အခန်း (၂၅) - မကြုံစဖူး အရှက်ရမှု
“တောက်! ငါ ဒီရလဒ်ကို လက်မခံနိုင်ဘူး။ မင်းကို ငါ အခု အမိန့်ပေးတယ်... ငါ့နားကို ချက်ချင်း ပြန်လာခဲ့!”
ကိုင်လ်က ဆေးလ်ဖ်ကို အမိန့်ပေးသံဖြင့် အော်ဟစ်လိုက်သည်။ သို့သော် ဆေးလ်ဖ်ကမူ မြေပြင်ကိုသာ အေးစက်စွာ စိုက်ကြည့်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။
“မင်းကလည်း ဘာဖြစ်နေတာလဲ? အလောင်းအစားဆိုတာ အရှုံးအနိုင် ရှိတာပဲလေ။ ပြီးတော့ ဆေးလ်ဖ်ကိုယ်တိုင်ကလည်း ငါ့ကို သခင်လို့ သတ်မှတ်ပြီးပြီပဲ။ “
ယုက ပြောပြောဆိုဆိုဖြင့် ရှေ့သို့တိုးကာ ဆေးလ်ဖ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ယု၏ အပွတ်အသပ်ကို ခံနေရသော ဆေးလ်ဖ်မှာမူ ကျေနပ်အားရစွာ ပြုံးနေလေသည်။
ဒါကို မြင်လိုက်ရသည့် ကိုင်လ်မှာ ပို၍ပင် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။
“မင်းက နိုင်သွားတာကို ကျေနပ်နေတာပေါ့လေ? ဒါဆိုရင် ငါ မင်းနဲ့ နောက်တစ်ခါ ထပ်ပြီး လောင်းကြေးထပ်မယ်! ငါသာ နိုင်ရင် ဆေးလ်ဖ်ကို ပြန်ပေးရမယ်!”
“မရဘူး... မင်းနဲ့ ငါ ထပ်ပြီး မလောင်းချင်တော့ဘူး”
ယုက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။ ဆေးလ်ဖ်ကိုယ်တိုင်ကလည်း သူမကို အလောင်းအစားအဖြစ် အသုံးချသည်ကို မနှစ်သက်ကြောင်း ပြောထားခဲ့သည် မဟုတ်ပါလော။
သို့သော် ကိုင်လ်ကမူ ဒါတွေကို ဂရုမစိုက်တော့ဘဲ သူ၏ မှော်စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ကိုင်လ်သည် လေဓာတ်မှော်တွင် အကျွမ်းကျင်ဆုံး ဖြစ်သော်လည်း အခြားမှော်များကိုလည်း ကောင်းကောင်း အသုံးချနိုင်သူ ဖြစ်သည်။
ကိုင်လ်က လက်နှစ်ဖက်ကို မြှောက်လိုက်ရာ လက်တစ်ဖက်တွင် မီးတောက်မှော်အစီအရင်နှင့် အခြားလက်တစ်ဖက်တွင် လေဓာတ်မှော်အစီအရင်တို့ ပေါ်လာတော့သည်။
“မှော်နှစ်မျိုးကို တစ်ပြိုင်တည်း သုံးနေတာလား!? ငါတို့ကတော့ ကိုင်လ်နဲ့ ယှဉ်ရင် ဘယ်လိုမှ မမီနိုင်တော့ဘူး!”
“တောက်! ဒီလောက်တော်တဲ့လူက ကျောင်းကို ဘာလာတက်တာလဲ? ဘွဲ့လက်မှတ် လာယူရုံသက်သက်လား?”
