အခန်း (၈၈) - ငှက်ကလေးနှင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ဒီတစ်နပ်တွင် ဟွမ်ချင်းလင်က အလွန်ပျော်ရွှင်ကျေနပ်စွာ စားသောက်ခဲ့ကာ ငှက်ကလေးပင်လျှင် ၎င်းအကြိုက်ဆုံးဖြစ်သော အသားကင် အတုံးကြီးနှစ်တုံးကို အဝစားရခဲ့သည်။
မည်သို့ပင်ဆိုစေ ငှက်ကလေးက အခုတလော အတော်လေး အပြစ်ခံထားရသဖြင့် လင်းကျင်းကလည်း ၎င်းကို လျစ်လျူမရှုနိုင်ပေ။
ငှက်ကလေးကို ကောင်းကောင်းမွန်မွန် ဧည့်ခံနေသည်ကို မြင်ပြီး ဟွမ်ချင်းလင်၏ မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။
“လင်းကျင်း၊ ကျွန်မကြည့်ရတာ ရှင်နဲ့ ငှက်ကလေးက ဆက်ဆံရေး အတော်ကောင်းတဲ့ပုံပဲ...”
“ဒီလိုလုပ်ရအောင်...”
လင်းကျင်းက ခေါင်းမော့ကာ မျက်နှာတွင် နားမလည်မှု အပြည့်ဖြင့် ဟွမ်ချင်းလင်ကို ကြည့်လိုက်လေသည်။
“ဘယ်လိုလုပ်မှာလဲ...”
“နောက်ဆို ငှက်ကလေးအတွက် ရှင်ပဲ ဟင်းချက်ပေးတော့။ အဲဒီလိုဆို သူ အပြင်ထွက်ပြီး ထပ်မခိုးတော့ဘူး...”
“မဟုတ်ရင် နောက်တစ်ခါ သူများ ဖမ်းမိပြီး ကျွန်မဆီ ပြန်ပို့လာရင် ကျွန်မလည်း မျက်နှာပျက်ရလွန်းလို့...”
လင်းကျင်းမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
“တာအိုရောင်းရင်း ချင်းလင်...”
“ကျွန်တော် မလုပ်ချင်တာ မဟုတ်ဘူး...”
“ကျွန်တော် နေ့တိုင်း ဆေးလုံးဖော်စပ်ရတာမို့ မီးဖိုချောင်ထဲမှာ အချိန်အများကြီး ကုန်ဆုံးဖို့ တကယ် အချိန်မရှိဘူး...”
“အဲဒါ ကျွန်မ သိပါတယ်...”
ဟွမ်ချင်းလင်က ပြောလိုက်သည်။
“တစ်လကို အချိန်နည်းနည်းလောက် ဖယ်ထားပြီး ဟင်းလေးငါးနပ်လောက် ချက်ပေးရင် ရပြီ..”
ထို့နောက် သူမက အလျင်အမြန် ထပ်ပြောလိုက်သည်။
“ပြီးတော့ ကုန်ကြမ်းတွေလည်း ကျွန်မပဲ စိုက်ထုတ်ပေးမယ်...”
“တာအိုရောင်းရင်း ချင်းလင်...”
“အမှန်အတိုင်း ပြောရရင်... စားချင်တာ ငှက်ကလေး မဟုတ်ဘဲ ခင်ဗျား ကိုယ်တိုင် မဟုတ်ဘူးလား...”
လင်းကျင်းက သံသယအပြည့်ဖြင့် ဟွမ်ချင်းလင်ကို ကြည့်ကာ မေးလိုက်သည်။
“အွန်း...” ဟွမ်ချင်းလင်၏ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။
အမှန်တော့ ဟွမ်ချင်းလင် ထိုသို့ ပြောရသည့် အကြောင်းရင်းမှာ ယခင်က သူမသည် လင်းကျင်းထံ မကြာခဏ လာရောက်ကာ အလကား စားသောက်တတ်ခဲ့ခြင်းကြောင့်ပင်။
နောက်ပိုင်းတွင် အကြီးအကဲပိုင် သိသွားပြီး သူမကို ဆုံးမခဲ့လေသည်။
ထိုအချိန်မှစ၍ ဟွမ်ချင်းလင်လည်း ထိုသို့ မကြာခဏ လာရောက်နှောင့်ယှက်ခြင်းမှာ မသင့်တော်ကြောင်း သိလာပြီး လင်းကျင်းထံ အလွယ်တကူ မလာရဲတော့ပေ။
“ကောင်းပါပြီ...”
