အခန်း (၁၄) - နှစ်ယောက်တစ်တွဲ လက်တွေ့တိုက်ပွဲ
နေ့လယ်စာစားနားပြီးနောက် လက်တွေ့တိုက်ခိုက်ရေးအတန်း စတင် တော့သည်။
အင်ပါယာရဲ့ ကျယ်ပြောလှတဲ့ နယ်မြေတွေထဲမှာ မိစ္ဆာသတ္တဝါ ပေါင်း ထောင်နဲ့ချီပြီး နေထိုင်ကြတာကြောင့် သူတို့ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ လက်တွေ့လေ့ကျင့်ခန်းဟာ အလွန်အရေးကြီး လှသည်။
ကျောင်းသားအားလုံးဟာ မနေ့က ဝင်ခွင့်စာမေးပွဲဖြေဆိုခဲ့တဲ့ ခန်းမမှာပဲ စုဝေးနေကြသည်။ လက်တွေ့သင်ခန်းစာတွေနဲ့ ဝင်ခွင့်စာမေးပွဲတွေကို ဒီမှာကျင်းပရတဲ့ အကြောင်းရင်းကတော့ ခန်းမ ရဲ့ လုံခြုံမှု ကြောင့်ပင် ဖြစ်သည်။
လေ့ကျင့် ရေး ခန်းမရဲ့ ထောင့်တိုင်းမှာ မှော်အတတ်နဲ့ ပျက်စီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ အစီအရင် တွေကို အင်ပါယာရဲ့ အကြီးကျယ်ဆုံး မှော်ဆရာကြီး အာဆီမန်းစ် က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကတည်းက တည်ဆောက်ထားပေး ခဲ့ခြင်းဖြစ်သည်။
ဘယ်လို မှော်အတတ်နဲ့ တိုက်ခိုက်မှုမျိုးကိုမဆို ခံနိုင်ရည်ရှိတာကြောင့် အရေးကြုံလာရင် ယာယီခိုလှုံရာနေရာအဖြစ် ပင် အသုံး ပြုနိုင် ပေသည်။
“ဒီနေ့က မင်းတို့ရဲ့ ပထမဆုံး လက်တွေ့တိုက်ခိုက်ရေး အတန်းပဲ။ မနက်က သင်ခဲ့တဲ့ စစ်ဗျူဟာသီအိုရီတွေကို သေသေချာချာ နားထောင်ခဲ့ကြတယ် မဟုတ်လား?”
ကီးလ် ဟာ ခန်းမကြီးရဲ့ အလယ်ဗဟိုမှာ မတ်မတ်ရပ်ရင်း မေးလိုက်သည်။သူမရဲ့ တည်ကြည်လွန်းတဲ့ မျက်နှာဟာ ဘယ်သူ့ကိုမှ ငေါက်ငမ်းဟန့်တားခြင်း မပြုဘဲနဲ့တင် အလိုလိုနေရင်း ကြောက်ရွံ့ရိုသေမှုကို ဖြစ်ပေါ် နေစေတော့သည်။
ဒါပေမဲ့ ထူးခြားတာက သူမရဲ့ မျက်နှာလေးဟာ အလွန်ကို ချစ်စရာကောင်းလွန်းနေတာ ဖြစ်သည်။ ထိုကြောက်စရာကောင်းတဲ့ အရှိန်အဝါနဲ့ နုနယ်ချစ်စရာကောင်းတဲ့ ရုပ်ရည်တို့ရဲ့ ဆန့်ကျင်ဘက် အလှတရားက ယု ကို ဆွဲဆောင်နေတော့ သည်။
တစ်ခန်းလုံးမှာ ယု တစ်ယောက်တည်းသာ သူမရဲ့ အလှမှာ မိန်းမောနစ်မျောနေပေမဲ့ ကျန်တဲ့ကျောင်းသားတွေကတော့ ဒီ “မီးတောက်စုန်းမ” ရဲ့ ကြောက်စရာကောင်းတဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားကြ လေသည်။
ခန်းမတစ်ခုလုံးဟာ အပ်ကျသံတောင် မ ကြားရလောက်အောင် တိတ်ဆိတ်သွား တော့သည်။
