အခန်း (၂) လူသား တွေ မထိန်းချုပ်နိုင်သော မီး
"ဒါဟာ စိတ်ကူးယဉ် အမြင်မှားတာပဲ ဖြစ်ရမယ်။ ငါ့ရဲ့ စိတ်စွမ်းအင် တွေကို အလွန်အကျွံ သုံးလိုက်မိလို့ ဝေဝေဝါးဝါး ဖြစ်သွားတာနေမှာ..."
"စစ်တပ်တစ်ခုလုံးကို အလွယ်လေး ချေမှုန်းနိုင်တဲ့ ရေခဲနဂါး ကို တစ်ယောက်တည်းနဲ့ ဒီလောက်အလွယ်တကူ ဘယ်သူက ယှဉ်တိုက်နိုင်မှာလဲ? 'ကပ်ဘေးအဆင့်' ရှိတဲ့ မိစ္ဆာသားရဲကို လက်တစ်ဖက်တည်းနဲ့ သတ်နိုင်တဲ့သူဆိုတာ ဘယ်သူရှိလို့လဲ!"
"ဒါတွေအားလုံးက အမြင်မှားနေတာပဲ။ ငါ အခုချက်ချင်း နိုးထမှဖြစ်မယ်။ ရေခဲနဂါးကို တားဆီးဖို့ ငါ့မှာရှိတဲ့ စွမ်းအားတွေအကုန် သုံးရမယ်... ငါ အခု ထပြီး သွားတားရမယ်..."
"ငါ တားမှဖြစ်မယ်!! တားမှဖြစ်မယ်!!"
ကီးလ် တစ်ယောက် ထိတ်လန့်စွာ လန့်နိုးလာသည်။ သို့သော် သူမ မြင်လိုက်ရသည်မှာ နှင်းများ ဖုံးလွှမ်းနေသည့် ကောင်းကင်မဟုတ်ဘဲ သပ်ရပ်သန့်ရှင်းသော အခန်းတစ်ခန်းနှင့် သူမ၏ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော အဖြူရောင် စောင်တစ်ထည်သာ ဖြစ်နေသည်။
ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်ကို သူမ လက်လှမ်းပြီး ထိတွေ့ကြည့်မိသည်။ အလွန်ပင် နွေးထွေးပြီး ညင်သာလှသည်။
"နောက်ဆုံးတော့ နိုးလာပြီလား?"
အသံလာရာသို့ ကြည့်လိုက်ရာ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ရှည်နှင့် ကြင်နာတတ်မည့်ပုံရှိသော အဘိုးအိုတစ်ဦး သူမ၏ ခုတင်ဘေးတွင် ထိုင်နေသည်။ ထိုသူကို မြင်သည်နှင့် ကီးလ်သည် ပျာပျာသလဲ ထိုင်လိုက်သည်။
"ပရော်ဖက်ဆာ အာစီမန်းစ် ... သမီး..."
"ရပါတယ်။ အေးအေးဆေးဆေး ပြန်လှဲပြီး အနားယူပါဦး။"
'မီးလျှံစုန်းမ' ဟု လူသိများသော ကီးလ် ၏ ဆရာဖြစ်သူ မှာ အာစီမန်းစ် ဖြစ်သည်။ သူသည် အင်ပါယာ တော်ဝင်အကယ်ဒမီ၏ လက်ရှိ ကျောင်းအုပ်ကြီးဖြစ်သလို အင်ပါယာ၏ ထိပ်တန်း မှော်ဆရာကြီး လည်း ဖြစ်သည်။
"သမီး အခုထိ အသက်ရှင်နေသေးတယ်ဆိုတော့ ရေခဲနဂါးက သေသွားပြီပေါ့ ဟုတ်လား?"
ကီးလ်သည် အိပ်မက် မဟုတ်ကြောင်း သေချာစေရန် သူမ၏ ပါးဖောင်းဖောင်းလေးများကို ဆွဲကြည့်လိုက်သည်။
"ဟုတ်တယ်၊ အာရုံခံမှော် နဲ့ စစ်ကြည့်တာတော့ ရေခဲနဂါးရဲ့ အငွေ့အသက်ကို ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး" ဟု ဆရာကြီး အာစီမန်းစ်က အေးဆေးစွာ ပြန်ဖြေသည်။
"တော်သေးတာပေါ့..."
ကီးလ်သည် ပခုံးပေါ်မှ အထုပ်ကြီး ကျသွားသကဲ့သို့ စိတ်သက်သာရာ ရသွားသည်။
"ဒါပေမဲ့ ကီးလ်... ခုနက မင်းနိုးမလာခင် တားဆီးရမယ်လို့ ပြောနေတဲ့သူက ဘယ်သူလဲ?"