ဟွမ်ချင်းလင်၏ ပုံစံကို မြင်ပြီး လင်းကျင်းမှာ မငြင်းဆန်ရက်တော့သဖြင့် သဘောတူလိုက်ရတော့သည်။
ဟွမ်ချင်းလင်က အလွန်ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ဟီးဟီး... သိသားပဲ၊ လင်းကျင်းက အကောင်းဆုံးပဲ...”
“စိတ်ချ...”
“ရှင် ကျွန်မအတွက် ဟင်းချက်ပေးနေသရွေ့ ကျင့်ကြံသူစျေးထဲမှာ ကျွန်မ ရှင့်ကို ကာကွယ်ပေးမယ်။ ဘယ်သူမှ ရှင့်ကို မနှောင့်ယှက်ရဲစေရဘူး...”
“အွန်း...” လင်းကျင်းက အသံတစ်ချက်ပဲ ပြန်လိုက်ပြီး ထိုစကားကို အလေးအနက် မထားပေ။
ထို့နောက် နှစ်ယောက်သား စားသောက်ပြီးသွားသောအခါ ဟွမ်ချင်းလင်သည် ငှက်ကလေး အစားအသောက်ခိုးသည့် ကိစ္စကို ဖြေရှင်းရန် အကြီးအကဲပိုင်ထံ သွားရမည်ဖြစ်သဖြင့် အရင် ထွက်သွားတော့သည်။
လင်းကျင်းကတော့ အားလုံးကို သိမ်းဆည်းရှင်းလင်းပြီး ဆေးလုံးဖော်စပ်ခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။
လင်းကျင်း အပြင်လောက၌ ဆေးလုံးဖော်စပ်ခြင်းကို နည်းနည်းပါးပါသာ လုပ်လေ့ရှိသည်။
သူ့အိမ်နောက်ဘက်ရှိ ဆေးဖော်စပ်ခန်းကိုပင် အကြိမ်အနည်းငယ်သာ အသုံးပြုခဲ့ဖူးပေသည်။
ကံကောင်းစွာဖြင့် နေရာလွတ်စနစ်မှာ အဆင့် ၃ သို့ အဆင့်မြှင့်ပြီးဖြစ်ကာ တစ်နေ့လျှင် ခြောက်နာရီ ဝင်ရောက်နိုင်ပေသည်။
အချိန်စီးဆင်းနှုန်းက သုံးဆဖြစ်နေသဖြင့် သူ့အတွက် တစ်နေ့လျှင် ဆယ့်ရှစ်နာရီ ရရှိနေသည်။ အခုတော့ အချိန်မလောက်ငှမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
နေ့လယ်ပိုင်းတွင် ဟွမ်ချင်းလင် ပြန်ရောက်လာခဲ့သည်။
သူမ၏ ပြောပြချက်မှတစ်ဆင့် လင်းကျင်းလည်း အကြောင်းအရာတစ်ခုကို သိလိုက်ရသည်။
အမှန်မှာ ငှက်ကလေးသည် ယခင်က မူးယစ်နတ်ဘုရားစံအိမ်တွင် ခိုးယူနေစဉ် ဖမ်းမိခဲ့ဖူးသည်။
သို့သော် ဖမ်းမိသူက ထိုငှက်သည် အကြီးအကဲပိုင်က ဟွမ်ချင်းလင်ကို ပေးထားသော အနက်ရောင်စွန်ငှက် ဖြစ်ကြောင်း သိထားသဖြင့် ဆူပူဆုံးမပြီးသာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အကြီးအကဲပိုင်လည်း ထိုကိစ္စကို သိထားပြီးသား ဖြစ်သော်လည်း သူတို့၏ အမြင်တွင် ထိုကဲ့သို့သော ကိစ္စမျိုးသည် အရေးမကြီးလှပေ။
ထို့ကြောင့် အကြီးအကဲပိုင်သည် ဟွမ်ချင်းလင်ကိုပင် ထိုအကြောင်း မပြောပြခဲ့ခြင်း ဖြစ်သည်။
ငှက်ကလေး နောက်တစ်ကြိမ် အစားအသောက်ခိုးသည့် ကိစ္စနှင့် ပတ်သက်၍ အကြီးအကဲပိုင်၏ တုံ့ပြန်ပုံမှာ အလွန်ပင် ရိုးရှင်းပေသည်။
“ငှက်ကလေးကို ဖမ်းမိရင်တော့ ငါတို့ ဝန်ခံမယ်... မဖမ်းမိရင်တော့ ဘာလို့ ဝန်ခံရမှာလဲ...”
