အခန်း (၈၆) - ကံကြမ္မာကို ဆန့်ကျင်သောအသီး
အကြောင်းမှာ...လူတစ်ယောက်၏ ဝိညာဉ်အမြစ်သည် အကန့်အသတ်ရှိသောကြောင့်ပင်။
ဝိညာဉ်အမြစ်တွင် ပါဝင်သော အင်္ဂါရပ်များ များလေလေ၊ အရည်အသွေး နိမ့်လေလေ ဖြစ်ပြီး၊ ထိုနည်းတူ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည့် အမြန်နှုန်းလည်း နှေးကွေးလေလေ ဖြစ်သည်။
တစ်မျိုးတည်းသော ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူများမှာတော့ ထိုကဲ့သို့ ပြဿနာမျိုး မရှိပေ။
သူတို့၏ ဝိညာဉ်အမြစ် အရည်အသွေးမှာ အလွန်မြင့်မားသဖြင့် ကောင်းကင်နှင့် မြေကြီးအကြား ပျံ့နှံ့နေသော ဝိညာဉ်စွမ်းအင်ကို အလွယ်တကူ ခံစားနိုင်ပြီး စုပ်ယူနှုန်းမှာလည်း အလွန်မြန်ဆန်သည်။
ဥပမာတစ်ခု ပြရလျှင်... လင်းကျင်းသည် သူ၏ ဝိညာဉ်အမြစ်ကြောင့် ကျင့်ကြံသူစျေး၏ ဝိညာဉ်စွမ်းအင် ရှားပါးသော အစွန်အဖျားဒေသများတွင် ဝိညာဉ်စွမ်းအင်ကို လုံးဝ မခံစားနိုင်ပေ။
ထို့ကြောင့် ကျင့်ကြံခြင်းကိုလည်း မပြုလုပ်နိုင်ခဲ့ပေ။
အကျိုးဆက်အနေဖြင့် ကျင့်ကြံသူစျေးအတွင်း ရှိနေစဉ် သူ၏ ကျင့်ကြံမှု တိုးတက်စေရန် အဓိက အားထားရသည့် နည်းလမ်းမှာ သူကိုယ်တိုင် ဖော်စပ်ထားသော သန့်စင်အဆင့် ဆေးလုံးများသာ ဖြစ်သည်။
ကျန်သည့် အချိန်များတွင်တော့ နေရာလွတ်စနစ်ထဲ၌သာ ကျင့်ကြံမှုကို အနည်းငယ် မြှင့်တင်နိုင်သည်။
ဝိညာဉ်အမြစ် လေးမျိုး ပိုင်ဆိုင်သူများပင်လျှင် ကျင့်ကြံသူစျေးအတွင်း၌ ဝိညာဉ်စွမ်းအင် အနည်းငယ်ကိုသာ ခံစားနိုင်ပြီး ကျင့်ကြံမှု တိုးတက်အောင် လုပ်ဆောင်နိုင်ကြသည်။
နောက်ထပ် အချက်တစ်ခုလည်း ရှိသေးပေသည်။
ဝိညာဉ်အမြစ် အရည်အသွေး ကောင်းလေလေ၊ ကျင့်ကြံရာတွင် အသုံးပြုရသော အရင်းအမြစ်များ နည်းလေလေ ဖြစ်သည်။
လင်းကျင်းကဲ့သို့ ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် ပိုင်ဆိုင်သူတစ်ယောက်အတွက်ဆိုလျှင် နေရာလွတ်စနစ်၏ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ထဲ၌ပင် ကျင့်ကြံမှု တိုးတက်နှုန်းမှာ အလွန်နှေးကွေးနေဆဲ ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ဆိုရလျှင် ကျင့်ကြံမှု အဆင့်တက်ရာတွင်လည်း ဝိညာဉ်အမြစ် အရည်အသွေး ကောင်းလေလေ အောင်မြင်စွာ ဖောက်ထွက်နိုင်ရန် လွယ်ကူလေလေ ဖြစ်သည်။
ပြောင်းပြန်အားဖြင့် ဝိညာဉ်အမြစ် အရည်အသွေး နိမ့်လေလေ ဖောက်ထွက်ရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။
အထူးသဖြင့် အဆင့်တက်ရာတွင် အရည်အသွေးနိမ့် ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ကျင့်ကြံသူများအတွက် ပို၍ပင် ခက်ခဲသည်။
(ဘာသာပြန်သူ မှတ်ချက်။ နားလည်ရလွယ်အောင် အရင်ရှင်းပြချင်ပါတယ်။
ဓာတ်/ဒြပ်စင် ၁ မျိုး > ငါးမျိုး
ဝိညာဉ်အမြစ် အဆင့်မြင့် > အဆင့်နိမ့်
လက်ရှိ MC က ဓာတ်ကြီး ငါးမျိုး ရောနှော ဝိညာဉ်အမြစ်ကိုမှ အဆင့်နိမ့် ဝိညာဉ်အမြစ် ဖြစ်ပါတယ်။
အောက်ဆုံးက စရေရင်တော့ ပထမပေါ့။)
“မင်း ခန့်မှန်းတာ မှားသွားပြီ...”
