အခန်း (၄၃) - ချီသန့်စင်ခြင်းအဆင့် (၅)
ယဲ့ချန်သည် ရှင်းပြ၍မရနိုင်လောက်အောင်ပင် ချီသန့်စင်ခြင်းအဆင့်ရှိ ရန်သူသစ်တစ်ဦး၏ ခြိမ်းခြောက်မှုကို ခံလိုက်ရပြီး ရိုးရိုးသားသားပြောရလျှင် သူသည် အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။ သို့သော် သူ ဘာများ တတ်နိုင်မည်နည်း။ ပျားအုံကို သူကိုယ်တိုင် ဆွမိခဲ့ပြီလေ။ ယခု သူ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ စွမ်းအားများ တိုးတက်လာစေရန် အာရုံစိုက်ထားရေးပင် ဖြစ်သည်။
ကျင်းကျောက်တိက ချီသန့်စင်ခြင်းအဆင့် (၇) တွင် ရှိနေသော်လည်း တကယ်တမ်း၌ ကျင့်ကြံသူလေလွင့်တစ်ဦးသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံသူလေလွင့်များက နည်းစနစ်အမျိုးမျိုးကို ရောနှောသင်ယူထားကြသည်လေ။ သူတို့က တွေ့ရာကို အသုံးပြုကြပြီး သန့်စင်ခြင်း သို့မဟုတ် အထူးပြုလေ့လာရန် အခွင့်အရေး နည်းပါးလှသည်။ ထို့ကြောင့် သူတို့၏ အလုံးစုံစွမ်းအားကို သိပ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုကြောင်း ဆိုလိုခြင်းဖြစ်သည်။
ယဲ့ချန်သည် ချီသန့်စင်ခြင်းအဆင့် (၆) သို့ ရောက်ရှိသွားသည်နှင့် ကျင်းကျောက်တိ၏ ကလဲ့စားချေမှုကို ကြောက်ရွံ့နေရန် မလိုတော့ကြောင်း ယုံကြည်ချက်ရှိနေသည်။ အချိန်အခါကလည်း သူ့ဘက်တွင် ရှိနေသည်လေ။ သူက လက်ရှိတွင် ငွေလမင်း ဈေးတန်း၏ အလုံခြုံဆုံး ဧရိယာထဲ၌ ရှိနေပြီး ကျင်းကျောက်တိက ဤနေရာအထိလာကာ ကလဲ့စားချေနိုင်စရာ အကြောင်းမရှိပေ။ လောလောဆယ်တော့ သူ လုံခြုံနေသည်။
သို့သော် ယဲ့ချန်က ပစ်မှတ်ထားခံရခြင်းကို သဘောမကျပေ။ ယခုအချိန်၌ သူ အလိုအပ်ဆုံးမှာ အရင်းအမြစ်များ ဖြစ်သည်။ လင်ခဲ့အာနှင့် လုကျင်းတို့ထံသို့ ပေးသော လက်ဆောင်များမှ ဆယ်ဆ ပြန်လည်ရရှိမှုက အထောက်အကူဖြစ်သော်လည်း သူ၏ လိုအပ်ချက်များအတွက် မလုံလောက်တော့ပေ။ တကယ်တမ်း အကောင်းဆုံးဖြစ်မည့်အရာမှာ စွန်းရုရှင်းထံမှ ရရှိမည့် ဆယ့်ငါးဆ တုံ့ပြန်မှု အခွင့်အရေးပင်ဖြစ်သည်။ ထိုအရာက အားလုံးကို ဖြေရှင်းပေးနိုင်လိမ့်မည်။
ထိုအတွက်ကြောင့် သူက ထိုအဘိုးကြီး စွန်းယဲ့ကို ရှာဖွေပြီး တပည့်အဖြစ် လက်ခံရန် တောင်းပန်ရပေလိမ့်မည်။
"အဘိုးကြီး၊ ခင်ဗျား ကျွန်တော့်ဆီက ဝိညာဉ်ကျောက်တုံးတွေကို လိမ်ယူသွားလို့ ရပေမဲ့ ခင်ဗျားသမီးဆီကနေ အတိုးနဲ့တကွ ပြန်ယူပြမယ်"
လူလတ်ပိုင်းအမျိုးသားထံမှ ရရှိခဲ့သော တိုက်ပွဲဝင်ပစ္စည်းများကို ငုံ့ကြည့်ရင်း ယဲ့ချန်သည် ကျေနပ်စွာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။
...
