【ဦးနှောက်ခေတ္တသိမ်းစည်းရန်နေရာ °ဒီမှာ°】
ဇာတ်လိုက်သည် အခြားကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာနေသည်။
【ကိုယ်ခန္ဓာ - ၀】
【ဝိညာဉ် - ၀】
【စွမ်းအင် - ၀】
【စိတ်ကြိုက် ထည့်သွင်းနိုင်သောအမှတ် ၁】
အကျဉ်းထောင်..
ထောင်တွင်း၌ အလင်းရောင်မှာ မှိန်ဖျော့နေပြီး ပျို့အန်ချင်စရာ အနံ့ဆိုးတစ်ခုက လေထုထဲတွင် ပျံ့နှံ့နေလေသည်။
အဝတ်အစားစုတ်ပြတ်နေသော လူတစ်စုကို ဘယ်ဘက်တစ်ခန်း... ညာဘက်တစ်ခန်းခွဲကာ အကျဉ်းခန်းနှစ်ခန်းထဲ၌ ပိတ်လှောင်ထားကြသည်။
သူတို့အားလုံး၏ မျက်နှာများမှာ မှိုင်တွေကာ မည်မျှကြာအောင် အကျဉ်းချခံထားရသည်ကိုပင် မမှတ်မိတော့သည့်ပုံပေါက်နေကြသည်။
ထိုအချိန်တွင် ဘယ်ဘက်အကျဉ်းခန်း၏ ထောင့်တစ်နေရာ၌ လူတစ်ယောက်က မြေပြင်ပေါ်တွင် ထိုင်နေသည်။
သူ့ကိုယ်ပေါ်မှ အဝတ်အစားများမှာ အခြားသူများနှင့် လုံးဝမတူသည့်အပြင် ဆံပင်တိုတိုအနက်ရောင်ကလည်း ပတ်ဝန်းကျင်နှင့် မလိုက်ဖက်လှပေ။
လုဝူယို ၏ ဦးခေါင်းမှာ ယခုထိ ကြည်လင်လာခြင်းမရှိသေးသလို ခံစားနေရသည်။
သူ့မှတ်ဉာဏ်ထဲတွင် နောက်ဆုံးကျန်ရှိနေသည့်အရာမှာ သူငယ်ချင်းအချို့နှင့် အရက်သောက်ပြီး အိမ်ပြန်ရန် အငှားကားတစ်စီး ငှားတော့မည့်အချိန်ပင် ဖြစ်သည်။
ထို့နောက် ဘာတွေဖြစ်သွားခဲ့သနည်း။
သူကွဲထွက်တော့မတတ် ကိုက်ခဲနေသော ခေါင်းကို ညင်သာစွာ ခါလိုက်သည်။ တဖြည်းဖြည်းနှင့် မှတ်ဉာဏ်အပိုင်းအစများကလည်း ပြန်လည်ပေါ်ပေါက်လာကြသည်။
“ငါ… ကံကောင်းလွန်းသွားတာများလား...”
လုဝူယို ပြန်သတိရလာပြီဖြစ်သည်။
သူသည် မူလက လမ်းဘေး၌ ကားစောင့်နေခဲ့ခြင်းဖြစ်ပြီး ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသော ရှေ့မီးနှစ်လုံးက သူ့ဆီသို့ ထိုးကျလာခဲ့သည်။
အရေးပေါ်ဟွန်းသံတစ်သံနှင့်အတူ နောက်ဆုံးတွင် သတိလစ်သွားခဲ့ရသည်။
ထို့နောက် ဘာဖြစ်သွားသနည်း။
အခု သူ ဘယ်နေရာကို ရောက်နေသနည်း။
သူမသိပေ။
ဒီနေရာက ရုပ်မြင်သံကြားဇာတ်လမ်းတွေထဲမှာ မြင်ဖူးသည့် အကျဉ်းထောင်အခန်းတွေနှင့် ခပ်ဆင်ဆင်တူနေသည်။
သူ့ပတ်ဝန်းကျင်ရှိ လူတွေကလည်း အားလုံး ပိန်လှီခြောက်ကပ်နေကြသည့်အပြင် ဝတ်ထားသည့်အဝတ်အစားနှင့် အသွင်အပြင်တွေကလည်း ခေတ်သစ်လူတွေနဲ့ လုံးဝမတူကြပေ။
‘အင်း…’’
‘ဒါက ဘယ်လိုခြေနေလဲ’
ထိုအချိန်မှသာ လုဝူယိုသည် သူ့စိတ်အာရုံထဲတွင် ထူးဆန်းသော ပုံရိပ်တစ်ခု ပေါ်နေကြောင်း သတိထားမိသွားသည်။
အစပိုင်း၌ အရက်နာကျနေခြင်းကြောင့် ဖြစ်မည်ဟု သူထင်ခဲ့သော်လည်း လက်ရှိအခြေအနေကို အနည်းငယ် နားလည်လာသည့်တိုင် ထိုပုံရိပ်က ပျောက်ကွယ်မသွားခဲ့ပေ။
ပို၍ထူးဆန်းသည်မှာ ထိုပုံရိပ်တွင် ပျောက်ကွယ်သွားမည့် အရိပ်အယောင်လည်း မရှိခြင်းပင်။
ထိုအရာကြောင့် လုဝူယို၏ အာရုံအားလုံးက ချက်ချင်းပင် ထိုပုံရိပ်ဆီသို့ ရောက်သွားကြသည်။
“ကိုယ်ခန္ဓာ (၀)... ဝိညာဉ် (၀)... စွမ်းအင်(၀)...”
