အခန်း (၂၀) - သားရဲထိန်းချုပ်သူ (၂)
ယု က သူ့ရဲ့ မွေးရာပါမှော်ပါရမီ အကြောင်း ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ကီးလ် ရဲ့ အနောက်မှာ ဧရာမမှော်အစီအရင်ကြီးတစ်ခု ပေါ်လာပြီး တစ်ကိုယ်လုံး မီးတောက်တွေ ဝေနေတဲ့ “မီးတောက်ဝံပုလွေ” ကြီး တစ်ကောင် ပေါ်လာ လေသည်။
လေ့ကျင့်နေကြတဲ့ ကျောင်းသားအားလုံး အံ့ဩတကြီးနဲ့ လှည့်ကြည့် လ်ုက်ကြသည်။
“မင်းလိမ်နေတာ မဟုတ်ကြောင်း သက်သေပြစမ်း”
ကီးလ်က ယု ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ယု ကတော့ ဘာမှမဖြစ်သလိုမျိုး သဘာဝကျကျပဲ ထရပ်လိုက်ပြီး မီးတောက်ဝံပုလွေကြီးဆီကို လျှောက်သွားလ်ုက်သည်။
ဝံပုလွေကြီးက အစပိုင်းမှာ တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ပေမဲ့ ယု က ဖိအား အနည်းငယ် ထုတ်လွတ် လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွား တော့သည်။ ဒီဖိအားကို သာမန်လူသားတွေ မသိနိုင်ပေမယ့် ဆင့်ခေါ်သားရဲ တွေအတွက် ကတော့ စိတ်ဝိညာဉ် ကိုပါတိုက်ရိုက်သက်ရောက်စေနိုင်တာပါ။
ဒါကြောင့် သာမန်လူတွေ အမြင်မှာတော့ ယု က ဝံပုလွေနားကို ဒီတိုင်းလျှောက်သွားရုံနဲ့ ဝံပုလွေကြီးက အညံ့ခံလိုက်သလို ဖြစ်နေတာပါ။
“ဘယ်ဘက်လက်!”
ဝံပုလွေကြီးက သူ့ရဲ့ ဘယ်ဘက်ခြေဖဝါးကို ကမ်းပေး လိုက်သည်။
“ညာဘက်လက်!”
ညာဘက်ခြေဖဝါးကိုပါ ထပ်ကမ်းပေး လိုက် ပြန်သည်။
“ထိုင်!”
ဝံပုလွေကြီးက လျှာလေးထုတ်ပြီး လိမ္မာတဲ့ ဟတ်စကီး ခွေးလေးတစ်ကောင်လို အမိန့်အတိုင်း ထိုင်ချလိုက်သည်။
ဒီမြင်ကွင်းကို ကြည့်နေတဲ့ ကျောင်းသားတွေ အကုန် မှင်တက်ကုန်ကြသည်။
“ဟား... ဒါ ဘယ်လိုဖြစ်တာလဲ!? ဒီကောင် ဘာကောင်လဲ...ပါ၀ါရိန်းဂျား လား ??”
“အစကတော့ သူကံကောင်းလို့ပဲ ထင်နေတာ၊ အခုတော့ မဟုတ်တော့ဘူးပဲ”
“မီးတောက်ဝံပုလွေက ဘာလို့ သူ့စကားကို ဒီလောက် နားခံနေရတာလဲ?”
“ဆရာမ ကီးလ်နဲ့ သူနဲ့က နောက်ကွယ် မှာ အဆက်အသွယ်ရှိနေလို့လား? ဒါကြောင့် ဝံပုလွေက သူ့ကိုပါ သခင်လို့ သတ်မှတ်နေတာလား??”
“ဟေ့... သတိထားပြောဦး၊ မီးလောင်သေကုန်မယ်!”
အဲ့ဒီအချိန်မှာ ယု ကတော့ ဝံပုလွေကြီးရဲ့ ခေါင်းပေါ်က အမွှေးတွေကို အသာအယာ ပွတ်ပေးနေရင်း “ဒီလောက်ဆိုရင်တော့ သူတို့ကို လှည့်စားလို့ ရလောက်ပြီ” လို့ စိတ်ထဲက တွေးနေလိုက်သည်။
“ဘယ်လိုလဲ ဆရာမ? ကျွန်တော် မလိမ်ပါဘူးနော်” ယု က စပ် ဖြီးဖြီးနဲ့ ကီးလ်ကို လှည့်ကြည့် ရင်းမေးလိုက်သည်။
သို့သော်လည်း ကီးလ်ရဲ့ မျက်နှာမှာ ဘာအမူအရာမှ မရှိပဲ တိတ်ဆိတ်စွာ စိုက်ကြည့်နေတာကြောင့် ယုမန်တစ်ယောက်
“ငါ့အကွက်ကို ရိပ်မိသွားတာလား? မဖြစ်နိုင်ပါဘူး... ငါ့ရဲ့ သရုပ်ဆောင်ချက်က ဝတ္ထုထဲကအတိုင်း အပြစ်ပြောစရာ မရှိအောင် ကောင်းနေတာပဲကို” လို့ တွေးပြီး ရင်တုန်လာ တော့သည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ် နေ ပြီး ယု ရဲ့ လက်ဖဝါးတွေမှာလည်း ချွေးတွေ ထွက်လာ တော့သည်။
ထိုအချိန်မှာပဲ ကီးလ်က စကားစပြောလိုက်သည်။
