အခန်း (၈၀) - နေရာလွတ်စနစ် ထပ်မံ အဆင့်မြှင့်တင်ခြင်း
“ဟုတ်ပါတယ်...” လင်းကျင်းက ပြန်ဖြေလိုက်သည်။
“တာအိုရောင်းရင်း၊ ကျွန်တော့်နာမည် ယုယန်ပါ....”
“ယွဲ့ပေါင်လောကို ဧည့်ဆေးဖော်စပ်ဆရာအဖြစ် မကြာသေးခင်ကမှ ဝင်ရောက်လာတာပါ...”
“တာအိုရောင်းရင်းရဲ့ နာမည်ကို မသိသေးလို့ မိတ်ဆက်ချင်တာပါ။ နောင်အခါ အခွင့်အရေးရှိရင် ဆေးဖော်စပ်ခြင်းအကြောင်း အတူ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ယုယန် စကားပြောနေစဉ် သူ့ဘေးရှိ ဝမ်မျိုးနွယ်ဝင် ဆေးဖော်စပ်ဆရာက သူ့ကို တံတောင်ဖြင့် တို့လိုက်သည်။
ယုယန်က နားမလည်သလို မော့ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ...”
“လင်းကျင်း…”
လင်းကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော့်မှာ လုပ်စရာရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်။ နှုတ်ဆက်ပါတယ်။”
ထိုသို့ ပြောပြီးနောက် လင်းကျင်းက သူတို့နှစ်ယောက်ကို ကျော်ဖြတ်ကာ ထွက်သွားခဲ့သည်။
လင်းကျင်း အတော်ဝေးဝေး ရောက်သွားမှ ဝမ်မျိုးနွယ်ဝင် ဆေးဖော်စပ်ဆရာက ယုယန်ကို ပြောလိုက်သည်။
“သူ့ကို ဂရုစိုက်နေစရာ မလိုဘူး...”
ယုယန်က အံ့ဩသွားပြီး မေးလိုက်သည်။
“တာအိုရောင်းရင်း၊ ဘာလို့ အဲ့လို ပြောတာလဲ။ ကျွန်တော်တို့ အားလုံးက ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာတွေ မဟုတ်ဘူးလား...”
“နောင်ကျရင် မကြာခဏ တွေ့ရမှာပဲ။ ဆေးဖော်စပ်ခြင်းအကြောင်း အချင်းချင်း ဖလှယ်ဆွေးနွေးတာက ဘာများ မကောင်းလို့လဲ....”
ဝမ်မျိုးနွယ်ဝင် ဆေးဆရာ၏ မျက်နှာတွင် မထီမဲ့မြင် အရိပ်အယောင်များ ပြည့်နေသည်။
“သူက ပထမအဆင့် ဆေးဖော်စပ်ဆရာတစ်ယောက်ပဲ။ သူနဲ့ ဘာတွေ ဆွေးနွေးစရာ ရှိမှာလဲ...”
ယုယန်လည်း အံ့ဩသွားသည်။
“ပထမအဆင့် ဆေးဖော်စပ်ဆရာ ဟုတ်လား…”
“ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာတွေက အနည်းဆုံး ဒုတိယအဆင့် ဆေးဖော်စပ်ဆရာတွေ မဟုတ်ဘူးလား...”
“သူက ပထမအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်နေတာကို ဘယ်လိုလုပ် ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်လာရတာလဲ...”
ဝမ်မျိုးနွယ်ဝင် ဆေးဆရာက လင်းကျင်း၏ ကျောပြင်ကို ကြည့်လိုက်ပြီး ယုယန်နားသို့ ကပ်ကာ တိုးတိုးပြောလိုက်သည်။
“ဘယ်သူသိမှာလဲ...”
“သူက နာမည်ကြီး မျိုးနွယ်စုတစ်ခုခုက လာတယ်လို့လည်း မကြားဖူးဘူး...”
“ဖြစ်နိုင်တာကတော့ ထူးခြားတဲ့ နောက်ခံတစ်ခုခု ရှိနေလို့ပဲ...”
“ဒါပေမဲ့...”
“ပထမအဆင့် ဆေးဖော်စပ်ဆရာက ပထမအဆင့် ဆေးဖော်စပ်ဆရာပဲ....”
“ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ မဟုတ်သရွေ့တော့ ဘာမှ ပြောစရာ မရှိဘူး...”
“သူက ငါတို့လို လူမျိုး မဟုတ်ဘူး။ အာရုံစိုက်နေစရာ မလိုဘူး....”
“ကိုယ့်ဘာသာဆေးလုံး ကိုယ်ဖော်စပ်တာကိုပဲ အာရုံစိုက်ရအောင်....”
ထိုသို့ ပြောပြီးနောက် သူတို့နှစ်ဦးလည်း တဖြည်းဖြည်း ဝေးကွာသွားခဲ့သည်။
ဆေးဖော်စပ်ပစ္စည်းများ ရယူပြီးနောက် လင်းကျင်းသည် အကြီးအကဲယွီနှင့် ခဏတာ စကားပြောဆိုခဲ့ပြီးမှ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်ပြီးနောက် လင်းကျင်းက ခဏနားလိုက်သည်။
ထို့နောက် စနစ်ကို ခေါ်ယူကာ နေရာလွတ်စနစ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“စနစ် မျက်နှာပြင် ဖွင့်မယ်။”
နေရာလွတ်စနစ်ထဲသို့ ဝင်ရောက်ပြီးသည်နှင့် လင်းကျင်းက စနစ်မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။
နေရာလွတ်စနစ် ( အဆင့် - ၂ )
ကျန်ရှိသော အချိန် - ၂၈ နာရီ (စုဆောင်းနိုင်သော အချိန် - ၂၀၀ နာရီ)
ပိုင်ရှင် - လင်းကျင်း
ဝိညာဉ်စိုက်ခင်း အကျယ် - ၂၀ မူ
ဝိညာဉ်စွမ်းအင် သိပ်သည်းဆ - ၂
အချိန်စီးဆင်းနှုန်း - ၂
နေ့စဉ် ဝင်ရောက်နိုင်သော အချိန် - ၄ နာရီ
အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (497/500 ရိတ်သိမ်းမှတ်)
အထူးလုပ်ဆောင်ချက်များ - စောင့်ကြည့်သတိပေးခြင်း၊ ကြည့်ရှု ရှာဖွေခြင်း၊ အချိန်စုဆောင်းခြင်း
ပြီးခဲ့သည့် နှစ်လအတွင်း လင်းကျင်းသည် သန့်စင်အဆင့် ဆေးလုံးများစွာကို ဖော်စပ်ခဲ့သဖြင့် ရိတ်သိမ်းမှတ်များလည်း လုံလောက်လုနီးပါး စုဆောင်းမိနေပြီ ဖြစ်သည်။
နေရာလွတ်စနစ် အဆင့်မြှင့်ရန် သုံးမှတ်သာ လိုတော့ပေသည်။
ထို့နောက် သူက မိမိ၏ ကိုယ်ရေးအချက်အလက် မျက်နှာပြင်ကို ဖွင့်လိုက်သည်။
အချက်အလက်များမှာ ရှင်းလင်းစွာ ပေါ်လာခဲ့သည်။
လင်းကျင်း - (24/90)
ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)
ကျင့်ကြံမှု - ချီစုဆောင်းခြင်း ပဥ္စမ အလွှာ (2%)
ကျင့်ကြံရေးနည်းစနစ် -
ချင်းယွမ်တာအိုကျင့်စဉ် (ဒုတိယအလွှာ)၊
ချင်းယွမ်ဓားထိန်းချုပ်နည်းစနစ် (ကျွမ်းကျင်အဆင့်)၊
မီးထိန်းချုပ်နည်း (အောင်မြင်မှု အနည်းငယ်အဆင့်)
နင်မျိုးနွယ် ဆေးဖော်စပ်နည်း (ဆေးဖော်စပ်နည်း၊ အဆင့်မတက်နိုင်)
ဒုတိယ အလုပ်အကိုင် -
ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် (3768/10,000)
“ချီစုဆောင်းခြင်းအဆင့် ပဥ္စမအဆင့်…”
