အခန်း (၁၉) - သားရဲထိန်းချုပ်သူ (၁)
တစ်လကျော်သော အချိန်ကာလတစ်ခုသည် မသိမသာ ကုန်လွန်သွားခဲ့သည်။
ထိုကာလအတွင်း အထူးတန်း မှ ကျောင်းသားများသည် နေ့စဉ်နှင့်အမျှ အစွမ်းထက်သော ဆင့်ခေါ်သားရဲများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရသည်။ သို့သော် ထိုလေ့ကျင့်မှုများ၏ ပြင်းထန်မှုသည် လူတိုင်း ခံနိုင်ရည်ရှိသောအရာ မဟုတ်ခဲ့ပေ။
မူလရှိခဲ့သော ကျောင်းသား ၃၂ ဦးအနက်
ယခုအချိန်တွင် ၁၂ ဦးသာ ကျန်ရှိတော့သည်။
ထိုသူများကို ဆရာမ ကီးလ် က နှင်ထုတ်ခြင်း မဟုတ်ပဲ
သူတို့ကိုယ်တိုင် မခံနိုင်တော့သဖြင့် နုတ်ထွက်သွားခဲ့ကြခြင်းသာ ဖြစ်သည်။
ထိုသို့ လူနည်းသွားသော်လည်း ကီးလ်ကတော့ လေ့ကျင့်မှုတွေကို လျှော့မပေးတဲ့အပြင် တစ်နေ့ထက် တစ်နေ့ ပို၍ပင် ခက်ခဲလာ လေသည်။
ထို့သို့ လေ့ကျင့်မှုတွေ ခက်ခဲ လာလေလေ ယု အပေါ် ရှိနေသော သူမ ၏ သံသယ မှာ လည်း တိုးပွားလာလေ ပင် ဖြစ်သည်။
အကြောင်းမှာ အခြားကျောင်းသားများအတွက်
အသက် အန္တရာယ်ရှိနိုင်သော သားရဲများသည်...
ယု ရှေ့တွင် ထူးဆန်းစွာ ပြောင်းလဲသွားကြခြင်းကြောင့် ဖြစ်သည်။
ဥပမာပြောရရင်... ကီးလ် ဆင့်ခေါ်လိုက်တဲ့
“မီးလျှံနွားလားကြီး” ဆိုတာ နံရံတံတိုင်း တွေကိုတောင် အလွယ်တကူ ကျော်ဖြတ်နိုင်ပြီး တွေ့တဲ့ လူတိုင်း ကို ပြင်းထန်တဲ့ အရှိန်ဖြင့် တိုက်ကာ အန္တရာယ် ပြုတတ်သညိ့ သားရဲဖြစ်သည်။ထိုသားရဲမျိုး က
ယု နဲ့တွေ့တော့ စီးတော်ယာဉ် တစ်စင်းလို ပြုမူပြီး လေ့ကျင့်ရေး တစ်ကွင်းလုံး အနှံ့ ကြည်ကြည်ဖြူဖြူ ပတ်ပြေးပေးနေလေသည်။
နောက်တစ်ခါ ကီးလ်ရဲ့ တောင်းဆိုချက်အရ တခြားဆရာတစ်ယောက် ဆင့်ခေါ်ပေးတဲ့ “ရေခဲပင့်ကူ” ကျတော့လည်း ယု ကို မြင်တာနဲ့ ခြေထောက်ရှစ်ချောင်းလုံး အပေါ်ထောင်ပြီး သေချင်ဟန်ဆောင်နေပါတော့သည်။
အဲ့ဒီနောက်ပိုင်းရက်တွေမှာလည်း - ဧရာမမြေကြွက်က မြေကြီးထဲအသည်းအသန်းတိုး၀င်ပြီး ပျောက်သွားတာ၊ မီးတောက်ဝက်ဝံက ထောင့်မှာကပ်ပြီး တုန်နေတာ၊ လေမုန်တိုင်းမြွေကြီးက အမြန်ဆုံးထွက်ပြေးတဲ့ စံချိန်တင်သွားတာ၊ စားကျက်မြေဝံပုလွေက ယုမန် ပစ်ပေးတဲ့ တုတ်ချောင်းကို ပြေးကောက်ပေးနေတာ... အစရှိသဖြင့်ပေါ့။
ဒီနေ့ရဲ့ “မီးလျှံလိပ်” ကလည်း အရင်ကောင်တွေလိုပါပဲ။ ဒါကြောင့် ယု ကတော့ ဘေးနားမှာ အေးအေးဆေးဆေး ရပ်ကြည့်နေလေသည်။
“ဒီကောင် ဒါကို ဘယ်လိုများ လုပ်လိုက်တာပါလိမ့်...”
ကီးလ်က ဘေးမှာရှိ နေတဲ့ ယု ကို ကြည့်ပြီး ဆရာမတစ်ယောက်အနေနဲ့ ဒါကို အဖြေရှာဖို့ လိုပြီလို့ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထိုစဉ် ယု မှာမူ ကွင်းအတွင်း၌ အသည်းအသန် တိုက်ခိုက်နေသော အိုင်းရှာ ၏ လှုပ်ရှားမှုများကို ကြည့်ကာ သွားရည်တမြားမြားဖြင့် ငေးမောကြည့် နေသည်။
“အိုင်းရှာက တကယ်ကို ထွားတာပဲ...”
