အခန်း (၁၃) နေ့လည်စာ အတူစားခြင်း
ပျင်းစရာကောင်းတဲ့ သမိုင်းသင်ခန်းစာ ပြီးဆုံးသွားချိန်မှာတော့ နေ့လယ်စာစားချိန် ရောက်ရှိလာခဲ့သည်။
အထူး တန်း က ကျောင်းသားတွေဟာ အထူးအခွင့်အရေးအနေနဲ့ ကျောင်းကပေးတဲ့ အစားအသောက်တွေကို အလကား မှာယူစားသောက်ခွင့် ရှိကြသည်။
စားတာ မစားတာဟာ ယု အတွက် အရေးကြီးတဲ့အရာ မဟုတ်ပေမယ့် လူ့လောကကို ရောက်လာပြီးနောက်မှာတော့ သူ့အစာအိမ်ဟာ အရင်လို မဟုတ်တော့ ပေ။
အကြောင်းရင်းကတော့ လူတွေချက်ပြုတ်တဲ့ အစားအစာတွေဟာ သူထင်ထားတာထက် များစွာ အရသာရှိလွန်းနေလို့ပဲ ဖြစ်သည်။
ယု က စားပွဲပေါ်မှာ ထမင်းဟင်းအပြည့်နဲ့ ထိုင်ပြီး အားရပါးရ စားနေသည်ကို ကြည့်ရင်း အနီးနားမှာ ထိုင်နေတဲ့ ကျောင်းသားတွေကတော့ တီးတိုးပြောဆိုနေကြသည်။
“ဟေး… ဟိုကောင်လေးကို ကြည့်စမ်း။ တောသားမြို့တက်ကျနေတာပဲ၊ ဒါမျိုး တစ်ခါမှ မစာဖူးဘူးထင်တယ်!"
“ဟုတ်တယ်။ အလကားရတယ်ဆိုပြီး အများကြီး မှာစားနေတာ။
။ သူ့ဗိုက်က ဘယ်လောက် တောင် ဆန့်တာလည်း။”
သူတို့ရဲ့ မျက်လုံးထဲမှာ ယု ကို အထင်သေး တဲ့ အရိပ်အယောင်တွေ ထင်ရှားနေသည်။
“အဲဒီလိုလူမျိုးက ဘာလို့ အထူးတန်းထဲ ဝင်လာနိုင်တာလဲဆိုတာ ငါတော့ နားမလည်ဘူး။”
“ကီးလ် မပြောဘူးလား။ သူက ကံကောင်းတာလို့။ ဒီနေ့လည်း အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောပြီး ဆရာ ဂေးလ် ကို ကြောင်သွားစေတာပဲလေ။”
“ဆရာ ဂေးလ် က အသက်ကြီးပြီး မေ့တတ်လာတာ ဖြစ်မယ်။ ဒီကောင်လေးက ကံကောင်းပြီး ခန့်မှန်းပြီး ပြောလိုက်တာပဲ။”
အဲဒီအချိန်မှာပဲ အနီးမှာ ထိုင်နေတဲ့ ကိုင်လ် က သူတို့ဘက်ကို လှည့်ကြည့်ကာ တစ်ခန်းလုံး ကြားလောက်သည့် အသံဖြင့် ပြောလိုက်သည်။
“ကံကောင်းတာ တစ်ကြိမ်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒုတိယအကြိမ်တော့ မဖြစ်နိုင်ဘူး။ တစ်နေ့မဟုတ်တစ်နေ့ ဒီတောသား ကို ဒီကျောင်းကနေ ကန်ထုတ်ပစ်မယ်!"
ကိုင်လ် ဟာ အစွမ်းအစ ရှိသည့် ထိပ်တန်း ကျောင်းသား ဖြစ်ရုံသာ မက ပဲ မိသားစု နောက်ခံ အရှိန်အ၀ါလည်း ရှိသူ ဖြစ်သည်။သူ့အတွက် ဒီစကားတွေဟာ ယု ကို ဘယ်သူက အာဏာရှိသူလဲ ဆိုတာ သတိပေးဖို့ပဲ ဖြစ်သည်။
ဒါပေမယ့် ကိုင်လ် က ယု ရဲ့ ကြောက်ရွံ့နေတဲ့ မျက်နှာကို ကြည့်မယ်လို့ လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဒေါသထွက်သွား တော့သည်။
အကြောင်းကတော့ ယု ရဲ့ အရှေ့ မှာ ထိုင်ပြီး စားနေသူက အားလုံးရဲ့ နှလုံးသားထဲက နတ်သမီးလို သဘောထားကြတဲ့ အိုင်းရှာ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ယု ကတော့ ရှေ့မှာ ထိုင်နေတဲ့ အိုင်းရှာ ကို ကြည့်ပြီး လက်ထဲက စားလက်စ ဇွန်းခက်ရင်းကို ကိုင်ကာ ကြောင်ပျောက် နေလေသည်။
“မကောင်းတော့ဘူး… ဒီလောက်မြန်မြန် အိုင်းရှာ နဲ့ အတူထိုင်ပြီး စားရမယ်လို့ မထင်ခဲ့ဘူး… ဘာလုပ်ရမလဲ…”
ဒါက 'ဒိတ်' လုပ်တာ မဟုတ်ပေမယ့်လည်း သူကြိုက်တဲ့ မိန်းကလေးနဲ့ မျက်နှာချင်းဆိုင် ထိုင်စားရတာက ယု အတွက်တော့ အရမ်းကို ရင်ခုန်စရာ အခိုက်အတန့် ဖြစ်နေသည်။
လူသားတွေရဲ့ ဝတ္ထုထဲမှာ ဖတ်ဖူးတာကတော့ "အချစ်ဇာတ်လမ်း တော်တော်များများဟာ ထမင်းစားပွဲကနေ စတင်တာ" တဲ့လေ။
ကြောင်အအ ဖြစ်နေသည့် ယု ပုံစံ ကိုကြည့်ပြီး
အိုင်းရှာ က အားနာ ဟန်ဖြင့် မေးလိုက်သည်။
“ငါ ဒီမှာ ထိုင်နေတာ… နင့် အတွက် အနှောင့်အယှက်ဖြစ်နေတာ မလား?”
