အထူးတန်း ရဲ့ မနက်ခင်း အပြေးလေ့ကျင့်ခန်း ပြီးဆုံးသွားချိန်မှာတော့ မနက် ၉ နာရီ ထိုးနေပြီ ဖြစ်သည်။ ပထမဆုံးနေ့ သင်ရိုးညွှန်းတမ်းကတော့ တော်တော်လေး ရိုးရှင်းလှသည်။
မနက်ပိုင်းမှာ သီအိုရီအတန်းတွေနဲ့ နိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းကို သင်ယူရမှာဖြစ်ပြီး၊ မွန်းလွဲပိုင်းမှာတော့ လက်တွေ့လေ့ကျင့်ခန်းများ သင်ကြားခြင်း ဖြစ်သည်။
ပထမဆုံးသင်ခန်းစာကတော့ ကီးလ် သင်ကြားတဲ့ မှော်ပညာ သီအိုရီ တန်းဖြစ်သည်။
အစပိုင်းမှာတော့ ယု ဟာ စာသင်တာကို စိတ်မဝင်စားဘဲ ဘေးနားက အိုင်းရှာ ကိုပဲ ငေးကြည့်နေ လေသည်။ ဒါပေမဲ့ ကီးလ်ရဲ့ စူးစူးဝါးဝါး စိုက်ကြည့် နေသည့် အကြည့် တွေကို မြင်လိုက်ရ ပြီး နောက်မှာ တော့ လိမ်လိမ်မာမာနဲ့ ဟောပြောပို့ချချက်တွေကို လ်ုက်နားထောင် တော့သည်။
နားထောင်ရင်းနဲ့ ယု တော်တော်လေး အံ့ဩသွားရသည်။ သူ ထင်ထားသည်မှာ လူသားတွေဟာ လက်နက်ချင်း ယှဉ်တိုက်တဲ့ခေတ်မှာပဲ ရှိနေသေးပြီး လူနည်းစုလောက်ပဲ မှော်အစွမ်း ရှိကြတယ်လို့ ထင်ထားတာပါ။
အခုမှပဲ ယနေ့ခေတ် လူသားအတော်များများဟာ အတိုင်းအတာတစ်ခုအထိ မှော်ပညာကို အသုံးပြုနိုင်စွမ်း ရှိကြတယ်ဆိုတာ သူ သိလိုက်ရသည်။
လူအနည်းစု သာ မြင့်မားတဲ့ မှော်ပါရမီရှိကြပြီး တိုက်ပွဲတွေမှာ မှော်ပညာကို တိုက်ရိုက် သုံးနိုင်ကြသည်။ ကျန်တဲ့ အများစုကတော့ သူတို့ရဲ့ လူနေမှုဘဝ တိုးတက်ဖို့အတွက် မှော်ကို သုံးကြသလို၊ တချို့ကတော့ ဓားသိုင်းလိုမျိုး တိုက်ခိုက်ရေးပညာတွေနဲ့ မှော်ကို ပေါင်းစပ်ပြီး တိုက်ခိုက်ရေးစွမ်းရည် မြင့်တင်ဖို့ သုံးစွဲကြသည်။
အဲ့ဒီနောက်မှာတော့ ကီးလ်က မိစ္ဆာသတ္တဝါ တွေကို အမဲလိုက်တဲ့ စစ်ဗျူဟာသီအိုရီအကြောင်း သင်ကြားတဲ့အခါမှာတော့ ယု တစ်ယောက် ငိုက်မြည်းလာတော့သည်။
နောက်တစ်ချိန် "လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း" အတန်းမှာတော့ ကီးလ် မဟုတ်တော့ဘဲ အရပ်ပုပု နဲ့ အဖိုးကြီး ဂေးလ် က ဝင်ရောက်သင်ကြားခဲ့သည်။
ယု ကတော့ လူသားတွေရဲ့ တိုးတက်မှု သမိုင်းကို စိတ်မဝင်စားတာကြောင့် အိုင်းရှာရှိရာကိုသာ ငေးကြည့်နေလိုက်သည်။
ငေးကြည့် နေရင်း ကနေ ယု တစ်ယောက် အိုင်းရှာဆိုတဲ့ မိန်းကလေးနဲ့ ဘယ်လို ရင်းနှီးအောင် လုပ်ပြီး နောက်ပိုင်းမှာ ဇနီးအဖြစ် လက်ထပ်ယူရမလဲ ဆိုတာ စိတ်ကူးယဉ်နေမိသည်။
ထိုစဉ်မှာပင်.....