ဟွမ်ချင်းလင် ပြောပြီးနောက် အကြီးအကဲ ယွီက ခေါင်းခါရင်း ပြောလိုက်သည်။
“မဟုတ်ဘူးလား...”
ဟွမ်ချင်းလင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ဒါဆို ကျွန်မလို နှစ်မွှာ ဝိညာဉ်အမြစ်ပေါ့....”
သို့သော် အကြီးအကဲ ယွီကို ထပ်ကြည့်လိုက်သောအခါ သူက တိတ်ဆိတ်နေဆဲဖြစ်ပြီး ခေါင်းသာ ဆက်ခါနေသည်။
“အကြီးအကဲ ယွီ...”
“ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးက ဒဏ္ဍာရီလာ ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားတာတော့ မဟုတ်ဘူးမလား...”
ဟွမ်ချင်းလင်၏ မျက်နှာတွင် အံ့ဩမှုအပြည့်ဖြင့် မေးလိုက်သည်။
အကြောင်းမှာ ကောင်းကင်ဝိညာဉ်အမြစ် ဆိုသည်မှာ နန်မင်ဒေသ၌ နှစ်ရာပေါင်းများစွာကြာအောင် မပေါ်ထွန်းခဲ့သော ရှားပါးသည့် အရာဖြစ်သောကြောင့်ပင်။
အကြီးအကဲ ယွီက ထပ်မံ ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“ထားလိုက်တော့...”
“မင်းတို့ ဘယ်လိုမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ငါပဲ တိုက်ရိုက် ပြောလိုက်တော့မယ်...”
“တကယ်တော့ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးရဲ့ ဝိညာဉ်အမြစ်က အဆိုးဆုံး အမျိုးအစား ဖြစ်တဲ့ ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ်ပဲ...”
“ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်..........”
ဟွမ်ချင်းလင်က အံ့ဩတကြီး အော်ပြောမိသွား၏။
ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ် ပိုင်ဆိုင်သူတစ်ယောက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်နေသည်ဆိုသော သတင်းမှာ ကောင်းကင်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူတစ်ယောက် ပေါ်လာသည်ထက်ပင် ပို၍ အံ့ဩဖွယ်ကောင်းနေပေသည်။
လင်းကျင်းလည်း ထပ်တူ ထိတ်လန့်သွားခဲ့ရသည်။
ကျန်းမိသားစု၏ ဘိုးဘေးကြီးမှာ ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ် ပိုင်ဆိုင်ထားကြောင်း ကြားလိုက်ရသည်နှင့် သူ၏ ခြေလှမ်းများကို အရှိန်မြှင့်ကာ အကြီးအကဲ ယွီနှင့် တန်းတူ လျှောက်လာလိုက်သည်။
ဒီဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်၏ အကြောင်းကို သူ ပိုမို ကြားသိချင်နေပြီ ဖြစ်သည်။
“ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်ဆိုတာ ဒဏ္ဍာရီလာ အသုံးမဝင်တဲ့ ဝိညာဉ်အမြစ် မဟုတ်ဘူးလား....”
“ဘယ်လိုလုပ်ပြီး ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာလဲ...”
ဟွမ်ချင်းလင်က နားမလည်စွာ မေးလိုက်သည်။
အကြီးအကဲ ယွီက ဟွမ်ချင်းလင်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဒါကြောင့်ပဲ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးကို ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်လို့ ငါ ပြောခဲ့တာ...”
“ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်လို အရည်အသွေးမျိုးနဲ့ ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာ...
