အခန်း (၂၃) - လေပြည်လို နူးညံ့တဲ့ မိန်းကလေး
"ငါက ဘယ်သူလဲ? ဘယ်ရောက်နေတာလဲ? ဘာတွေ ဖြစ်ကုန်တာလဲ?"
ကိုင်လ်မှာ မြေပြင်ပေါ်တွင် ပက်လက်လန်လျက် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေရှာသည်။ သို့သော် ယု၏ စကားသံက သူ့ကို ချက်ချင်းပင် အသိပြန်ဝင်လာစေတော့သည်။
"ဒါဆိုရင် မင်းရဲ့ဓားအတွက် ကျေးဇူးတင်ပါတယ်နော်"
ယု၏ ခနဲ့တဲ့တဲ့ လေသံမှာ ကိုင်လ်တစ်သက် မေ့နိုင်တော့မည်မဟုတ်သော အသံပင် ဖြစ်သည်။ ထိုအသံပိုင်ရှင်ကပဲ သူ့အား အကြီးအကျယ် အရှက်ခွဲခဲ့သည် မဟုတ်ပါလား။
"နေဦး! ဒီဓားကို မင်းကို မပေးနိုင်ဘူး!"
ကိုင်လ်က ကမန်းကတန်း ထရပ်ကာ အော်ဟစ်လိုက်သည်။
“ဘာလို့ မပေးနိုင်ရမှာလဲ? ငါ အနိုင်ရခဲ့တာ ရှင်းနေတာပဲကို”
ယုက အသစ်စက်စက် ရရှိထားတဲ့ မြင့်မြတ်တဲ့ ဓားကြီးကို ကြည့်ပြီး သဘောကျနေရင်း ကိုင်လ်ကို စိတ်မရှည်သလို ပြန်ဖြေလိုက်သည်။
“မင်း လှည့်ကွက် တစ်ခုခု သုံးလိုက်တာ သေချာတယ်! မတရားဘူး၊ အစကနေ ပြန်တိုက်မယ်!”
ကိုင်လ်မှာ မိသားစုရဲ့ အဖိုးတန်ဓားကြီးကို ယုက ကိုင်ထားသည်ကို မြင်ရုံနှင့် ဒေါသတကြီး ဖြစ်နေမိသည်။ သို့သော် ဒေါသထက် ပိုသည်မှာ ဤဓားကို ဆုံးရှုံးလိုက်ရကြောင်း ဖခင်ဖြစ်သူ သိသွားလျှင် မည်သို့ဖြစ်မည်နည်း ဟူသော အတွေးက သူ့ကို တုန်လှုပ်သွားစေသည်။
“မရဘူး... ငါ ငြင်းတယ်။ ဒီဓားက အခု ငါ့ပိုင်ဆိုင်မှု ဖြစ်သွားပြီ”
ယုက ဓားသွားမှသည် လက်ကိုင်အထိ လက်ဖြင့် အသာအယာ ပွတ်သပ်ကြည့်နေမိသည်။ သူ၏ တမန်တော်နန်းတော်ထဲတွင် ရတနာများစွာ ရှိသော်လည်း သူ သိပ်စိတ်မဝင်စားခဲ့ဖူးချေ။ သို့သော် လက်ထဲရှိ "ဆေးလ်ဖ်" ဟု အမည်ရသော ဤဓားကမူ သူ့အား အကြီးအကျယ် ဆွဲဆောင်နေလေသည်။
“နှာဘူးကြီး! နင်ကတော့ ကံကောင်းလိုက်တာ။ ဒီကောင်က သူ့ဘာသာ ချော်လဲသွားတာပဲ”
အီဂေးလ်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဓားကို လာကြည့်သလို၊ အိုင်းရှာ ကိုယ်တိုင်လည်း ဘာမှထုတ်မပြောသော်လည်း မျက်လုံးဝိုင်းကြီးများဖြင့် ထိုဓားကို စူးစမ်းနေရှာသည်။
“တောက်! အသုံးမကျတဲ့ကောင်၊ ကောင်းကောင်းပြောလို့ မရမှတော့ နာကျင်မှုကို မြည်းစမ်းကြည့်ပေတော့!”
ဒေါသအရှိန်ကြောင့် ကိုင်လ်သည် သူ၏မှော်စွမ်းအင်အားလုံးကို လက်ထဲတွင် စုစည်းလိုက်ပြီး ဓားသွားကဲ့သို့ ထက်မြက်သော လေလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
၎င်းသည် အခြေခံမှော် "လေဓားသွား" ဖြစ်သော်လည်း ကိုင်လ်၏ ဒေါသကြောင့် အဆင့်မြင့်မှော်အဆင့်အထိ ပြင်းထန်သွားရသည်။ ထိုလေလှိုင်းဒဏ်ကိုသာ လူသားတစ်ယောက် ထိမှန်ပါက အပိုင်းပိုင်း ပြတ်တောက်သွားနိုင်သည်မှာ သေချာလှသည်။
ကြည့်နေကြသော ကျောင်းသားများအားလုံး ယု၏ဘေးရှိ အိုက်ရှာနှင့် အီဂေးလ်တို့အတွက်ပါ စိုးရိမ်သွားကြရသည်။
သို့သော် ယုကတော့ ငြိမ်မြဲအတိုင်းပင်။ ဤတစ်ကြိမ်တွင် ယုက မြန်လွန်းသဖြင့် မမြင်ရခြင်း မဟုတ်ဘဲ သူကိုယ်တိုင်က ဘာမှမလုပ်ဘဲ ရပ်နေခြင်း ဖြစ်သည်။
ပြင်းထန်သော လေလှိုင်းကြီး ယုကို ထိခိုက်တော့မည့် ဆဲဆဲတွင် နတ်ဘုရားဓား "ဆေးလ်ဖ်" သည် ယု၏ လက်ထဲမှ အလိုလို လွတ်ထွက်သွားပြီး လေထဲတွင် လွင့်မြောကာ ယု၏ ရှေ့မှ ကာကွယ်လိုက်တော့သည်။ အစိမ်းရောင် မှော်အတားအဆီးတစ်ခု ပေါ်ထွက်လာပြီး ကိုင်လ်၏ ပြင်းထန်သော လေလှိုင်းမှာ တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားရလေသည်။
“ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ?”
