အခန်း (၂၂) - လေဓားဘုရင်
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အကြောင်းရင်းက—
ကိုင်လ် လက်ထဲမှ ဆွဲထုတ်လိုက်သော ဓားတစ်လက်ကြောင့်ပင်။
မြစိမ်းရောင် အလင်းတန်းများဖြင့် တဖိတ်ဖိတ် တောက်ပနေသော ဓားရှည်ကြီးသည်
ပုံမှန်လက်နက်တစ်ခု မဟုတ်ပဲ
ဒဏ္ဍာရီဝင် ရတနာတစ်ပါး ဖြစ်သည်။
“အဲဒါ… မြို့စားကြီး ဘိုလီလိုက် မိသားစုရဲ့ အမွေအနှစ် မဟုတ်လား!”
“‘အမ်မရယ် ဆေးလ်ဖ်’… ဓာတ်ကြီး လေးပါး ဘုရင် ပေးခဲ့တဲ့ လက်ဆောင်လို့ ပြောကြတဲ့ ဓားမလား!”
အံ့ဩသံများ၊ ခန့်မှန်းသံများ
ပွက်လောရိုက်သွားသည်။
ကျောင်းသားအားလုံး၏ အကြည့်များသည်
ကိုင်လ်၏ လက်ထဲရှိ ဓားထံသို့သာ စုပြုံကျရောက်နေကြသည်။
"ဟေး ယု ! စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး။ ကိုင်လ်က ရင်ဆိုင်ရလွယ်တဲ့သူ မဟုတ်ဘူးနော်"
အီဂေးလ်က ယု ရဲ့နားနားကပ်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။
"ယု... အဲ့ဒီဓားက တကယ် ကြောက်ဖို့ကောင်းတာ။"
အိုင်းရှာလည်း တိုးညှင်းစွာ ပြောရင်း ယု ၏ဘေးကင်းမှုအတွက် စိတ်ပူကာ မျက်နှာလေး ညှိုးငယ်နေတော့သည်။
ဓားရဲ့ နောက်ခံနဲ့ စွမ်းအားကို လူတိုင်းက သိထားကြလေသည်။
"ဟွန်း! ဒီ အခြေအနေအထိ ရောက်လာမှတော့ မင်း နောက်ဆုတ်ဖို့တော့ စဉ်းစား မ နေဘူး မလား?"
ကိုင်လ်က သူလိုချင်တဲ့ အ ခြေအနေ မျိုး ရသွားတာကြောင့် ယု ကို ကြည့်ပြီး ခနဲ့ပြုံး ပြုံးကာ မေး လိုက်သည်။
ကိုင်လ် ဟာ နယ်စားကြီးရဲ့ သားဖြစ်လို့တင်မဟုတ်ဘဲ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ မြင့်မြတ်တဲ့ဓားကို ပိုင်ဆိုင်ထားနဲ့ ဒီကျောင်းရဲ့ အစွမ်းထက်ဆုံး ကျောင်းသား ဆိုတာ လူတိုင်း ကို သိစေချင်နေတာဖြစ်သည်။
ယု တစ်ယောက် အညံ့ခံမလား၊ ဒါမှမဟုတ် သူ့လက်ချက်နဲ့ ဒုက္ခိတဖြစ်သွားမလားဆိုတာ ကိုင်လ်အတွက် အရေးမကြီးပါဘူး။ အဓိကက သူ့ရဲ့အစွမ်းကို လူတွေ မြင်သွားပြီး အသိအမှတ် ပြုရင် ရပြီ ဖြစ်သည်။
"ငါ ထွက်မပြေးပါဘူး။ ဒါနဲ့... အဲ့ဒီဓားကို ငါ တော်တော်သဘောကျသွားပြီ။ ငါသာ နိုင်ရင် အဲ့ဒီဓားကို ငါ့ကို ပေးမလား?"
ယုရဲ့စကားကြောင့် ဘေးကလူတွေအားလုံး အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ဒီလိုတောင်းဆိုမှုမျိုး လုပ်ပါ့မလဲ?
"ဒီကောင် ကြောက်လွန်းလို့ ရူးသွားတာလား?"
"မဟုတ်နိုင်ဘူး... သူ ရှုံးတော့မယ်ဆိုတာ သိလို့ နာမည်ကြီး အောင် လုပ်နေတာနေမှာ"
ဘေးနားက စကားသံတွေကို ကြားရတော့ ကိုင်လ်က ပိုပြီး ဘဝင်မြင့် လာတော့သည်။
"ကောင်းပြီလေ... မင်းဖြစ်ချင်တာကို ငါ အဆုံးအထိ လိုက်လျောပေးမယ်။ မင်းသာ နိုင်ရင် ဒီဓားကို ယူသွားလိုက်။ ဒါပေမဲ့ မင်းရှုံးရင်တော့ ဒီကျောင်းကနေ ထွက်သွားရမယ်... ဘယ်လိုလဲ?"
