အခန်း (၁၈) - ငါ့မှာကော ဘာလို့ အဲဒီလို အချစ်ကျွန်မျိုး မရှိရတာလဲ
"တာအိုမိတ်ဆွေ ယဲ့... ဒီနေ့ လာရင်းကိစ္စကို မပြောရသေးဘူးနော်။ သူများတွေ ကြားသွားလို့ မကောင်းတဲ့ သီးသန့်ကိစ္စဆိုရင် အခန်းထဲသွားပြောကြမလား"
လင်ခဲ့အာမှာ ဆက်ကြည့်မနေနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်တော့သည်။ သူမက ယဲ့ချန်အပေါ် ကြီးကြီးမားမား သံယောဇဉ်ရှိလှသည်တော့ မဟုတ်။ သို့သော် လုကျင်းတစ်ယောက် ယဲ့ချန်အပေါ် အလွန်အမင်း စိတ်ဝင်တစားရှိနေသည်ကို မြင်ရသောအခါ သူမ သက်တောင့်သက်သာ မဖြစ်တော့ပေ။ သူမနှင့် လုကျင်းသည် ရင်းနှီးသော သူငယ်ချင်းများ မဟုတ်ကြ။ အသိအကျွမ်း အဆင့်မျှသာ ဖြစ်သည်။ အိမ်ငှားရင်း ဆုံဖြစ်ကြခြင်းသာဖြစ်ပြီး နှစ်ယောက်စလုံး ဝိညာဉ်ကျောက်တုံး လိုအပ်နေသဖြင့် အဆင်ပြေသလို တွဲနေဖြစ်ကြခြင်းဖြစ်သည်။
သေချာသည်ကတော့ လင်ခဲ့အာသည် ယဲ့ချန်ကို အလုခံရမည်စိုး၍ ပူပန်နေခြင်း မဟုတ်ပေ။ သူမကို အနှောင့်အယှက်ဖြစ်စေသည်က လုကျင်း၏ လှည့်စားမှုကို ယဲ့ချန် ခံရမည်ကို တွေးမိသောကြောင့်သာ။
လုကျင်းသည် ပိုးပန်းသူ ပေါများလှသော မိန်းမတစ်ယောက်ဖြစ်သည်။ ယဲ့ချန်ကတော့ အလွန် ရိုးအလွန်းလှရာ လုကျင်းအတွက် သူ့ကို အရုပ်ကြိုးတပ် အသုံးချရန်မှာ အလွန်လွယ်ကူလှသည်။ ထို့ကြောင့် လင်ခဲ့အာက သူတို့၏ စကားဝိုင်းကို တိုက်ရိုက် ကြားဖြတ်လိုက်ပြီး ယဲ့ချန်ကို သူမ၏အခန်းထဲသို့ ခေါ်သွားရန် ရည်ရွယ်လိုက်သည်။
လင်ခဲ့အာ၏ စကားကို ကြားသောအခါ လုကျင်း၏ ရင့်ကျက်ဆွဲဆောင်မှုရှိသော မျက်နှာထက်တွင် အပြုံးတို့ ပို၍ပင် ဝေဆာသွားတော့သည်။ သို့ရာတွင် သူမ ဘာမျှဝင်မပြောဘဲ ယဲ့ချန်ကိုသာ ညို့ငင်နိုင်စွမ်းအပြည့်ဖြင့် ပြုံးပြနေလိုက်သည်။
ယဲ့ချန်ကတော့ လင်ခဲ့အာ၏ အခန်းထဲဝင်ရမည့် အခွင့်အရေးကို အထူးတလည် မျှော်လင့်တောင့်တနေခြင်း မရှိပေ။ လင်ခဲ့အာ ရုတ်တရက် ကြားဖြတ်ဝင်လာခြင်းနှင့် သူမ၏ သဘောမကျသော မျက်နှာထားကိုလည်း သူ သတိထားမိလိုက်သည်။
ယဲ့ချန်သည် ပြီးခဲ့သောဘဝက မိန်းမများနှင့် ပတ်သက်၍ အတော်အသင့် အတွေ့အကြုံရှိခဲ့ဖူးသည်။ လင်ခဲ့အာကဲ့သို့သော မိန်းမတစ်ယောက်၏ စိတ်နေသဘောထားကို သူ ကောင်းကောင်းကြီး နားလည်ထားသည်။ သူမအနေဖြင့် အချစ်ကျွန်တစ်ယောက်ကို ဂရုမစိုက်လျှင်တောင်မှ အခြားတစ်ယောက်က "သူမ၏ ပိုင်ဆိုင်မှု" ကို စိတ်ဝင်စားလာလျှင် မကျေမနပ် ဖြစ်တတ်စမြဲပင်။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် အချစ်ကျွန်များကို သဘောမကျလျှင်တောင်မှ သူတို့အမြင်တွင်တော့ အချစ်ကျွန်ဆိုသည်မှာ သူတို့ပိုင်ဆိုင်သည့် အရာတစ်ခုအဖြစ် သတ်မှတ်ထားကြဆဲဖြစ်သည်။