ငါ သိသလောက်တော့ အဲဒီလို လုပ်နိုင်ခဲ့တဲ့သူက သူတစ်ယောက်တည်းပဲ ရှိတယ်....”
ထိုအချိန်တွင် လင်းကျင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်နဲ့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထိ ရောက်နိုင်တာတောင် ကံကောင်းလွန်းနေပြီ....”
“ရွှေအမြုတေအဆင့်အထိ ရောက်နိုင်တာဆို ပိုလို့တောင် မယုံနိုင်စရာပဲ....”
“အကြီးအကဲ ယွီ၊ သူ့မှာ ထူးခြားတဲ့ ကံကြမ္မာအခွင့်အလမ်း တစ်ခုခု ရခဲ့တာများလား....”
အကြီးအကဲ ယွီက ခေါင်းခါကာ ဖြေလိုက်သည်။
“အဲဒီအကြောင်းကို ငါလည်း သိပ်မသိဘူး။ အဲဒီလို ထင်ကြေးပေးမှုတွေတော့ ရှိခဲ့ဖူးတယ်...”
“ဒါပေမဲ့ ကောလာဟလအဆင့်ပဲ ရှိပြီး ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးကလည်း အဲဒီလို ကိစ္စမျိုးကို တစ်ခါမှ လူသိရှင်ကြား ဝန်မခံခဲ့ဖူးဘူး...”
“ဘယ်လို ထင်ကြေးမျိုးလဲ...”
ဟွမ်ချင်းလင်၏ မျက်လုံးများ တောက်ပသွားပြီး အနားသို့ တိုးလာကာ အလျင်အမြန် မေးလိုက်သည်။
“တချို့ကတော့ ပြောကြတာတော့... သူက တစ်ချိန်တုန်းက ထူးဆန်းတဲ့ အသီးတစ်လုံးကို ရရှိခဲ့ဖူးပြီး အဲဒီအသီးကြောင့် ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ် အရည်အသွေးနဲ့တောင် ရွှေအမြုတေအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာတဲ့....”
“ဒါပေမဲ့ ဒီသတင်းက ခဏလေးပဲ ပျံ့နှံ့ခဲ့ပြီး ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးက အဲဒီအသီးကို တကယ် စားသုံးခဲ့ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားလည်း မရှိဘူး...”
“ထူးဆန်းတဲ့အသီး ဟုတ်လား။ အဲဒါ ဘာအသီးလဲ....”
ဟွမ်ချင်းလင်က အကြီးအကဲ ယွီကို မေးလိုက်သည်။
လင်းကျင်းလည်း ထိုထူးဆန်းသည့်အသီးအကြောင်း မကြားဖူးသဖြင့် အလျင်အမြန် နီးကပ်လာကာ အာရုံစိုက်၍ နားထောင်လိုက်သည်။
“ထူးဆန်းတဲ့အသီး ဟုတ်လား...”
အကြီးအကဲ ယွီက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် မိုးကုတ်စက်ဝိုင်းဘက်သို့ မျက်နှာလှည့်ကာ ဖြည်းဖြည်းချင်း စတင်ပြောလိုက်သည်။
“အဲဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်အမြစ် ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ အသီးပဲ...”
“ဝိညာဉ်အမြစ် ပါရမီအဆင့်ကို မြှင့်တင်ပေးနိုင်တယ် ဟုတ်လား….”
ဒီတစ်ကြိမ်တွင် ဟွမ်ချင်းလင်သာမက လင်းကျင်းပါ အံ့ဩတကြီး အော်ပြောမိသွားခဲ့သည်။
“ဟုတ်တယ်...” အကြီးအကဲ ယွီက ခေါင်းညိတ်လိုက်သည်။
“ဝိညာဉ်အမြစ် အမျိုးအစား များများ ရောနှောလေလေ၊ ပါရမီ နိမ့်လေလေ ဆိုတာကို မင်းတို့ သိကြမှာပါ....”
“အင်း...”
“သိပါတယ်...”
လင်းကျင်းနှင့် ဟွမ်ချင်းလင်တို့ နှစ်ယောက်စလုံး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ကြသည်။
အကြီးအကဲ ယွီက သူတို့နှစ်ယောက်ကို ထပ်ကြည့်လိုက်ပြီး ဆက်လက်ရှင်းပြသည်။
“ဥပမာအနေနဲ့ ပြောရရင် ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်က အဆင့်နိမ့်ဝိညာဉ်အမြစ် ဖြစ်တဲ့အပြင် ကျင့်ကြံမှု တိုးတက်နှုန်းက အလွန်နှေးကွေးပြီး ဂိုဏ်းတော်တော်များများက ဒီလိုလူမျိုးကို လက်မခံချင်ကြဘူး....”
