အခန်း (၁၀) - ဖုံးကွယ်မထား နိုင်သော ဆန္ဒ
နောက်တစ်နေ့ မနက်စောစောမှာပဲ အထူးတန်း ရဲ့ ကျောင်းသား ၃၂ ယောက်ဟာ ကီးလ် ရဲ့ ညွှန်ကြားချက်အတိုင်း ကျောင်းရဲ့ အနောက်ဘက် ကွင်းပြင်မှာ စုဝေးခဲ့ကြသည်။
ဆောင်းရာသီ ဖြစ်သဖြင့် မနက် ၆ နာရီမှာ နေပင်မထွက်သေးဘဲ မှောင်နေဆဲ ဖြစ်သည်။ ကျောင်းသားအများစုမှာ အိပ်ချင်မူးတူးဖြင့် ရောက်လာကြသော်လည်း သူတို့၏ ဆရာမဖြစ်သူ ကီးလ်မှာ အားလုံးထက်စော၍ ရောက်နှင့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။ သို့သော် ကီးလ်၏ နောက်ဆက်တွဲ စကားကြောင့် အားလုံး စိတ်ပျက်သွားကြရသည်။
"အားလုံးပဲ၊ ကျောင်းကို ပတ်ပြီး အခုချက်ချင်း (၁၀) ပတ် ပြေးကြ။ အားလုံး ပြေးပြီးမှ သင်ခန်းစာ စမယ်။"
"ဗျာ!!!??"
ခဏတာအတွင်းမှာပဲ ငြီးတွားသံတွေ ဆူညံသွားတော့သည်။ ဒီကျောင်းတော်ကြီးက သာမန်ထက်ကို ကျယ်ဝန်းပါသည်။ သာမန်လူတစ်ယောက်ဆိုရင် တစ်ပတ်ပတ်ပြီးတာနဲ့ မြေပြင်ပေါ် လဲကျသွားနိုင်သည်။ ၁၀ ပတ်ဆိုတာ ပုံမှန် ဘယ်သူမှ မခံနိုင်တဲ့ အတိုင်းအတာတစ်ခု ပင်ဖြစ်သည်။
"မှော်တိုက်ခိုက်မှုဖြစ်ဖြစ်၊ လူချင်းတိုက်ခိုက်မှုဖြစ်ဖြစ် ကိုယ်ကာယ ကြံ့ခိုင်မှုက အခြေခံအကျဆုံးပဲ။ ဒါကိုမှ မခံနိုင်ဘူးဆိုရင် အထူးတန်းက ကျောင်းသားလို့ ကိုယ့်ကိုယ်ကိုယ် မခေါ်ကြနဲ့တော့။"
ကျောင်းသားများစွာသည် ကီးလ်၏ ဆိုလိုရင်းကို နားလည်ကြသည်။ တချို့က ကျောင်းမဝင်ခင်ကတည်းက ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ရထားပြီး ဖြစ်သည်။
ယု အတွက်တော့ ၁၀ ပတ် မဟုတ်ဘဲ အပတ် ၂၀ ဖြစ်နေရင်တောင် ချိပ်ပိတ်ထားသော စွမ်းအား ကို နည်းနည်းလေး ဖြေလျှော့လိုက်ပါက ပြေးနိုင်မည်ပဲ ဖြစ်သည်။
အခုအချိန်မှာ ယုရဲ့ ခေါင်းထဲမှာ မနေ့က ငွေရောင်ဆံနွယ်ရှည်နဲ့ မိန်းကလေးအကြောင်းပဲ တွေးနေမိသည်။ ထို့ကြောင့် ပြေးနေရင်းနဲ့ အလိုလိုပင် အဲ့ဒီမိန်းကလေးရဲ့ အနောက် သို့ ရောက်သွား လေသည်။
နံနက်ခင်း လေ့ကျင့်ခန်းဖြစ်သဖြင့် ငွေရောင်ဆံပင်နှင့် မိန်းကလေးမှာ သူမ၏ နောက်ပိုင်း အလှကို ပေါ်လွင်စေသည့် အားကစား ဘောင်းဘီတိုအကျပ်လေးကို လဲလှယ်ဝတ်ဆင်ထား လေသည်။
ယု ၏ မျက်လုံးများမှာလည်း ထိုဆွဲဆောင်မှုရှိသော နေရာသို့သာ ကပ်ပါ နေတော့သည်။
'ဘုရားရေ! လူသားတွေက တကယ်ကို ပါရမီရှင်တွေပဲ! ဘယ်လိုဖြစ်ပြီး ဒီလောက် အံ့ဩဖို့ကောင်းတဲ့ အရာကို တီထွင်နိုင်ခဲ့ကြတာလဲ!!'
