အခန်း (၉) - ပိုင်ရှင်၊ ပိုကြိုးစားပေးပါ
လင်းကျင်း အိမ်ဝင်းထဲမှ ထွက်ထွက်လာခြင်း မျက်နှာချင်းဆိုင်ရှိ အိမ်ဝင်း၏ တံခါးလည်း တိုက်တိုက်ဆိုင်ဆိုင် ပွင့်လာတော့သည်။
မျက်နှာချင်း အလွန်ဆင်တူသော လူငယ်နှစ်ယောက် အပြင်သို့ ထွက်လာပြီး နှစ်ဖက်သား မျက်နှာချင်းဆိုင် တွေ့သွားကြ၏။
အဆင်မပြေဖြစ်သွားမှာ စိုးသဖြင့် လင်းကျင်းက ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီကတာအိုရောင်းရင်း၊ ခဏလောက် စောင့်ပါဦး။”
လင်းကျင်း ခြေလှမ်းရပ်လိုက်ပြီး လူနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ ဘယ်ဘက်မှ လူငယ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာသည်။
“တာအိုရောင်းရင်းက ဒီနေရာကို အခုမှ ရောက်လာတာ ဖြစ်မယ်ထင်တယ်နော်။ ကျွန်တော့်နာမည် ကျန်းစန် ပါ။”
ထို့နောက် သူ့ဘေးရှိ လူကို ညွှန်ပြပြီး ပြောလိုက်သည်။
“ဒါကတော့ ကျွန်တော့် အမြွှာညီ ကျန်းလင် ပါ။ တာအိုရောင်းရင်းရဲ့ နာမည်ကို သိခွင့်ရမလား။”
“လင်းကျင်း။”
လင်းကျင်းက အတိုချုံး ပြန်ဖြေလိုက်ပြီး မေးလိုက်သည်။
“တာအိုရောင်းရင်း ကျန်း၊ ဘာကိစ္စများ ရှိလို့လဲ။”
လင်းကျင်းသည် ဒီနေရာသို့ အခုမှ ရောက်လာသူဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူများနှင့်လည်း မရင်းနှီးသေးသလို ယာယီအားဖြင့် မည်သူနှင့်မျှ နီးနီးကပ်ကပ် ပတ်သက်လိုစိတ်လည်း မရှိသေးပေ။
ထို့ကြောင့် သူ့အမူအရာက အနည်းငယ် အေးစက်နေသည်။ သို့သော် ကျန်းစန်က စိတ်ထဲမထားဘဲ ပြောလိုက်သည်။
“ဒါဆို ဒါက တာအိုရောင်းရင်း လင်းပေါ့။ ဒီနေရာကို အခုမှ ရောက်လာတာဆိုတော့ အရာရာနဲ့ မရင်းနှီးသေးဘူးနဲ့ ထင်တယ်။ နောင်ကျရင် ဒီလမ်းပေါ်မှာ အိမ်နီးချင်းတွေ ဖြစ်ကြမှာပဲလေ။ အချင်းချင်း ကူညီစောင့်ရှောက်သင့်တာပေါ့။”
“တစ်နေ့နေ့မှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကူအညီလိုလာရင် အားမနာဘဲပြောပါ။”
လင်းကျင်း အနည်းငယ် အံ့ဩသွားသည်။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းသာ ဖြစ်သော်လည်း တစ်ဖက်သားတို့၏ စိတ်အားထက်သန်မှုက အမှန်တကယ် မမျှော်လင့်ထားသော အရာ ဖြစ်သည်။
“တာအိုရောင်းရင်း ကျန်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အချိန်လည်း နောက်ကျနေပြီဖြစ်ပြီး ကျွန်တော်လည်း အိမ်အသုံးပစ္စည်းတချို့ သွားဝယ်ရဦးမယ်။ ဒီနေ့တော့ မပြောတော့ဘူး၊ နောက်အခွင့်အရေးရှိရင် ထပ်ဆုံကြတာပေါ့။”