“ဝိညာဉ်အမြစ် သုံးမျိုးကိုတော့ ပုံမှန်အားဖြင့် အဆင့်မြင့်အဆင့် ဝိညာဉ်အမြစ်လို့ သတ်မှတ်ကြတယ်။ သူ့ရဲ့ ကျင့်ကြံနှုန်းက ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်ထက် အဆပေါင်းများစွာ မြန်တယ်...”
“ဝိညာဉ်အမြစ်ရဲ့ အင်္ဂါရပ်တွေက မွေးရာပါ သတ်မှတ်ပြီးသားဖြစ်ပြီး ပြောင်းလဲလို့ မရဘူးဆိုတာကိုလည်း မင်းတို့ သိပြီးသား ဖြစ်မှာပါ...”
“တစ်ယောက်ယောက်က ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်နဲ့ မွေးလာရင် သူ့ဘဝတစ်လျှောက်လုံး အဲဒီလိုပဲ ဖြစ်နေမှာဘဲ....”
လင်းကျင်းနှင့် ဟွမ်ချင်းလင်တို့က အဆက်မပြတ် ခေါင်းညိတ်လိုက်ကြသည်။
“ဒါပေမဲ့... ဝိညာဉ်အမြစ်ရဲ့ အင်္ဂါရပ်တွေကို မပြောင်းလဲနိုင်ပေမဲ့ ဝိညာဉ်အမြစ်ရဲ့ အဆင့်ကိုတော့ ပြောင်းလဲနိုင်တယ်....”
“ကံကြမ္မာကို ဆန့်ကျင်တဲ့အသီးရဲ့ အကျိုးသက်ရောက်မှုက ဝိညာဉ်အမြစ်ရဲ့ အဆင့်ကို မြှင့်တင်ပေးတာပဲ....”
“အဆင့်နိမ့်ဝိညာဉ်အမြစ်ကို အလယ်အလတ်အဆင့်အထိ မြှင့်တင်နိုင်သလို၊ အဆင့်မြင့်အဆင့်အထိတောင် မြှင့်တင်ပေးနိုင်တယ်...”
“အဲဒီလိုဆိုရင် ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ်မှာ အင်္ဂါရပ်ငါးမျိုး ရှိနေသေးပေမဲ့ ကျင့်ကြံနှုန်းက သိသိသာသာ မြင့်တက်သွားမယ်...”
“ဝိညာဉ်အမြစ် လေးမျိုးပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်လာမယ်၊ ဒါမှမဟုတ် ဝိညာဉ်အမြစ် သုံးမျိုး ပိုင်ဆိုင်သူတွေနဲ့တောင် ယှဉ်နိုင်လာမယ်....”
“ကံကြမ္မာကို ဆန့်ကျင်တဲ့အသီးက ဒီလောက်တောင် အံ့အားသင့်ဖွယ်ကောင်းတာလား...”
ဟွမ်ချင်းလင်သည် အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လင်းကျင်းလည်း ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်နေသည်။
အကြီးအကဲ ယွီက ပါးစပ်ထောင့်ကို ကွေးလိုက်ပြီး ပြောသည်။
“မဟုတ်ရင်ရော...”
“ကံကြမ္မာကို ဆန့်ကျင်သောအသီးရဲ့ ရည်ရွယ်ချက်က ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ မဟုတ်ဘူးလား...”
“မင်းမှာ ဓာတ်ကြီးငါးပါး ရောနှောဝိညာဉ်အမြစ် ဖြစ်ဖြစ်၊ ကောင်းကင်ဝိညာဉ်အမြစ် ဖြစ်ဖြစ်၊ ဒါမှမဟုတ် ထူးခြားဝိညာဉ်အမြစ် ဖြစ်ဖြစ်...”
“ကံကြမ္မာကို ဆန့်ကျင်သောအသီးကို စားသုံးပြီး ဝိညာဉ်အမြစ်ရဲ့ ပါရမီကို ထပ်မံ မြှင့်တင်နိုင်သေးတယ်....”
