အခန်း (၈၃) - အကြီးအကဲလီ
ထို့နောက် လင်းကျင်းက အဖြေရှာရန် မျက်မှောင်ကြုတ်ကာ စဉ်းစားနေတော့သည်။
သို့သော် သိပ်မကြာလိုက်ပေ။ လင်းကျင်းက တစ်စုံတစ်ရာကို သတိရသွားပြီး နဖူးကို လက်ဖြင့် ပုတ်လိုက်သည်။
‘ဟုတ်သားပဲ၊ ဒီလိုလုပ်လို့ ရတာပေါ့...’
“နေရာလွတ်စနစ်မှ ထွက်မည်။”
ထိုသို့ပြောလိုက်ပြီးနောက် လင်းကျင်းက အပြုံးတစ်စွန်းတစ်စဖြင့် နေရာလွတ်စနစ်ထဲမှ ထွက်လာခဲ့သည်။
နေရာလွတ်စနစ်မှ ထွက်လာပြီးနောက် လင်းကျင်းက သိုလှောင်အိတ်ထဲမှ ချက်ထားသော အသားတစ်တုံးကို ထုတ်ယူလိုက်သည်။
၎င်းမှာ နေ့လယ်ပိုင်း ဟင်းချက်စဉ်က ပိုချက်ခဲ့ခြင်းပင်။
ထို့နောက် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်သွားခဲ့သည်။
ငှက်ကလေးက မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီး အသံကြားသည်နှင့် အလျင်အမြန် ပျံထွက်လာကာ ထွက်ပြေးရန် ပြင်လိုက်လေသည်။
“ငှက်ကလေး…”
လင်းကျင်းက လှမ်းခေါ်လိုက်ပြီး တပြိုင်နက် သူ့လက်ထဲရှိ အသားတုံးကို လှုပ်ပြလိုက်၏။
ငှက်ကလေးလည်း ထွက်ပြေးဖို့ ပြင်နေရင်း အသားတုံးကို မြင်လိုက်ရသည်နှင့် ချက်ချင်း ရပ်တန့်သွားတော့သည်။
၎င်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး အနက်ရောင်အရိပ်တစ်ခုအသွင် ပြောင်းကာ လင်းကျင်းထံ တိုးဝင်လာခဲ့သည်။
လင်းကျင်းက ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပြီးမို့ ၎င်း စတင်လှုပ်ရှားသည်နှင့် အသားတုံးကို သိုလှောင်အိတ်ထဲ ချက်ချင်း ပြန်ထည့်လိုက်၏။
“ကျစ်…” ငှက်ကလေးက စူးရှသော အော်သံတစ်ချက် ထုတ်လိုက်သည်။
သိသာထင်ရှားစွာပင် လင်းကျင်းကို မကျေနပ်သဖြင့် သူ့ရှေ့တည့်တည့်တွင် ဆင်းသက်ကာ မျက်နှာပုပ်နေတော့သည်။
“စိတ်မပူနဲ့၊ ဒီအသားက မင်းစားဖို့ပဲ။ ဒါပေမဲ့ လုယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သတိထား...”
“ငါ တာအိုရောင်းရင်း ချင်းလင်ကို မင်း ညတိုင်း ခိုးထွက်ပြီး လာခိုးစားနေတဲ့အကြောင်း သွားပြောလိုက်မယ်...”
လင်းကျင်းက ၎င်း နားလည်နိုင်ကြောင်း သိထားသဖြင့် တမင်ခြိမ်းခြောက်လိုက်သည်။
ထိုစကားကြားပြီးနောက် ငှက်ကလေးက လင်းကျင်းနှင့် အနည်းငယ် ခပ်ခွာခွာ နေလိုက်သည်။
“ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြမယ်...”
“မင်း ဒီနေရာကို နောက်ထပ် မခိုးဝင်တော့ဘူးဆိုရင် ငါ မင်းကို နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေ စားလို့ရမယ့် နေရာကောင်းတစ်ခု ပြပေးမယ်...”
“နားလည်ရင် ခေါင်းညိတ်ပြ...”