"ဟိုး... နောက်ဆုံးကနေ ဒုတိယတန်းမှာ ထိုင်ပြီး မျက်နှာကြီး ရူးကြောင်ကြောင်နဲ့ ကောင်! မင်း ထပြီး ဒီမေးခွန်းကို ဖြေစမ်း!"
စင်မြင့်ပေါ်က အဖိုးကြီး ဂေးလ် က ယု ကို လက်ညှိုးထိုးပြီး
အော်ဟစ်လိုက်သည်။
ခဏတာအတွင်းမှာပဲ အတန်းထဲက ကျောင်းသားအားလုံး ယု ကို လှည့်ကြည့်လိုက်ကြသည်။ ယု ကတော့ ပတ်၀န်းကျင် ကို သတိမထားမိဘဲ အိုင်းရှာကိုသာ ပြုံးစိစိ မျက်နှာပေး နှင့် ဆက်လက် ငေးကြည့်နေ လေသည်။
အိုင်းရှာ တစ် ယောက် ရှက်လွန်းလို့ မျက်နှာကြီး နီမြန်းကာ စာအုပ်နှင့် ကွယ်ထားလိုက်တော့သည်။
"ဟေး! မိန်းမရူးကောင်! ဆရာကြီး ဂေးလ် က မင်းကို ခေါ်နေတယ်!"
ယု ရှေ့မှာ ထိုင်နေတဲ့ ကျောင်းသားက သူ့အင်္ကျီလက်ကို လှမ်းဆွဲကာ သတိပေးလိုက်သည်။
"ဗျာ!? ဘာ... ဘာလဲဗျ??"
ဘာမှ နားမထောင်ထားတဲ့ ယု ဟာ ထိတ်လန့်တကြားနဲ့ ထရပ်လိုက်သည်။
"ဘာ 'ဘာလဲ' လဲ? မြန်မြန်ပြောစမ်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ က လွင့်မျောနေသော မြို့တော် ကို ဘယ်သူ ဖျက်ဆီးခဲ့တာလဲ?"
ဂေးလ် က စောစောက မေးထားတဲ့ မေးခွန်းကို ထပ်မေးလိုက်သည်။
"ကျွန်တော် တမင်ဖျက်ဆီးတာ မဟုတ်ပါဘူးဗျ!"
ယု က မစဉ်းစားဘဲ လွှတ်ခနဲ ပြောချလိုက်တဲ့အခါ တစ်ခန်းလုံး ဝါးကနဲ ရယ်မောသံတွေ ထွက်ပေါ်လာ တော့သည်။
"ဒီကောင်ကတော့ တကယ် ဟာသပဲ!"
"ဆရာမ ကီးလ် ပြောတာ မှန်တယ်၊ သူက သတ္တိရှိတာပဲ။ သမိုင်းလောကရဲ့ ဧကရာဇ်လို့ တင်စားကြတဲ့ ပရော်ဖက်ဆာ ဂေးလ်ကိုတောင် ပြောင်ရဲသေးတယ်!"