ယဲ့ချန်က လူသတ်သမားများ၏ ပစ်မှတ်ထားခံရခြင်း၊ ကျင်းဝူချင့် သေဆုံးခြင်း သို့မဟုတ် ကျင်းကျောက်တိ ထွက်ပြေးခြင်း မည်သည့်အရာကမျှ ငွေလမင်း ဈေးတန်းတွင် ကြီးကြီးမားမား လှုပ်ခတ်သွားစေခြင်း မရှိခဲ့ပေ။
တစ်ဖက်တွင် မော့မိသားစုက သတင်းများကို သေချာပေါက် ဖုံးကွယ်ထားခဲ့သည်။ အခြားတစ်ဖက်တွင်မူ ထိုကဲ့သို့သော ကိစ္စများက ကျင့်ကြံခြင်းလောကတွင် အလွန်အမင်း ရိုးအီနေပြီဖြစ်ရာ ဆွေးနွေးပြောဆိုစရာပင် မလိုတော့ပေ။ ကျင့်ကြံသူများသည် နေ့စဉ်နှင့်အမျှ အကြောင်းအမျိုးမျိုးကြောင့် အမြောက်အမြား သေဆုံးနေကြသည်။ ထူးထူးခြားခြား ပြောဆိုစရာ ဘာမှမရှိပေ။
ဤသို့ဖြင့် လေးရက်တာ အချိန် ကုန်လွန်သွားခဲ့သည်။
တစ်မနက်ခင်းတွင် ယဲ့ချန် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေစဉ် သူ၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု ရုတ်တရက် တောက်ပလာသည်။ သူ ချီသန့်စင်ခြင်းအဆင့် (၅) သို့ အဆင့်တက်သွားခဲ့လေပြီ!
သူ၏ ကိုယ်တွင်းမှ စွမ်းအားများ မြင့်တက်လာမှုကို ခံစားလိုက်ရပြီးနောက် ယဲ့ချန် လင်းလက်တောက်ပစွာ မပြုံးဘဲ မနေနိုင်တော့ပေ။ ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံမှုနှင့် စွမ်းအားကသာ အခြေခံအကျဆုံးဖြစ်ပြီး ကျန်သည့်အရာများက ဒုတိယနေရာတွင်သာ ရှိသည်။ ယခု သူ အဆင့်တက်သွားပြီဖြစ်ရာ ယဲ့ချန် မည်သို့များ ဝမ်းသာလုံးမဆို့ဘဲ နေနိုင်မည်နည်း။
ထို့အပြင် ဆုလာဘ်များအတွက် စနစ်၏ အအေးခံချိန် ပြီးဆုံးသွားပြီဖြစ်ရာ သိုလှောင်အိတ်ကို ပေးအပ်ရန် အကောင်းဆုံးအချိန် ဖြစ်နေသည်။ သိုလှောင်အိတ်တစ်လုံးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ် တန်ကြေးရှိသည်။ ဆယ်ဆတုံ့ပြန်မှုဖြင့်ဆိုလျှင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံး ဖြစ်သွားမည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံး လက်ထဲတွင် ရှိနေပါက ယဲ့ချန်အနေဖြင့် စိမ်းလဲ့တိမ်တိုက် ဆိုင်သို့သွားကာ ဆရာတစ်ဦး ရှာဖွေနိုင်ပြီး စွန်းရုရှင်းကို ပို၍တန်ဖိုးရှိသော လက်ဆောင်တစ်ခု ပေးအပ်နိုင်မည်ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လုကျင်းနှင့် လင်ခဲ့အာတို့ နှစ်ဦးစလုံးက ထူးထူးခြားခြား ဂရုစိုက်လာကြပြီး သူတို့၏ အချစ်ကျွန်အဖြစ် ယဲ့ချန်၏ မျက်နှာသာပေးမှုကို ရရှိရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ လုကျင်းဆိုလျှင် သူမက ကို့ရိုးကားယားနိုင်ဟန်ဆောင်ကာ သူ့ကို မသိမသာ ပွတ်သီးပွတ်သပ် လုပ်တတ်ပြီး ယဲ့ချန်ကို အခွင့်အရေးများ အပြည့်အဝ ပေးစွမ်းနေလေသည်။