အမှန်တကယ်တော့ လွန်ခဲ့သည့် ဆယ့်ငါးရက်ခန့်ကပင် လင်းကျင်းသည် ချီစုဆောင်းခြင်း ပဥ္စမအဆင့် သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
သို့သော် ပဥ္စမအဆင့်သို့ ရောက်ပြီးနောက် သူသည် ဆေးလုံးသောက်ခြင်းဖြင့် ကျင့်ကြံမှုကို တိုးမြှင့်ခြင်း မပြုတော့ဘဲ လက်ရှိအဆင့်ကို အရင် တည်ငြိမ်အောင် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုကာလအတွင်း ဆေးဖော်စပ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သောကြောင့် ဆေးဖော်စပ်ကျွမ်းကျင်မှုလည်း တိုးတက်လာခဲ့သည်။
ဆေးဖော်စပ်မှု အရေအတွက် များပြားလာခြင်းကြောင့် မီးထိန်းချုပ်နည်းပင် အနည်းငယ် အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် လင်းကျင်းက မျက်နှာပြင်ကို ပိတ်လိုက်ပြီး ဆေးဖော်စပ်ခန်းသို့ သွားခဲ့သည်။
ဆေးလုံးများ စတင်ဖော်စပ်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
အဆင့်မြှင့်တင်ရန် ရိတ်သိမ်းမှတ် သုံးမှတ်သာ လိုတော့သဖြင့် လင်းကျင်းက အချိန် မဖြုန်းချင်တော့ပေ။
သူ စဉ်းစားပြီးနောက် ပထမအဆင့် ဆေးလုံးတစ်မျိုးကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။
သန့်စင်အဆင့် ဆေးလုံးတစ်လုံးသာ ဖော်စပ်နိုင်ပါက နေရာလွတ်စနစ်ကို ချက်ချင်း အဆင့်မြှင့်နိုင်မည် ဖြစ်သည်။
ထို့နောက် လင်းကျင်းက ကြိုတင်ပြင်ဆင်ထားသော ဆေးဖော်စပ်ပစ္စည်းများကို ထုတ်ယူကာ သေချာစွာ ကိုင်တွယ်ပြင်ဆင်လိုက်သည်။
ပြီးနောက် မီးတောက်တစ်ခုကို ဖန်တီးကာ ဆေးမီးဖိုထဲသို့ ဆေးဖက်ဝင်ပစ္စည်းများကို တစ်ခုချင်းစီ ထည့်သွင်းလိုက်သည်...
ထို့နောက် နင်ယွဲ့ထံမှ သင်ယူခဲ့သော ဆေးဖော်စပ်နည်းကျမ်းကို အသုံးပြုကာ ဆေးလုံး စတင်ဖော်စပ်တော့သည်။
ထိုဆေးဖော်စပ်နည်းကျမ်းမှာ ကျင့်ကြံခြင်းကျမ်းများကဲ့သို့ ရှုပ်ထွေးခြင်း မရှိဘဲ သင်ယူရန် အလွန်လွယ်ကူသည်။
ထို့အပြင် ဆေးဖော်စပ်ရာတွင် အကြိမ်အနည်းငယ် အသုံးပြုရုံဖြင့် လင်းကျင်းက ကျွမ်းကျင်စွာ တတ်မြောက်နိုင်ခဲ့သည်။
ထို့ကြောင့် နင်ယွဲ့က ကျောက်စိမ်းမှတ်တမ်းကို ပေးအပ်ပြီးနောက် ရက်အနည်းငယ်အတွင်း လင်းကျင်းက သင်ယူပြီးစီးခဲ့ကာ ကျောက်စိမ်းမှတ်တမ်းကို နင်ယွဲ့ထံ ပြန်ပေးခဲ့သည်။
ထိုဆေးဖော်စပ်နည်းကျမ်းကို ရရှိပြီးနောက် လင်းကျင်းသည် ဆေးဖော်စပ်ရာတွင် ယခင်ထက် ပိုမို လွယ်ကူလာကြောင်း ခံစားရသည်။
အချိန်ကုန်လွန်သွားသည်... မျက်စိတစ်မှိတ်အတွင်း နာရီဝက်နီးပါး ကုန်ဆုံးသွားခဲ့သည်...