“ဒါဆို ကျင့်ကြံနှုန်းလည်း ပိုမြန်လာမှာပေါ့....”
ထိုစကားကို ကြားပြီးနောက် ဟွမ်ချင်းလင်၏ မျက်လုံးများ တောက်ပသွားကာ သူမက အကြီးအကဲ ယွီကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဒီ ကံကြမ္မာကို ဆန့်ကျင်သောအသီးကို ဘယ်မှာ ရှာလို့ရလဲ... ကျွန်မ သွားခူးပြီး နည်းနည်း ယူလာချင်တယ်...”
“အဲဒီအတွေးကို စွန့်လိုက်တာ ပိုကောင်းမယ်...”
အကြီးအကဲ ယွီက ပါးစပ်တစ်ချက် တွန့်ကာ ပြောလိုက်သည်။
“ကံကြမ္မာကို ဆန့်ကျင်သောအသီး နောက်ဆုံး ပေါ်လာခဲ့တာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကပဲ...”
“မင်းက ကံကြမ္မာကို ဆန့်ကျင်သောအသီးကို အလွယ်တကူ ရနိုင်တဲ့အရာလို့ ထင်နေတာလား...”
“အိပ်မက် မက်မနေနဲ့...”
“ဒါပေမဲ့ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးကတော့...”
ဟွမ်ချင်းလင်က ပြန်ပြောရန် ကြိုးစားလိုက်သည်။
“အဲဒါက ကောလာဟလပဲ။ အတည်မပြုနိုင်သေးဘူး...”
အကြီးအကဲ ယွီက တိုက်ရိုက် ဖြတ်ပြောလိုက်သည်။
“ပြီးတော့ ကျန်းမိသားစုရဲ့ ဘိုးဘေးကြီးကလည်း ကံကြမ္မာကို ဆန့်ကျင်သောအသီးနဲ့ ပတ်သက်တဲ့ ကိစ္စကို တစ်ခါမှ ဝန်မခံဖူးဘူး...”
“ကျွန်မက နည်းနည်းလောက် ရှာပြီး စမ်းကြည့်ချင်တာပါ...”
“နည်းနည်း ဟုတ်လား…”
အကြီးအကဲ ယွီက ဟွမ်ချင်းလင်ကို စိတ်ကုန်သလို ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။
“ကံကြမ္မာကို ဆန့်ကျင်သောအသီး ဘာလို့ ဒီလောက် တန်ဖိုးကြီးလဲဆိုတာ မင်း နားလည်ဖို့လိုတယ်....”
“အဲဒါက ပုံမှန်အားဖြင့် အမျိုးမျိုးသော လျှို့ဝှက်နယ်မြေတွေထဲမှာပဲ ပေါက်တတ်တယ်၊ ဒါမှမဟုတ် လူသားတွေ ရောက်ခဲတဲ့ နေရာတွေမှာပဲ ရှိတတ်တယ်....”
“အပြင်လောကမှာတော့ အလွန်ရှားပါးတယ်...”
“ဒါတင်မကသေးဘူး။ မှည့်ဖို့ နှစ်တစ်ထောင်လောက် အချိန်ယူရပြီး မှည့်လာရင်တောင် အသီးတစ်လုံးတည်းပဲ သီးတယ်....”
“နောက်ပြီး လူတစ်ယောက်က ကံကြမ္မာကို ဆန့်ကျင်တဲ့အသီးကို တစ်လုံးပဲ စားသုံးနိုင်တယ်...”
“ဒီလိုကိုး...”
ဟွမ်ချင်းလင်က သက်ပြင်းချလိုက်သည်။
ထို့နောက် ခေါင်းငုံ့သွားပြီး တစ်ခုခုကို တွေးတောနေသလို တိတ်ဆိတ်သွားသည်။
လင်းကျင်းလည်း ထိုနည်းတူ ခေါင်းငုံ့ထားကာ ကံကြမ္မာကို ဆန့်ကျင်တဲ့အသီး အကြောင်းကို စဉ်းစားနေလေသည်။
ထို့နောက် လူသုံးယောက်သည် အတူတကွ ဆက်လျှောက်လာကြသည်။
သို့သော် အကြီးအကဲ ယွီမှာ ယွဲ့ပေါင်လောသို့ ပြန်သွားရမည် ဖြစ်သောကြောင့် သူတို့နှစ်ယောက်နှင့် လမ်းခွဲသွားလေသည်။