တစ်ချိန်တည်းမှာပင် လင်ခဲ့အာက မနေ့က သူနှင့်အတူ သူမ၏ အနမ်းပညာကို ထပ်မံလေ့ကျင့်ခဲ့သည်။ မသိစိတ်၏ စေ့ဆော်မှုကြောင့် ယဲ့ချန်၏ လက်များက အပေါ်သို့ တက်သွားခဲ့သော်လည်း သူမက ခပ်တင်းတင်း ပြန်ဖိချထားခဲ့သည်။ သို့တိုင်အောင် ထိုအရာက သူ၏ ဆန္ဒများကို ပြည့်ဝသွားစေသည်။ လင်ခဲ့အာ ပေးဆပ်ခဲ့သမျှအတွက် ပြန်လည်၍ ချိုမြိန်သော တစ်စုံတစ်ရာကို ပေးသင့်သည့်အချိန် ရောက်နေပြီဖြစ်သည်။ သို့မဟုတ်ပါက သူမ စိတ်ဝင်စားမှု လျော့ကျသွားနိုင်သည်။
ယဲ့ချန်က ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ ရယ်မောလိုက်သည်။ အစပိုင်းတုန်းက သူက အချစ်ကျွန်လေ။ သို့သော် ယခုတော့ အရာအားလုံးက ပြောင်းပြန်လန်သွားသလိုပင်။
တံခါးခေါက်သံ ထွက်ပေါ်လာသောအခါ လာသူမှာ ယဲ့ချန်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လင်ခဲ့အာ၏ မျက်မှောင်များ အနည်းငယ် ကုပ်သွားသည်။ ရိုးရိုးသားသားပြောရလျှင် သူမ ယဲ့ချန်အပေါ် လုံးလုံးလျားလျား မကျေနပ်သေးပေ။ လွန်ခဲ့သည့် တစ်ပတ်လုံးလုံး သူက သူမနှင့် လုကျင်းကြားတွင် ရွေးချယ်စရာမရှိသလို တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေခဲ့သည်။
သူက နှစ်ဖက်စလုံးကို လိုချင်နေသည်ဆိုသည့် အတွေးကို လင်ခဲ့အာ အလွန်အမင်း ရွံရှာမိသည်။ သူမက သူ့အာရုံစိုက်မှုကို ရရှိရန် အခြားမိန်းမတစ်ယောက်နှင့် ပြိုင်ဆိုင်နေရသလို ခံစားနေရသည်။ ပြီးတော့ တစ်ပတ်လုံးလုံး ရှိနေပြီလေ။ ယဲ့ချန်က သူမကို လက်ဆောင်တစ်ခုလေးတောင် မပေးခဲ့ပေ။ ယဲ့ချန်မှာ ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားပြီလား။
လက်လျှော့လိုက်ရမည့်အချိန် ရောက်ပြီလားဟု တွေးရင်း လင်ခဲ့အာ စိတ်ထဲတွင် တုံ့ဆိုင်းနေခဲ့သည်။ သို့သော် သူမ၏ ပထမဆုံးနှင့် ဒုတိယမြောက် အနမ်းနှစ်ခုစလုံးကို သူက ယူဆောင်သွားခဲ့ပြီဖြစ်သည်။ အကယ်၍ ယခုမှ သူမ လက်လျှော့လိုက်မည်ဆိုပါက နစ်နာမှုများက အလွန်ကြီးမားလွန်းနေလိမ့်မည်။