ဘာတွေလဲ နောက်ပြီး…
“လွတ်လပ်စွာ ထည့်လို့ရတဲ့ အမှတ်တစ်မှတ်လည်း ရှိသေးတယ်...”
“ငါ ဂိမ်းကစားနေတာလား...”
လုဝူယိုသည် အလိုလို ရယ်မိတော့မလို ဖြစ်သွားသော်လည်း လက်ရှိအခြေအနေကို ပြန်စဉ်းစားမိလိုက်သည့်အခါ ရယ်ချင်စိတ်ပင် ပျောက်ကွယ်သွားခဲ့သည်။
ကြည့်ရတာ သူက… အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိသွားခဲ့ပြီ ထင်သည်။
‘နှစ်သစ်ကူးလက်ဆောင်အဖြစ် ဒီလိုကံကောင်းမှုမျိုး ရရှိလာတာလား…’
‘အဲဒီယုတ်မာတဲ့ ယာဉ်မောင်းက ဘယ်လိုကားမောင်းနေတာလဲ…’
‘ငါဟာငါ လမ်းဘေးမှာ ရပ်နေတာတောင် ကားတိုက်ခံလိုက်ရသေးတယ်…’
‘အဲဒီလောက်တောင် ကားမောင်းညံ့နေရင် ယာဉ်မောင်းလိုင်စင်ကိုပဲ ပြန်အပ်လိုက်သင့်တာပေါ့…’
လုဝူယိုမှာ အတွေးများနှင့် စောဒကတက်စရာတွေ တစ်ပုံတစ်ပင် ရှိနေသော်လည်း နောက်ဆုံးတွင် သူ့စိတ်ထဲက ပုံရိပ်ဆီသို့သာ အာရုံပြန်စိုက်လိုက်ပြီး သေချာလေ့လာရန် ဆုံးဖြတ်လိုက်သည်။
သို့သော် မကြာမီမှာပင် သူသည် ထိုအရာကို သေချာလေ့လာနေစရာပင် မလိုကြောင်း သတိပြုမိသွားသည်။
အကြောင်းမှာ ထိုအရာတွင် ကိုယ်ပိုင်ရှင်းလင်းချက်တစ်ခု ပါရှိနေသကဲ့သို့ သူက သဘာဝအလျောက် နားလည်သဘောပေါက်လာခြင်းကြောင့် ဖြစ်သည်။
“ထာဝရ သစ်သီး”
ထိုအသီးကို ပိုင်ဆိုင်သူသည် ထာဝရအသက်ရှင်နိုင်ပြီး အိုမင်းရင့်ရော်ခြင်း မရှိတော့ပေ။
ထို့အပြင် ထာဝရ သစ်သီးတွင် ပိုင်ရှင်၏ ခွန်အားကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်သည့် စွမ်းရည်တစ်ခုလည်း ပါရှိသည်။
ထိုစွမ်းရည်ကို လုဝူယို အရင်းနှီးဆုံးဖြစ်သော ပုံစံတစ်မျိုးဖြင့် ဖော်ပြထားသည်။
{စာဖတ်သူများအနေဖြင့် စနစ် မျက်နှာပြင်ကဲ့သို့ နားလည်နိုင်သည်။}
ယခု သူ့စိတ်ထဲတွင် ပေါ်နေသည့် ပုံရိပ်ပင် ဖြစ်သည်။
ထိုပုံရိပ်မှာ ဂိမ်းထဲက ဂုဏ်သတ္တိအမှတ်များကို ထည့်သွင်းမြှင့်တင်နိုင်သည့် ဇယားတစ်ခုနှင့် ဆင်တူသည်။
ထိုဂုဏ်သတ္တိဇယားသည် နှစ်စဉ် အမှတ်တစ်မှတ်စီ အလိုအလျောက် ရရှိလာမည်ဖြစ်ပြီး လုဝူယိုက မည်သည့်ဂုဏ်သတ္တိအမျိုးအစားတွင် ထည့်သွင်းမည်ကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်သည်။