ထိုစကားကြားပြီးနောက် ငှက်ကလေးက ကြက်ကလေး အစာကောက်သလို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
“ဒါဆို ဒီကိုလာ၊ ငါ ပြောပြမယ်...”
ငှက်ကလေးက တဖြည်းဖြည်း နီးကပ်လာသည်။
ထို့နောက် လင်းကျင်းက စတင်ပြောတော့သည်။
“နှစ်ရက်နေရင် တာအိုရောင်းရင်း ချင်းလင်နဲ့ ငါက အရသာရှိတဲ့ စားစရာတွေ အများကြီးရှိတဲ့ နေရာကောင်းတစ်ခုကို သွားမှာ........”
လင်းကျင်းက စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို ဆက်တိုက် ပြောပြနေပြီး ငှက်ကလေးမှာတော့ သွားရည်များပင် ကျလာတော့သည်။
၎င်းကို အောင်မြင်စွာ လှည့်စားနိုင်ပြီဖြစ်ကြောင်း မြင်တော့ လင်းကျင်းက အသားတုံးကို ပစ်ပေးလိုက်လေသည်။
ငှက်ကလေးက ချက်ချင်း ထိုးဆင်းကာ ဖမ်းယူလိုက်ပြီးနောက် အသားကို ကိုက်ချီကာ ပျံသန်းထွက်ခွာသွားတော့သည်။
“မမေ့နဲ့နော်၊ သန်ဘက်ခါ…”
လင်းကျင်းက သတိပေးသလို လှမ်းအော်လိုက်သည်။
အသားတုံးကို ကိုက်ချီထားသော ငှက်ကလေးမှာတော့ အဝေးသို့ ပျံသန်းသွားပြီး မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
တတိယနေ့ နံနက်ခင်းတွင် နေမင်းကြီး မြင့်တက်လာချိန်၌ လင်းကျင်းသည် တရားထိုင်ခြင်းမှ နိုးထလာခဲ့၏။
အချိန်ကို စစ်ဆေးကြည့်လိုက်ရာ ထွက်ခွာရန် သင့်တော်နေပြီ ဖြစ်သည်။
သူနှင့်အတူ လိုက်ပါမည်ဟု သဘောတူထားသော ဟွမ်ချင်းလင်မှာတော့ ထူးထူးဆန်းဆန်း ရောက်မလာသေးပေ။
လင်းကျင်းက လိုအပ်သည့် ပစ္စည်းများကို စုဆောင်းယူပြီး ခြံဝင်းထဲမှ ထွက်လာကာ ဟွမ်ချင်းလင်၏ နေအိမ်သို့ ဦးတည်သွားတော့သည်။
“ခေါက်... ခေါက်... ခေါက်…”
အိမ်ရှေ့သို့ ရောက်လာပြီးနောက် လင်းကျင်းက ဟွမ်ချင်းလင်၏ တံခါးကို ခေါက်လိုက်ရာ မကြာမီ ခြံတံခါး ပွင့်လာ၏။
လင်းကျင်းက ဟွမ်ချင်းလင်၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်း မအိပ်ထားရသည့်ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“တာအိုရောင်းရင်း ချင်းလင် ဘာဖြစ်တာနေတာလဲ.. ကြည့်ရတာ ကောင်းကောင်း မနားထားရသလိုပဲ...”
လင်းကျင်းက အံ့ဩစွာ မေးလိုက်သည်။
“ငှက်ကလေးကြောင့်ပဲ...”
ဟွမ်ချင်းလင်က သူမပခုံးပေါ်ရှိ အနက်ရောင်စွန်ငှက်ကို တစ်ချက်ကြည့်လိုက်ပြီး မကျေနပ်ချက်များ ပြည့်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ဘာဖြစ်မှန်း မသိဘူး။ တစ်ညလုံး ငြိမ်ကို မငြိမ်ဘူး။ ကျွန်မ တရားထိုင်လို့လည်း မရဘူး၊ ကောင်းကောင်း အနားယူလို့တောင် မရဘူး...”