ယဲ့ချန်အတွက်တော့ လင်ခဲ့အာ၏ အတွေးများကို သိပ်ပြီး ဂရုစိုက်မနေပေ။ သူ့အတွက်တော့ လင်ခဲ့အာနှင့် လုကျင်းသည် ဘာမှကွာခြားလှသည်မဟုတ်။ ကွာခြားသည်ဆိုလျှင်တောင်မှ လုကျင်းက အနည်းငယ် ပို၍ထွားသည်... အဲလေ... ပို၍ ကောင်းသည်။ ထို့အပြင် နှစ်ယောက်စလုံးက ဆုလာဘ် အဆတိုးပေးနိုင်မှုချင်း အတူတူပင်ဖြစ်ရာ ဘယ်သူ့ကို အချစ်ကျွန်လုပ်လုပ် ဘာကွာမှာမို့လို့လဲ။
အဟမ်း... အချစ်ကျွန်လုပ်တာ မဟုတ်ဘူးနော်... ရင်းနှီးမြှုပ်နှံတာ!
မှောင်ရီပျိုးစပြုနေပြီဖြစ်သော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရင်း ယဲ့ချန် ဤနေရာတွင် အချိန်အကြာကြီး မနေချင်တော့ပေ။ သူ့ရှေ့တွင် တောက်ပသော အနာဂတ်ကြီး စောင့်ကြိုနေသေးရာ အပြန်လမ်းမှ လမ်းကြားတစ်ခုခုတွင် တစ်ခုခုဖြစ်သွားခဲ့လျှင် အလွန် နစ်နာပေလိမ့်မည်။
ထို့ကြောင့် ယဲ့ချန်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "အရေးတကြီး ကိစ္စတော့ မရှိပါဘူး။ အခန်းထဲသွားပြောဖို့လည်း မလိုပါဘူးလေ။ တာအိုမိတ်ဆွေက ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်သွားပြီဆိုတော့ ကျွန်တော်လည်း ချီအားဖြည့်ဆေးလုံးတွေကို ဖော်စပ်နိုင်နေပြီလေ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျွန်တော် အဆင့်လတ် ချီအားဖြည့်ဆေးလုံး ဆယ်လုံး ဖော်စပ်ထားတယ်။ တာအိုမိတ်ဆွေရဲ့ ကျင့်စဉ်အတွက် အထောက်အကူဖြစ်အောင် လာပေးတာပါ။ ဘာပဲဖြစ်ဖြစ် တောင်တန်းတွေဆိုတာ အန္တရာယ်များတဲ့ နေရာတွေပဲလေ။ တာအိုမိတ်ဆွေ ပိုပြီး အစွမ်းထက်လာလေ ကျွန်တော်လည်း ပိုပြီး စိတ်အေးရလေပေါ့"
ထိုသို့ပြောပြီးသည်နှင့် ယဲ့ချန်သည် ကြိုတင်ပြင်ဆင်ထားသော ဆေးလုံးများကို ထုတ်ကာ လင်ခဲ့အာထံသို့ ကမ်းပေးလိုက်သည်။
ယင်းကိုကြားလိုက်ရသောအခါ လင်ခဲ့အာ၏ မျက်နှာထက်တွင် ဝမ်းသာပီတိအရိပ်အယောင်များ လင်းလက်သွားတော့သည်။ ချီအားဖြည့်ဆေးလုံးတဲ့လား၊ ပြီးတော့ အလယ်အလတ်အဆင့်တွေတဲ့လား။
