အခန်း (၁) ကမ္ဘာမြေကို အေးခဲစေသော ဒဏ္ဍာရီလာ သားရဲကြီး
လူတွေရဲ့သာမန်အသိဉာဏ်နဲ့ မှန်းဆလို့မရနိုင်သည်ထိစွမ်းအားကြီးမားတဲ့ ဖြစ်တည်မှု (၁၂) ခု။ထိုသူ တို့ကို ဒီကမ္ဘာ မှာ တော့ “ တမန်တော် “ လို့ ခေါ်ကြသည်။
‘တမန်တော်’ တစ်ဦးချင်းစီ ၏ အဖျက်စွမ်းအား က ကြီးမားလွန်းကြသည်။ ထို အဖျက် စွမ်းအားများကြောင့်ပင် သူတို့သည် လူသားတို့အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုနှင့် အန္တရာယ်အရှိဆုံး အစုအဖွဲ့အဖြစ် သတ်မှတ်ခံ ထားကြရသည်။”
လက်ရှိ တမန်တော် ၁၂ ပါးထဲမှာ “အနန္တ” ဘွဲ့ထူး ပိုင်ရှင် ပထမ တမန်တော် 'ယုမန် ‘ ဟာ စွမ်းအားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူဖြစ်သည်။
ဒါပေမဲ့... ဒီနေ့မနက်မှာတော့ ယုမန်ရဲ့ ညီမဖြစ်သူ နိုဂျက်စ် တစ်ယောက် အစ်ကိုဖြစ်သူရဲ့ အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ စားပွဲပေါ်မှာ ချန်ထားခဲ့တဲ့ စာတိုလေးတစ်စောင်ပဲ တွေ့လိုက်ရပါတော့တယ်။
" 'တမန်တော်' ဘာညာဆိုတာတွေ လစ်လိုက်တော့! ငါ အနားယူပြီ! အခုကစပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို ရှာပြီး လက်ထပ်တော့မယ်!
........
ဆောင်းဦးရာသီကာလ
အင်ပါယာ၏ မြောက်ဘက် နှင်းဖုံးလွင်ပြင်၌ ဒဏ္ဍာရီလာ 'ကပ်ဘေးအဆင့်' မိစ္ဆာသားရဲတစ်ကောင် ပေါ်ထွက်လာခဲ့သည်။၎င်းမှာ 'ရေခဲနဂါး' ပင် ဖြစ်သည်။
ကပ်ဘေးအဆင့် မိစ္ဆာသားရဲဆိုသည်မှာ လက်ရှိသတ်မှတ်ချက်များထဲတွင် အန္တရာယ်အရှိဆုံး အမျိုးအစားဖြစ်ပြီး ထိုသားရဲ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သေဆုံးခြင်းနှင့် အပျက်အစီးများသာ ကျန်ရစ်ခဲ့တတ်သည်။
အင်ပါယာအစိုးရသည် နှစ်ပေါင်းတစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ပေါက်တတ်သည့် ထိုကပ်ဘေးအဆင့် "ရေခဲနဂါး" ကို ဝိုင်းဝန်းနှိမ်နင်းရန် စစ်တပ်စေလွှတ်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။
စေလွှတ်လိုက်သော စစ်တပ်ထဲတွင် "မီးလျှံစုန်းမ" ဟု လူသိများသည့် အင်ပါယာ၏ ထိပ်တန်းမှော်ဆရာမ " ကီးလ် ချားလော့ " လည်း အပါအဝင် ဖြစ်သည်။သူမ သည် စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို တစ်ယောက်တည်းနှင့် ပြောင်းလဲပစ်နိုင် စွမ်းရှိသူ ဖြစ်သည်။