လင်းကျင်းက ယခုအချိန်တွင် ပုံမှန်ထက် ပိုစိတ်လှုပ်ရှားနေသော ငှက်ကလေးကို ကြည့်လိုက်သည်။
၎င်း၏ လင်းကျင်းအပေါ် ကြည့်သော အကြည့်များပင် အရင်ကနှင့် မတူတော့ပေ။
‘တစ်နေ့က ငါပြောခဲ့တဲ့ ကိစ္စကြောင့်များလား...’
လင်းကျင်းက ငှက်ကလေးကို ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။
သို့သော် မျက်နှာအမူအရာကိုတော့ မပြောင်းလဲဘဲ ပြောလိုက်သည်။
“တာအိုရောင်းရင်း ချင်းလင်၊ ကျွန်တော်တို့ သွားသင့်ပြီ...”
ဟွမ်ချင်းလင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ၊ ခဏစောင့်ဦးနော်။ ကျွန်မ ပြင်ဆင်စရာ နည်းနည်း ရှိသေးတယ်...”
ထိုသို့ ပြောပြီးနောက် ဟွမ်ချင်းလင်က ခြံထဲသို့ ပြန်ဝင်သွားပြီး သိပ်မကြာခင်မှာပင် ဟွမ်ချင်းလင် ပြန်ထွက်လာခဲ့သည်။
ဒီတစ်ခါတော့ သူမ၏ ဝတ်စားဆင်ယင်ပုံက အရင်နှင့် မတူတော့ဘဲ သေသေသပ်သပ် ပြင်ဆင်ထားသည်။
ယခုအချိန်တွင် သူမ၏ အခြေအနေကလည်း စောစောကထက် များစွာ ကောင်းမွန်လာခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက် ယွဲ့ပေါင်လောဘက်သို့ ထွက်ခွာလာခဲ့ကြသည်။
ယွဲ့ပေါင်လောသို့ ရောက်သောအခါ အကြီးအကဲပိုင်နှင့် အကြီးအကဲ ယွီတို့မှာ စောင့်နေကြပြီး ဖြစ်လေသည်။
လူလေးယောက် ဆုံတွေ့ပြီးနောက် မူးယစ်နတ်ဘုရားစံအိမ်သို့ အတူတကွ လျှောက်သွားကြသည်။
လမ်းတစ်လျှောက်တွင် အကြီးအကဲပိုင်ကလည်း ဟွမ်ချင်းလင်၏ အခြေအနေ မူမမှန်သည်ကို သတိထားမိသွားကာ မေးမြန်းကြည့်ပြီးနောက် ငှက်ကလေးကြောင့် ဖြစ်မှန်း သိသွားသဖြင့် ထပ်မပြောတော့ပေ။
သို့သော် အကြီးအကဲပိုင်က မရည်ရွယ်ဘဲ ငှက်ကလေးကို တစ်ချက် လှမ်းကြည့်လိုက်သည့်အခါ မူလက စိတ်လှုပ်ရှားနေသော အိမ်မွေးငှက်လေးမှာ ရေအေးတစ်ပုံးလောင်းချခံလိုက်ရသလို ချက်ချင်း ငြိမ်ကျသွားတော့သည်။
မူးယစ်နတ်ဘုရားစံအိမ်သို့ ရောက်ရှိလာချိန်တွင် လင်းကျင်းက မော့ကြည့်လိုက်မိသည်။
ထိုအခါ ငါးထပ်မြင့် ရှေးဟောင်းဟန်ပန် အဆောက်အဦးကြီးတစ်လုံးကို မြင်တွေ့လိုက်ရ၏။
အဆောက်အဦး၏ အပြင်ဘက်ကို နဂါးနှင့် ဖီးနစ်ပုံများ ထွင်းထုအလှဆင်ထားပြီး အလွန်ခမ်းနားထည်ဝါလှကာ ကြည့်လိုက်ရုံနှင့်ပင် သာမန်မဟုတ်ကြောင်း သိသာနေသည်။