အတွေးများထဲတွင် နစ်မျောနေသော်လည်း တံခါးသွားဖွင့်ချိန်၌ လင်ခဲ့အာက အနည်းငယ် အတင်းအကျပ် ပြုံးထားရသည့်တိုင် အပြုံးတစ်ခုဖြင့် သူ့ကို နှုတ်ဆက်လိုက်သည်။
"တာအိုရဲဘော် ယဲ့... ဘယ်လေနှင်လို့ ရောက်လာတာလဲ"
သူမ၏ အံ့အားသင့်မှုက ထင်ရှားနေသော်လည်း အနည်းငယ် ခွာ၍သာ နေသေးသည်။ မည်သို့ပင်ဆိုစေ လွန်ခဲ့သော နှစ်ကြိမ်က ယဲ့ချန်သည် ရုတ်တရက် အခွင့်အရေးယူကာ သူမကို အငိုက်ဖမ်းခဲ့သဖြင့် သတိထားနေရသည်လေ။
ယဲ့ချန်က ညင်သာစွာ ပြုံးလိုက်သည်။ "ဒီနေ့ ကျွန်တော့်မိသားစုက အကြီးအကဲတစ်ယောက်က သိုလှောင်အိတ်တစ်လုံး ပေးလိုက်တယ်။ ကျွန်တော့်အတွက် သိပ်ပြီး အသုံးမဝင်လို့ တာအိုရဲဘော် လင်အတွက် ယူလာပေးတာပါ"
ထိုစကားနှင့်အတူ သူက သိုလှောင်အိတ်ကို သူမထံ ကမ်းပေးလိုက်သည်။
လင်ခဲ့အာ၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားတော့သည်။ သိုလှောင်အိတ်! သူမ လိုချင်နေတာ ကြာပြီလေ။ သိုလှောင်အိတ်သာ ရှိမည်ဆိုလျှင် သူမအနေဖြင့် ကြီးမားလေးလံသော အိတ်ကြီးကို သယ်သွားစရာ မလိုတော့ပေ။ အရာအားလုံးက ပိုပြီး အဆင်ပြေချောမွေ့သွားမည်ဖြစ်သည်။ သို့သော် သူမက အိတ်ကို ဆုပ်ကိုင်ပြီး သူမ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ အပြုံးက ပျောက်ကွယ်သွားတော့သည်။ သူမ မျှော်လင့်ထားသလောက် မကြီးမားပေ။ ထုထည် ကုဗမီတာ တစ်ဝက်လောက်သာ ရှိသည်။ လုကျင်းအိတ်ထက် ပိုသေးနေသည်။
ဘာဖြစ်လို့လဲ။
သို့သော် လင်ခဲ့အာ ချက်ချင်းပင် ပြန်သတိရသွားသည်။ ပိုသေးငယ်သည်ဆိုသော်လည်း ယဲ့ချန်က သူမကို ပေးခဲ့ခြင်းဖြစ်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ယဲ့ချန်က လုကျင်းကို မပေးဘဲ သူမကို ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်က တစ်စုံတစ်ရာကို အဓိပ္ပာယ်ဆောင်နေသည်။ ဆိုလိုသည်မှာ လွန်ခဲ့သော တစ်ပတ်အတွင်း သူမ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးပြီးနောက် တစ်နည်းမဟုတ်တစ်နည်း လုကျင်းအပေါ် သူမ အသာစီးရသွားခြင်းဖြစ်သည်။ သူမ၏ ကြိုးစားအားထုတ်မှုများက အရာထင်သွားခဲ့ပြီ။