ကျောင်းသားများက ကိုင်လ်ကို အားကျတုန်လှုပ်စွာ ကြည့်နေကြသည်။ ကိုင်လ်၏ အသက်အရွယ်ဖြင့် မှော်နှစ်မျိုးကို တစ်ပြိုင်တည်း သုံးနိုင်ခြင်းမှာ အံ့ဩစရာပင်။ ဤသို့ ပြုလုပ်ရန်အတွက် စိတ်စွမ်းအင်မှာ သာမန်ထက် နှစ်ဆပို၍ ကုန်ဆုံးသောကြောင့် အားကောင်းသော စိတ် စွမ်းအားမရှိလျှင် မဖြစ်နိုင်ပေ။
တကယ်တော့ ကိုင်လ်သည် ဆေးလ်ဖ်၏ စောစောက အပြောကို မခံချင်စိတ်ဖြင့် လုပ်လိုက်ခြင်း ဖြစ်သည်။
‘ငါ့မှာ မင်းရဲ့စွမ်းအားကို ထုတ်သုံးနိုင်စွမ်း မရှိဘူး ဟုတ်လား? အခု ငါ သက်သေပြမယ်’
ရုတ်တရက်ဆိုသလို ကိုင်လ်၏ လက်ထဲမှ နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်မှလည်း လေပြင်းမုန်တိုင်းကြီး တစ်ခု တိုက်ခတ်လာ၏။ ထိုစွမ်းအားနှစ်ခုမှာ လေထဲတွင် ထိတွေ့မိသွားပြီး မီးတောက်လေပွေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“သခင်... ကျွန်မကို အသုံးပြုပါ”
ဆေးလ်ဖ်က ပြောပြောဆိုဆိုဖြင့် ယု၏ လက်ကို ဆွဲကိုင်လိုက်သည်။ နူးညံ့အေးမြသော အထိအတွေ့ကြောင့် ယုတစ်ယောက် ရင်ခုန်သွားရသော်လည်း ချက်ချင်းပင် ဆေးလ်ဖ်သည် မြစိမ်းရောင် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
“ဒါဆိုရင်တော့... ဒီဓားကို ငါ စမ်းသုံးကြည့်ရတာပေါ့”
မီးတောက်များ ပါဝင်သော လေပွေကြီးက ယုဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။ ယုကမူ တည်ငြိမ်စွာဖြင့် ဆေးလ်ဖ်ကို မြှောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။
သူသည် သူ၏ စွမ်းအားတံဆိပ်ကိုလည်း မဖြည်ခဲ့သလို၊ မည်သည့်မှော်ကိုမျှလည်း မသုံးခဲ့ပေ။ ရိုးရှင်းသော ဝှေ့ယမ်းမှုတစ်ခုသာ ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လေပြင်းများ ဟိန်းဟောက် ထွက်ပေါ်လာပြီး ကိုင်လ်၏ မီးတောက်လေပွေကြီးမှာ နှစ်ခြမ်းကွဲကာ ပျောက်ကွယ်သွားတော့သည်။
“ဆေးလ်ဖ်... မင်းက တကယ် တော်တာပဲ!”
ဆေးလ်ဖ်က လူသားအသွင် ပြန်ပြောင်းလာသည့်အခါ ယုက သူမ၏ ခေါင်းကို ပွတ်သပ်ကာ ချီးကျူးလိုက်သည်။ သူမ၏ ဖြူစင်လှပသော မျက်နှာလေးမှာ ပတ်ဝန်းကျင်မှ မီးပွားလေးများကြားတွင် ပို၍ပင် ထင်ရှားလှပနေတော့သည်။
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်”
ဆေးလ်ဖ်က ယုကို ကြည့်ကာ ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။ သူမသည် ဤကဲ့သို့ ချီးကျူးခံရခြင်းနှင့် ဝေးကွာနေသည်မှာ ကြာပြီ ဖြစ်ပုံရ၏။
ယုသည် လက်နက်ကောင်းများစွာ မြင်ဖူးသော်လည်း အိမ်မှာပဲ အမြဲနေတတ်သူဖြစ်၍ လက်နက်များကို သိပ်စိတ်မဝင်စားခဲ့ချေ။ သို့သော် ချောမောလှပသော မိန်းကလေးအဖြစ် ပြောင်းလဲနိုင်သည့် ဤဓားကိုမူ သူ အလွန်ပင် သဘောကျသွားရသည်။
“နှာဘူးကြီး!! ဒီမိန်းကလေးကို အဝတ်အစား အရင်ဝတ်ခိုင်းပြီးမှ စကားပြောလို့ မရဘူးလား?!”