လက်ရှိ နှင်းဖုံးလွင်ပြင်ပေါ်ရှိ လူတိုင်းသည် အသက် ပင် မရှုနိုင်ဘဲ ရေခဲနဂါးကြီးကို တိုက်ခိုက်ဖို့ အချက်ပေးသံကို တုန်လှုပ်စွာ စောင့်ဆိုင်းနေကြသည်။
မယုံနိုင်စရာ ပင်...အားလုံးက ကြောက်လွန်းလို့ ချွေး စေးတွေထွက်၊ ကြောက် ဒူးတုန်နေတဲ့ စစ်သည်တွေကြားထဲမှာတော့...တဟီးဟီး တဟားဟား နှင့် သွားရည်တမြှားမြှား ကျနေသည့် လူတစ်ယောက် ရှိနေသည်။
"ဟဲဟဲ... အစည်းအရုံး ထဲ က ဧည့်ကြို ကောင်မလေးတွေ ရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲလိမ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ~~"
ဟုတ်ပါတယ်....။ စစ်ပွဲအလယ်မှာ မိန်းမလှလေးတွေအကြောင်း တွေးပြီး အူကြွ နေတဲ့ ထို ‘အူကြောင်ကြောင်’ ငနဲဟာ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးဆိုတဲ့ တမန်တော် “ယုမန်” ပင် ဖြစ်သည်။
ကမ္ဘာ့ အင်အားအကောင်းဆုံး 'တမန်တော်' က ဘာကြောင့် လူသားစစ်တပ်ထဲ ရောက်နေရသနည်း? အဖြေမှာ 'ပိုက်ဆံ' ကြောင့်ပင်။
မည်မျှပင် အစွမ်းထက်သည့် 'တမန်တော်' ဖြစ်ပါစေ၊ ပိုက်ဆံမရှိပါက လက်ထပ်ရန် မဖြစ်နိုင်ပေ။ ဒိတ်လုပ်ရန်ပင် ရွှေဒင်္ဂါးများစွာ လိုအပ်သည်။ ယုမန် တစ်ယောက် လူ့လောကတွင် ပိုက်ဆံက အရေးကြီးမှန်း သိလိုက်ချိန်တွင် လက်ထဲ၌ ရွှေဒင်္ဂါး အနည်းငယ်သာ ကျန်တော့သည်။
သူ စိတ်ညစ်နေတုန်းမှာပင် ကံကောင်းထောက်မစွာနဲ့ မြို့ရိုးပေါ်က လူခေါ်တဲ့ ကြေညာချက်ကို မြင်ခဲ့ လေသည်။ ရေခဲနဂါးကို ဖမ်းရန် စစ်သားအရေးပေါ် ခေါ်ယူခြင်း ဖြစ်သည်။ ဆုကြေးငွေမှာ တစ်ဦးလျှင် ရွှေဒင်္ဂါး သုံးထောင်ဖြစ်သည်။
"နဂါးစုတ်တစ်ကောင်က လူသားလောကမှာ ဒီလောက် တန်ဖိုးရှိမယ်လို့ မထင်ထားဘူး~~ ပိုက်ဆံရရင် ဧည့်ကြိုကောင်မလေးတွေကို ဒိတ်ဖို့ ခေါ်ကြည့်ရမလား?? ဟီးဟီးဟီး~~"
ယုမန်တစ်ယောက် စိတ်ကူးတွေထဲ နစ်မြောနေတုန်းမှာပဲ ဖြူဖွေးနေတဲ့ နှင်းပြင်ကြီးက နီရဲလာ လေသည်။
ချော်ရည်တွေနဲ့ ဖုံးလွှမ်းနေတဲ့ မီးလုံးကြီးတစ်လုံးဟာ ရေခဲနဂါးဆီကို တည့်တည့်မတ်မတ် အရှိန်နဲ့ ပျံသန်းသွားသည်။ အပူရှိန်ကြောင့် နှင်းများမှာ ချက်ချင်း အရည်ပျော်ကုန်သည်။ ကောင်းကင်ကြီးမှာလည်း နီရဲသွားသည်။
"ဒါက လေဒီ ကီးလ် ရဲ့ အချက်ပြ တိုက်ခိုက်မှု ပဲ! အားလုံး တက်ကြ!"