လင်းကျင်းက ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
ယခုလောလောဆယ် သူတို့နှင့် အလွန်ရင်းနှီးသွားရန် ဆန္ဒမရှိသဖြင့် အကြောင်းပြချက်တစ်ခု ပေးကာ ထွက်ခွာရန် ပြင်လိုက်ခြင်း ဖြစ်သည်။
“တာအိုရောင်းရင်း လင်းက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။”
ကျန်းစန်က ပြုံး၍ ပြောသည်။
“ကျနော်တို့ ညီအစ်ကိုနှစ်ယောက်လည်း လုပ်စရာရှိသေးလို့ တာအိုရောင်းရင်းကို မနှောင့်ယှက်တော့ပါဘူး။ နောက်မှ ထပ်တွေ့ကြတာပေါ့။”
ထိုသို့ ပြောပြီးနောက် ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်သည် တိုက်ရိုက် ထွက်ခွာသွားကြသည်။
သူတို့၏ နောက်ကျောကို ကြည့်ရင်း လင်းကျင်းလည်း ခဏရပ်နေလိုက်သည်။ ထို့နောက် ခေါင်းလှည့်ကာ သူသွားရမည့် လမ်းကြောင်းအတိုင်း ဆက်လက် ထွက်ခွာသွားလေသည်။
……
ကျင့်ကြံသူဈေးကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူပြန်ရောက်လာချိန်တွင် မှောင်စပြုနေပြီဖြစ်သည်။
ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက် လင်းကျင်းသည် ဈေးထဲတွင် ဝိညာဉ်ဆန် ဝယ်ယူနေသော ကုန်သည်အိမ်စုအချို့အကြောင်း အကြမ်းဖျင်း သိရှိနားလည်သွားခဲ့သည်။
သူသည် စနစ်ရဲ့နေရာလွတ်အတွင်း ဝိညာဉ်စပါး ဆယ်မူ စိုက်ပျိုးထားပြီး တစ်မူလျှင် တစ်ထောင်ကျင်း ထွက်ရှိသဖြင့် စုစုပေါင်းလိုက်လျှင် တသောင်းကျင်း ရရှိမည် ဖြစ်ပေသည်။
(ဘာသာပြန်သူမှတ်ချက် ။ ကျင်း (Jin) or Catty = 0.5 Kg ပါ)
တစ်သောင်းကျင်း ဆိုသည်မှာ နည်းသော ပမာဏမဟုတ်ပေ။ ထိုဆန်များအားလုံးကို ကုန်သည်တစ်ဦးတည်းထံသို့ ရောင်းချ၍ မရနိုင်ပေ။ ထိုသို့ရောင်းပါက သံသယဝင်စရာ ဖြစ်လာမည်ဖြစ်သောကြောင့် သူရောင်းချမည့် ဆိုင်များကိုလည်း အပြောင်းအလဲလုပ်ရမည်။
ထို့အပြင် သူသည် ချီစုဆောင်းခြင်းအဆင့် ဒုတိယအလွှာ ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေသဖြင့် ဆန်များကို ခွဲရောင်းလိုက်သည့်တိုင် အခြားသူများ၏ အာရုံစိုက်မှုကို ခံရနိုင်သေးသည်။
“ရုပ်သွင်နဲ့ အရှိန်အဝါကို ပြောင်းလဲပေးနိုင်တဲ့ မှော်ပစ္စည်းတစ်ခုသာ ရှိရင် သိပ်ကောင်းမှာဘဲ” လို့ လင်းကျင်း တွေးလိုက်မိသည်။