ကိုယ်ခန္ဓာဆိုသည်မှာ သူ့ခန္ဓာကိုယ်၏ ကဏ္ဍအသီးသီးရှိ စွမ်းရည်များကို ကိုယ်စားပြုသည်။
ခွန်အားဖြစ်စေ... အမြန်နှုန်းဖြစ်စေ... သက်လုံဖြစ်စေ စသည်ဖြင့် အားလုံးပါဝင်သည်။
ဝိညာဉ်ကတော့ အထူးရှင်းပြနေစရာမလိုပေ။
အမှတ်ထည့်သွင်းလိုက်လျှင် ဝိညာဉ်စွမ်းအား တိုးတက်လာမည်ဖြစ်သည်။
ဝိညာဉ်စွမ်းအား မြင့်မားလာလျှင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမည်နည်း။
ဒါတော့ လုဝူယိုလည်း မသိသေးပေ။
သို့သော် မကောင်းသည့်အရာတော့ ဖြစ်မည်မဟုတ်သည်မှာ သေချာသည်။
နောက်ဆုံးတစ်ခုဖြစ်သော စွမ်းအင်မှာ စွမ်းအင်အမျိုးအစားအားလုံးကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။
အတွင်းအားဖြစ်စေ... စစ်မှန်ချီစွမ်းအင်ဖြစ်စေ... မန္တန်စွမ်းအားဖြစ်စေ အားလုံးသည် စွမ်းအင်အမျိုးအစားထဲတွင် ပါဝင်ကြသည်။
နှစ်စဉ်ရရှိသော အမှတ်တစ်မှတ်ကို ထည့်သွင်းလိုက်သည့်အခါ သက်ဆိုင်ရာဂုဏ်သတ္တိ၏ စွမ်းရည်မှာ မူလထက် ၁၀၀ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်သည်။
ဥပမာအားဖြင့် ယခု လုဝူယိုတွင် စိတ်ကြိက် ထည့်သွင်းနိုင်သော အမှတ်တစ်မှတ် ရှိနေသည်။
ထိုအမှတ်ကို ကိုယ်ခန္ဓာတွင် ထည့်လိုက်ပါက သူ့လက်ရှိ ခေတ်သစ်လူသားတစ်ယောက်၏ အားနည်းသော ကိုယ်ခန္ဓာစွမ်းရည်သည် ချက်ချင်းပင် နှစ်ဆတိုးသွားမည်ဖြစ်သည်။
ထို့အပြင် ထိုတိုးတက်မှုသည် လုဝူယို၏ မူလအခြေခံစွမ်းရည်အပေါ် မူတည်၍ အမြဲတမ်း တွက်ချက်သွားမည်ဖြစ်သည်။
တစ်နည်းအားဖြင့် သူ့အခြေခံစွမ်းရည် ပိုမိုကောင်းမွန်လေလေ အမှတ်ထည့်သွင်းလိုက်သည့်အခါ ရရှိမည့် အကျိုးသက်ရောက်မှုကလည်း ပိုမိုကြီးမားလေလေ ဖြစ်သည်။
နောက်ဆုံးတော့ ၁ ကို နှစ်ဆတိုးလျှင် ၂ ပဲရမည်ဖြစ်သော်လည်း ၁၀၀ ကို နှစ်ဆတိုးလိုက်လျှင် ၂၀၀ ရရှိမည့် သဘောတရားပင်ဖြစ်သည်။
“ငါနားလည်ပြီ…ဒါပေမဲ့ အခုအချိန်မှာတော့ ဝိညာဉ်နဲ့ စွမ်းအင်က အသုံးမဝင်သေးဘူး...”
နောက်ဆုံးတွင် လုဝူယိုသည် သူ့ရဲ့ ထူးခြားသော အခွင့်အရေး၏ လုပ်ဆောင်ပုံကို နားလည်သွားခဲ့သည်။
ဟုတ်တယ်...
