနေချိန်တွင် စွန့်စားသွားလာသူများအသင်း ၏ ထောင့်တစ်နေရာ၌ လူတစ်ယောက်မှာမူ မျက်နှာပျက်နေသည်။
သူသည်အသက် ၂၀ ခန့်၊ နက်မှောင်သော ဆံပင်ရှိပြီး နွမ်းဖတ်နေသည့် အပေါ်အင်္ကျီနှင့် ရိုးရှင်းသော ချပ်ဝတ်တန်ဆာ
အချို့ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ပင် ။
တကယ်တော့ သူသည် ရေခဲနဂါးကြီးကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် အစွမ်းထက်ဆုံး တမန်တော် "ယုမန်" ဆိုသည်ကို မည်သူမျှ မသိကြပေ။
ယခုတော့ သူသည် လူသားများကြားတွင် ရောနှောနေထိုင်ရန် "ယု" ဆိုသည့် အမည်ကိုသာ အသုံးပြုထားသည်။
"ငါ တကယ်ကို လက်လွန်သွားပြီ! ငါ့အထောက်အထားသာ ပေါ်သွားရင်တော့ ပျော်စရာကောင်းတဲ့ ဘဝကြီးကတော့ သွားပြီပဲ!"
ယု တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားနေမိသည်။
သူသာ တမန်တော်ဖြစ်ကြောင်း လူသားများ သိသွားလျှင် တုံ့ပြန်မှုက နှစ်မျိုးသာ ရှိတတ်သည်။
တစ်မျိုးကကြောက်လန့်တကြား ထွက်ပြေးကြခြင်းဖြစ်ပြီး၊ ကျန်တစ်မျိုးမှာမူ မြေပြင်ပေါ်ဝပ် ဦးချကာ ကိုးကွယ်ကြခြင်းပင်။
ဒါဟာ သူ လိုချင်သည့် ဘဝမျိုး မဟုတ်ပေ။ သူ လိုချင်သည်မှာ ချောမောလှပပြီး တက်ကြွသည့် မိန်းကလေးတစ်ယောက်နှင့် ဆုံတွေ့ချင်ခြင်း ဖြစ်သည်။
ရှက်လျှင်ပါးလေးများ နီမြန်းသွားတတ်သည့်၊ တစ်ခါတရံ သဝန်တိုတတ်သည့်၊ အစားအသောက်မြင်လျှင် သွားရည်ကျတတ်သည့် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ပေါ့။
အဲဒီလိုမိန်းကလေးမျိုးနှင့်မှ တဖြည်းဖြည်းချင်း ချစ်ကြိုက်၊ လက်ချင်းချိတ်၊ နမ်းရှုပ်ရင်း သာယာသော အိမ်ထောင်ရေးဘဝကို တည်ဆောက်ချင်သည်မှာ သူ ၏ အကြီးမားဆုံး ဆန္ဒပင်။
"ဒီနေရာကနေ အမြန်ထွက်သွားတာ ပိုကောင်းမယ်!"
ယုမန်သည် သူ၏ အထုပ်ကို ဆွဲကာ တံခါးဝသို့ ထွက်ရန် ပြင်လိုက်သည်။
ရေခဲနဂါးကို ကီးလ် သတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း သေချာစုံစမ်းပါက 'တမန်တော်' အဆင့်ရှိသူ လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ အမှတ်မထင် ထုတ်သုံးလိုက်သော 'ငရဲမီးလျှံ' မှာ လူသားတို့ စွမ်း ဆောင် နိုင်သည့် အရာမဟုတ်သောကြောင့် ဖြစ်သည်။
"နှုတ်ဆက်ပါတယ်... ချောမောတဲ့ ဧည့်ကြိုမ လေးရယ်၊ လှပတဲ့ ဘားမယ်လေးရယ်... မင်းတို့က ငါနဲ့ ဒိတ် ဖို့ ငြင်းခဲ့ပေမဲ့ ငါ မင်းတို့ကို မမေ့ပါဘူး။ အခုတော့ တခြားမြို့တွေမှာ အချစ်သစ်ရှာဖို့ ထွက်ခွာရတော့မယ်။လူသားတွေနဲ့ ဝေးတဲ့ နတ်သူငယ် တောအုပ်ကို သွားရင်လည်း ကောင်းမလားပဲ"
ယု တစ်ယောက် တံခါးဝသို့ ရောက်ခါနီး အချိန်တွင် အင်ပါယာ စစ်ဝတ်စုံဝတ်ထားသည့် လူတစ်စုသည် အဖွဲ့ချုပ်ထဲသို့ ဝုန်းဒိုင်းကြဲ ဝင်လာကြသည်။
"ဒီထဲမှာ 'ယု' ဆိုတဲ့သူ ဘယ်မှာလဲ!!"