“ဝိညာဉ်စပါးရဲ့ ရင့်မှည့်ချိန်က တစ်နှစ်ဆိုပေမဲ့ နေရာလွတ်စနစ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ခြောက်လပဲ ကြာတယ်။ နေရာလွတ်စနစ်ထဲက ဝိညာဉ်လယ်မြေ ၂၀ မူအားလုံးကို ဝိညာဉ်စပါး စိုက်လိုက်ရင် တစ်နှစ်ကို လေးသောင်းကျင်း ထွက်နိုင်တယ်ဆိုတော့ ဒါဟာ မိသားစုငယ်တစ်စုရဲ့ တစ်နှစ်စာ ထွက်နှုန်းနဲ့ ညီမျှနေပြီ။”
“မဟုတ်သေးဘူး၊ ဒီလိုတော့ မဖြစ်သေးဘူး။”
လင်းကျင်းက ခေါင်းခါလိုက်သည်။
“အကြောင်းအရင်းမသိရတဲ့ ဝိညာဉ်ဆန် လေးသောင်းကျင်း ဈေးကွက်ထဲကို ဝင်လာရင် လူတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ခံရလိမ့်မယ်။”
“ဝိညာဉ်ဆန်တစ်မျိုးတည်းပဲ စိုက်လို့မဖြစ်ဘူး။ နောက်ရက်တွေမှာ တခြားစိုက်ပျိုးလို့ရတဲ့ သီးနှံတွေ ရှိမရှိကိုလည်း သေချာ စုံစမ်းရမယ်။”
“ဒါ့အပြင် ရုပ်သွင်နဲ့ အရှိန်အဝါ ပြောင်းလဲနိုင်တဲ့ မှော်ပစ္စည်းတစ်ခုကိုလည်း အမြန်ဆုံး ဝယ်ယူရမယ်။”
သေချာပေါက် ကျင့်ကြံမှုကိုလည်း လျစ်လျူရှုထား၍ မရပေ။ မနေ့ညက စနစ်ရဲ့ နေရာလွတ် အတွင်း အသုံးပြုနိုင်သည့် အချိန်အားလုံးကို သုံးစွဲခဲ့ပြီးဖြစ်သောကြောင့် ယခုအခါ ခြံဝင်းထဲတွင်သာ ကျင့်ကြံနိုင်တော့သည်။
သို့သော် မကြာခင်မှာပင် လင်းကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး ကျင့်ကြံခြင်းကို ရပ်လိုက်ရ၏။
“ဒီနေရာရဲ့ ဝိညာဉ်စွမ်းအင်က အရမ်းနည်းလွန်းတယ်။ ချင်းယွင်တောင်ထိပ်မှာ ရှိတုန်းကထက်တောင် ပိုဆိုးနေသေးတယ်”
လင်းကျင်း မျက်မှောင်ကြုတ်ရခြင်းမှာ ဒီနေရာရှိ ဝိညာဉ်စွမ်းအင်က အလွန်ပါးလွှာလွန်းသောကြောင့် ဖြစ်သည်။ သူ၏ ဝိညာဉ်အမြစ် အရည်အချင်းနှင့်ဆိုလျှင် ဒီနေရာတွင် ကျင့်ကြံခြင်းက အကျိုးမရှိသလောက်ပင် ဖြစ်နေတော့သည်။
“တခြားလူတွေ ဘယ်လိုကျင့်ကြံကြတာလဲ မသိဘူး။ ဝိညာဉ်ကျောက်တုံးတွေကို သုံးကြတာများလား။…”
သို့သော် ထိုအတွေးကို သူ ချက်ချင်းပယ်ချလိုက်သည်။
ပထမအချက်အနေဖြင့် သူ၏ ကျင့်ကြံမှု အရည်အချင်းက အလွန်ညံ့ဖျင်းလွန်းသည်။ ဝိညာဉ်ကျောက်တုံးများ အသုံးပြုပြီး ကျင့်ကြံမည်ဆိုလျှင်တောင် ဝိညာဉ်စုစည်းမဟာအစီအရင်တစ်ခု မရရှိနိုင်သရွေ့ အကျိုးသက်ရောက်မှု ကြီးမားမည်မဟုတ်ပေ။ ဝိညာဉ်စုစည်းမဟာအစီအရင်၏ အကူအညီပါမှသာ အနည်းငယ် ပိုအားကောင်းလာမည်ဖြစ်ပေမည်။
ထို့အပြင် ယခု သူ့မှာ ဝိညာဉ်ကျောက်တုံး ငါးရာကျော်ရှိသဖြင့် ချမ်းသာသလို ထင်ရသော်လည်း အမှန်တကယ်တော့ မလုံလောက်ပေ။