စာသင်ခန်းထဲမှာ ပွက်လောရိုက်သွားပေမယ့် စင်ပေါ်က အဖိုးကြီးကတော့ ဒေါသနဲ့ မျက်နှာကြီး နီမြန်းနေပြီ ဖြစ်သည်။
သူ့အတန်းမှာ သူ့မေးခွန်းကို ဒီလို ပြန်ဖြေရဲတဲ့ ကျောင်းသား တစ်ယောက်မှ မရှိခဲ့ ပေ။
တကယ်တော့ မေးခွန်းရဲ့ အဖြေမှန်က ပထမဆုံး တမန်တော် - ရာမန် ပင် ဖြစ်သည်။
ယု အနေဖြင့် သူတို့ရဲ့ လွင့်မျောနေတဲ့ မြို့တော်ကို တမင်ဖျက်ဆီး ခဲ့တာ မဟုတ် ပေ။ သူဟာ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ စာဖတ်လိုက်၊ အိပ်လိုက်နဲ့ပဲ အချိန်ကုန်ဆုံးရတာ နှစ်သက်တဲ့ သူဖြစ်သည်။
လွင့်မျောမြို့တော်ကို သူ သွားခဲ့ရတဲ့ အကြောင်းရင်းက သူ့ညီမငယ်က အပြင်မှာ ပြဿနာတွေ ဖြစ်အောင် လုပ်ခဲ့လို့ တောင်းပန်ဖို့ သွားခဲ့တာ ဖြစ်သည်။
ယု ဟာ ထို အချိန်တုန်းက သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို စည်းတံဆိပ်ခတ် ဖုံးကွယ် ထားသည့် အချိန်ဖြစ်သည်။
တစ်ဖက်လူ တွေ က သူ့ ဘယ်သူလဲဆိုတာကို သတိမထားမိခဲ့ကြ ပဲ အထင်သေးကာ သူ့ညီမလေးကို လူအများရှေ့မှာ အပြစ်တင် ပြောဆို အရှက်ခွဲခဲ့ကြသည်။
အင်း... ရလဒ်ကတော့...
"ကျွန်တော် တကယ်ကြီး တမင်လုပ်တာ မဟုတ်ပါဘူး!"
ယု က ထပ်ပြောပေမယ့် ကျောင်းသားတွေကတော့ ဆရာ့ကို နောက်ပြောင်နေတယ်လို့ပဲ ထင်နေကြသည်။
"မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခုပေးမယ်။ မဖြေနိုင်ရင် အခုချက်ချင်း အထူးတန်း ကနေ ထွက်သွားတော့! ငါ့မှာ မင်းကို ကျောင်းကနေ ထုတ်ပစ်နိုင်တဲ့ အာဏာ ရှိတယ်ဆိုတာ မှတ်ထားပါ!"
ဂေးလ်ရဲ့ စကားကြောင့် တစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။ ဘယ်သူမှ ဒီအတန်းကနေ မထွက်ချင်ကြပါဘူး။
ယု ကတော့ ပိုလို့တောင် မထွက်ချင်ပါဘူး! ဒီမှာ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေ အများကြီးရှိတဲ့အပြင်၊ လှပချောမောတဲ့ အိုင်းရှာရယ်၊ အေးစက်စက်နိုင်ပေမဲ့ ချစ်စရာကောင်းတဲ့ ကီးလ် လည်း ရှိ နေသည်။ လူပျိုကြီး တစ်ယောက် အနေဖြင့် ဒီလို အခွင့်အရေးမျိုးကို လုံးဝ အဆုံးရှုံး ခံမည် မဟုတ် ချေ။
"ဂလု..."
ယု တစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ တံတွေး တစ်ချက် မျိုချလိုက်မိသည်။
"မေးခွန်းကို သေသေချာချာ နားထောင်စမ်း! လူသားသမိုင်းမှာ တမန်တော် တွေနဲ့ တိုက်ရိုက် ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲတွေ အများကြီး ရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က လူသားတွေနဲ့ သတ္တမမြောက် တမန်တော် တို့ရဲ့ တိုက်ပွဲမှာ တိုက်ပွဲတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲပေးခဲ့တဲ့ အဓိက အချက်က ဘာလဲ??"
ဂေးလ်က မေးခွန်းကို မေးလိုက်တဲ့အခါ ကျောင်းသားအားလုံး ခေါင်းစားသွားကြသည်။
ဘယ်သူက စစ်ပွဲကို အနိုင်ရအောင် လုပ်ပေးခဲ့လဲဆိုတာ လူတိုင်းသိပေမယ့်
"အဓိက အကြောင်းရင်း" က ဘာလဲလို့ မေးလာတော့ ဘယ်သူမှ မသိတော့ပါဘူး။
စာအုပ်တွေထဲမှာလည်း ရေးမထားပါဘူး။ "ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ မလျော့သော ဇွဲ" ကြောင့် လို့ပဲ ဖြေရမှာလား?
ဒါပေမဲ့ သမိုင်း ဧကရာဇ် ဂေးလ်က မေးတဲ့ မေးခွန်း
ဆိုတော့ အဖြေက အဲဒီလောက် မရိုးရှင်းနိုင်ဘူးဆိုတာ
အားလုံးသိနေကြသည်။