ဒီဘောင်းဘီတိုကို တီထွင်ခဲ့တဲ့သူဟာ သူ့ရဲ့ တီထွင်မှုကြောင့် သမိုင်းမှာ အင်အားအကြီးဆုံး တမန်တော် ကိုတောင် အညံ့ခံလာအောင် လုပ်နိုင်လိမ့်မည်ဟု အိပ်မက်တောင် မက်ဖူးမှာ မဟုတ်ပါဘူး။
သို့သော် သူမ၏ တင်ပါးကိုပဲ စိုက်ကြည့်နေ၍ မဖြစ်ပေ။ သူမနှင့် ပိုနီးစပ်အောင် ကြိုးစားရမည်။ ယု သည် စိတ်ပိုင်းဖြတ်လိုက်ပြီး သူမနှင့် ပခုံးချင်းယှဉ်နိုင်သည့် နေရာအထိ အရှိန်မြှင့် ပြေးလိုက်သည်။
ဘေးချင်းယှဉ်မိတဲ့ အခိုက်အတန့်မှာပဲ ယုရဲ့ ရှေ့မှာ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေ ပေါ်လာပြန်သည်။
လှုပ်ရှားမှုနဲ့အတူ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ အလှတရားတွေ၊ ချွေးစက်လေးတွေ စိုအိနေတဲ့ အသားအရေတွေဟာ လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ဖမ်းစားနိုင်တဲ့ မှော်အတတ်တစ်ခု လိုပင် ဖြစ်နေသည်။
ဒီအချိန်မှာတော့ ယု က သူ့နှာခေါင်းထဲမှာ နွေးထွေးမှုကို ခံစားလ်ုက် ရပြီး ချိုမြိန်တဲ့ အရာတစ်ခု သူ့ပါးစပ်ထဲကို စီးကျလာ လေသည်။
"ဟို... အဲဒီလိုမျိုးကြီး စိုက်မကြည့်ပါနဲ့လား..."
မိန်းကလေးဟာ ယုရဲ့ အကြည့်တွေကြောင့် ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာလေး နီမြန်းပြီး တိုးတိုးလေး ကန့်ကွက် စကား ဆိုလိုက်သည်။
မနေ့ကလည်း သူမကို ကိုင်ခဲ့ပြီး၊ ဒီနေ့လည်း ခိုးကြည့်နေပြန်ပြီ။ ဒီလူဟာ လူရှုပ်လူပွေ တစ်ယောက် ပင် ဖြစ်မည်။
'မဖြစ်ဘူး!! ငါ့ရဲ့ ပုံရိပ်ကို ပြန်ဆယ်မှ ဖြစ်မယ်။'
သို့သော် သူမ၏ ရင်သားနှင့် တင်ပါးကို ကြည့်နေပါသည်ဟု ဝန်ခံ၍ မဖြစ်သဖြင့် ဆင် ခြေပေး လ်ုက်မိ တော့သည်။
"အော်! ဒီလောက်အေးတဲ့ ရာသီဥတုမှာ မင်းက ဘာလို့ အ၀တ်အစား နည်းနည်းလေးပဲ ဝတ်ထားတာလဲဆိုတာကို တွေးနေမိလို့ပါ။ အအေးမိမှာ မစိုးရိမ်ဘူးလား?"
'"ပြီးပြည့်စုံတဲ့ ဆင်ခြေပဲ! ဒီလိုဆိုရင် သူမက ငါ့ကို ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု စိတ်ဓာတ်နဲ့ ဂရုစိုက်နေတာလို့ သူမ ထင်သွားလိမ့်မယ်။ နှာခေါင်းသွေးထွက်တာက ဦးနှောက်က အလုပ်လုပ်လွန်းလို့ အပူကန်တာလို့ပဲ ပြောရမယ်! သိပ်ကောင်းတယ်!"
ယုဟာ သူ့ အတွေးနှင့် သူတော့ ဟုတ်နေသည်။သို့သော်
သူ့မျက်နှာပေါ်မှာ တော့ သူတွေးသမျှ စိတ်ကူးများမှာ အထင်သား ပေါ်လွင်နေလေ သည်။
"ကျွန်မလား? ကျွန်မက ရေခဲမှော် ကို အဓိကထား သင်ယူတာဆိုတော့ အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့က အခြေခံ လေ့ကျင့်ခန်းပဲလေ။ ကိုယ့်ကိုယ်ကိုယ် ထိရောက်အောင် လေ့ကျင့်ဖို့အတွက် အဝတ်အစားကို နည်းနိုင်သမျှ နည်းနည်းပဲ ဝတ်တာပါ။"
"လူသားတွေရဲ့ ရေခဲမှော်က အဲ့ဒီလို လေ့ကျင့်ရတာလား? ဒါဆို ဘာမှ မဝတ်ဘဲ လေ့ကျင့်ရင် ပိုပြီး ထိရောက်မှာပေါ့နော်?"