စစ်ဗိုလ်တစ်ဦးက တံခါးဝမှနေ၍ အသံကျယ်ကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
တစ်ခဏချင်းမှာပင် ဆူညံနေသော အဖွဲ့ချုပ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အားလုံး၏ အကြည့်များသည် တံခါးဝတွင် အထုပ်ဆွဲကာ ချွေးစေးများ ပြန်နေသည့် ယု ဆီသို့ ရောက်ရှိသွားသည်။
"မင်းက ယု လား?" အရာရှိ က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့၊ ကျွန်တော် ယု ပါ။"
ငြင်း၍လည်း မရတော့။ ဘေးနားက လူများကလည်း သူ့ကိုသာ လက်ညှိုးထိုးပြနေကြသည်။ ဖမ်းရန်လာခြင်း မဟုတ်လျှင် ဆုကြေးငွေ လာပေးခြင်းလားဟု ယု တွေးမိလိုက်သည်။
"နောက်ဆုံးတော့ တွေ့ပြီပဲ! မင်းက နောက်ဆုံးကျန်တဲ့ တစ်ယောက်ပဲ။ ကဲ... အထုတ်အပိုး ပြင်ပြီး ငါတို့နဲ့ လိုက်ခဲ့တော့။"
"ဗျာ? ဘယ်ကို သွားမှာလဲ? ပိုက်ဆံကိစ္စ မဟုတ်ဘူးလား?"
"ပိုက်ဆံ? ရွှေဒင်္ဂါး ၃၀၀၀ ကို ပြောတာလား? အဲဒါက မင်း ရမှာပါ။ အခုတော့ မင်းကို 'အင်ပါယာ တော်ဝင် အကယ်ဒမီ ' ကို ပို့ပေးပြီး လေ့ကျင့်ပေးဖို့ အမိန့်ကျထားတယ်။"
ထို စကားကြောင့် အခန်းတစ်ခုလုံး ပွက်လောရိုက် ဆူညံသွားသည်။
"တော်ဝင်အကယ်ဒမီ ဟုတ်လား? အဲဒါ စစ်ဗိုလ်တွေ လေ့ကျင့်တဲ့ ကျောင်းမဟုတ်လား?"
"ယုက အသစ်လေးပဲ ရှိသေးတာလေ၊ ဘာလို့ ဒီလို အခွင့်အရေးမျိုး ရတာလဲ??"
မနာလိုမှုများနှင့် ဆူညံသံများ ထွက်ပေါ်လာသည်။
"မဆူကြနဲ့တော့!! ငါ ရှင်းပြမယ်။ ယု က ရေခဲနဂါးကို ဖမ်းတဲ့နေရာမှာ ပါဝင်ခဲ့တယ်။ အခု နဂါးသေသွားပြီဖြစ်လို့ အသက်ရှင်ကျန်ရစ်သူ လူငယ် ၂၄ ယောက်ကို တော်ဝင်အကယ်ဒမီမှာ ပညာသင်ခွင့် ပေးမှာ။ ဒါက နိုင်ငံအတွက် စွမ်းဆောင်ပေးခဲ့လို့ ကျေးဇူးဆပ်တာလည်း ဖြစ်သလို သူတို့ကို ထူးချွန်သူတွေ ဖြစ်လာစေချင်လို့လည်း ဖြစ်တယ်။ ဘယ်သူမှ ကန့်ကွက်စရာ မရှိတော့ဘူးမလား?"
စစ်ဗိုလ်၏ စကားကြောင့် လူတိုင်း တိတ်သွားကြသည်။ မနာလိုသည့် အကြည့်များမှာ လေးစားသည့် အကြည့်များအဖြစ် ပြောင်းလဲသွားသည်။
"ကဲ! ဘာမှ မေးစရာမရှိရင် ငါနဲ့ လိုက်ခဲ့တော့။ ဒါဟာ တစ်သက်မှာ တစ်ခါပဲ ရမယ့် အခွင့်အရေးပဲ။"
"နေပါဦး! ကျွန်တော့်မှာ မေးစရာ တစ်ခု ရှိတယ်။ ဖြေပြီးမှ သွားမလား၊ မသွားဘူးလားဆိုတာ စဉ်းစားမယ်။" ယု က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"ဘာမေးခွန်းလဲ?" အရာရှိက အံ့ဩသွားသည်။
"ဟို... အဲဒီကျောင်းမှာ... ချောချောလှလှ ကောင်မလေးတွေ အများကြီး ရှိလားဟင်??"
အားလုံး တိတ်ဆိတ်သွားတဲ့ ခဏ...။
စစ်ဗိုလ်မှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားသည်။
"အများကြီး... ရှိတယ်ကွာ... အများကြီးပဲ!
ဤသို့ဖြင့် ယုမန် တစ်ယောက် အင်ပါယာတော်၀င် အကယ်ဒမီ ကျောင်းတော်သို့ အူကြောင်ကြောင် ဖြင့် ရောက်ရှိသွားတော့သည်။