လင်ခဲ့အာ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူမ၏ ကိုယ်ပိုင်အတွေးများကြောင့် ရဲတင်းလာကာ အခွင့်အရေးယူရန် ဆုံးဖြတ်လိုက်သည်။ သူမ ဆက်လက်၍ ထိန်းချုပ်မထားတော့ဘဲ သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို နီးကပ်သွားစေကာ ခြေဖျားလေးထောက်လျက် ယဲ့ချန်ကို မျက်နှာမူလိုက်ပြီး နူးညံ့ရိုးသားသော လေသံလေးဖြင့် ဆိုလိုက်သည်။
"တာအိုရဲဘော် ယဲ့... ကျေးဇူးတင်ပါတယ်ရှင်"
ပထမဆုံးအနမ်းက အနေခက်စရာ အချိန်လေးတစ်ခုဖြစ်ခဲ့ပြီး ဒုတိယအနမ်းကတော့ စိမ်းသက်မှုတွေကို ရိုက်ချိုးပစ်နိုင်ခဲ့သည်။ ယခုတော့ ယခင်ကလို စိတ်ပိုင်းဆိုင်ရာ အတားအဆီးမျိုး မရှိတော့ပေ။
သူမ၏ ကိုယ်လုံးလေး အလွန်နီးကပ်နေသဖြင့် သူမမျက်နှာပေါ်မှ ဖြူစင်ပြီး အပြစ်ကင်းစင်လုနီးပါးဖြစ်နေသော အမူအရာလေးကို ယဲ့ချန် သတိမထားဘဲ မနေနိုင်ခဲ့ပေ။ သူမ၏ နှုတ်ခမ်းလေးများက အနည်းငယ် ပွင့်ဟနေပြီး ဤအခိုက်အတန့်ကို အရသာခံနေသည့်အလား မျက်လုံးများကို မှိတ်ထားလေသည်။ သိမ်မွေ့သော်လည်း ပြင်းပြလှသော သူမ၏ ဆွဲဆောင်မှုက ငြင်းဆန်၍ မရနိုင်လောက်အောင်ပင်။
အလှလေးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ အနမ်းပေးလာသောအခါ ယဲ့ချန်ကလည်း သေချာပေါက် မငြင်းဆန်နိုင်ပေ။ သူက ချက်ချင်းပင် ခေါင်းငုံ့ကာ ဤအခိုက်အတန့်၏ ချိုမြိန်မှုကို အရသာခံလိုက်သည်။ ထိုအနမ်းက အချိန်အတန်ကြာသည်အထိ ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူတို့နှစ်ဦး ခွာလိုက်ကြသည်။
လင်ခဲ့အာ၏ မျက်နှာလေးမှာ နီမြန်းနေပြီး သူမ၏ မျက်ဝန်းများက ယဲ့ချန်ကို အပြစ်တင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူမကိုယ်တိုင်လည်း တစ်ခဏမျှ အနမ်းများထဲတွင် နစ်မျောသွားခဲ့ပြီး ထိုခဏတာအတွင်းမှာပင် ယဲ့ချန်၏ သောင်းကျန်းနေသော လက်များကို မတားဆီးနိုင်ခဲ့ပေ။ ၎င်းက သူ့ကို ပိုမို၍ အခွင့်အရေးယူနိုင်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
...
ယဲ့ချန်သည် လင်ခဲ့အာနှင့်အတူ အချိန်အကြာကြီး မနေခဲ့ပေ။ အနမ်းကို ခံစားပြီးနောက် သူ၏ စိတ်အခြေအနေက ကောင်းမွန်နေပြီး သူမကို ပြုံးလျက် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူက စနစ်၏ အသိပေးချက်များကို စစ်ဆေးကြည့်လိုက်သည်။
"လက်ဆောင်ပေးခြင်း အောင်မြင်ပါသည်။"
"လက်ဆောင် - သိုလှောင်အိတ်"
"တုံ့ပြန်မှုကို လုပ်ဆောင်နေပါသည်..."