စနစ်သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။
“ဆေးလုံး ဖော်စပ်မှု အောင်မြင်ပါသည်၊ ဆေးဖော်စပ်ကျွမ်းကျင်မှု +၅”
ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သော်လည်း သန့်စင်အဆင့် ဆေးလုံးတော့ ပေါ်မလာခဲ့ပေ။
သို့သော် လင်းကျင်းက အလျင်မလိုခဲ့ဘဲ နောက်တစ်ဖိုကို တိုက်ရိုက် ဆက်လက်ဖော်စပ်လိုက်သည်။
ဆေးဖော်နည်းကို အသုံးပြုထားသည့်အတွက် လင်းကျင်း၏ စွမ်းအင်သုံးစွဲမှုမှာ မများလှပေ။ ပထမအဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် အနားယူစရာပင် မလိုအပ်ဘဲ ဆက်တိုက် ဖော်စပ်နိုင်သည်။
လင်းကျင်းသည် အရာအားလုံးကို ပြင်ဆင်ပြီးနောက် ဆက်လက် ဖော်စပ်လိုက်သည်။
နာရီဝက်နီးပါး ကြာပြီးနောက် စနစ်သတိပေးသံ ထပ်မံ ထွက်ပေါ်လာသည်။
“ဆေးလုံး ဖော်စပ်မှု အောင်မြင်ပါသည်၊ ဆေးဖော်စပ်ကျွမ်းကျင်မှု +၇”
ဒီတစ်ကြိမ်တော့ မဆိုးပေ။ အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခဲ့သည်။
သို့သော် လင်းကျင်း လိုအပ်နေသည့် သန့်စင်အဆင့် ဆေးလုံးကတော့ မပေါ်လာသေးပေ။
ဒီတစ်ကြိမ်တွင် လင်းကျင်းက အနည်းငယ် အနားယူကာ မိမိအခြေအနေကို ညှိနှိုင်းလိုက်သည်။
ထို့နောက် ဆက်လက် ဖော်စပ်ပြန်သည်...
“ဆေးလုံး ဖော်စပ်မှု အောင်မြင်ပါသည်၊ ဆေးဖော်စပ်ကျွမ်းကျင်မှု +၈”
ထပ်မံ အောင်မြင်ခဲ့ပြန်သည်။ ယခုတစ်ခါတွင် အမြင့်ဆုံးအဆင့် ဆေးလုံး နှစ်လုံးပင် ပေါ်ထွက်လာခဲ့သည်။
ကံမကောင်းစွာဖြင့် သန့်စင်အဆင့် ဆေးလုံးတော့ မပါဝင်ခဲ့ပေ။
ယခုအချိန်တွင် လင်းကျင်းသည် ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်နေပြီဖြစ်ကာ ပထမအဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။
ထို့အပြင် ဆေးဖော်စပ်ခန်း၏ အကူအညီပါ ရှိနေသဖြင့် ကျရှုံးနိုင်ခြေက မရှိသလောက် နည်းပါးနေသည်။
သုံးဖိုဆက်တိုက် ဖော်စပ်ပြီးသည့်တိုင် သန့်စင်အဆင့် ဆေးလုံး မရခဲ့သော်လည်း လင်းကျင်းက အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်ပြီး စိတ်ကို တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သန့်စင်အဆင့် ဆေးလုံးသည် အလွယ်တကူ ဖော်စပ်နိုင်သည့်အရာ မဟုတ်ပေ။
အခြားသူများအတွက်ဆိုလျှင် တစ်လုံးတောင် ဖော်စပ်နိုင်ပါက ကံကောင်းသည်ဟုပင် သတ်မှတ်ရမည်။
လင်းကျင်းလို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခြင်းမျိုး မဟုတ်ပေ။
ယခု လင်းကျင်း၏ သိုလှောင်အိတ်ထဲတွင် အမျိုးမျိုးသော သန့်စင်အဆင့် ဆေးလုံးများ စုစုပေါင်း အလုံးနှစ်ဆယ်မှ သုံးဆယ်အထိ ရှိနေသည်။
၎င်းတွင် သူ အသုံးပြုပြီးသားနှင့် ရောင်းချပြီးသားများကိုပင် ထည့်မတွက်သေးပေ။
ထို့နောက် သူ ဆက်လက် ဖော်စပ်ပြန်သည်... အရာအားလုံးကို ပြင်ဆင်ပြီးနောက် လင်းကျင်းက နောက်တစ်ကြိမ် ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။
ဒီတစ်ကြိမ်တွင် အချိန်ပိုကြာသလို ခံစားရသည်။
လင်းကျင်းသည် အလွန်အာရုံစိုက်ထားကာ ဆေးဖော်မီးဖိုအတွင်းရှိ ဆေးရည်စီးဆင်းမှုကို ဂရုတစိုက် ထိန်းချုပ်နေသည်။
တစ်ချိန်တည်းမှာပင် မီးအားကိုလည်း သေချာစွာ ထိန်းညှိထားသည်။
ဆေးလုံး ထွက်ပေါ်တော့မည့် အချိန်၊ ဆေးနံ့သင်းသင်းက ဆေးဖော်ခန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည့် အခိုက်အတန့်၌...