အီဂေးလ်က ယုကို အော်ငေါက်လိုက်သည်။ အိုင်းရှာကလည်း သူမ ကိုင်ထားသော အင်္ကျီဖြင့် ဆေးလ်ဖ်ကို အမြန် ပြန်လည် ဖုံးကွယ်ပေးလိုက်၏။
“ငါက မဝတ်ခိုင်းတာ မဟုတ်ပါဘူး။ ဓားတစ်လက်ရဲ့ စည်းကမ်းအရ အဝတ်အစားတွေက သူမရဲ့ ထက်မြက်မှုကို ဖုံးကွယ်စေတယ်လို့ ဆေးလ်ဖ်က ပြောလို့ပါ”
“သခင် ပြောတာ မှန်ပါတယ်။ ဓားတစ်လက်အနေနဲ့ ကျွန်မရဲ့ ထက်မြက်မှုကို ဖုံးကွယ်ထားမယ့် အဝတ်အစားတွေကို မဝတ်သင့်ပါဘူး”
ပြောပြောဆိုဆိုဖြင့် ဆေးလ်ဖ်က အင်္ကျီကို ပြန်ချွတ်ရန် ကြိုးစားပြန်သည်။
“နင် ဒီနှာဘူး ပြောတာတွေကို လိုက်နားမယောင်နဲ့!” အီဂေးလ်က စိုးရိမ်တကြီး တားလိုက်ရသည်။
"ဟုတ်တယ် ယု... ဆေးလ်ဖ်က ဘယ်လိုပဲကြည့်ကြည့် မိန်းကလေးတစ်ယောက်ပဲလေ။ နင် အခုလို လုပ်နေတာက နည်းနည်းတော့ လွန်လွန်းတယ်"
အိုင်းရှာက ဝင်ပြောလိုက်သည်။ ယုသည် အိုင်းရှာ၏ စကားဆိုလျှင် ချက်ချင်း နားထောင်တတ်သူ ဖြစ်သည်။
“ဟုတ်သားပဲ! ငါ နည်းနည်း လွန်သွားတယ်။ ဆေးလ်ဖ်... အဝတ်အစားတွေကို အခု ချက်ချင်း ပြန်ဝတ်လိုက်တော့!”
ယု၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ ကိုးကွယ်ရာ နတ်ဘုရားမလေး ပြောသည်ကို နားမထောင်ဘဲ မနေနိုင် ပေ။
“ကောင်းပါပြီ...”
ဆေးလ်ဖ်က အနည်းငယ် စိတ်မကျေနပ်သလို ဖြစ်သွားသော်လည်း သခင့်အမိန့် ဖြစ်သဖြင့် နားထောင်လိုက်ရသည်။
“နင်ကတော့ အိုင်းရှာပြောတာဆို အကုန် နားထောင်တာပဲ...” အီဂေးလ်က မကျေမနပ် ရေရွတ်လိုက်သော်လည်း ယုကမူ မကြားချင်ယောင် ဆောင်နေလိုက်သည်။
“ဒီနေ့ နေ့လယ် လက်တွေ့အတန်းကို မတက်တော့ဘဲ ဆေးလ်ဖ်အတွက် အဝတ်အစား သွားဝယ်ပေးကြမလား? သူမက နင့်အင်္ကျီကြီးကိုပဲ အမြဲ ဝတ်ထားလို့ မဖြစ်ဘူးလေ”
အိုင်းရှာက အကြံပေးလိုက်သည်။
“ဈေးဝယ်ထွက်မလို့လား? ငါလည်း လိုက်မယ်!”
အီဂေးလ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဒါဆို အဆောင်ပြန်ပြီး ပစ္စည်းတွေ ပြင်ဆင်ပြီးမှ သွားကြတာပေါ့"
အိုက်ရှာနှင့် အီဂေးလ်တို့က ဆေးလ်ဖ်၏ လက်ကလေးကို တစ်ဖက်စီဆွဲကာ ခေါ်သွားကြသည်။
“ဪ... နေဦး။ မင်းနာမည်က ကိုင်လ် ဟုတ်တယ်မလား? ဆေးလ်ဖ်အတွက် ကျေးဇူးပဲနော်!”
မထွက်ခွာမီ ယုက မြေပြင်ပေါ်၌ စိတ်စွမ်းအင်ကုန်ခမ်းကာ လဲကျနေသော ကိုင်လ်ကို လှောင်ပြောင်သည့် အနေဖြင့် နှုတ်ဆက်လိုက်သည်။
ကိုင်လ်၏ စိတ်ထဲတွင် နာကျည်းမှုနှင့် ဒေါသများက တဟုန်းဟုန်း တောက်လောင်နေတော့သည်။
“ဒီကောင်ကို ငါ အသေသတ်ရမယ်...”
ကိုင်လ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဆုံးဖြတ်လိုက်တော့သည်။