“ဟုတ်တယ်…”
“ သွားပြီ... ငါ ဘာတွေ ပြောလိုက်တာလဲ! ငါ ဘာလုပ်ရမလဲဆိုတာပဲ အသည်းအသန် စဉ်းစားနေလို့ သူဘာမေးမှန်းတောင် မကြားဘဲ ဖြေလိုက်မိပြီ!”
ယု တစ်ယောက် ဆောက်တည်ရာ မရ ဖြစ်သွားတော့သည်။
“ဒါဆိုရင်… ငါ တခြားနေရာကို ပြောင်းထိုင်လိုက်မယ်။”
အိုင်းရှာ က စိတ်ပျက်သွားတဲ့
မျက်နှာနဲ့ ထမင်း ပန်းကန် ကို ကိုင်ကာ ထရန် ပြင်လိုက်သည်။
ထို အချိန်မှာပဲ ယု က အလျင်အမြန် ပြောလိုက်သည်။
“နေဦး!! နေဦး!! နင် ဒီမှာ မရှိရင် ငါ ပိုပြီး စိတ်မကောင်းဖြစ်ရမှာ!”
အိုင်းရှာ က ခဏလောက် အံ့သြသွားပြီးနောက် နှုတ်ခမ်း
လေးမှာ အပြုံးလေး တဖြည်းဖြည်း ပေါ်လာသည်။
“နင် က တကယ်ထူးဆန်းတာပဲ။ ငါထိုင်ရင်လည်း အခက်တွေ့တယ်… မထိုင်ရင်လည်း အခက်တွေ့တယ်ဆို တော့ ဘာကြောင့်လဲ?”
ယု က နည်းနည်းရှက်သလို ပြန်ဖြေလိုက်သည်။
“အဲဒါက… မင်းကို တွေ့ရတာ ငါ အရမ်းပျော်တယ်… ဒါပေမယ့် မင်းကို ပျော်အောင် ဘယ်လိုလုပ် ပေးရမလဲ မသိလို့ပါ…”
ဒါကို ကြားတော့ အိုင်းရှာ က ဝါးခနဲ ချက်ချင်း ရယ်လိုက်သည်။
သူမရဲ့ လှပတဲ့ မျက်နှာလေးက အဲဒီလို ရယ်လိုက်တဲ့အခါမှာ ပိုပြီး ဆွဲဆောင်မှု ရှိသွားတာကြောင့် အတန်းထဲက ယောက်ျားလေးတွေအားလုံးရဲ့ နှလုံးသားကို တစ်ချက်တည်းနဲ့ သိမ်းပိုက်လိုက်သလို ဖြစ်သွားခဲ့သည်။
ဒါပေမယ့် အဲဒီအချိန်မှာ ယောကျ်ားလေးအများစုရဲ့ မျက်လုံးတွေဟာ အိုင်းရှာ ပေါ်မှာ မဟုတ်တော့ပဲ မနာလိုခြင်း၊ မကျေနပ်ခြင်းနဲ့ မုန်းတီးမှုတွေ အပြည့်နှင့် ယု ကိုသာ ဝိုင်းကြည့်နေလိုက်ကြသည်။
အထူးသဖြင့် ကိုင်လ် ဟာ မီးဟုန်းဟုန်းတောက်သည့် အကြည့်ဖြင့် ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
အင်ပါယာ မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့ သူ့ဘဝမှာ ဒီလောက်အထိ ဒေါသမထွက်ဖူး ခဲ့ချေ။
သူ့စကားကို လုံးဝ မလေးစားဘဲ လျစ်လျူရှုထားသလို၊ သူ နှစ်သက်နေတဲ့ မိန်းကလေးနဲ့တောင် သူ့ရှေ့မှာပဲ စကားပြောရယ်မောနေကြသည်။
“မကောင်းတဲ့ကောင်…”
“ဒီကောင်ကို တစ်နေ့ကျရင် ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ပါဆိုပြီး တောင်းဆိုအောင် လုပ်ပြမယ်…”
ဒါပေမယ့် အင်ပါယာ မိသားစုရဲ့ သားတော်တစ်ယောက်အနေနဲ့ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးကို တိုက်ရိုက် မလုပ်နိုင် ပေ။ဒါကြောင့် အခုအချိန်မှာတော့ သူ့ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားရင်း အံကြိတ်နေခဲ့ရသည်။