“ဒင်…” စနစ်သတိပေးချက်တစ်ခု ရောက်ရှိလာသည်။
“စနစ်သတိပေးချက် - ဂုဏ်ယူပါသည်။ ပိုင်ရှင်သည် သန့်စင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သဖြင့် ဆုလာဘ်အဖြစ် ရိတ်သိမ်းမှတ် ၅ မှတ် ရရှိပါသည်။”
“ဆေးလုံး ဖော်စပ်မှု အောင်မြင်ပါသည်၊ ဆေးဖော်စပ်ကျွမ်းကျင်မှု +၁၅”
‘ကြိုးစားသူကို ကောင်းကင်က မျက်နှာသာပေးတတ်သည်။’
နောက်ဆုံးတွင်တော့ သန့်စင်အဆင့် ဆေးလုံး တစ်ဖိုကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
လင်းကျင်းက ကျေနပ်စွာ ပြုံးလိုက်ပြီး ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။
ထို့နောက် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
လင်းကျင်းက အဆင့်မြှင့်တင်ရန် လိုအပ်ချက်ကို ကြည့်လိုက်၏။
အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (၅၀၂/၅၀၀ ရိတ်သိမ်းမှတ်)
ရိတ်သိမ်းမှတ်များ ပြည့်သွားပြီဖြစ်ကာ နေရာလွတ်စနစ် အဆင့်၏ ဘေးတွင် ပေါင်းလက္ခဏာတစ်ခု ပေါ်လာခဲ့သည်။
လင်းကျင်းက တွန့်ဆုတ်မနေတော့ဘဲ လက်ကို ပေါင်းလက္ခဏာပေါ် တင်လိုက်ပြီး ပေါ့ပေါ့ပါးပါး နှိပ်လိုက်သည်...
“ဒင်…” စနစ်သတိပေးသံ ထွက်ပေါ်လာသည်။
“စနစ်သတိပေးချက် - နေရာလွတ်စနစ်သည် အဆင့်မြှင့်တင်ခြင်းကို စတင်နေပါသည်။ ပိုင်ရှင်အနေဖြင့် ယာယီအားဖြင့် နေရာလွတ်စနစ်မှ ထွက်ခွာပေးပါရန် တောင်းဆိုပါသည်။”
“ယခုအကြိမ် အဆင့်မြှင့်တင်ချိန် - ၂ နာရီ”
“ကျေးဇူးပြု၍ စိတ်ရှည်စွာ စောင့်ဆိုင်းပါ။”
ထို့နောက် လင်းကျင်းသည် နေရာလွတ်စနစ်အတွင်းမှ တိုက်ရိုက် အပြင်သို့ ပို့ဆောင် ထုတ်ပယ်ခံလိုက်ရသည်။
နေရာလွတ်စနစ်မှ ထုတ်ပယ်ခံလိုက်ရသည့် လင်းကျင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
အရင်တစ်ခေါက် အဆင့်မြှင့်တင်စဉ်က သူ့ကို နေရာလွတ်စနစ်အပြင်သို့ မပို့ခဲ့ကြောင်းကို သူ ကောင်းကောင်း မှတ်မိနေသည်။
သို့သော် ဒီတစ်ကြိမ်တွင်တော့ အတင်းအကျပ် ပို့ထုတ်လိုက်ခြင်း ဖြစ်သည်။
“လုပ်ဆောင်ချက်အသစ် တစ်ခုများ ဖွင့်ပေးလိုက်တာလား…”
လင်းကျင်း မတွေးဘဲ မနေနိုင်တော့ပေ။