ကျင့်ကြံသူစျေးအတွင်းတွင် အကြီးဆုံး စံအိမ်ကြီးဖြစ်သောကြောင့် မူးယစ်နတ်ဘုရားစံအိမ်ကို အခြားစံအိမ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
အဆောက်အဦးက အပြင်အဆင် လှပရုံသာမက အတွင်းရှိ အမတစားဖိုမှူးများ၏ ဟင်းချက်လက်ရာများမှာလည်း အငြင်းပွားစရာမရှိအောင် ထူးချွန်လှပေသည်။
သူတို့၏ လက်မှ ထွက်လာသည့် ဟင်းလျာတိုင်းက အလွန်အမင်း အရသာရှိလှသည်။
ဒါတင်မကသေးပဲ သူတို့က ကျင့်ကြံမှုကို တိုးတက်စေသော စားသောက်ပွဲများကိုပင် စီစဉ်ချက်ပြုတ်ပေးနိုင်သည်။
ထိုအရာမှာ ကျင့်ကြံသူစျေးတစ်ခုလုံးတွင် မူးယစ်နတ်ဘုရားစံအိမ်သာ ပိုင်ဆိုင်ထားသော ထူးခြားချက်ဖြစ်သည်။
လူအုပ်စုက မူးယစ်နတ်ဘုရားစံအိမ်၏ ဝင်ပေါက်သို့ ရောက်လာကြသည့်အခါ ထိုနေရာတွင် လီမိသားစုမှ လူတစ်ဦးက ကြိုဆိုရန် အသင့်စောင့်နေပြီး ဖြစ်သည်။
ဦးဆောင်ကြိုဆိုနေသူမှာ စိတ်ဓာတ်တက်ကြွပြီး ကျန်းမာသန်စွမ်းပုံပေါ်သည့် လူအိုကြီးတစ်ဦး ဖြစ်သည်။
“လောင်ပိုင်၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့... ခင်ဗျားကို စောင့်နေရတာ အတော်ကြာသွားပြီ... ဒီအတွက် နောက်မှ အပြစ်ဒဏ်အဖြစ် အရက်သောက်ရမယ်နော်...”
လူအိုကြီးက အကြီးအကဲပိုင်ကို ပြုံးရင်း ပြောလိုက်သည်။
အကြီးအကဲပိုင်ကလည်း ရှေ့တက်သွားပြီး လူအိုကြီးကို အကဲခတ်ရင်း ပြောလိုက်သည်။
“အကြီးအကဲလီ၊ ကြည့်ရတာ စိတ်အလွန်ပျော်ရွှင်နေလို့ပါလား...”
ထိုအချိန်တွင် အကြီးအကဲ ယွီက နောက်လှည့်ကာ လင်းကျင်းကို တိုးတိုးလေး ပြောလိုက်သည်။
“ဒီလူက လီမိသားစုရဲ့ အဓိကကျောရိုးပဲ... ကျင့်ကြံသူစျေးထဲမှာ တစ်ဦးတည်းသော စတုတ္ထအဆင့် ဆေးဖော်စပ်ဆရာဖြစ်တဲ့ အကြီးအကဲလီပေါ့....”
“တစ်ချိန်တည်းမှာပဲ သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်တယ်။”
ထိုသို့ ပြောပြီးနောက် အကြီးအကဲ ယွီက ရှေ့တက်သွားကာ နှုတ်ဆက်လိုက်သည်။
“အကြီးအကဲ လီ...”
လင်းကျင်းနှင့် ဟွမ်ချင်းလင်တို့ကလည်း နောက်မှ လိုက်လာပြီး လက်နှစ်ဖက်ယှက်ကာ ပြောလိုက်ကြသည်။
“အဘိုး လီ...”
“အကြီးအကဲ လီ...”
အကြီးအကဲ လီက အကြီးအကဲ ယွီကို ပြုံးရင်း ပြောလိုက်သည်။
“ဆေးဖော်စပ်ပညာရှင် ယွီ၊ မင်း မကြာသေးခင်က သန့်စင်အဆင့် အဆိပ်ဖြေဆေးလုံးတစ်လုံး ဖော်စပ်နိုင်ခဲ့ပြီး ဝူမိသားစုရဲ့ မျိုးဆက်တစ်ဦးကိုတောင် ကယ်တင်ခဲ့တယ်လို့ ကြားမိတယ်..”