သူသည် ဆေးဖော်စပ်ပညာကို သင်ယူရဦးမည်။ ဆေးညွှန်းစာရွက်များ ဝယ်ယူရမည်။ ဆေးဖော်စပ်ရန် လိုအပ်သော ပစ္စည်းများကိုလည်း ဝယ်ရဦးပေမည်။
ထို့အပြင် ရုပ်သွင်နှင့် အရှိန်အဝါ ပြောင်းလဲနိုင်သည့် မှော်ပစ္စည်းတစ်ခုကိုလည်း ဝယ်ရမည်။
ထိုအရာအားလုံးကို ထည့်တွက်လိုက်လျှင် သူ့ထံရှိ ဝိညာဉ်ကျောက်တုံးများမှာ လုံးဝမလုံလောက်ပေ။ တခြားအသုံးစရိတ်များကို ထည့်မပြောသေးဘဲ ရုပ်သွင်နှင့် အရှိန်အဝါ ပြောင်းလဲနိုင်သည့် မှော်ပစ္စည်းတစ်ခုတည်းကပင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကုန်ကျနိုင်ပေသည်။
အကြောင်းရင်းမှာ သူဝယ်လိုသည့် မှော်ပစ္စည်းမှာ သာမန်ပစ္စည်းမဟုတ်ပေ။ အနည်းဆုံးတော့ အုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်တစ်ဦး၏ နတ်အာရုံကိုပင် ခံနိုင်ရည်ရှိရမည်။ ထိုမှသာ အနာဂတ်တွင် အခြားသူများနှင့် ဆက်ဆံရာ၌ အဆင်ပြေမည်ဖြစ်သည်။
ဒီလောကတွင် အားနည်းခြင်းသည်ကား မူလအပြစ်ပင် ဖြစ်သည်။ အရောင်းအဝယ်လုပ်နေစဉ် အခြားသူများ၏ တိုက်ခိုက်ဖျက်ဆီးခြင်းကိုပင် ခံရနိုင်ပေသည်။
ထို့ကြောင့် ယခုအချိန်တွင် မိမိ၏ အထောက်အထားကို ဖုံးကွယ်ထားနိုင်ခြင်းက အရေးအကြီးဆုံး ဖြစ်နေပေသည်။
……
ကျင့်ကြံ၍ မရနိုင်တော့သဖြင့် လင်းကျင်းသည် ဆေးဖော်စပ်ပညာလက်စွဲစာအုပ်ကို စတင်ဖတ်ရှုလိုက်သည်။
ညဉ့်နက်သည်အထိ ဖတ်ရှုနေစဉ်မှာဘဲ စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
“နေရာလွတ်စနစ် အချိန်ပြန်လည်ဖြည့်တင်းပြီးပါပြီ။ ကျန်ရှိချိန် - ၄ နာရီ”
လင်းကျင်း အိမ်ထဲသို့ဝင်ကာ ပရိဘောဂများနှင့်အတူ ဝယ်ထားသော တံစဉ်ကို ထုတ်ယူလိုက်သည်။
“နေရာလွတ်စနစ်ထဲ ဝင်မယ်”
လင်းကျင်းက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်သည်။
ဝိညာဉ်စပါးများ ရင့်မှည့်နေပြီဖြစ်သည်။ သူသည် ဒီအချိန်ကို အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရ၏။
ထို့နောက် လင်းကျင်း အလုပ်များစွာကို စတင်လုပ်ကိုင်တော့သည်။ တစ်နာရီခန့်ကြာပြီးနောက် ချွေးများရွှဲနစ်နေသော လင်းကျင်းသည် လယ်ကွင်းဘေးတွင် ပစ်လဲကျသွားတော့သည်။
“စနစ်အသိပေးချက် - အလယ်အလတ်အဆင့် ဝိညာဉ်စပါး တစ်မူ ရိတ်သိမ်းပြီးပါပြီ။ ဆုလာဘ် - ရိတ်သိမ်းမှတ် ၁ မှတ်”
စနစ်အသိပေးချက်ကို မြင်လိုက်ရသည့်အခါ လင်းကျင်း မနေနိုင်ဘဲ လှောင်ပြောင်လိုက်တော့သည်။
“ဒီစနစ်က တကယ်ကို ကပ်စေးနဲတာပဲ!!!”