သူမ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားပြီးကတည်းက ချီစုစည်းဆေးလုံးများ၏ အာနိသင်သည် သူမအတွက် သိသိသာသာ လျော့ကျသွားခဲ့သည်။ သို့သော် ချီအားဖြည့်ဆေးလုံးများ၏ ဈေးနှုန်းသည် ချီစုစည်းဆေးလုံးများထက် နှစ်ဆပိုများသည်။ တစ်လစာ ကျင့်ကြံရန်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးတုံးခန့် လိုအပ်မည်ဖြစ်သည်။ သူမ၏ ကုန်ကျစရိတ်သည် ယခင်ကထက် နှစ်ဆတိုးလာခဲ့သည်။ ပြင်ပကျင့်စဉ်များ ကျင့်ကြံခြင်းနှင့် ဝိညာဉ်ဆန် စားသုံးခြင်းအတွက် ကုန်ကျစရိတ်များကိုပင် ထည့်မတွက်ရသေးပေ။
ထိုအရာများက လင်ခဲ့အာကို အရင်းအမြစ်များ ပို၍ပို၍ ပြတ်လပ်လာစေပြီး သူမ၏ စုဆောင်းငွေများမှာလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ဤသည်က သူမကို ပို၍ စိုးရိမ်ပူပန်လာစေပြီး ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန်အတွက် တောင်တန်းများဆီသို့ ချက်ချင်းပင် ထွက်သွားချင်စိတ်များ ပေါက်လာစေသည်။
ယခုမူ ယဲ့ချန်က သူမထံသို့ မျှော်လင့်မထားဘဲ ချီအားဖြည့်ဆေးလုံးများကို လာပေးနေသည်။ ပြီးတော့ အလယ်အလတ်အဆင့် တွေတဲ့လေ! ဒါက အမှန်တကယ်ကိုပဲ ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခုပင် ဖြစ်တော့သည်။
ယဲ့ချန် ဆေးလုံးများ လက်ဆောင်ပေးသည်ကို လင်ခဲ့အာက ရိုးအီနေပြီဖြစ်ရာ သူမ ငြင်းဆန်မနေတော့ဘဲ ပျော်ရွှင်သော အပြုံးတစ်ပွင့်နှင့်အတူ ကျေးဇူးတင်စကားကိုသာ ဆိုလိုက်တော့သည်။
သူမ ဆေးလုံးများကို လက်ခံလိုက်သည်ကို မြင်သောအခါ ယဲ့ချန်သည် စနစ်၏ အသိပေးသံကို ကြားလိုက်ရသဖြင့် ပြန်လည်ပြုံးပြလိုက်သည်။ "ဒါဆိုရင်လည်း ကျွန်တော် ပြန်လိုက်ပါဦးမယ်။ လိုက်ပို့စရာ မလိုပါဘူးဗျာ"
ထိုသို့ပြောပြီးနောက် သူသည် အဓိပ္ပာယ်ပါပါ အမူအရာဖြင့် ကြည့်နေသော လုကျင်းကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ ခြံဝင်းထဲမှ ထွက်ခွာလာပြီး သစ်ရွက်တစ်ရွက် ဆေးဆိုင်ဘက်သို့ ပြန်လာခဲ့တော့သည်။
ကောင်းကင်က မှောင်နေပြီဖြစ်ပြီး လမ်းကြားထဲတွင်လည်း အမျိုးသမီး ကျင့်ကြံသူ အရေအတွက်များ ပိုမိုများပြားလာခဲ့သည်။
ယဲ့ချန် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ကျင့်ကြံခြင်းလောက၏ အလုပ်အကိုင် အခွင့်အလမ်းများက တကယ်ကို ရင်လေးစရာပင်။
"တာအိုမိတ်ဆွေ လု... ကျွန်တော် ပြန်လိုက်ပါဦးမယ်" ဟု ယဲ့ချန်က ထွက်ခွာသွားရင်း လှမ်းနှုတ်ဆက်လိုက်သည်။