“ဆရာကြီး အာစီမန်းစ်က ငါ့ကို ဆွေးနွေးစရာရှိလို့ ခေါ်ထားတာ အခုမှ သတိရလာလို့။ ဒီနေ့ လက်တွေ့အတန်းကို ဒီမှာတင် ရပ်လိုက်မယ်။ ကျန်တဲ့အချိန်ကိုတော့ မင်းတို့ စိတ်ကြိုက် အသုံးပြုနိုင်တယ်”
ပြောပြီးတာနဲ့ ကီးလ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး မှော်စွမ်းအားတွေကို ရုတ်သိမ်းလိုက်တယ်။ မီးလျှံလိပ်နဲ့ ဝံပုလွေကြီးတို့ဟာ မှော်အစီအရင်တွေထဲကို ချက်ချင်း ပျောက်ကွယ်သွား ကြလေသည်။
အဲ့ဒီနောက်မှာတော့ ကီးလ်ဟာ ကျောင်းသားတွေရဲ့ အကြည့်အောက်မှာပဲ ခန်းမထဲကနေ အမြန် ထွက်ခွာသွားလ်ုက်သည်။
တကယ်တော့ ဆရာကြီး အာဆီမန်းစ်က သူမကို ခေါ်ထားတာ မဟုတ်ပါဘူး။ အပြင်ပန်းမှာ ကီးလ်က အေးစက်နေပေမဲ့ စိတ်ထဲမှာတော့ ရင်ခုန်စိတ်လှုပ်ရှားနေတာပါ။ သူမ စိတ်လှုပ်ရှားရတာက ဝတ္ထုတွေထဲမှာပဲ ရှိတတ်တဲ့ ဒဏ္ဍာရီလာ “သားရဲထိန်းချုပ်သူ” အစွမ်းကို တွေ့လိုက်ရလို့ဖြစ်သည်။ ဒီအစွမ်းဟာ သူမ နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့တဲ့ အရာ ပါပဲ။
“ဆရာကြီး... ကျွန်မ ဆွေးနွေးစရာ ရှိလို့ပါ”
ကီးလ်ဟာ အာစီမန်းစ်ရဲ့ ရုံးခန်းတံခါးကို အသာအယာ ခေါက်လိုက်တယ်။
“ဝင်ခဲ့ပါ”
အာစီမန်းစ်ရဲ့ ကြင်နာတဲ့ အသံ ထွက်လာပါတယ်။ ကီးလ် အခန်းထဲ ဝင်သွားတဲ့အခါ ဆရာကြီးက အံ့ဩသွားပါတယ်။ ဘာလို့လဲဆိုတော့ ကီးလ်ရဲ့ မျက်လုံးတွေက ဝမ်းသာလွန်းလို့ ငိုထားသလိုမျိုး နီရဲပြီး ဖောင်းအိနေလို့ပါ။
“ဘာဖြစ်တာလဲ? ဘယ်သူက မင်းကို ငိုအောင် လုပ်လိုက်တာလဲ?”
“ကျွန်မ အဲ့ဒီမှော်အစွမ်းကို ရှာတွေ့ပြီ ဆရာကြီး”
ကီးလ်က စိတ်လှုပ်ရှားလွန်းလို့ ထပ်ပြီး မျက်ရည်မကျအောင် အသာအယာ သုတ်လိုက်ရင်း ပြောလိုက်သည်။ ဒါကို ကြားတော့ အာဆီမန်းစ်လည်း အံ့ဩစွာနဲ့ ပြန် မေးလိုက်သည်။
“မင်းပြောတာ... ‘သားရဲထိန်းချုပ်သူ’ အစွမ်းကို ပြောတာလား?”
နှစ်ပေါင်း ၃၀၀ ကျော် အတွေ့အကြုံရှိတဲ့ အာဆီမန်းစ်တောင် ဒီမှော်အစွမ်း အကြောင်းကို ကြားတော့ တုန်လှုပ်သွားတော့သည်။
“ဟုတ်ပါတယ်။ ကျွန်မ အရင်က ပြောခဲ့တဲ့ မီးတောက်ဝံပုလွေကို အလဲထိုးခဲ့တဲ့ ကျောင်းသားလေ၊ သူ့ရဲ့ မွေးရာပါမှော်ပါရမီ က ‘သားရဲထိန်းချုပ်သူ’ ဖြစ်နေတာ အခုတော့ သေချာသွားပြီ”
ကီးလ်ရဲ့ အစွမ်းနဲ့ဆိုရင် ဒါကို မှားယွင်း အကဲဖြတ်မှာ မဟုတ်မှန်း သိတာကြောင့် အာစီမန်းစ်က ခြွင်းချက်မရှိ လက်ခံလိုက်သည်။
“သူ့ရဲ့ စွမ်းအားကရော? ဘယ်အဆင့်ရှိတဲ့ ဆင့်ခေါ်သားရဲအထိ သူ ထိန်းချုပ်နိုင်ပြီလဲ?”
“သေသေချာချာတော့ မသိသေးပေမဲ့ မီးတောက်ဝံပုလွေ အဆင့်လောက်ရှိတဲ့ သားရဲ တွေကိုတော့ မျက်တောင်တစ်ခတ်အတွင်းမှာ သူ ထိန်းချုပ်နိုင်တယ် ဆရာကြီး”
အာစီမန်းစ်က သူ့ရဲ့ မေးစေ့ကို ပွတ်ရင်း စဉ်းစားဟန်ပြုလိုက်သည်။ထို့နောက် တစ်ခုခုကို တွေးမိသွားသလိုမျိုး ပြုံးရင်း အောက်ပါအတိုင်း ပြောလိုက်တော့သည်။
“ဒါဆိုရင်တော့... သူက မင်းကို မကြာခင်မှာ ကူညီပေးနိုင်လိမ့်မယ် ထင်တယ်...”