သူ့အမြင်အရဆိုလျှင် ဒီရွှေလက်ချောင်းဟာ အခြားကမ္ဘာကို ကူးပြောင်းလာသူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခွင့်အရေးပဲဖြစ်သည်။
မတူညီတဲ့ ကမ္ဘာတစ်ခုမှာ ကောင်းကောင်းမွန်မွန် အသက်ရှင်နေထိုင်နိုင်ဖို့ သူ့အတွက် အကြီးမားဆုံး အားကိုးရာလည်း ဖြစ်သည်။
သူ တွန့်ဆုတ်မနေတော့ဘဲ တစ်မှတ် တည်းသော အမှတ်ကို ကိုယ်ခန္ဓာတွင် ထည့်သွင်းလိုက်သည်။
လက်ရှိအခြေအနေကလည်း သိပ်မကောင်းလှပေ။
သူဟာ အရက်မူးပြီး ခေါင်းမကြည်လင်သေးတဲ့အချိန်မှာပဲ အခြားကမ္ဘာကို ရောက်လာခဲ့ရသည်။
ကြည့်ရတာ တစ်စုံတစ်ယောက်က သူ့ကို ဖမ်းဆီးထားတာ ဖြစ်ရမည်။
အမှတ်ထည့်သွင်းလိုက်ပြီးနောက်…
လုဝူယို၏ တစ်ကိုယ်လုံးအနှံ့ နွေးထွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။
ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းမှ သဘာဝအလျောက် ဖြစ်ပေါ်လာသော ခွန်အားတစ်ရပ်က ရုတ်တရက် မြင့်တက်လာခဲ့သည်။
သူ လက်သီးကို ဆုပ်လိုက်သည်။
ရှေ့ရှိ အကျဉ်းခန်းသံတိုင်များကို တစ်ချက်တည်းဖြင့် ထိုးချိုးပစ်နိုင်တော့မည့်အလား ခံစားနေရသည်။
“တကယ်လုပ်လို့ရပါ့မလား မသိဘူး...”
လုဝူယို ခဏစဉ်းစားပြီးနောက် မစမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ဖက်မှာ သူ ဘယ်နေရာကို ရောက်နေမှန်း မသိသေးပေ။
နောက်တစ်ဖက်မှာလည်း ကိုယ်ခန္ဓာစွမ်းရည် နှစ်ဆတိုးသွားရုံနဲ့ လက်မောင်းလောက် ထူထဲတဲ့ သံတိုင်တွေကို တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်မည်ဟု သူ မယုံကြည်ပေ။
သူသည် ညစ်ပတ်နေသော ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ပြီး အနီးအနားရှိလူများထံမှ အခြေအနေကို မေးမြန်းရန် စိတ်ကူးလိုက်သည်။
“အစ်ကို... ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ”
လုဝူယိုသည် ရိုးသားပုံရသော အမျိုးသားတစ်ယောက်ကို ရွေးချယ်လိုက်သည်။
ထိုလူက ကြမ်းတမ်းသော လျှော်ပိတ်အဝတ်အစားကို ဝတ်ဆင်ထားပြီး မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်နေသည်။
“မင်း... အရက်နာကျတာ သက်သာသွားပြီလား...”
ထိုလူက သူ့ကို မြင်မြင်ချင်း ပြောလိုက်သည့်စကားကြောင့် သူ ခန ကြောင်သွားခဲ့သည်။
‘နေပါဦး…ငါ အရက်မူးနေတာ အဲဒီလောက်တောင် သိသာနေတာလား…’
‘ဒါမှမဟုတ် အရက်မူးတုန်းက မဟုတ်တာတွေ လျှောက်ပြောခဲ့မိတာလား…’
“ဟုတ်ကဲ့... အခုတော့ သတိပြန်လည်လာပါပြီ" လုဝူယိုက ခေါင်းညိတ်ပြပြီးနောက် ဆက်မေးလိုက်သည်။
“အစ်ကို... ဒီနေရာက ဘယ်နေရာလဲ သိလား... ကျွန်တော် ဒီကို ဘယ်လိုရောက်လာမှန်း မမှတ်မိတော့ဘူး...”
“မင်းကတော့ မှတ်မိမှာမဟုတ်ဘူး...” ထိုအစ်ကိုက စိတ်သဘောထားကောင်းပုံရပြီး လုဝူယို၏စကားကို အထူးတလည် မစဉ်းစားဘဲ ယုံကြည်လိုက်သည်။
“မင်းကို ဒီကို ခေါ်လာတုန်းက အရက်မူးပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာ… ဓားပြတွေက မင်းကို ဒီထဲပစ်ထည့်လိုက်တဲ့အချိန်အထိ မင်းက အရက်မမူးဘူးလို့ အော်ဟစ်နေတုန်းပဲ...”