လင်ခဲ့အာ လက်ဝှေ့ယမ်းပြပြီး သူမ၏ အခန်းထဲသို့ တိုက်ရိုက် ပြန်ဝင်သွားသည်။ ပုံမှန်အားဖြင့် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံလေ့ရှိသော်လည်း ယနေ့တွင်မူ လုကျင်းတစ်ယောက် သူမ၏ အချစ်ကျွန်အပေါ် မည်မျှ နွေးနွေးထွေးထွေး ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ လင်ခဲ့အာ အတော်လေး သည်းခံရခက်သွားသည်။ ဝိညာဉ်ကျောက်တုံးများ ရှာဖွေပြီး တောင်တန်းများပေါ်မှ ပြန်လာသည်နှင့် ဤနေရာမှ ပြောင်းရွှေ့ရန်ပင် သူမ စတင်တွေးတောနေမိပြီဖြစ်သည်။ သူမ လုကျင်းနှင့် အတူဆက်နေရန် သည်းမခံနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် လုကျင်းသည် လင်ခဲ့အာ၏ ဆေးပုလင်းကို သူမ၏ ဖီးနစ်ငှက်မျက်လုံးများ အရောင်လက်သွားသည်အထိ စူးစိုက်ကြည့်နေမိသည်။ စောစောက ယဲ့ချန်... သူက ကောလာဟလတွေထဲက "အချစ်ကျွန် အဂ္ဂိရတ်ပညာရှင်" ဆိုတာ တကယ်ပဲကိုး။
ငွေလမင်း ဈေးတန်းတွင် ယဲ့ချန်က တော်တော်လေး နာမည်ကြီးနေပြီဖြစ်သည်။ သူက မိန်းမများကို ပြင်ပကျင့်စဉ်များနှင့် မှော်မန္တန်များကိုသာမက မရေမတွက်နိုင်သော ဆေးလုံးများကိုပါ ပေးလေ့ရှိကြောင်း လူတိုင်းက သိထားကြသည်။
လုကျင်းကတော့ ယင်းတို့သည် ချဲ့ကားပြောဆိုနေသော ကောလာဟလများသာ ဖြစ်မည်ဟု ထင်ထားခဲ့သည်။ ယောကျာ်းလေး ကျင့်ကြံသူတစ်ယောက်က ဤမျှလောက်အထိ မိုက်မဲနေလိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ ယောကျာ်းလေး ကျင့်ကြံသူ အများအပြားသည် သူမအပေါ် စိတ်ဝင်စားကြောင်း ပြသခဲ့ကြသော်လည်း သူတို့အားလုံးသည် စကားချိုများ ဆိုရုံကလွဲ၍ တကယ့်တကယ် အသုံးတည့်မည့်အရာ တစ်ခုကိုမျှ မပေးခဲ့ကြပေ။ အချို့က အကူအညီအနည်းငယ် ပေးတတ်ကြသော်လည်း သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ သူတို့က အပေးအယူတစ်ခုကို ချက်ချင်း လိုချင်ကြခြင်းသာဖြစ်သည်။ သူတို့က ဝိညာဉ်ကျောက်တုံး အနည်းငယ်ဖြင့် သူမကို ဝယ်ယူနိုင်မည်ဟု ထင်နေကြပုံပင်။
ဒါပေမဲ့ ယဲ့ချန်ကရော။ သူက အလယ်အလတ်အဆင့် ချီအားဖြည့်ဆေးလုံးတွေကိုတောင် ပေးဝံ့သည်။ ပြီးတော့ တစ်လုံးနှစ်လုံး မဟုတ်။ အလယ်အလတ်အဆင့် ချီအားဖြည့်ဆေးလုံး ဆယ်လုံး၏ တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးခွဲခန့် တန်ဖိုးရှိသည်။ ထိုမျှမက ထိုဆေးလုံးများကို လက်ဆောင်ပေးပြီးနောက် ယဲ့ချန်သည် မည်သည့် လျှို့ဝှက်ရည်ရွယ်ချက်မှ မရှိဘဲ၊ တစ်ခုခုကို ပြန်လည်မျှော်လင့်နေသည့် အရိပ်အယောင်ပင် မပြဘဲ ထွက်ခွာသွားခဲ့သည်။ ဤအချက်က လုကျင်းကို ကောလာဟလများသည် အမှန်ဖြစ်ကြောင်း ယုံကြည်သွားစေသည်။ သို့သော် ယင်းက သူမရင်ထဲတွင် မနာလိုဝန်တိုစိတ်များကိုလည်း လှုံ့ဆော်ပေးလိုက်သည်။