"..."
'ငါ ဘာတွေ လျှောက်ပြောနေတာလဲ!'
ယုဟာ မစဉ်းစားဘဲ ထိုစကားကို ပြောထွက်မိသွားသည်။
"အိမ်မှာ ဘယ်သူမှ မရှိရင်တော့... အဲ့ဒီလိုမျိုး ဖြစ်မှာပေါ့။"
ယု လုံးဝ မမျှော်လင့်ထားသလ်ု မိန်းကလေးဟာ ခပ်တည်တည်ဖြင့် ပြန်ဖြေလ်ုက်လေသည်။
'ဘုရားရေ! သူမက ငါ့ကို ရေ လာမြောင်း ပေး လုပ်နေတာလား? ငါ့ကို သဘောကျနေလို့ တစ်ခုခုကို အရိပ်အမြွက် ပြောနေတာလား? ငါ အလိုက်သင့်လေး ပြန်ပြောလိုက်ရမလား?"
မျိုးစုံ စဉ်းစားပြီးနောက်
"အခွင့်အရေး ရရင် မင်းအိမ်ကို တကယ် လာလည်ချင်ပါတယ်"
ပြောပြီးတာနဲ့ ယုဟာ စိတ်ကူးထဲမှာ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတစ်ခုကို ပုံဖော်လိုက်မိသည်။လှပတဲ့ မိန်းကလေးက အနီရောင် ဆိုဖာပေါ်မှာ လဲလျောင်းနေပြီး၊ ယုက စုတ်တံကို ကိုင်ကာ အဲ့ဒီအလှတရားကို စက္ကူပေါ်မှာ မှတ်တမ်းတင်နေတဲ့ ပုံရိပ်မျိုးပေါ့။
"မင်းတွေးသမျှက ဘာလို့ မျက်နှာပေါ်မှာ အကုန်ပေါ်နေရတာလဲ?"
မိန်းကလေးဟာ ယုရဲ့ စိတ်ကူးယဉ်နေတဲ့ မျက်နှာပေးကို ကြည့်ပြီး ရှက်လည်းရှက်၊ ရယ်လည်း ရယ်ချင်နေမိသည်။
"ဟင်?? ငါ ဘာဖြစ်သွားတာလဲ??"
ယုဟာ သူမရဲ့ အသံကြောင့် စိတ်ကူးယဉ်ကမ္ဘာကနေ ပြန်နိုးလာ တော့သည်။
"ဘာမှမဟုတ်ပါဘူး... ဒါနဲ့ မနေ့က ကိစ္စအတွက် ကျေးဇူးမတင်ရသေးဘူးနော်။"
မိန်းကလေးက ပြေးနေရင်းနဲ့ ခေါင်းလေးငုံ့ပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ ယုကတော့ သူမရဲ့ ရှက်နေတဲ့ ပုံစံလေးကို မြင်လိုက်တာနဲ့ မနေ့က နူးညံ့အိစက်တဲ့ အထိအတွေ့ကို ချက်ချင်း ပြန်သတိရမိသွားသည်။
"မနေ့က?? အဲ့ဒါက... ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။"
ယုရဲ့ တလွဲ အတွေး တွေ ကို ရိပ်မိသွားတော့ မိန်းကလေးက ပြန် ပြောလိုက်သည်။
"ရှင် ကျွန်မကို ကယ်ခဲ့တဲ့ ကိစ္စကို ပြောတာပါ!!!"
"အော်! အဲ့ဒါလား..."
"တခြားသူတွေ မသိရင်တောင် ကျွန်မ သိပါတယ်။ ရှင် သာ အချိန်မီ ပေါ်မလာရင် ကျွန်မ ဝံပုလွေကိုက်တာ ခံရမှာ သေချာတယ်။"
မိန်းကလေးဟာ ရှက်ရှက် နဲ့ သူမရဲ့ ရင်ထဲက ကျေးဇူးတင်စကားကို ပြောလိုက်သည်။
"ဒါပေမဲ့ မင်း ဒဏ်ရာရရင်တောင် ဟို အရပ်ရှည်ရှည် အမျိုးသမီးက ကုပေးမှာပဲ မဟုတ်လား?"