အကြီးအကဲပိုင်၏ စကားကို ကြားပြီးနောက် ဟွမ်ချင်းလင်မှာ စကားပင် ပြန်မပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် မူးယစ်နတ်ဘုရားစံအိမ်ကဲ့သို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ထိုင်စောင့်နေသည့် နေရာမှလွဲ၍ အခြား စားသောက်ဆိုင်များနှင့် အရက်ဆိုင်များအတွက် ငှက်ကလေးကို ဖမ်းမိရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ထိုကိစ္စသည် ဒီအတိုင်း ပြီးဆုံးသွားခဲ့လေသည်။
သို့သော် ဟွမ်ချင်းလင်ကတော့ ငှက်ကလေးကို ကောင်းကောင်း သတိပေးခဲ့ပြီး ညဘက်များတွင် အပြင်ထွက်ကာ အစားအသောက် ခိုးယူခြင်းကို လုံးဝ တားမြစ်လိုက်တော့သည်။
အကြောင်းမှာ တစ်နေ့နေ့တွင် ငှက်ကလေး အမှန်တကယ် ဖမ်းမိသွားပြီး သူမကိုယ်တိုင် သွားရောက် တောင်းပန်ရမည့် အခြေအနေမျိုးကို မလိုချင်သောကြောင့်ပင်။
ငှက်ကလေး၏ အရှိန်နှုန်းက အလွန်မြန်သော်လည်း မတော်တဆမှု မရှိဘူးလို့ မည်သူမှ အာမမခံနိုင်ပေ။
အကြောင်းစုံကို လင်းကျင်းအား ပြောပြပြီးနောက် ဟွမ်ချင်းလင်သည် ငှက်ကလေးကို ခေါ်ကာ ပြန်ထွက်သွားသည်။
ထိုသို့ဖြင့် နောက်ထပ် နှစ်ရက် ထပ်ကုန်လွန်သွားသည်။
ယနေ့တွင် လင်းကျင်းသည် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး မျက်လုံးဖွင့်လိုက်ပြီး အချိန်ကို တွက်ချက်ကြည့်လိုက်ရာ အချိန်ကျလုနီးပါး ဖြစ်နေ၏။
လင်းကျင်းက အိပ်ရာမှ ဆင်းလိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်ရာ ညအချိန် ဖြစ်နေသော်လည်း အပြင်ဘက်တွင်တော့ ဖြူဖွေးတောက်ပနေဆဲ ဖြစ်သည်။
“ဟူးးးး...”
အရိုးထဲအထိ စိမ့်ဝင်စေသည့် လေအေးများက နှင်းဖြူအမှုန်များနှင့်အတူ လင်းကျင်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လာခဲ့ကာ အေးစက်မှုသည် ချက်ချင်းပင် အဝတ်ကို ထိုးဖောက်ကာ ကိုယ်ထဲသို့ စိမ့်ဝင်လာသည်။
လင်းကျင်းက အလျင်အမြန် ကျင့်စဉ်ကို လှည့်ပတ်အသုံးပြုလိုက်မှသာ ထိုအေးစက်မှုကို ဖယ်ရှားနိုင်ခဲ့သည်။
အခြားသူတစ်ဦးနှင့် ချိန်းဆိုထားသော တစ်နှစ်တာ သတ်မှတ်ချိန်မှာ ရောက်လုနီးပါး ဖြစ်နေပြီ။
ချင်းယွဲ့၏ နဂါးဝှက်ဆွဲသီးကို ရောင်းချမည့် ကျင့်ကြံသူ၏ လိုအပ်သောဆေးလုံးများကိုလည်း လင်းကျင်းက အားလုံး စုဆောင်းပြီးဖြစ်သည်။
ယနေ့ညတွင် သူသည် လွန်ခဲ့သော တစ်နှစ်က သဘောတူထားခဲ့သော အရောင်းအဝယ်ကို အပြီးသတ်ရန်အတွက် မှောင်ခိုစျေးကွက်သို့ သွားရန် ပြင်ဆင်ထားတော့လေသည်။
သို့သော် လင်းကျင်း အိမ်အပြင်သို့ မထွက်ရသေးမီ အရိပ်တစ်ခုက အဝေးမှ ပျံသန်းဝင်ရောက်လာခဲ့သည်။
လင်းကျင်းက ခေါင်းလှည့်ကြည့်လိုက်ရာ ထိုအရိပ်မှာ ငှက်ကလေး ဖြစ်နေကာ ငှက်ကလေး၏ နှုတ်သီးထဲတွင် အသက်ရှင်လျက်ရှိပြီး ခုန်ပေါက်နေသေးသော ငါးကြီးတစ်ကောင်ကို ကိုက်ချီလာခဲ့သည်။
သို့သော် ထိုငါးကို မည်သည့်နေရာမှ ယူလာသည်ကိုတော့ မသိနိုင်ပေ။
“ငှက်ကလေး...”