အမိန့်သံအဆုံးမှာတော့ စစ်သည်အားလုံး လက်နက်ကိုယ်စီဆွဲကာ ရေခဲနဂါးကြီးဆီ တဟုန်ထိုး ပြေးဝင်သွားကြသည်။
သူတို့၏ အစီအစဉ်မှာ နဂါးကို တရစပ် တိုက်ခိုက်ရန် ဖြစ်သည်။
သို့သော်... မယုံနိုင်စရာ မြင်ကွင်းက ဆီးကြိုနေသည်။
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို တောက်လောင်စေခဲ့သည့် ဧရာမမီးလုံးကြီးသည် ရေခဲနဂါးနှင့် ထိခိုက်မိရန် လက်တစ်လုံးအလိုမှာတင်... အရည်ပျော်သွားကာ အခိုးအငွေ့အဖြစ် လေထဲမှာတင် အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး!"
စစ်သားများမှာ ထိတ်လန့်သွားကြသည်။ ထိုမှော်မှာ အဆင့်မြင့် မီးမှော်ဖြစ်သော 'ချော်ရည်ဗုံး' ပင် မဟုတ်ပါလား။
ထိုစဉ် မှာပင် ရေခဲနဂါးက ညှာတာမှု ကင်းမဲ့စွာ ဧရာမ ရေခဲလှိုင်းကြီးကို ပစ်လွှတ်လိုက်သည်။ စစ်သားများစွာမှာ ရေခဲတုံးကြီးများ ဖြစ်သွားကြသည်။ ထို့နောက် အမြီးဖြင့် ဝေ့ယမ်းလိုက်ရာ ထို ရေခဲတုံးများမှာ ကြေမွသွားတော့သည်။
"ဒါ... ဒါက ကပ်ဘေးအဆင့် သတ္တဝါရဲ့ စွမ်းအားလား..."
"မနိုင်နိုင်ဘူး! မီးလျှံစုန်းမ တောင် ဒီဒဏ္ဍာရီလာ နဂါးကို မနိုင်နိုင်ဘူး! ပြေးကြ!"
စွမ်းအားချင်း မမျှတလွန်းတာကြောင့် ရှင်ကျန်ရစ်သူ စစ်သားတွေဟာ လက်နက်တွေကို ပစ်ချပြီး မဆိုင်းမတွ ထွက်ပြေးကြ တော့သည်။
စစ်တပ်၏ ရှေ့တန်း တွင်တော့ ကီးလ်မှာ ရေခဲနဂါးနှင့် အသည်းအသန် တိုက်ခိုက်နေဆဲ ဖြစ်သည်။
အဝေးကကြည့်ရင် ကီးလ် ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်ဟာ တောင်ကုန်းငယ်တစ်ခုနီးပါးကြီးတဲ့ ရေခဲနဂါးနဲ့ အတော်လေး ကွာခြားလှသည်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက " ကီးလ် "ဆီက ထွက်ပေါ်နေတဲ့ အရှိန်အဝါဟာ ရေခဲနဂါးထက် လျော့မနေတာပါပဲ။
မီးလျှံလို နီရဲနေတဲ့ သူမရဲ့ ဆံပင်ရှည်တွေဟာ မှော်စွမ်းအားကြောင့် ကောင်းကင်ယံကို လောင်ကျွမ်းစေမယ့်အတိုင်း တောက်လောင်နေပြီး သူမရဲ့ ဟန်ပန်ဟာ ဒဏ္ဍာရီလာ စစ်နတ်သမီး တစ်ပါးလို ခန့်ညားလှပ နေသည်။
"ကောင်းကင်နဲ့ မြေပြင်ကို လောင်ကျွမ်းစေမယ့် ပြင်းထန်တဲ့ မီးလျှံများအပေါင်းတို့... ငါ့လက်ထဲက ဓားအဖြစ် ပြောင်းလဲစမ်း! ကြက်သွေး ရောင် မီးတောက်ဓား !"