ရုတ်တရက် အာစီမန်းစ်၏ အသံမှာ တည်ကြည်သွားသဖြင့် စိတ်လျော့ထားသော ကီးလ် မှာ ပြန်လည် တောင့်တင်းသွားပြန်သည်။
"ရေခဲနဂါးကို ပြောတာပါ ဆရာကြီး။ အကယ်၍ ရေခဲနဂါးကို မတားနိုင်ခဲ့ရင် အင်ပါယာရဲ့ နေရာတော်တော်များများ ကပ်ဘေးဆိုက်ကုန်မှာစိုးလို့ပါ"
ကီးလ်က အာစီမန်းစ် ကို ရိုးသားသော မျက်လုံးများဖြင့် ကြည့်ကာ ဖြေလိုက်သည်။
အာစီမန်းစ်သည် စိတ်ဖတ်မှော်ကို မသုံးသော်လည်း သာမန်လူသားထက် အဆပေါင်းများစွာ အသက်ရှည် နေထိုင်ခဲ့သူဖြစ်ရာ တစ်ဖက်လူ၏ မျက်နှာပေးနှင့် လေသံကိုကြည့်ရုံဖြင့် လိမ်နေသလား၊ အမှန်ပြောနေသလားဆိုသည်ကို မှော်မပါဘဲ သိနိုင်စွမ်းရှိ လေသည်။
"..."
အာစီမန်းစ်မှာ စကားတစ်ခွန်းမှ မပြောဘဲ ရှေ့တွင် ကြောင်တောင်တောင် ဖြစ်နေသော ကီးလ် ကိုသာ တိတ်ဆိတ်စွာ ကြည့်နေသည်။ ကီးလ် မှာလည်း ဆရာဖြစ်သူက စကားမစသဖြင့် ဘာမှ ထပ်မပြောရဲပေ။
"ရေခဲနဂါးက နောက်ဆုံးမှာ ဘယ်လိုသေသွားလဲဆိုတာ မင်းသိလား?"
ခဏတာ တိတ်ဆိတ်ပြီးနောက် အာစီမန်းစ်က စတင်မေးမြန်းလိုက်သည်။
"..."
သို့သော် ယခုတစ်ကြိမ်တွင် ကီးလ် ကသာ တိတ်ဆိတ်သွားရသည်။
ဘာကြောင့်လဲဆိုတော့ သူမ မသိသောကြောင့် ဖြစ်သည်။ ပိုပြီး တိတိကျကျ ပြောရလျှင် သူမ သိနေသည်ကို သူမကိုယ်တိုင် မသေချာသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ... လူတစ်ယောက်က တစ်ခါမှ မမြင်ဖူးတဲ့ အစွမ်းထက်မှော်ကို လက်တစ်ဖက်တည်းနဲ့ ထုတ်သုံးပြီး ကပ်ဘေးအဆင့် ရေခဲနဂါးကို အလွယ်တလေး အနိုင်ယူသွားတယ်ဆိုတာ... မဖြစ်နိုင်တဲ့ ကိစ္စပင်။ ထို့ကြောင့် သူမ သတိလစ်ခါနီးတွင် မြင်လိုက်ရသည်မှာ အမြင်မှားခြင်းဟုသာ ကီးလ် က ဆက်လက် ယုံကြည်ထားသည်။
"မသိလည်း ကိစ္စမရှိပါဘူး။ မင်းကို ငါတို့သွားတွေ့တဲ့အချိန်မှာ မင်းက သတိလစ်နေပြီ လေ ။ ဒါပေမဲ့ မင်းကို ပြစရာတစ်ခုရှိတယ်"
ပြောရင်းနှင့် အာစီမန်းစ်သည် သူ၏ သူ၏ အိတ်ကပ်ထဲမှ ဖန်ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။ ထိုပုလင်းလေးထဲတွင် ခရမ်းနီရောင် မီးလျှံတစ်ခု တောက်လောင်နေသည်။
ထိုအရာ မှာ ကီးလ် ၏ နောက်ဆုံး မှတ်ဉာဏ်ထဲက မီးလျှံအရောင်နှင့် ထပ်တူပင်။
"ဒါ... ဒါက?"