“တာအိုရောင်းရင်း ချင်းလင်က မင်းကို နောက်ထပ် မခိုးဖို့ ပြောထားတာ မဟုတ်ဘူးလား... ဘယ်လိုဖြစ်ပြီး ထပ်သွားခိုးလာပြန်တာလဲ...”
ငှက်ကလေးက နှုတ်သီးကို ဟလိုက်ပြီး ခေါင်းခါပြလိုက်ရာ ငါးကြီးက မြေပေါ်သို့ ပြုတ်ကျသွားပြီး အဆက်မပြတ် ခုန်ပေါက် ရုန်းကန်နေတော့သည်။
လင်းကျင်းက မြေပေါ်တွင် ခုန်ပေါက်နေသည့် ငါးရှင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါဒီငါးကို ငါ့ကို ချက်ခိုင်းစေချင်တာလား...”
ငှက်ကလေး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ငှက်ကလေး...”
အသံဆုံးသွားရန်ပင် မစောင့်ရသေးဘဲ လှပသော ပုံရိပ်တစ်ခုက ပျံသန်းရောက်ရှိလာကာ ငှက်ကလေး၏ ထွက်ပေါက်ကို အိမ်ရှေ့တွင် တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
“တာအိုရောင်းရင်း ချင်းလင်၊ နင် သူ့နောက်ကို လိုက်လာတာလား...”
လင်းကျင်းက ထိုလှပသော ပုံရိပ်ကို ကြည့်ပြီး မေးလိုက်သည်။ ယခုလေးတင် ပျံသန်းရောက်လာသူမှာ ဟွမ်ချင်းလင်ပင် ဖြစ်သည်။
“လင်းကျင်း၊ တကယ် အားနာပါတယ်... အခု ညဉ့်နက်အချိန် ကျွန်မ တရားထိုင်ပြီးလို့ ကြည့်လိုက်တော့ သူ မရှိတော့ဘူး...”
ထို့နောက် ဟွမ်ချင်းလင်က ငှက်ကလေးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
“တော်သေးတာပေါ့၊ ကျွန်မ ကြိုပြီး သူ့ကို ခြေရာခံအမှတ်အသား ထည့်ထားမိလို့... မဟုတ်ရင် ကျွန်မရဲ့ အရှိန်နဲ့တောင် သူ အစောကြီး ပျောက်သွားလောက်ပြီ...”
ဟွမ်ချင်းလင် ရောက်လာသည်ကို မြင်သည်နှင့် ငှက်ကလေးက ခေါင်းငုံ့ကျသွားသည်။
“မလိုက်လာသေးဘူးလား...”
ဟွမ်ချင်းလင်က အော်လိုက်ရာ ငှက်ကလေးမှာ နာခံစွာဖြင့် သူမဘေးသို့ ပျံသန်းသွားရတော့သည်။
မြေကြီးပေါ်ရှိ ငါးကိုပင် ပြန်မကြည့်တော့ပေ။
ထိုမြင်ကွင်းကို မြင်ပြီး လင်းကျင်းလည်း အနည်းငယ် သနားသွားသည်။
“ထားလိုက်ပါတော့... ကြည့်ရတာ ဒီလောက် သနားစရာကောင်းနေတာ...”