“စနစ်အသိပေးချက် - ပိုင်ရှင်သည် ဝိညာဉ်အပင်ကို ပထမဆုံးအကြိမ် ရိတ်သိမ်းခြင်းဖြစ်သောကြောင့် ဆုလာဘ်အဖြစ် ရိတ်သိမ်းမှတ် ၁၀ မှတ် ချီးမြှင့်သည်။”
“ဒါက စွမ်းဆောင်မှု ဆုလာဘ်မျိုးလား။”
ဝိညာဉ်စပါး တစ်မူအတွက် ရိတ်သိမ်းမှတ် တစ်မှတ်သာ ရမည်ဆိုလျှင် နောက်တစ်ဆင့် တက်ရန် အချိန်ဘယ်လောက်ကြာမည်နည်း။
“စနစ်ရေ၊ ထွက်လာပြီး ရှင်းပြစမ်းပါ။”
“သခင်၊ ဝိညာဉ်အပင် စိုက်ပျိုးခြင်းမှ ရရှိသော ရိတ်သိမ်းမှတ် များကို စိုက်ပျိုးထားသည့် ဝိညာဉ်အပင်၏ အဆင့်အတန်းအလိုက် သတ်မှတ်သည်။ ဝိညာဉ်အပင်၏ အဆင့် မြင့်လေလေ၊ ၎င်းတွင် ပါဝင်သော ဝိညာဉ်စွမ်းအား ပိုများလေလေဖြစ်ပြီး ရရှိမည့် ရိတ်သိမ်းမှတ် များလည်း ပိုများလေဖြစ်သည်”
“ရိတ်သိမ်းမှတ် များများ ရယူလိုပါက အဆင့်ပိုမြင့်သော ဝိညာဉ်အပင်များကို ရှာဖွေပြီး စိုက်ပျိုးရမည်”
“ပိုင်ရှင်၊ ပိုကြိုးစားပေးပါ”
စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းကျင်း အနည်းငယ် ရှက်သွားသည်။
“ဟဲ... ဟဲဟဲ...”
ကြည့်ရတာတော့ စနစ်ကို အပြစ်တင်လို့ မရသေးပေ။ ဘာပဲဖြစ်ဖြစ် သူစိုက်ထားတာက ဝိညာဉ်စပါးသာ ဖြစ်ပေသည်။
သူ၏ ကျင့်ကြံမှုအဆင့် နိမ့်ကျလွန်းသောကြောင့် အဆင့်မြင့် ဝိညာဉ်အပင်များကို မရရှိနိုင်ခြင်းသာ ဖြစ်သည်။
……
ရိတ်သိမ်းမှတ် ပေးတာ နည်းပေမဲ့ အထွက်နှုန်းကတော့ မဆိုးသေးပေ။ ဒီလယ်မြေ တစ်မူထဲက ထွက်ရှိသော အထွက်နှုန်းသည် တစ်ထောင်ကျင်းကျော် ရှိကြောင်း လင်းကျင်း ခန့်မှန်းမိသည်။ ထို့အပြင် ဤသည်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ဆန်ဖြစ်ပြီး အဆင့်နိမ့် ဝိညာဉ်ဆန်ထက် များစွာ တန်ဖိုးရှိသည်။
ယနေ့ စုံစမ်းထားသော ဈေးနှုန်းအရ အလယ်အလတ်အဆင့် ဝိညာဉ်ဆန် ကျင်းငါးဆယ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်လုံးနှင့် လဲလှယ်နိုင်သည်။ ထို့ကြောင့် ကျင်းတထောင်သာ ရိတ်သိမ်းနိုင်ပါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ် ရရှိမည်ဖြစ်သည်။
“တကယ်တော့ ကိုယ့်ဘာသာ မြေပိုင်ရှင်ဖြစ်ရတာ ပိုသက်သာတာပဲ။”