ဂါထာကို ရွတ်ဆိုလိုက်တာနဲ့ နှင်းပြင်ကြီးက တစ်ဖန် ပြန်လည်နီရဲသွားပြီး မီးလျှံတွေ တောက်လောင်နေတဲ့ ဓားကြီးတစ်လက်ဟာ ရေခဲနဂါးရဲ့ ခေါင်း ပေါ် ကို ကျဆင်းသွား တော့သည်။
မီးလျှံများ တောက်လောင်နေသော မှော်ဓားသည် ရေခဲနဂါး ပေါ်သို့ ကျရောက်သည့် တပြိုင်နက် အဖြူရောင်မီးခိုးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ လေထဲသို့ ပျောက်ကွယ်သွား လေ သည်။
စွမ်းအားချင်းမှာ အလွန်ပင် ကွာခြားလှသည်။ စွမ်းအား အမြောက်အများ သုံးလိုက်ရသဖြင့် ကီးလ် ရဲ့ ဖြူဖွေးသော ပါးပြင်ထက်က ချွေးစက်တွေဟာ ရေခဲအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေသည်။ မူလက မီးလျှံကဲ့သို့ ရဲရဲနီနေသော သူမ၏ဆံပင်များသည် လည်း ယခုအခါ အဖြူရောင် ရေခဲများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းလာနေသည်။
"အခု ငါလုပ်နိုင်တာက ကျန်တဲ့လူတွေ ထွက်ပြေးနိုင်အောင် ဒီနဂါးကို အချိန် ဆွဲထားဖို့ပဲ။ အဲဒါမှ မြို့ထဲကလူတွေ အချိန်မီ ရှောင်တိမ်းနိုင်မှာ..."
သူမ စဉ်းစားပြီးတာနဲ့ ကျန်ရှိသော စစ်သားများကို အော်ပြောလိုက်သည်။
"အားလုံး နားထောင်ကြ! ငါ ဒီမှာ တားထားပေးမယ်၊ အားလုံး ချက်ချင်း ဆုတ်ခွာကြ!!!"
သို့သော် ပြန်ကြားရသည်မှာ လေတိုက်သံနှင့် နဂါး၏ ဟိန်းဟောက်သံသာ ဖြစ်သည်။
ငါးထောင်နီးပါးရှိတဲ့ စစ်တပ်ဟာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။။ အများစုက ရေခဲတုံးတွေ ဖြစ်သွားကြသလို ကျန်တဲ့လူတွေကလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
"ငါ မပြောခင်ကတည်းက သူတို့ ပြေးကုန်ကြပြီပေါ့... ဒါဆိုရင်လည်း ငါ မင်းတို့အတွက် အချိန်ပိုဆွဲပေးလိုက်မယ်..."
ကီးလ်ဟာ မျက်လုံးကို မှိတ်လိုက်ပြီး သူမရဲ့ မှော်စွမ်းအင်အားလုံးကို ခန္ဓာကိုယ်ထဲ စုစည်းလိုက် တော့သည်။ ဒါဟာ မှော်ဆရာတွေရဲ့ နောက်ဆုံးတိုက်ကွက် "ကိုယ်တိုင်ပေါက်ကွဲခြင်း" ပင် ဖြစ်သည်။ သူမ သေရမှာ ကြောက်ပေမဲ့လည်း...ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့ပင်။
"မင်း လေး က ချစ်စရာ ကောင်းသားပဲ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတာလဲ?"
ကြားလိုက်ရသော အသံကြောင့် ကီးလ် အလန့်တကြား မျက်လုံး ဖွင့်ကြည့်လိုက်ချိန် မှာတော့ သူမနဲ့ ရေခဲနဂါးကြားမှာ အင်ပါယာစစ်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသည်။
""ရှင်... ရှင် ဘာလို့ ဒီမှာ ရှိနေသေးတာလဲ?"