ကီးလ် မှာ ပုလင်းထဲက မီးလျှံကို အံ့အားသင့်စွာ ကြည့်နေမိသည်။ အကယ်၍ ဒီမီးလျှံသာ တကယ်ရှိနေလျှင် သူမ ငြင်းပယ်ဖို့ ကြိုးစားနေတဲ့ မှတ်ဉာဏ်တွေဟာ အမှန်တရား ဖြစ်နေပြီး ရေခဲနဂါးကို လက်တစ်ဖက်တည်းနဲ့ သတ်ခဲ့တဲ့သူဟာလည်း တကယ်ရှိနေလို့ပင်။
"ဒါဟာ 'ငရဲမီးလျှံ' ပဲ။ လူသားတွေ ဘယ်တော့မှ ထိန်းချုပ်လို့ မရနိုင်တဲ့ မီးမျိုးပေါ့"
အာစီမန်းစ်က ရှင်းပြလိုက်သောအခါ ကီးလ် မှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"လူသားတွေ ဘယ်တော့မှ မထိန်းချုပ်နိုင်တဲ့ မီး? ဒါဆိုရင်..."
"မှန်တယ်၊ ဒါဟာ 'တမန်တော်' တစ်ယောက်ရဲ့ မှော်စွမ်းအားပဲ။ တမန်တော်တစ်ယောက်က လူသားလောကထဲကို ကိုယ်တိုင်လာလိမ့်မယ်လို့ ငါမထင်ပေမဲ့ ငါတို့မသိတဲ့ ကိစ္စတစ်ခုခုတော့ ရှိနေပြီ။ ဒီရေခဲနဂါးကိုလည်း တမန်တော်တစ်ယောက်ယောက်က လွှတ်လိုက်တာ ဖြစ်နိုင်တယ်"
ထိုစကားကို ကြားသောအခါ ကီးလ် မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"တမန်တော် " — ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စကားလုံးလဲ။ တမန်တော်တိုင်းဟာ လက်ရှိ လူသားမျိုးနွယ်တွေ ကြောက်ရွံ့ရတဲ့ တည်ရှိမှုတွေ ဖြစ်သည်။
ဒါပေမဲ့ ကီးလ် ကတော့ မကြောက် ပေ။ သူမ၏ ရင်ထဲတွင် မဖြစ်နိုင်ဟု ထင်ရသော ရည်မှန်းချက် ပန်းတိုင် တစ်ခု အမြဲ ရှိနေသည်။
ထိုပန်းတိုင်မှာ "လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ တမန်တော် (၁၂) ပါးစလုံးကို အမြစ်ပြတ် သုတ်သင်ဖို့" ပင် ဖြစ်သည်။
"ကဲပါ... မင်း အနားယူတာကို ငါ မနှောင့်ယှက်တော့ဘူး။ မင်းဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက် တစ်ခုခု ရမလားလို့ မျှော်လင့်ခဲ့တာ ဒါပေမဲ့ မျှော်လင့်ချက် မရှိတော့ပုံပဲ"
ပြောပြီးနောက် အာစီမန်းစ်သည် မီးလျှံပါသော ပုလင်းကို အင်္ကျီအတွင်းအိတ်ထဲ ထည့်လိုက်ပြီး ကုတင်ပေါ်မှထကာ တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
"ဩော်... ဒါနဲ့! မင်းကို ပြောဖို့ တစ်ခု ကျန်သေးတယ်။"
တံခါးဝသို့ ရောက်သောအခါ အာစီမန်းစ်က ရုတ်တရက် ရပ်လိုက်ပြီး တုန်လှုပ်နေဆဲဖြစ်သော ကီးလ် ကို လှည့်ကြည့်လိုက်သည်။
"ဒီတစ်ခါ ရေခဲနဂါးကို နှိမ်နင်းနိုင်ခဲ့တဲ့ ဂုဏ်ပြုမှုကိုတော့ မင်းရဲ့ နာမည်အောက်မှာပဲ ထားပေးလိုက်ပြီ။ တမန်တော်နဲ့ ပတ်သက်တဲ့ ဘယ်ကိစ္စ မဆို မလိုအပ်ဘဲ လူထုကို ထိတ်လန့်စေတတ်လို့လေ။ ဒါကြောင့် အဲဒီ ဂုဏ်ပြုဆုတွေကိုသာ လက်ခံလိုက်တော့"
ပြောပြီးနောက် အာစီမန်းစ်သည် ပြုံးလျက် အခန်းထဲမှ ထွက်သွားလေသည်။ ကုတင်ပေါ်တွင် ကျန်ရစ်ခဲ့သော ကီးလ် မှာမူ အံ့သြတုန်လှုပ်နေဆဲ ဖြစ်သဖြင့် သတိပြန်မကပ်နိုင်သေးဘဲ ကျန်နေ ခဲ့တော့သည်။