လင်ခဲ့အာသည် သူမကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်မျိုး မရှိသလို၊ သူမ၏ ဆွဲဆောင်မှုမှာလည်း အေးတိအေးစက်နှင့် မာနကြီးသော အသွင်အပြင်မျှသာ ရှိသည်။ ယဲ့ချန်လို အချစ်ကျွန်မျိုးကို ရဖို့ သူမက ဘာတွေများ ထိုက်တန်နေလို့လဲ။ ဒီလို အချစ်ကျွန်မျိုးက ဘာလို့ သူမ အပိုင် မဖြစ်ရမှာလဲ။
စောစောက ယဲ့ချန် သူမ၏ ခန္ဓာကိုယ်ကို စိုက်ကြည့်သွားသည့် အကြည့်ကို ပြန်တွေးမိသောအခါ လုကျင်းရင်ထဲတွင် ယုံကြည်မှုများ တဟုန်ထိုး မြင့်တက်လာသည်။ သူမအတွက် အခွင့်အရေး မရှိတာတော့ မဟုတ်ပေ။ အကယ်၍သာ ယဲ့ချန်က လင်ခဲ့အာအပေါ်ထားသည့် သံယောဇဉ်များကို ရုပ်သိမ်းလိုက်ပြီး လင်ခဲ့အာကို ပေးမည့် လက်ဆောင်များကို သူမထံသို့သာ ပြောင်းပေးလိုက်မည်ဆိုလျှင် အလွန် ကောင်းမွန်သွားပေလိမ့်မည်။ ထိုသို့သော အရင်းအမြစ်များ၏ ထောက်ပံ့မှုမျိုး ရရှိလာပါက သူမ ဤမျှလောက်အထိ ရုန်းကန်နေစရာ လိုတော့မည် မဟုတ်ပေ။
လင်ခဲ့အာဆီမှ ယဲ့ချန်ကို လုယူခြင်းက သူမကို အပြစ်ရှိသလို ခံစားရစေမည်လား ဆိုသည်ကတော့ မေးဖို့ပင် မတန်သော မေးခွန်းတစ်ခုဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် အရင်းအမြစ်များအတွက် ညီအစ်မအရင်းတွေတောင် သတ်ဖြတ်လုယူနေကြသည်ပဲ။ လင်ခဲ့အာလို အခန်းဖော်လောက်ကတော့ ပြောနေစရာပင် မလိုတော့။ မလုယူဘူးဆိုလျှင်သာ အရူးဖြစ်ပေလိမ့်မည်။
မိန်းမနှစ်ယောက် ဘာတွေတွေးနေသည်ကို ယဲ့ချန် လုံးဝ မသိခဲ့ပေ။ သိခဲ့လျှင်တောင်မှ သူ ဂရုစိုက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဘယ်သူ့ကို လက်ဆောင်ပေးပေး သူ့အတွက်တော့ အတူတူပင်ဖြစ်သည်။ နှစ်ယောက်စလုံးက သူ့ကို ဆယ်ဆသော ဆုလာဘ်များ ပြန်ပေးနိုင်စွမ်း ရှိသည်ချည်းသာ ဖြစ်သည်။
ဆေးဆိုင်သို့ ဘေးကင်းစွာ ပြန်ရောက်လာပြီးနောက် ယဲ့ချန်သည် စနစ်နယ်ပယ်ထဲသို့ ဝင်ကြည့်လိုက်သည်။
"လက်ဆောင်ပေးခြင်း အောင်မြင်ပါသည်"
"ပေးအပ်သည့် လက်ဆောင် - အဆင့်လတ် ချီအားဖြည့်ဆေးလုံး ဆယ်လုံး"
"ပြန်လည်ရရှိသော တုံ့ပြန်မှု..."