ချက်ချင်းဆိုသလိုပဲ ယု ရဲ့ အမြင်အာရုံကို ပြားချပ်ချပ် အရာတစ်ခုက လာရောက်ပိတ်ဆို့လိုက်သည်။
ရင်ဘတ်ချင်းတူတာတောင် ဘာလို့ ဒီလောက်အထိ ကွာခြားနေရတာလဲ...။
“ကျောင်းသား ယု.. မင်း ဒီနေ့အတွက် တာဝန်ပြီးပြီလေ၊ သွားနားလို့ရပြီ”
ကီးလ်က လက်နှစ်ဖက်ကို ခါးထောက်ပြီး သူ့ကို အပေါ်စီးကနေ စူးစူးဝါးဝါး စိုက်ကြည့်ရင်း ပြောလိုက်သည်။
“မနားချင်သေးဘူး ဆရာမ။ သင်ယူရတာက ကျွန်တော့်ကို ပျော်ရွှင်စေလို့ပါ။ သူငယ်ချင်းတွေရဲ့ တိုက်ခိုက်မှု နည်းစနစ်တွေကို ဒီကနေပဲ လေ့လာပါရစေ”
ယု က သွားရည်တွေကို အမြန်သုတ်ပြီး ကီးလ်ကို ရှောင်ကာ အိုင်းရှာ့ ကို ဆက်ကြည့်ရန် ကြိုးစား လိုက်သည်။
“နည်းစနစ်တွေကို လေ့လာတယ် ဟုတ်လား? အခုထိ ဖုံးကွယ်ထားနိုင်သေးတယ်လို့ မင်း ထင်နေတာလား?”
“!!!!!!”
ဒီစကားကို ကြားလိုက်ရတဲ့ ယု ဟာ လန့်ဖြန့်သွားပြီး အကြည့်တွေကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက် တော့သည်။ထို့နောက် သူ့ရဲ့ လည်ပင်းက ဆီမရှိတဲ့ စက်တစ်လုံးလို တဂျောက်ဂျောက်နဲ့ အသံထွက်မတတ် တောင့်တင်းစွာ မော့ရင်း ကီးလ်ရဲ့ အေးစက်စက် မျက်လုံးတွေ ကို ကြောက်လန့်တကြား ရင်ဆိုင်လိုက်မိသည်။
“ကျွန်... ကျွန်တော်... ဆရာမ... ဘာတွေကို ပြောနေတာလဲဗျ??”
“မင်း ဘယ်လို မွေးရာပါ မှော်ပါရမီ ကို ဖုံးကွယ်ထားတာလဲ? ဘာလို့ ဆင့်ခေါ်သားရဲ တွေက မင်းခိုင်းသမျှ အကုန်လုပ်နေရတာလဲ??”
ကီးလ်ရဲ့ အသံက အေးစက်နေပေမဲ့ သူမရဲ့ မျက်လုံးထဲမှာတော့ စူးစမ်းချင်စိတ်နဲ့ မျှော်လင့်ချက်တွေ ပြည့်နေတာကို ယု တွေ့လိုက်ရသည်။
‘မွေးရာပါ မှော်ပါရမီ ဟုတ်လား?’
‘ဪ... လူသားတွေမှာ မွေးရာပါပါလာတဲ့ အထူးမှော်စွမ်းအားကို ခေါ်တာပဲ။ ဒါဆို ငါ့ ဘယ်သူမှန်း သူ မရိပ်မိသေးဘူးပေါ့။
ယုမန် သက်ပြင်းချလိုက်ပြီး နဖူးပေါ်က ချွေးတွေကို သုတ်ရင်း ရုပ်တည် နဲ့ ပြန်ဖြေလိုက်သည်။
“မွေးရာပါမှော်ပါရမီ လား? တကယ်တော့ ကျွန်တော် တမင်ဖုံးထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မှော်အစွမ်းက ‘သားရဲထိန်းချုပ်သူ’ လို့ ခေါ်ပါတယ်။ ဆင့်ခေါ်သားရဲ အတော်များများကို ကျွန်တော့်စကား နားထောင်အောင် လုပ်နိုင်တဲ့ အစွမ်းပေါ့”
“သားရဲထိန်းချုပ်သူ” ဆိုတာ သူဖတ်ဖူးတဲ့ ဝတ္ထုတွေထဲက မှော်အတတ်တစ်ခုပါ။ မွေးရာပါ မှော်ပါရမီ ဆိုတာ ဘာလဲဆိုတာ သူ သေသေချာချာ မသိတာကြောင့် ဝတ္ထုထဲက နာမည်တစ်ခုကို ယူပြီး အမြန် ဖောရှော ရိုက်လိုက်တာ ဖြစ်သည်။
ဒါပေမဲ့ ယု အဲ့ဒီလို ပြောလိုက်တဲ့ခဏမှာပဲ ကီးလ်ရဲ့ အေးစက်သော မျက်ဝန်းအစုံမှာ အံ့အားသင့်မှုနှင့်အတူ ချက်ချင်းပင် အရောင်တောက်ပသွားတော့သည်။