‘ဒီလိုကိုး…တကယ်ကို ရှက်စရာကောင်းလိုက်တာ’
‘ဒါပေမဲ့… ဓားပြတွေလား…’
လုဝူယိုက မမေးရသေးခင်မှာပင် ထိုအစ်ကိုက ဓားပြတွေအကြောင်းကို ဆက်ပြောလာသည်။
“ဒီနေရာက မြေခွေးစိမ်းတောင်ပဲ... ငါတို့ အခုရောက်နေတာက ဝံပုလွေသုံးကောင်စခန်းရဲ့ မြေအောက်ထောင်ပေါ့...”
ထိုအစ်ကိုက လုဝူယိုကို အပေါ်အောက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“လူငယ်... မင်းကြည့်ရတာ ဒီဒေသကလူနဲ့ မတူဘူး... မိသားစုနဲ့ ကွဲသွားပြီးမှ ဓားပြတွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာ ဖြစ်မယ်”
“အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း သိပ်မသေချာဘူး"
လုဝူယိုက ခေါင်းကို ပွတ်သပ်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။
ဒါဟာ သူလိမ်ညာ လိုက်ခြင်းပင်။
သူ ဘယ်လိုဒီကို ရောက်လာခဲ့သည်ကို လုဝူယိုက သဘာဝအတိုင်း သိထားသည်။
သို့သော် သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူတစ်ယောက်ဖြစ်ကြောင်း ရှေ့ကလူကို တိုက်ရိုက်ပြောပြလို့မရပေ။
ဒီကိစ္စကို တခြားသူတွေကို လုံးဝပြောပြလို့မရသည့်အချက်ကို ခဏထားဦး။
သူ တကယ်ပြောပြလိုက်ရင်တောင် ထိုလူက “အခြားကမ္ဘာမှ ကူးပြောင်းခြင်း” ဆိုတာ ဘာလဲဆိုတာ နားလည်နိုင်မှာ မဟုတ်ပေ။
“လူငယ်... နောက်ဆို အရက်ကို လျှော့သောက်"
ထိုလူက တကယ်ပဲ စိတ်သဘောထားကောင်းသူဖြစ်သည်။
လုဝူယိုကို အားပေးစကားအချို့ပင် ပြောပေးလိုက်သေးသည်။
လုဝူယိုက သူရောက်ရှိလာသည့်ကမ္ဘာ၏ အခြေအနေကို ပိုမိုသိရှိနိုင်ရန် နောက်ထပ်မေးခွန်းများ မေးတော့မည့်အချိန်တွင်…
ဒုန်း...
အကျဉ်းခန်းရှေ့ရှိ သံတံခါးက ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။
ကျယ်လောင်သော အသံကြောင့် ထောင်တွင်းရှိ လူအားလုံးက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လုဝူယိုလည်း ချွင်းချက်မဟုတ်ပေ။
သူ့အမြင်အာရုံထဲတွင် သူရဲကောင်းဆန်ပြီး တက်ကြွသွက်လက်သော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ယောက်က အကျဉ်းခန်းတံခါးဝမှ ဓားတစ်လက်ကို ကိုင်ဆောင်လျက် ဝင်လာနေသည်။
ထိုဓားကိုင်အမျိုးသမီးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“ဝံပုလွေသုံးကောင်စခန်းကို ချေမှုန်းပြီးသွားပြီ... မင်းတို့အားလုံး လွတ်လပ်သွားပြီ...”
စကားဆုံးသည်နှင့် သူမက ဓားကို နှစ်ချက်သာ ဝှေ့ယမ်းလိုက်သည်။ အကျဉ်းခန်းနှစ်ခန်း၏ သံသော့ခလောက်များမှာ ချက်ချင်းပင် ပြတ်တောက်သွားကြပြီး သံကြိုးများကလည်း တခွမ်းခွမ်းမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
အားလုံးကို လုပ်ဆောင်ပြီးသည်နှင့် ထိုဓားကိုင်အမျိုးသမီးက ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။
သူမ၏ အသွင်အပြင်မှာ ကူညီခဲ့သော်လည်း နာမည်ကျော်ကြားမှုကို မရှာဖွေလိုသည့် သူရဲကောင်းတစ်ယောက်နှင့် တူနေပေသည်။