“ဘာလို့ ဓားက သူ့ဘာသာသူ ကာကွယ်ပေးနေရတာလဲ?”
လူတိုင်း အံ့အားသင့်နေကြစဉ်မှာပင် လေထဲရှိ ဓားဆီမှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်လာပြီးနောက် ယု၏ ရှေ့တွင် စိမ်းဖန့်ဖန့် ဆံနွယ်ရှည်များရှိသော မိန်းကလေးတစ်ဦး ပေါ်ထွက်လာတော့သည်။ သူမ၏ အရှိန်အဝါမှာ နွေဦးလေပြေကဲ့သို့ နူးညံ့နွေးထွေးလှသော်လည်း မျက်လုံးထဲမှ ထက်မြက်သော အရောင်အဝါက သူမသည် သာမန်မိန်းကလေးမဟုတ်ကြောင်း ပြသနေသည်။
သို့သော် ထိုမိန်းကလေး ပေါ်လာပုံမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ အကြောင်းမှာ သူမတွင် မည်သည့် အဝတ်အစားမှ ဝတ်ဆင်ထားခြင်း မရှိသောကြောင့်ပင်။
တောက်ပသော အစိမ်းရောင်အလင်းတန်းများက အရေးကြီးသော နေရာများကို ဖုံးကွယ်ထားသဖြင့် တခြားလူများ သိပ်မမြင်ရသော်လည်း သူမနှင့် အနီးဆုံးရှိနေသော ယုကမူ...။
"အား... အခုချက်ချင်း မျက်စိမှိတ်စမ်း!!"
အီဂေးလ်က ဘာမပြောညာမပြောနှင့် ယု၏ မျက်လုံးများကို နောက်ကနေ လှမ်းအုပ်လိုက်တော့သည်။
“ဟာ! ဘာလုပ်တာလဲ! ငါ ကြည့်ရဦးမယ်လေ!! ဒါက ရှားမှရှားတဲ့ အခွင့်အရေးကြီးကွ!! လွှတ်စမ်းပါ!”
ယု က အီဂေးလ်ရဲ့ လက်ထဲကနေ အတင်း ရုန်းကန်နေလိုက်သည်။။ လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့... အဲ... သိတယ်မဟုတ်လား၊ အဲ့ဒါကို မြင်ရဖို့ဆိုတာ လွယ်တာမှတ်လို့။
သေသေချာချာ မမြင်လိုက်ရပေမဲ့ ညို့ယူနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လှပတဲ့ အသားအရေကိုတော့ ယု တစ်ယောက် ရင်ခုန်စရာ ရိပ်ခနဲ မြင်လိုက်ရ လေသည်။
“ဒါကို ဝတ်လိုက်ပါ”
အခြေအနေတွေက ရုတ်ခြည်းဆိုသလို ငြိမ်သက်သွားခဲ့ပေမဲ့ အိုင်းရှာ ရဲ့ လက်အစုံကတော့ တုံ့ဆိုင်းမနေခဲ့ပါဘူး။ သူမဟာ ဘာစကားတစ်ခွန်းမှ မပြောဘဲ ယု ရဲ့ အပေါ်အကျီကို ဖျတ်ခနဲ ချွတ်ယူလိုက်ပြီး ထူးဆန်းတဲ့ မိန်းကလေးရဲ့ ကိုယ်ပေါ်ကို အသာအယာ လွှမ်းခြုံပေးလိုက်သည်။
မိန်းကလေးမှာ သေးငယ်လှသဖြင့် ယု၏အင်္ကျီမှာ သူမအတွက် ကြီးမားနေပြီး လက်အင်္ကျီရှည်များမှာ သူမ၏ ခန္ဓာကိုယ်ဘေးတွင် ချစ်စဖွယ် တွဲလောင်းကျနေတော့သည်။ အင်္ကျီအရှည်မှာ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးကွယ်ရုံမျှသာ ရှိပြီး သူမ၏ ဖြူဖွေးချောမွတ်သော ပေါင်တံလေးများမှာ အင်္ကျီအနက်ရောင်နှင့် အပြိုင် ပို၍ပင် ဆွဲဆောင်မှု ရှိနေတော့သည်။