မနေ့က ဘယ်လောက်ပြင်းထန်တဲ့ ဒဏ်ရာဖြစ်ဖြစ် ကလဲယားဆိုတဲ့ အမျိုးသမီးက ကုသပေးတာကို ယု သတိရလိုက်သည်။
"ဒါက မတူဘူးလေ။ အဲ့ဒီအချိန်မှာ ငါတို့ ဘာမှမဖြစ်နိုင်ဘူးဆိုတာ ကြိုမသိခဲ့ကြဘူး။ သိနေရင်တောင် ဘယ်သူမှ ဒဏ်ရာ အနာတရ မဖြစ်ချင်ကြဘူးလေ။ ဘာပဲဖြစ်ဖြစ် နာကျင်မှုက အစစ်အမှန်ပဲလေ၊ ဒါကြောင့် ရှင့် ကို တကယ် ကျေးဇူးတင်ပါတယ်။"
ပြေးနေရင်းနဲ့ လွင့်နေတဲ့ သူမရဲ့ ငွေရောင်ဆံနွယ်တွေဟာ ဖြူစင်တဲ့ မျက်နှာလေးပေါ်မှာ ဝဲနေပြီး၊ နှုတ်ခမ်းထောင့်က အပြုံးလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ယုတစ်ယောက် ငေးမောသွားရပြန်သည်။
"အင်း... မင်းရဲ့ နာမည်ကို မမေးရသေးဘူးနော်။"
ယုဟာ အကြာကြီး ငေးနေပြီးမှ သူမရဲ့ နာမည်ကို မသိသေးတာ သတိရမိသည်။နောက်ပိုင်း ဆက် ဖွန်ကြောင်ချင်ပါက အနည်းဆုံး နာမည် လောက်တော့ သိထားမှ ရမည် ဖြစ်သည်။
"ကျွန်မကို အိုင်းရှာ လို့ ခေါ်လို့ရပါတယ်။ ရှင့် နာမည် ကရော?"
အိုင်းရှာက သူမရဲ့ ခရမ်းရောင် မျက်ဝန်းလေးတွေနဲ့ ယုကို လှည့်ကြည့်ရင်း မေးလိုက်သည်။
"ငါ့နာမည်က ယု ပါ၊ မျိုးရိုးနာမည် မရှိဘူး။"
"ယု? တစ်လုံးတည်းလား။ ရိုးရှင်းတဲ့ နာမည်လေးပဲ။ရှင့်ရဲ့ ပုံစံနဲ့ ကွက်တိပဲ"
ဒါကတော့ အခုလောလောဆယ် ယု အပေါ် အိုင်းရှာ ရဲ့ အမြင် ပါပဲ။ ရိုးရှင်းတယ်၊ ဟန်ဆောင်မှု မရှိဘူး၊ ပြီးတော့ အလိုဆန္ဒတွေကို ဖုံးကွယ်ထားခြင်း မရှိဘူး။ ဒါက ချစ်သူဖြစ်ချင်ယောင်ဆောင်ပြီး အခွင့်ကောင်းယူမည့် လူရှုပ်များထက် ပို၍ ကောင်းသည်ဟု အိုင်းရှာ တွေးမိသည်။ ပြီးတော့ အရေးကြီးဆုံးက ယု ဆီမှာ တခြား အထူးတန်းက ကျောင်းသားတွေလို မာနကြီးတာမျိုး လုံးဝ မတွေ့ရတာပါပဲ။
"မင်းတို့ နှစ်ယောက်က ဘယ်လောက်အထိ ဆက်ပြေးနေဦးမှာလဲ?"
ယုက အိုင်းရှာနဲ့ စကားဆက်ပြောဖို့ ကြံနေတုန်းမှာပဲ ဘေးနားကနေ အေးစက်စက် အသံတစ်သံ ထွက် ပေါ်လာသည်။ကြည့်လိုက်တော့ ကီးလ်ဟာ သူတို့နှစ်ယောက်ကို တည်ကြည်တဲ့ မျက်နှာထားနဲ့ စိုက်ကြည့်ရင်း မေးလိုက်သည် ကို တွေ့လိုက်ရသည်။
"ဟင်၊ ဘာလို့လဲဟင်??"
ယုနဲ့ အိုင်းရှာတို့ဟာ ကီးလ်ကို နားမလည်သလို ပြန်မေး လိုက်ကြသည်။
"မင်းတို့ နှစ်ယောက်က အပို နှစ်ပတ်တောင် ပိုပြေးပြီးပြီ။ ဒါကြောင့် အခု ချက်ချင်း ရပ်ပြီး တခြားကျောင်းသားတွေနဲ့အတူ အတန်းတက်ဖို့ သွားကြတော့?"
ကီးလ်ရဲ့ လေသံက တည်ငြိမ်နေပေမဲ့ သူမရဲ့ မျက်လုံးထဲမှာတော့ ဒေါသမီးများ တောက်လောင်နေ တော့သည်။