အခန်း (၁၈) - ပင်ပန်းနေတဲ့ စုန်းမလေး
ယု ဟာ မြေပြင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ရင်း သူ့ဗိုက်ပေါ်မှာ အိပ်ပျော်နေတဲ့ မီးတောက်ကျားကြီးကို အသာအယာ ပွတ်သပ်ပေးနေ လိုက်သည်။။ ဒီပုံစံ က သူ့ကို တမန်တော်နန်းဆောင်မှာတုန်းက မွေးထားခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အမှတ်ရသွားစေသည်။
“ငါ့ရဲ့ အူကြောင်ကြောင် ညီမလေးကတော့ အဲ့ဒီကောင်လေးကို သေသေချာချာ ဂရုစိုက်ရဲ့လားမသိဘူး” လို့ သူ တွေးနေစဉ် မှာပင်
“ဟို... ငါရော ပွတ်ကြည့် လို့ ရမလားဟင်?”
အတိတ်ကို သတိရနေတဲ့ ယု ရဲ့ နားထဲကို တိုးညင်း နူးညံ့တဲ့ အသံလေး စီးဝင်လာပါတယ်။ ဒါဟာ တခြားသူမဟုတ်ပါဘူး၊ အိုင်းရှာ ရဲ့ အသံပါပဲ။
“ရတာပေါ့! ဒီကြောင်ကြီးက မကိုက်ပါဘူး”
ယုက ပြောပြောဆိုဆိုနဲ့ မီးတောက်ကျားရဲ့ မေးစေ့ကို ဘယ်လိုပွတ် ပေးရမလဲဆိုတာ လက်တွေ့ပြပေးလိုက်သည်။
အစပိုင်းမှာတော့ အိုင်းရှာဟာ ကျားကြီး စိတ်ဆိုးသွားမလားလို့ ကြောက်နေမိပေမဲ့ မီးတောက်ကျားဆီက “မြောင်~” ဆိုတဲ့ အသံလေး ထွက်လာတဲ့အခါမှာတော့ သူမကိုယ်သူမ မထိန်းနိုင်တော့ပါဘူး။
“အား!! ချစ်စရာလေး!!”
အိုင်းရှာဟာ မျက်လုံးလေးတွေ တောက်ပသွားပြီး ကျားကြီးရဲ့ ခေါင်းကို အသည်းယာစွာ ပွတ်သပ်နေလိုက်တော့သည်။
တစ်ဖက်မှာတော့ ကိုင်လ် ဟာ လှပတဲ့ မိန်းကလေး နှစ်ယောက်ကြားမှာ ကျားကြီးနဲ့ ပျော်ပါးနေတဲ့ ယုကို ကြည့်ပြီး ဒေါသတွေ ထွက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျိန်းဝါးနေလေ သည်။
မကြာခင်မှာပဲ နေ့လယ်ခင်း အချိန်တွေ ကုန်ဆုံးသွားပါတယ်။ တာ၀န် ပြီးဆုံးသွားတဲ့ တခြားကျောင်းသားတွေဟာလည်း နားမနေကြဘဲ ကျားကြီးကို ဝိုင်းချော့ဖို့ ရောက်လာကြတာကြောင့် ခန်းမတစ်ခုလုံး လည်း ရုန်းရင်းဆန်ခတ် ဖြစ်နေတော့သည်။
“တာ၀န်ပြီးတဲ့သူတွေ နားချင်ရင် အဆောင်ကို ချက်ချင်းပြန်ကြတော့။ တခြားသူတွေကို အနှောင့်အယှက် မပေးနဲ့!”