အကြောင်း ရင်း ကတော့ တစ်ယောက်ယောက်က “နားထောင်ခဲ့ပါတယ်” လို့ ဖြေလိုက်လို့ သူမက ပြန်မေးတဲ့အခါ မဖြေနိုင်ခဲ့ရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပါပဲ။ “မကြားလိုက်ဘူး” လို့ ဖြေရင်တော့ ပိုလို့တောင် အခြေအနေ ဆိုးသွားနိုင်သည်။ ဒါကြောင့် ဘယ်သူမှ စကားမဟဘဲ ငြိမ်သက် နေကြသည်။
“ဘယ်သူမှ မဖြေဘူးဆိုတော့ အားလုံး နားထောင်ခဲ့တယ်လို့ပဲ ငါ သတ်မှတ်လိုက်မယ်။ ဒါဆိုရင် ဒါကတော့ ဒီနေ့ လက်တွေ့အတန်းအတွက် မင်းတို့ရဲ့ ပြိုင်ဘက်ပဲ။”
ကီးလ်က လက်ကို ဆန့်ထုတ်လိုက်တဲ့အခါ သူမဘေးမှာ အချင်း နှစ်မီတာလောက်ရှိတဲ့ မှော်အစီအရင် တစ်ခု ချက်ချင်း ပေါ်လာသည်။ အဲ့ဒီနောက်မှာတော့ အမြီးဖျားမှာ မီးတောက်တွေ တဖျတ်ဖျတ် တောက်နေတဲ့ အနီရောင် ကျားတစ်ကောင်ဟာ အစီအရင်ထဲကနေ ခုန်ထွက်လာ လေသည်။
ကျားရဲ့ ကိုယ်ပေါ်မှာ အနက်ရောင် အစင်းကြောင်းတွေရှိပြီး အနီရောင် အမွှေးအမျှင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ တကယ်ကို ခန့်ညားထည်ဝါလှသည်။ ပါးစပ်ဘေးက ထွက်နေတဲ့ အစွယ်နှစ်ချောင်းကလည်း ကြည့်ရုံနဲ့တင် ကျောချမ်းစရာ ဖြစ်နေသည်။ အရေးကြီးဆုံးကတော့ အဲ့ဒီကျား အသက်ရှူလိုက်တိုင်း ပါးစပ်ဘေးမှာ မီးလျှံတွေ တောက်လောင်နေတာ ပင် ဖြစ်သည်။
“မီးတောက်ကျား ??”
မျက်မှန်တပ်ထားတဲ့ ကျောင်းသားတစ်ယောက်က ဒီဆင့်ခေါ်သတ္တဝါရဲ့ နာမည်ကို ချက်ချင်း အော်ပြောလိုက် တော့သည်။
“မင်းမှာ ဗဟုသုတ ရှိသားပဲ။ ဒါက မီးတောက်ကျားပဲ၊ မီးဓာတ်ဆင့်ခေါ်သတ္တဝါတွေထဲမှာ အတွေ့ရများတဲ့ အမျိုးအစားပေါ့။ ဒါက မင်းတို့ ဒီနေ့ အနိုင်ယူရမယ့် ရန်သူပဲ။”
မီးတောက်ကျားဟာ ကီးလ်ရဲ့ ဘေးမှာ ထိုင်နေပြီး ခန်းမထဲက ကျောင်းသားတိုင်းကို ထည်ဝါတဲ့ အကြည့်တွေနဲ့ ဝေ့ကြည့်နေသည်။ ဒီကျားဟာ မနေ့က မီးတောက်ဝံပုလွေလောက် အင်အားမကြီးပေမဲ့ သာမန်ဆင့်ခေါ်သတ္တဝါတွေထဲမှာတော့ အလွန်အစွမ်းထက်လှသည်။
“ကျွန်တော်တို့ အကုန်လုံးက ဒီကျားတစ်ကောင်တည်းကို တိုက်ရမှာလား? ဒါက ကျွန်တော်တို့ကို အထင်သေးလွန်းရာ မရောက်ဘူးလား?” ဟု ကျောင်းသား တစ်ယောက် က မေးခွန်းထုတ်လိုက်သည်။
“မင်းတို့ အားလုံးပေါင်းပြီး တိုက်ရမယ်လို့ ငါ ပြောလို့လား??”