“မဆိုးဘူးပဲ။ ဆေးဖော်စပ်ခြင်းလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုတွေ အများကြီး တိုးတက်လာပုံရတယ်...”
“စတုတ္ထအဆင့်ကို တက်လှမ်းဖို့လည်း သိပ်မဝေးတော့ဘူး ထင်တယ်...”
အကြီးအကဲ ယွီက နှိမ့်ချစွာ ပြန်ဖြေလိုက်သည်။
“အကြီးအကဲ လီက မနောက်ပါနဲ့... ဆေးဖော်စပ်ခြင်းလမ်းစဉ်မှာ ကျွန်တော် သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်...”
အကြီးအကဲလီက ခေါင်းညိတ်လိုက်သည်။
“အင်း...”
“ဆေးဖော်စပ်ခြင်းလမ်းစဉ်မှာ စိတ်နေသဘောထားက အလွန်အရေးကြီးတယ်... တစ်နေ့နေ့ မင်း စတုတ္ထအဆင့် ဆေးလုံးဆရာ ဖြစ်လာမယ်ဆိုတာ ငါ ယုံကြည်တယ်...”
ထိုသို့ ပြောပြီးနောက် အကြီးအကဲလီက အကြီးအကဲ ယွီ၏ နောက်ဘက်ရှိ လူနှစ်ဦးကို ကြည့်လိုက်သည်။
“တူမလေး ချင်းလင် ဘာဖြစ်နေတာလဲ... ဘာလို့ ဒီလောက် အားမရှိသလို ဖြစ်နေရတာလဲ....”
ဟွမ်ချင်းလင်က ရှေ့တက်ကာ ပြောလိုက်သည်။
“အဘိုးရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက အိပ်ရေး နည်းနည်း ပျက်ထားလို့ပါ။ နားနားနေနေရင် ပြန်ကောင်းသွားမှာမို့ အဘိုးကို အနှောင့်အယှက် မပေးလိုပါဘူး...”
ထိုအချိန်တွင် အကြီးအကဲပိုင်က သက်ပြင်းချလိုက်သည်။
“ဒါက ငါ သူ့အတွက် အိမ်မွေးသားရဲတစ်ကောင် ယူပေးထားလို့ပဲ။ အဲဒီကောင်က စွမ်းအားအရမ်းပြည့်နေတာဆိုတော့ သူ့ကို ပင်ပန်းအောင် လုပ်ပစ်လိုက်တာပေါ့...”
“ခင်ဗျား ပြောတာ အဲဒီ အနက်ရောင်စွန်ငှက်ကို ဆိုလိုတာလား...”
အကြီးအကဲလီက ဟွမ်ချင်းလင်၏ ပခုံးပေါ်တွင် ငြိမ်ငြိမ်သက်သက် နားနေသော ငှက်ကလေးကို လှမ်းကြည့်လိုက်သည်။
“ဟုတ်တာပေါ့။ အစက ဒီလောက် ဒုက္ခပေးမယ်မှန်း သိခဲ့ရင် မွေးတောင် မမွေးခဲ့ဘူး...”
အကြီးအကဲပိုင်က ပြောလိုက်သော်လည်း ငှက်ကလေးကို ကြည့်နေသော သူ၏ မျက်လုံးများထဲတွင် ကျေနပ်အားရမှုများသာ ပြည့်နှက်နေပြီး နောင်တရသည့် အရိပ်အယောင် လုံးဝမရှိပေ။
အကြီးအကဲပိုင်၏ အမူအရာကို မြင်တော့ အကြီးအကဲလီက ပါးစပ်ထောင့် တွန့်သွားပြီး ပြောလိုက်သည်။
“လောင်ပိုင်၊ အကျိုးအမြတ်တွေ ရပြီးသွားမှ နောင်တရသလို ဟန်မဆောင်နဲ့တော့...”
“အဲဒီ အနက်ရောင်စွန်ငှက်ကို အရင်တုန်းက ခင်ဗျား သိမ်းသွင်းနိုင်ခဲ့တုန်းက ကျုပ်တို့ရှေ့မှာ ဘယ်လောက်တောင် ကြွားဝါခဲ့လဲဆိုတာ မမေ့သေးဘူး...”