ကိုင်လ်ဟာ ယုံကြည်ချက် အပြည့် နှင့် စိန်ခေါ်လိုက်သည်။
"သဘောတူတယ်! ဒါဆိုရင်တော့ ငါလည်း အစွမ်းကုန် တိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် ဒီကျောင်းမှာ ငါသဘောကျတဲ့ မိန်းမလှလေး ရှိနေသေးတာကိုး"
ယု က အိုင်းရှာ ကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရင်း ပြောလိုက်သည်။အိုင်းရှာ တစ်ယောက် အရှက်ရကာ ခေါင်းငုံ့နေလိုက်တော့သည်။
ယု ကတော့ ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့်
လက်မောင်းတွေကို ဆန့်ထုတ်ပြီး အကြောလျှော့လိုက်ရင်း သူ့ခန္ဓာကိုယ်ထဲက တံဆိပ်ခတ်ထားတဲ့ စွမ်းအားတွေကို အနည်းငယ် ထုတ်လွတ်လိုက်သည်။
" "အမလေး... ရယ်ရလွန်းလို့ ဗိုက်တောင် နာတယ်။
ဒီကောင် လူတွေ စိတ်ဝင်စားအောင် တကယ်ကို အစွမ်းကုန် ကြိုးစားနေတာပဲ။"
“ထားလိုက်ပါတော့... သူ မထွက်သွားခင် လူတွေ မှတ်မိအောင် လုပ်သွားတာနေမှာ။”
ကျောင်းသားတွေကတော့ ဝိုင်းရယ်နေကြသည်။
မင်းမှာ မွေးရာပါ ပါရမီမှော် ရှိတယ်ဆိုဦးတော့၊ အဲ့ဒါက ဆင့်ခေါ်သတ္တဝါတွေကို ထိန်းချုပ်ဖို့ပဲလေ။ ကိုင်လ်ကိုယ်တိုင် ကွင်းထဲဆင်းလာတာကို မင်းက ဘယ်လိုယှဉ်မှာလဲ?
"ယု... သေသေချာချာ စဉ်းစားပါဦး" အိုင်းရှာကတော့ စိုးရိမ်တကြီး တားနေလေသည်။
"ဒီအထိ ရောက်မှတော့ ဘာစဉ်းစားနေဦးမှာလဲ! အဲ့လောက်ပြောနေမှတော့ အသေအလဲသာ တိုက်လိုက်တော့!" အီဂေးလ်ကတော့ စိတ်လှုပ်ရှားပြီး ကိုယ်တိုင်၀င် တိုက်ချင်နေတဲ့ ပုံစံမျိုး ဖြင့် အားပေးနေသည်။
"ဟွန်း! မင်း ဒီအတွက် တစ်သက်လုံး နောင်တရစေရမယ်"
ကိုင်လ်က မြင့်မြတ်တဲ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ပြင်းထန်တဲ့ လေပွေလှိုင်းတွေ ထွက်ပေါ်လာလေသည်။ထို့ နောက်ခြေထောက်အောက်တွင် အစိမ်းရောင် မှော်အရှိန်အဝါများ စုစည်းလာပြီးနောက် "လေသက်ရှူခြင်း" အစွမ်းဖြင့် လျှပ်စီးသဖွယ် ယုထံသို့ ပြေးဝင်သွားတော့သည်။
ဒါဟာ သာမန်တိုက်ခိုက်မှုမဟုတ်ဘဲ ဘိုလီလိုက်မျိုးရိုးရဲ့ သီးသန့်ဓားသိုင်းဖြစ်တဲ့ "လေဘုရင်ဓား" ပင်ဖြစ်သည်။ ဓားဦးတွင် လေပွေငယ်တစ်ခုကို ဖန်တီးထားပြီး မည်မျှပင် ခိုင်ခံ့သော ချပ်ဝတ်တန်ဆာ ဖြစ်ပါစေ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေနိုင်သည့် အစွမ်းရှိသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားဦးသည် ယု၏ ရင်ဘတ်ရှေ့သို့ ရောက်ရှိလာသည်။
အိုင်းရှာကတော့ ကြောက်လွန်းလို့ မျက်လုံးကို လက်နဲ့အုပ်ထားမိသလို၊ အီဂေးလ်ကလည်း အံကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။
သို့သော် လုံးဝ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။ သာမန်လူသားတို့၏ မျက်စိဖြင့် မမြင်နိုင်သော အရှိန်အဝါမျိုးဖြင့် ယုက ကိုယ်ကို အနည်းငယ် တိမ်းရှောင်လိုက်ပြီး ဓား၏ အရှိန်ကို ဖျက်ဆီးကာ ဓားလက်ကိုင်ကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ကိုင်လ်ကို ခြေထောက်ဖြင့် အသာလေး ကန်ထုတ်လိုက်တော့သည်။
ကျောင်းသားများ၏ မျက်စိထဲတွင်မူ ကိုင်လ်က အရှိန်ဖြင့် ပြေးဝင်သွားပြီးနောက် ဗြုန်းခနဲဆိုသလို နတ်ဘုရားဓားကြီးမှာ ယု၏ လက်ထဲသို့ ရောက်ရှိသွားကာ ကိုင်လ်မှာမူ မီတာအတော်ဝေးဝေးသို့ လွင့်စင်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။
"ဘာ... ဘာဖြစ်သွားတာလဲ..."
"ငါ... ငါ ဘာမှ မမြင်လိုက်ရဘူး!"
ယုကို ဝိုင်းလှောင်ခဲ့ကြသူများအားလုံး ပါးစပ်ဟောင်းလောင်းဖြင့် ကြောင်အသွားကြရသလို၊ ကိုင်လ်ကိုယ်တိုင်လည်း မြေပြင်ပေါ်တွင် မှောက်ခုံလဲကျရင်း
ဘာဖြစ်သွားမှန်း မသိနိုင်လောက်အောင် အကြီးအကျယ် ရှော့ခ်ရသွားပါတော့သည်။