ချင်းယွင်ဓားဂိုဏ်း၌ နေထိုင်ခဲ့စဉ်က အတွေ့အကြုံများကို ပြန်တွေးမိပြီး လင်းကျင်း ကျေနပ်စွာ ပြုံးလိုက်သည်။
စပါးရိတ်သိမ်းပြီးနောက် ယခုအခါ ဝိညာဉ်စပါးများကို လှန်းရမည်ဖြစ်ပြီး စပါးခွံချွတ်ပြီးမှသာ အမှန်တကယ် အသုံးပြုနိုင်သော ဝိညာဉ်ဆန် ဖြစ်လာမည်ဖြစ်သည်။
ရိတ်သိမ်းရဦးမည့် ဝိညာဉ်လယ်မြေ မူအများအပြား ကျန်နေသေးကြောင်း တွေးမိသဖြင့် လင်းကျင်း အချိန်မဖြုန်းတော့ပေ။ ဝိညာဉ်စပါးများကို လှန်းထားပြီးမှသာ နေရာလွတ်စနစ်မှ ထွက်ခွါလိုက်တော့သည်။
ထိုညတွင် လင်းကျင်းသည် ကျင့်ကြံခြင်း မပြုတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်သည်။
နောက်ရက်များတွင် လင်းကျင်းသည် နေ့တိုင်း စောစောထွက်ပြီး ဈေးတစ်ဝိုက် လှည့်လည်နေကာ ညကျမှသာ ပြန်ခဲ့သည်။
ထို့ကြောင့် ဈေးတစ်ခုလုံးအကြောင်းကို အတော်အသင့် နားလည်သွားခဲ့သည်။
နန်ရှန်ဈေးသည် အနီးအနားရှိ ဂိုဏ်းအချို့မှ အင်အားစုအသီးသီး အရောင်းအဝယ် ပြုလုပ်နိုင်ရန် တည်ထောင်ပြီး စီမံခန့်ခွဲထားသော ဈေးတစ်ခုဖြစ်ပေသည်။
ထိုအင်အားစုများထဲတွင် အကြီးမားဆုံးမှာ သေချာပေါက် ချင်းယွင်ဓားဂိုဏ်းပင် ဖြစ်သည်။
စျေးသည် နန်မင်နယ်မြေတွင် အတော်အတန် ကျော်ကြားမှုရှိပြီး အရင်းအမြစ်ပေါများသော ညမြူတောင်တန်းနှင့်လည်း နီးကပ်နေသောကြောင့် လေလွင့်ကျင့်ကြံသူ အများအပြားက ကံစမ်းရန် ရောက်လာတတ်ကြသည်။
အချို့သော မျိုးနွယ်စုငယ်များပင် မိသားစုတစ်စုလုံးကို ဒီနေရာကို ပြောင်းရွှေ့လာကာ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းကြသည်။
အချိန်ကြာလာသည်နှင့်အမျှ နန်ရှန်ဈေးသည် ယခုကဲ့သို့ အရွယ်အစားအထိ တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
သို့သော် လင်းကျင်းအနေဖြင့် ထိုကိစ္စများကို အလွန်အမင်း စိတ်ဝင်စားနေစရာ မလိုပေ။ သူ ပို၍ စိတ်ဝင်စားသည်မှာ ဈေးထဲရှိ ကုန်သွယ်ရေးလုပ်ငန်းစုများ ဖြစ်သည်။
အကြောင်းမှာ အနာဂတ်တွင် သူသည် ထိုလုပ်ငန်းစုများနှင့် မလွဲမသွေ ဆက်ဆံရမည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် သူတို့ကို ကြိုတင်သိကျွမ်းထားရန်မှာ အလွန်လိုအပ်လှပေသည်။