ကီးလ် ရဲ့ ပြတ်သားတဲ့ အမိန့်သံကြောင့် ကျောင်းသားတွေဟာ မချိတင်ကဲ မျက်နှာလေးတွေနဲ့ လူစုခွဲလိုက်ကြတော့သည်။
“ဟူး... မီးတောက်ကျားတွေက ဒီလောက် ချစ်စရာကောင်းမှန်း မသိခဲ့ဘူး။ နောက်ထပ် ခဏလောက် ပွတ်ချင်သေးတာ”
“ယု ကတော့ ကံကောင်းလိုက်တာ၊ သူနဲ့တွေ့တဲ့ကျားက အရမ်းလိမ္မာတာပဲ။ ငါ တိုက်ခဲ့ရတဲ့ကောင်ကတော့ သေမတတ် ကြမ်းတာ”
ဒါကို ကြားတော့ အီဂေးလ် တစ်ယောက် ပြန် စဉ်းစား လိုက်မိသည်။
“ဟုတ်သားပဲ! မီးတောက်ကျားက ငါနဲ့ တိုက်တုန်းကလည်း သေမတတ် ကြမ်းနေတာကို၊ ဘာလို့ ယု ရောက်လာမှ ကြောင်တစ်ကောင်လို ဖြစ်သွားရတာလဲ?”
အထူးတန်း က ကျောင်းသားတွေဟာ လက်တွေ့သင်တန်းချိန် ပြီးလို့ အဆောင်ကိုပြန်ရောက်တဲ့ အချိန်မှာ တော့ ပင်ပန်းနွမ်းနယ် နေကြပြီ ဖြစ်သည်။ ထို အထဲမှ ကျောင်းသားတစ်ဝက်ကျော်ကတော့ နောက်ရက်မှာ စာအုပ် တစ်အုပ်လုံးကို အကြိမ် ၁၀၀ ကူးရဦးမှာ ကို တွေးမိပြီး ပထမဆုံးနေ့မှာတင် စိတ်ပျက်အားငယ် နေကြတော့သည်။
ကျောင်းသားတွေတင် မဟုတ်ပဲ ဆရာမ ကီးလ်လည်း ပင်ပန်းနေပြီ ဖြစ်သည်။ တစ်နေကုန် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ အစွမ်းတွေကို မှတ်သားရရုံသာမက၊ သူတို့ရဲ့ တိုက်ခိုက်မှုပုံစံတွေကိုလည်း စောင့်ကြည့်ပြီး အားသာချက်၊ အားနည်းချက်တွေကို
ညနက်တဲ့အထိ မှတ်တမ်း တင်နေရသောကြောင့်ဖြစ်သည်။
“အီဂေးလ် အိုက်ဇက်စ်... အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်တယ်၊ ပုဆိန်ကြီးတွေ သုံးရတာ ဝါသနာပါပြီး အခြေခံ အကူအညီပေးမှော်ပဲ သုံးနိုင်တယ်”
ကီးလ်က အီဂေးလ်ရဲ့ အချက်အလက်တွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
“အိုက်ဇက်စ် ?? ဒါက စစ်သေနာပတိချုပ်ရဲ့ မိသားစုမျိုးရိုးအမည်ပဲ။ စစ်သေနာပတိချုပ် မိသားစုက လူတစ်ယောက် ဒီကျောင်းကို လာမယ်ဆိုတာ ဘာလို့ ငါ့ကို ကြိုမပြောတာလဲ? နာမည်တူတာပဲ ဖြစ်မှာပါလေ”
ကီးလ် ဇဝေဇဝါနဲ့ နောက်စာမျက်နှာကို လှန်လိုက်တဲ့အခါ ပိုပြီး ခေါင်းကိုက်စရာကောင်းတဲ့သူကို တွေ့လိုက်ရသည်။
“ယု ... အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်ပြီး ကြံ့ခိုင်မှု ကောင်းမွန်တယ်။ သာမန် မှော် ကိုပဲ သုံးနိုင်တယ်”
“ဒါပဲလား? ဒီခေတ်ကြီးမှာ အခြေခံမှော်တွေ ကို မသုံးနိုင်ရင် မှော်ဆရာလို့တောင် မခေါ်နိုင်ဘူး။ သူက သာမန်လူတစ်ယောက်နဲ့ ဘာမှမခြားဘူးပဲ” လို့ ကီးလ် တွေးနေမိသည်။
ဒါပေမဲ့ သာမန်လူတစ်ယောက်က မီးတောက်ဝံပုလွေကို အလဲထိုးနိုင်ပါ့မလား? ကျောင်းအုပ်ကြီး ပြောသလိုပဲ သူက ငါတို့မမြင်ဖူးတဲ့ မှော်အစွမ်း တစ်ခုခုကိုများ ဖုံးကွယ်ထားတာလား?