"ဆယ်ဆ တုံ့ပြန်မှု - ဆုလာဘ် - သိုလှောင်အိတ် ဆယ်လုံး။"
"သိုလှောင်အိတ်များကို ကိုယ်ပိုင် သိုလှောင်ရေးပစ္စည်းများထဲတွင် သိမ်းဆည်း၍ မရပါ။ ရုပ်ဝတ္ထု ဆုလာဘ်များကို စနစ်၏ နေရာလွတ်တွင် ယာယီသိမ်းဆည်းထားမည်ဖြစ်ပြီး အချိန်မရွေး ထုတ်ယူနိုင်ပါသည်။"
စာတိုကို ဖတ်ပြီးနောက် ယဲ့ချန်၏ စိတ်အခြေအနေက ပိုမိုတက်ကြွသွားသည်။ သူက မည်သည့် အထူးဆုလာဘ်များကိုမျှ လှုံ့ဆော်နိုင်ခြင်း မရှိခဲ့သော်လည်း ၎င်းက လုံးဝကို အကြောင်းပြချက် ခိုင်လုံသည်ဟု သူ တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူက လုကျင်းကို သိုလှောင်အိတ်တစ်လုံး ပေးခဲ့ဖူးပြီး ပိုကြီးမားသည်လေ။ ထို့ကြောင့် လင်ခဲ့အာအနေဖြင့် ပိုသေးငယ်သော အိတ်လေးတစ်ခုအတွက်နှင့် ပျော်ရွှင်မှုများ ပေါက်ကွဲထွက်လာနိုင်စရာ အကြောင်းမရှိပေ။
သို့သော် စနစ်က တကယ်ကို နားလည်မှုရှိလှသည်။ ဆယ်ဆတုံ့ပြန်မှုက သူ့ကို ကုဗမီတာ ဆယ်မီတာရှိသော ဧရာမ သိုလှောင်အိတ်ကြီးတစ်ခု ဆုချမည်ကို ယဲ့ချန် စိုးရိမ်နေခဲ့သည်။ ထိုကဲ့သို့သောအိတ်က တန်ဖိုးကြီးမားသော်လည်း ငွေလမင်း ဈေးတန်းကဲ့သို့သော နေရာလေးတွင် ၎င်း၏ အရွယ်အစားက လက်တွေ့အသုံးမကျနိုင်ပေ။ သို့သော် သိုလှောင်အိတ် ဆယ်လုံးဆိုလျှင်တော့ ကိုင်တွယ်ဖြေရှင်းရ လွယ်ကူသည်။
ယဲ့ချန်က ပြုံးလိုက်ရင်း သူ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်ရာ သူ၏ ဝတ်စားဆင်ယင်မှုက သိမ်မွေ့စွာ ပြောင်းလဲသွားပြီး အရှိန်အဝါလည်း ပြောင်းလဲသွားသည်။ သူက ဆိုင်အမျိုးမျိုးသို့ ဝင်ရောက်ကာ တစ်လှည့်စီ သိုလှောင်အိတ်များကို ရောင်းချလိုက်သည်။ ထိုဆိုင်အများစုတွင် ပြန်လည်ဝယ်ယူသည့် စည်းမျဉ်းများ ရှိကြသည်။
သို့သော် အိတ်များက အသစ်စက်စက်ဖြစ်နေလျှင်ပင် မူလတန်ကြေး၏ ၈၀ ရာခိုင်နှုန်းခန့်ဖြင့်သာ ရောင်းချနိုင်သည်။ အကယ်၍ သူကိုယ်တိုင် ဆိုင်ခန်းဖွင့်ပြီး ရောင်းမည်ဆိုပါက အနည်းငယ် ပိုရနိုင်ကောင်းသည်။ သို့သော် ယဲ့ချန်က ထိုကိစ္စအတွက် အချိန်ဖြုန်းနေရန် စိတ်မဝင်စားပေ။
ထို့အပြင် ၎င်းက ပြဿနာများကို ဖန်တီးလာနိုင်သည်။ သူက ရုပ်သွင်ကို ဆက်လက်ပြောင်းလဲကာ သတိမထားမိအောင် လှုပ်ရှားရင်း စနစ်မှ ဆုချထားသော သိုလှောင်အိတ်အားလုံးကို ထိရောက်စွာ ရောင်းချပစ်လိုက်သည်။ နောက်ဆုံးတွင် သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး လေးတုံးကို ရရှိခဲ့သည်။
သေသပ်လှပသော ပမာဏတစ်ခုကို လက်ဝယ်ရရှိထားသဖြင့် ယဲ့ချန်က ပြုံးဖြီးလိုက်ပြီး သူ၏ မူလရုပ်သွင်သို့ ပြန်ပြောင်းကာ စိမ်းလဲ့တိမ်တိုက် ဆိုင်ဆီသို့ ဦးတည်သွားလိုက်သည်။
စွန်းရုရှင်း... မင်းရဲ့ အချစ်ကျွန် ရောက်လာပြီဟေ့!