"ငါ.......လား? ရွှေဒင်္ဂါး ၃၀၀၀ ရရင် ။ဘယ်သူနဲ့ ဒိတ်ရင် ပိုကောင်းမလဲလို့ စဉ်းစားနေတုန်းမှာပဲ လူတွေအကုန် ပျောက်ကုန်တာ..."
"ရှင် အရူးလား!! ဒီလိုအချိန်မှာ အသက်ရှင်ဖို့ပဲ စဉ်းစားရမှာ မဟုတ်ဘူးလား!!"
ကီးလ် ဒေါသထွက်သွားတာကြောင့် စုစည်းထားတဲ့ မှော်စွမ်းအင်တွေလည်း ပျက်ပြယ်ကုန်သည်။
ထိုအချိန်မှာပဲ ... ရေခဲနဂါးကြီးက ကီးလ် ဆီကို အပြင်းထန်ဆုံး အေးခဲ လေပြင်းလှိုင်း တွေ မှုတ်လိုက် တော့သည်။
အင်အား မရှိတော့တဲ့ ကီးလ်ဟာ ရှောင်တိမ်းဖို့ မတတ်နိုင်တော့ဘဲ သေခြင်းတရားကို စောင့်ဆိုင်းရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။
သို့သော်... ဘာမှ ဖြစ်မလာပေ။
ကီးလ် မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါ မယုံနိုင်စရာ မြင်ကွင်းကို တွေ့လိုက်ရသည်။
စောစောက "ချိန်းတွေ့ဖို့" တတွတ်တွတ် ရေရွတ်နေတဲ့" နှာဘူး ကောင်" ရဲ့ လက် အောက် မှာ ရေခဲ နဂါးကြီးဟာ အခုတော့ အိမ်မြှောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ကီးလ် ဟာ ရေခဲနဂါးကြီး ထိုလူရဲ့ လက်အောက်မှာ အသည်းအသန် ရုန်းကန်နေတာကို ကြည့်ပြီး ဒါဟာ လက်တွေ့လား၊ အိပ်မက်လားဆိုတာ မဝေခွဲနိုင်တော့ပဲ အံ့သြနေမိ တော့သည်။
သူမရဲ့ အပြင်းထန်ဆုံးမှော်က ဘာမှမဖြစ်ခဲ့ဘဲ၊ စစ်သားငါးထောင်ကို အလွယ်တလေး နိုင်ခဲ့တဲ့ နဂါးကြီးကို... ဒီလူက ဘာလို့ လက်တစ်ဖက်တည်းနဲ့ ဖိထားနိုင်ရတာလဲ?
"ကျွန်တော် ခင်ဗျားအသက်ကို ကယ်လိုက်ပြီနော်၊ ကျွန်တော်နဲ့ ဒိတ်ဖို့ တစ်ချက်လောက် စဉ်းစားပေးမလား?"
ထိုလူက ပြုံးပြီး ကီးလ် ကို လှည့်ကြည့်ရင်း မေးလိုက်သည်။
"ဒီလူ့ခေါင်းထဲမှာ ကောင်မလေး တွေနဲ့ ဒိတ်ဖို့ပဲ တွေးနေတာလား..." တွေးရင်း ကီးလ် သည် သတိလစ်ကာ လဲကျသွား တော့ သည်။
သူမ လဲမကျခင် နောက်ဆုံး အချိန်တွင်တော့ ရှုပ်ထွေးလှသော အနီရောင် မှော်စက်ဝိုင်းကြီးတစ်ခု ပေါ်လာသည်ကိုသာ
မြင်လိုက်ရသည်။ထို့နောက်ခရမ်းနီရောင်မီးလျှံများ ပေါ်ထွက်လာကာ ရေခဲနဂါးကိုဝါးမြိုသွားတော့သည်။အဆုံးတွင်တော့ တောက်ပသောကျောက်ပွင့်တစ်ပွင့်အဖြစ်သာကျန်ရစ်ခဲ့လေ တော့သည်။