အဲ့ဒီအချိန်မှာပဲ ယူအိချိရဲ့ အချက်အလက် အောက်ခြေမှာ ရေးထားတဲ့ မှတ်ချက်တစ်ခုကို သူမ သတိထားမိလိုက်သည်။
“ဒီကျောင်းသားဟာ ရေခဲနဂါးနှိမ်နင်းရေးမှာ ယာယီပါဝင်ခဲ့ဖူးသူဖြစ်ပြီး အဲ့ဒီအချိန်က စစ်ဆေးခဲ့တဲ့ ကြံ့ခိုင်မှု မှတ်တမ်းတွေအရ...”
ကီးလ်က မှတ်တမ်းတွေကို ဖတ်ကြည့်ရင်း သူမရဲ့ မျက်လုံးကိုတောင် မယုံနိုင်အောင် ဖြစ်သွားတော့သည်။ စစ်ဆေးမှုတိုင်းမှာ အမှတ်ပြည့်နီးပါး ရထားတာဖြစ်ပြီး သာမန်လူတွေ မအောင်မြင်နိုင်တဲ့ စစ်ဆေးမှုတွေကိုတောင် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့လေသည်။
“ဒီကောင်က မှော်စွမ်းအားကို ဖုံးကွယ်ထားတာလား? ဒါမှမဟုတ် သူ့ရဲ့ ခန္ဓာကိုယ်ကပဲ သာမန်ထက် ထူးကဲနေတာလား?”
ဒီနေ့ မီးတောက်ကျားရဲ့ ထူးဆန်းတဲ့ အပြုအမူကိုပါ ပြန်တွေးမိတဲ့အခါ ကီးလ်တစ်ယောက် ပိုပြီး ဇဝေဇဝါ ဖြစ် နေတော့သည်။
“ခေါင်းကိုက်လိုက်တာ...”
ကီးလ်က မှတ်တမ်းစာအုပ်ကို ပိတ်လိုက်ပြီး သူမရဲ့ မျက်လုံးတွေကို ပွတ်လိုက်သည်။ “မီးလျှံစုန်းမ” လို့ လူသိများတဲ့ သူမလည်း တစ်နေ့ကုန် အလုပ်လုပ်ရတဲ့အခါ ပင်ပန်းမှု ဒဏ်ကို ခံရတာပဲ ဖြစ်သည်။
ကီးလ်သည် ထိုင်နေရာမှ ထရပ်လိုက်ပြီး သူမ၏ ဝတ်ရုံကို ကုလားထိုင်နောက်မှီတွင် အသာအယာ ချိတ်ဆွဲလိုက်သည်။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့သမျှကို အကြောဆန့်ထုတ်ရင်း နွေးထွေးလှသော သူမ၏ အိပ်ရာရှိရာသို့ ခြေလှမ်းလှမ်းခဲ့သည်။
သို့သော် ကုတင်ဘေးသို့ ရောက်သောအခါ သူမ၏ ခြေလှမ်းများ ရပ်တန့်သွား၏။
ထို့နောက် တစ်စုံတစ်ခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ဟန်ဖြင့် သူမသည် မှော်စက်၀န်း တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
ဝုန်းခနဲ... ခန့်ညားလှတဲ့ မီးတောက်ကျား ကြီးတစ်ကောင် သူမဘေးမှာ ပေါ်လာပြီး ကျားကြီးက သခင့်အမိန့်ကို စောင့်နေလေသည်။ ကီးလ် ကတော့ ဘာအမိန့်မှ မပေးဘဲ ကျားကြီးရဲ့ မေးစေ့ကိုကိုင်ကာ ကြီးမားလှသော ခေါင်းကြီးကို အသည်းယားစွာဖြင့် အကြိမ်ကြိမ် ပွတ်သပ် ပေးနေတော့သည်။
"မီးတောက်ကျားက တကယ် ချစ်ဖို့ကောင်းတာပဲ... "
"မြောင်...??