“အစားအသောက်တောင် သယ်လာပြီးပြီပဲ... သူ့အတွက် ချက်ပေးလိုက်ပါ့မယ်...”
ထိုစကားကို ကြားသည်နှင့် ငှက်ကလေး၏ မျက်လုံးများ ပြန်လည် တောက်ပသွားပြီး အသံထွက်ကာ “ကျိ…” အော်လိုက်ပြီးနောက် ဟွမ်ချင်းလင်ပတ်လည်တွင် ပျံဝဲနေတော့သည်။
“လင်းကျင်း… ရှင် တကယ် ဒုက္ခခံနေရပြီ...”
ဟွမ်ချင်းလင်က အနည်းငယ် အားနာဟန်ဖြင့် ပြောလိုက်သည်။
“ရပါတယ်...” လင်းကျင်းက ပြုံး၍ ပြောလိုက်ပြီးနောက် ရုတ်တရက် မေးလိုက်လေသည်။
“ဒါနဲ့ ဒီငါးကို ဘယ်က ရလာတာလဲ...”
“ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မ သူ့ကို ဆူပြီးကတည်းက သူ အစားအသောက် မခိုးရဲတော့ဘူး။ ဒီငါးကတော့ ကျင့်ကြံသူစျေးထဲက မြစ်ထဲမှာ သူ ဖမ်းလာတာ...”
ဟွမ်ချင်းလင်က ရှင်းပြလိုက်သည်။
“အခု ငါးဖမ်းတတ်နေပြီလား...” လင်းကျင်းက အံ့ဩသွားသည်။
“ကျွန်မလည်း ဒီနေ့မှ သိတာ...”
ဟွမ်ချင်းလင်က ငှက်ကလေးကို အားမတန်စွာ ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“တာအိုရောင်းရင်း ချင်းလင်၊ အရင် ထိုင်လိုက်ပါဦး...”
“ငါးဟင်းက တခြားဟင်းတွေလို အချိန်မကြာလို့ မြန်မြန်ပြီးတယ်.....”
လင်းကျင်းက ပြောပြီး ငါးကို ကောက်ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
မကြာမီ အချိန်အတွင်းမှာပင် မွှေးပျံ့အရသာရှိလှသော ငါးကင်တစ်ကောင် စားပွဲပေါ်သို့ ရောက်လာသည်။
လင်းကျင်းက ငါးကင်ကို စားပွဲပေါ် ချထားလိုက်သည့်အချိန် ငှက်ကလေးက ချက်ချင်း ခုန်အုပ်ရန် ပြင်လိုက်သော်လည်း လင်းကျင်းက တားလိုက်သည်။
“ငှက်ကလေး၊ ငါတို့ အရင် သဘောတူရအောင်...”
“နောက်ဆို ညဘက်တွေမှာ ငါ့ကို လာမနှောင့်ယှက်နဲ့တော့...”
“ငါ့ကို ဟင်းချက်ခိုင်းစေချင်ရင် ငါအလုပ်မရှုပ်နေချိန် နေ့ခင်းဘက် လာ….”
“နောက်တစ်ချက်...”
“နောင်တစ်ချိန် ငါ့ကို ဟင်းချက်ခိုင်းချင်ရင် မင်းလည်း တစ်ခုခု ယူလာပြီး လဲလှယ်ရမယ်...”
“အားထုတ်မှ အကျိုးရတယ်ဆိုတဲ့ သဘောတရားကို နားလည်ရမယ်...”
“ပြီးတော့...သူများပစ္စည်းကို စိတ်ကြိုက် သွားမခိုးနဲ့...”
“အဲဒါက တာအိုရောင်းရင်း ချင်းလင်ကို ဒုက္ခရောက်စေနိုင်တယ်....”
လင်းကျင်းက ဆက်ပြောလိုက်သည်။
“နားလည်လား...”
လင်းကျင်းက တင်းမာသော မျက်နှာထားဖြင့် ငှက်ကလေးကို ကြည့်လိုက်သည်။
ငှက်ကလေးကတော့ ခေါင်းကို စောင်းထားကာ အလေးအနက် စဉ်းစားနေသလို ပုံစံဖြင့် ရပ်နေတော့သည်။