"ဆယ်ဆသော တုံ့ပြန်မှု - ဆုလာဘ်အဖြစ် အဆင့်လတ် ချီအားဖြည့်ဆေးလုံး အလုံးတစ်ရာ"
ထိုတုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ယဲ့ချန်၏ မျက်လုံးများ အရောင်လက်သွားတော့သည်။
အမြတ်ကြီး အမြတ်ပဲ! အဆင့်လတ် ချီအားဖြည့်ဆေးလုံး အလုံးတစ်ရာသည် အကြမ်းဖျင်းအားဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ဆယ့်ငါးတုံးခန့် တန်ဖိုးရှိသည်။ တစ်လအတွင်းဆိုလျှင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်ခန့် ရရှိမည်ဖြစ်သည်။ နေ့စဉ် ဆေးဖိုနှစ်လုံးကို မောင်းနှင်မည်ဆိုလျှင် သူသည် တစ်လလျှင် နောက်ထပ် ချီအားဖြည့်ဆေးလုံး လေးငါးရာခန့်ကို အလွယ်တကူ ထုတ်လုပ်နိုင်ပေမည်။
အားလုံးပေါင်းလိုက်ပါက တစ်လလျှင် သူ အဆင့်လတ် ဝိညာဉ်ကျောက်တုံး တစ်တုံးခန့် ရရှိနိုင်မည်ဖြစ်သည်။ ဆေးဖော်စပ်ရန်အတွက် ပါဝင်ပစ္စည်းများကို ဆေးဆိုင်မှ ထောက်ပံ့ပေးထားပြီး အုပ်ချုပ်သူ ကျန်းကလည်း တာဝန်ကျေရန်အတွက် ဆေးလုံးများကို သူ့အား ဈေးသက်သက်သာသာဖြင့် ရောင်းချပေးမည်ဖြစ်ရာ ဤသည်မှာ အရင်းမလိုသော အမြတ်သီးသန့်ပင် ဖြစ်နေတော့သည်။
ယဲ့ချန်ထံတွင် ဝိညာဉ်ကျောက်တုံးများ ရှိလာသည်နှင့်တစ်ပြိုင်နက် သူသည် ပိုမိုတန်ဖိုးကြီးမားသော ပစ္စည်းများကို ဆက်လက် လက်ဆောင်ပေးနိုင်တော့မည်ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ကာကွယ်ရေး ကျင့်စဉ်တစ်ခု လိုအပ်နေသည်ဟု သူခံစားနေရသည်။ သူ၏ တိုက်ခိုက်ရေး မှော်မန္တန်များကလည်း အလွန်နည်းပါးလှသည်။ ရန်ပုံငွေ အလုံအလောက်ရလာသည်နှင့် နောက်ထပ် အနည်းငယ် ထပ်ဝယ်ထားလျှင် အကောင်းဆုံးဖြစ်ပေမည်။ ထို့နောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်မည့် မှော်လက်နက်များလည်း ရှိသေးသည်။
ထို့အပြင် သူ၏ ကာကွယ်ရေးစွမ်းရည်ကို များစွာ မြှင့်တင်ပေးနိုင်သော အကာအကွယ် ဝတ်စုံများလည်း လိုသေးသည်။ သိုလှောင်ရေးအိတ် ဆိုလျှင် ပြောနေစရာပင် မလိုတော့၊ ယဲ့ချန် အမှန်တကယ်ပင် တစ်လုံးလောက် လိုချင်နေမိသည်။ သူ၏ ဆေးလုံးများက များပြားလာပြီဖြစ်ရာ အိတ်ကပ်ထဲတွင်ဖြစ်စေ၊ အခန်းထဲတွင်ဖြစ်စေ သိမ်းဆည်းထားရန် အဆင်မပြေတော့ပေ။ သိုလှောင်ရေးအိတ် တစ်လုံးသာ ရှိမည်ဆိုလျှင် သံသယဖြစ်ဖွယ်မရှိ ပို၍ အဆင်ပြေသွားပေလိမ့်မည်။
နောက်ဆုံးတွင် အားလုံးကို တွက်ချက်ကြည့်ပြီးနောက် ယဲ့ချန်သည် သူ၏ ကျင့်ကြံခြင်း ခရီးလမ်းက မည်မျှ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမည်ကို သဘောပေါက်သွားတော့သည်။ ငွေကြေးလိုအပ်သော အရာများက များပြားလွန်းလှသည်။ သူ၏ အဂ္ဂိရတ်ပညာနှင့် စနစ်ကြီး ရှိနေသည့်တိုင်အောင် သူ ရုန်းကန်နေရဆဲဖြစ်သည်။ သာမန် ကျင့်ကြံသူတစ်ယောက်၏ ဘဝက ဤမျှလောက်အထိ ခက်ခဲနေမည်ဆိုလျှင် ကျင့်ကြံသူများစွာ လမ်းခုလတ်မှာတင် ကျရှုံးသွားကြသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ!