အခန်း (၁၂) - ဆရာကြီးကိုမှ ပညာစမ်းမိခြင်း (၂)
"ဟင်း..."
ယု တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပါတယ်။ နတ်မိမယ်လေး အိုင်းရှာနဲ့ ဝေးကွာမသွားစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သူ့ဦးနှောက်ကို အစွမ်းကုန်သုံးပြီး အသည်းအသန် ပြန်စဉ်းစားလိုက်သည်။
’သတ္တမမြောက် တမန်တော်နဲ့ လူသားတွေကြားက စစ်ပွဲလား? တစ်ခုခုတော့ မှတ်မိသလိုပဲ...'
သူ့ရဲ့ မှတ်ဉာဏ်တွေက ဝေဝါးနေပေမဲ့ သတ္တမမြောက် တမန်တော် ဆေလီယာ တစ်ယောက် သူ့ဆီကို ပြေးလာပြီး ပြဿနာလာရှာ၊ အမှုလာတိုင်ခဲ့တဲ့ မြင်ကွင်းကိုတော့ ယု ခပ်ရေးရေး မှတ်မိနေသည်။
"လူသားတွေက တော်တော်လေးကိုအတင့်ရဲ လာကြပြီ! ငါ့ရဲ့ လက်စွပ်ကို ခိုးသွားရုံတင်မကဘူး၊ အဲ့ဒါကို သုံးပြီး ငါ့ကို ပြန်ခြိမ်းခြောက်နေကြသေးတယ်! ဟေး! ယုမန်... နင် ငါပြောတာ နားထောင်နေရဲ့လား? ငါ့လက်စွပ်နဲ့ ငါ့ကို ပြန်ခြိမ်းခြောက်နေတာလို့! နင်ငါ့ဖက် က မပါဖူးလား?!"
"လက်စွပ်တစ်ကွင်းတည်း မဟုတ်လား? ဘာများ အရေးကြီးလို့လဲ။ နင်လည်း ဒဏ်ရာရတာမှ မဟုတ်တာ။ ဘာမှမဖြစ်ရင် မြန်မြန်ပြန်တော့။ ငါ့ရဲ့ စာပေလေ့လာမှုကို လာမနှောင့်ယှက်နဲ့။"
ဒေါသတကြီး ဖြစ်နေတဲ့ ဆေလီယာရဲ့ ပုံရိပ်ကို ယု ပြန်မြင်ယောင်လာသည်။ အဲ့ဒီအချိန်တုန်းက ယု ဟာ လူသားတွေရေးတဲ့ ဝတ္ထုတွေကို ဖတ်ဖို့ အရူးအမူး စွဲလမ်းနေတာကြောင့် သူမပြောတာကို နားထောင်ဖို့ စိတ်ကူး မရှိခဲ့ ပေ။
"အာ... ဆေလီယာရဲ့ လက်စွပ်ကို တစ်ယောက်ယောက် ခိုးသွားတာ ကျွန်တော် မှတ်မိပြီ။"
ယု အဲ့ဒီလို ပြောလိုက်တဲ့အခါ တစ်ခန်းလုံး အံ့အားသင့် သွား ကြသည်။
ကျောင်းသားတွေ အံ့ဩသွားရတဲ့ အကြောင်းရင်း နှစ်ခု ရှိသည်။ပထမအချက်မှာ သူသည် သတ္တမတမန်တော်၏ အမည်ကို ပေါ့ပေါ့တန်တန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ပွဲဖြစ်ပွား ရခြင်းမှာ တစ်စုံတစ်ယောက်က သူမ၏အမည်ကို ခေါ် ဆိုခဲ့သောကြောင့်ဟု ကောလာဟလ များပင် ရှိသေးသည်။
ဒုတိယ အကြောင်းရင်းကတော့ ယု ရဲ့ အဖြေက ထူးဆန်း နေသည်။လူသားတွေ တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်ခဲ့တာက တမန်တော်ရဲ့ လက်စွပ်ကို ခိုးယူနိုင်ခဲ့လို့လား? ဒါမျိုးက ဘယ်သမိုင်းစာအုပ်ထဲမှာမှ ရေး ထားမည် မဟုတ်ချေ။အခုအချိန်မှာတော့ အကုန်လုံး က ယု တစ်ယောက် အတန်းပြင် ကန်ထုတ်ခံ ရတော့မည် ဟု တွေးနေကြသည်။
စင်ပေါ်က ပရော်ဖက်ဆာ ဂေးလ်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ဂေးလ်ရဲ့ မျက်နှာကလည်း သူတို့လိုပဲ အံ့ဩတုန်လှုပ်နေတာကို တွေ့လိုက်ရသည်။
တကယ်တော့ ဂေးလ် မျှော်လင့်ထားတဲ့ အဖြေက လူသားပါရမီရှင်တီထွင်သူ အိုက်ဆဲလ် က စွမ်းအားမြင့် မှော်စွမ်းအင်တွေ ထုတ်လွှတ်နိုင်တဲ့ မှော်စက်ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့လို့၊ အဲ့ဒီစွမ်းအားကြောင့် သတ္တမမြောက် တမန်တော်က အခြေအနေကို ရိပ်မိပြီး စစ်ပွဲကနေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖြစ် ပြောင်းလဲသွားတာ... ဆိုတဲ့ အဖြေမျိုး ဖြစ်သည်။
မေးခွန်းမှာ လှည့်ကွက်အနည်းငယ်ရှိပေမယ့် စာသေချာ လေ့လာထားတဲ့ ကျောင်းသားတိုင်း ဒီအဖြေကို ဖြေနိုင်မှာ ဖြစ်သည်။
ဒါပေမယ့် ယု ပေးတဲ့အဖြေက 'မှန်ကန်တဲ့' အဖြေထက်တောင် ပိုမှန်ကန် နေသည်။ ထိုစစ်ပွဲမှာ အနိုင်ရခဲ့တဲ့ အဓိက အကြောင်းရင်းကို စကားတစ်ခွန်းတည်းနဲ့ ထိုးကွင်းမြင်အောင် ပြောလိုက်သလိုပင် ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ထိုအချိန်က စက်ကိရိယာကနေ အစွမ်းထက်တဲ့ စွမ်းအင်တွေ ထွက်လာနိုင်တာဟာ မှော်အစွမ်းတွေ ပြည့်နှက်နေတဲ့ တမန်တော်ရဲ့ လက်စွပ်ကြောင့်သာ ဖြစါသည်။ အိုက်ဆဲလ် သာ အဲ့ဒီလက်စွပ်ကို မခိုးနိုင်ခဲ့ရင် ထိုပြင်းထန်တဲ့ လက်နက်ကို တီထွင် နိုင်ခဲ့မည် မဟုတ် ချေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် အံ့ဩနေတဲ့ ဂေးလ်က နောက်ဆုံးမှာ စကားပြောလာသည်။ "မင်းနာမည် ဘယ်သူလဲ?"
ပရော်ဖက်ဆာ ဂေးလ်က ယု ရဲ့ အနားကို လျှောက်လာပြီး အထင်ကြီးလေးစားတဲ့ အကြည့်နဲ့ သေသေချာချာ ကြည့်လိုက်သည်။
"ကျွန်တော့်နာမည်က ယု ပါ။"
"ကောင်းပြီ... ကျောင်းသား ယု ၊ ထိုင်နိုင်ပါပြီ။ ကဲ... သင်ခန်းစာကို ဆက်ကြစို့။"
ပရော်ဖက်ဆာ ဂေးလ်ရဲ့ စကားကြောင့် အတန်းထဲက ကျောင်းသားတွေဟာ ပိုလို့တောင် အံ့ဩသွားကြသည်။
"ပရော်ဖက်ဆာ ဂေးလ်! ဘာလို့ သူ့ကို အတန်းထဲက မထုတ်တာလဲဗျ?!"
လူတိုင်း သိချင်နေတဲ့ မေးခွန်းကို မေးလိုက်သူကတော့ မနေ့က အိုင်းရှာကို ကယ်တင်ခဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ ရွှေရောင်ဆံပင်နဲ့ ကျောင်းသား ကိုင်လ် ပဲ ဖြစ်သည်။
"ငါ မှတ်မိသလောက်ဆိုရင် မင်းနာမည်က ကိုင်လ် မဟုတ်လား? မင်းက ဒီအထူးတန်းရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ။ ဆရာမ ကီးလ်က မင်းအကြောင်း ငါ့ကို ပြောပြဖူးတယ်။ ဒါပေမဲ့ မင်းအနေနဲ့ သမိုင်းစာအုပ်တွေကို ပိုဖတ်ဖို့ ငါ တိုက်တွန်းချင်တယ်။ ဒါမှ တမန်တော်တွေနဲ့ မှော်ပညာအကြောင်းကို ပိုနားလည်နိုင်မှာ။"
ဂေးလ်က ဇဝေဇဝါဖြစ်နေတဲ့ ကိုင်လ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ကျောင်းသား ယု ပြောသွားတာကို မင်းတို့ နားမလည်တာ မဆန်းပါဘူး။ သာမန်စာအုပ်တွေမှာ ဒီလောက်အထိ အသေးစိတ် ရေးမထားကြဖူး။ စာကြည့်တိုက်မှာ အချိန်ကုန်ပြီး သမိုင်းကို သေသေချာချာ လေ့လာတဲ့သူမှသာ ဒီအဖြေကို ပေးနိုင်မှာ။ ဒါက အမှန်ကန်ဆုံး အဖြေလည်း ဖြစ်တယ်။ အသေးစိတ်ကိုတော့ ခဏနေရင် ငါ ရှင်းပြမယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ မင်းတို့ကို တစ်ခုပြောချင်တာက ယု လိုပဲ တမန်တော်တွေရဲ့ နာမည်ကို ဗြောင်ခေါ်ရဲတဲ့ သတ္တိရှိစေချင်တယ်။ ငါတို့က သူတို့ကို မကြောက်ဘဲ သူတို့ကို နားလည်အောင် ကြိုးစားပြီး အနိုင်ယူရမယ်! ဒါမှသာ လူသားတွေ ဆက်လက် တိုးတက်နိုင်မှာ။"
...
အဲ့ဒီအချိန်မှာတော့ ယု ဟာ သူ့ရဲ့ အဆင့်အတန်းနဲ့ ရည်မှန်းချက်တွေကို ပြန်တွေးမိပြီး ကြောင်အနေတော့သည်။(ငါက တမန်တော်လေ... ငါ့ကိုယ်ငါ ပြန်အနိုင်ယူရမှာလား?)