“????”
ထို့နောက် ကီးလ်ရဲ့ အနောက်မှာ အစောကလို မှော်အစီအရင် ၁၅ ခု ထပ်ပြီး ပေါ် ပေါက်လာသည်။အစီအရင်ရဲ့ အလင်းတန်းတွေကြားက ထွက်ပေါ်လာတာကတော့ တခြားမဟုတ်ဘဲ “မီးတောက်ကျား” တွေပါပဲ။
“ဒီနေ့ နေ့လယ် လက်တွေ့အတန်းက နှစ်ယောက်တစ်တွဲ တွဲပြီး မီးတောက်ကျား တစ်ကောင်ကို အနိုင်ယူရမယ်။ ရှုံးတဲ့သူတွေကတော့ မနက်က သင်ခဲ့တဲ့ သီအိုရီစာအုပ် တစ်အုပ်လုံးကို အကြိမ် ၁၀၀ ကူးရမယ်။”
ကီးလ်ရဲ့ စကားကြောင့် ကျောင်းသားအားလုံး ဆွံ့အ သွားကြသည်။ မနက်က သင်ခဲ့တဲ့ သီအိုရီက စာမျက်နှာ ၁၂ မျက်နှာတောင် ရှိတာပါ။ ဒါကို အကြိမ် ၁၀၀ ကူးရမယ်ဆိုရင်တော့ ဒီတစ်သက် အဆောင်ကနေ ထွက်ရတော့မှာ မဟုတ်ပါဘူး။
“ဟို... ဆရာမ ကီးလ်၊ မနက်ပိုင်းက မီးတောက်ကျားကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မသင်ပေးခဲ့ဘူးလေ။”
ကျောင်းသားတစ်ယောက်က တုန်တုန်ရင်ရင်နဲ့ လက်ညှိုးထောင်ပြီး မေးလိုက်သည်။
“မင်းတို့က သင်ယူပြီးသားအရာကနေ ဆက်စပ်တွေးခေါ်တတ်ရမယ်လေ။ မင်းတို့ထဲမှာ စွန့်စားသူ တွေ အများကြီး ပါတာပဲ မဟုတ်လား? ဒီလောက်အဆင့်ရှိတဲ့ မိစ္ဆာသတ္တဝါကို ကိုင်တွယ်ဖို့ အတွေ့အကြုံတွေ အများကြီး ရှိမှာပေါ့။”
ကျောင်းသား ၃၂ ယောက်ထဲမှာ အရင်က စွန့်စားသူ လုပ်ခဲ့ဖူးသူတွေနဲ့ ရေခဲနဂါးနှိမ်နင်းရေး အဖွဲ့မှာ ယာယီပါဝင်ခဲ့ဖူးသူတွေ ရှိနေမှန်း ကီးလ် တစ်ယောက် ကောင်းကောင်းသိ သော ကြောင့် အလေးမထား သလို ပုံစံ ဖြင့်ပြောလိုက်သည်။
တကယ်တမ်း တွင်တော့ ထိုလူငယ် အတော်များများရဲ့ အဆင့်အတန်းက စွန့်စားသူအသင်း ထဲမှာ အခြေခံ အောက်ခြေအဆင့်လောက်သာ ရှိကြတာ ဖြစ်သည်။
ပုံမှန်အားဖြင့် မီးတောက်ကျား လိုမျိုး ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို ရင်ဆိုင်ရတဲ့အခါ သူတို့ဟာ အတွေ့အကြုံရင့်ကျက်တဲ့ စွန့်စားသူကြီးတွေရဲ့ ဘေးနားကနေ ဝိုင်းဝန်းကူညီမှုမျိုးကိုသာ အားကိုးခဲ့ကြရခြင်း ဖြစ်သည်။
သို့သော်လည်း ယခုဒီနေရာမှာတော့
သူတို့ကို အကာအကွယ်ပေးပြီး ကူညီပေးမယ့်သူ တစ်ယောက်မှ မရှိပဲ ကိုယ်ပိုင် အစွမ်း ဖြင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။