အခန်း (၇၉) - သားရဲလှိုင်း အဆုံးသတ်ခြင်း
သုံးယောက်သား တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် အနက်ရောင်စွန်ငှက်က ကျန်ရှိနေသေးသော ကြက်ကင်တစ်ဝက်ကို ဆွဲယူသွားပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
ထို့အပြင် ထိုမျှနှင့် မပြီးသေးပေ။
၎င်းသည် လင်းကျင်း၏ ခေါင်းပေါ်တွင် တစ်ပတ်ပတ်၍ သူ့လက်ထဲမှ ရသွားသော အောင်မြင်မှုကို ကြွားဝါပြသလိုက်သေးသည်။
ထို့နောက်မှသာ အပြင်သို့ ပျံထွက်သွားပြီး ကျောက်တောင်တုတစ်ခုပေါ်တွင် နားကာ စိတ်ကျေနပ်စွာ စားသောက်တော့သည်။
“ဒါက…” လင်းကျင်းက စကားပင် မပြောနိုင်တော့ပေ။
“ငှက်ကလေး…” ဟွမ်ချင်းလင်က အနက်ရောင်စွန်ငှက်ကို လှမ်းခေါ်လိုက်သည်။
“ရှီး...”
အနက်ရောင်စွန်ငှက်က အသံတစ်ချက် ပြန်ပေးလိုက်ပြီးနောက် အစာကိုသာ ဆက်လက် ထိုးဆိတ်စားနေတော့သည်။
“ထားလိုက်ပါတော့.... စားချင်ရင် စားပါစေ...”
အကြီးအကဲ ယွီက ဝင်၍ ဖျန်ဖြေလိုက်ရသည်။
ထို့နောက် သုံးယောက်သားလည်း စွန်ငှက်ကို ဂရုမစိုက်တော့ဘဲ ဆက်လက် စားသောက်ကြတော့သည်။
အရက် သုံးပတ်ခန့် သောက်ပြီးနောက် စားပွဲပေါ်ရှိ အစားအစာများလည်း ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် အကြီးအကဲ ယွီက လင်းကျင်းကို ပြောလိုက်သည်။
“မင်းရဲ့ တာဝန်တွေကို အကြီးအကဲပိုင်က ကိုယ်တိုင် စီစဉ်ပေးထားတယ်...”
“ပထမ သုံးလအတွင်း လစဉ် ဆေးလုံး အလုံးတစ်ရာ့ငါးဆယ် ဖော်စပ်ပေးရမယ်... ပြီးတော့ အဲဒီ သုံးလအတွင်း ဖော်စပ်တဲ့ ဆေးလုံးတွေထဲမှာ အနည်းဆုံး အမြင့်ဆုံးအဆင့် ဆေးလုံး ငါးလုံးနဲ့ အဆင့်မြင့်အဆင့် ဆေးလုံး သုံးဆယ် ပါရမယ်...”
“သုံးလ ပြည့်ပြီးရင်တော့ လစဉ် အနည်းဆုံး နှစ်ရာ ပေးအပ်ရမယ်။ အဲဒီထဲမှာ အမြင့်ဆုံးအဆင့် ဆေးလုံး ဆယ်လုံးထက် မနည်းရဘူး။ အဆင့်မြင့်အဆင့် ဆေးလုံးကလည်း အလုံးငါးဆယ်ထက် မလျော့ရဘူး...”
“ဒါပေါ့... လစဉ် ဆေးဖော်စပ်ပစ္စည်း အစုံ သုံးရာကိုလည်း ပေးမှာ။ အဲဒီ သုံးရာစုံဆိုရင် မင်းအတွက် လုံလောက်မှာပါ...”
“မင်းကို ဒီလောက် များများ တာဝန်ပေးတာက မင်းရဲ့ ဆေးဖော်စပ်စွမ်းရည်ကို မြန်မြန် တိုးတက်လာစေဖို့ပဲ...”
“ဒါမှ မြန်မြန်ဆန်ဆန် ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်လာနိုင်မှာ...”
ထိုသို့ ပြောပြီးနောက် အကြီးအကဲ ယွီက မေးလိုက်သည်။
“ဘယ်လိုနေလဲ၊ ပြဿနာရှိလား...”
“ပြဿနာ မရှိပါဘူး...” လင်းကျင်းက ပြန်ဖြေလိုက်သည်။
ထို့နောက် သုံးယောက်သား ညနက်သည်အထိ ဆက်လက် ထိုင်နေခဲ့ကြသည်။ ထိုအချိန်ကျမှသာ စားသောက်ပွဲသည် အဆုံးသတ်သွားတော့သည်။
လင်းကျင်းက သူတို့နှစ်ယောက်ကို လိုက်ပို့ပေးပြီးနောက် အားလုံးကို သိမ်းဆည်းရှင်းလင်းလိုက်သည်။
ထို့နောက် အနားယူကာ တရားထိုင်ကျင့်ကြံတော့သည်။ နောက်ရက်များတွင် လင်းကျင်း၏ ဘဝသည် တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။
ထိုကာလအတွင်း သားရဲလှိုင်းသည်လည်း ပျောက်ကွယ်သွားသလို ဖြစ်ပြီး နောက်ထပ် မပေါ်လာတော့ပေ။
ရက်အနည်းငယ် ကြာပြီးနောက်တွင် သားရဲလှိုင်းနှင့် ပတ်သက်သည့် နောက်ဆုံးရလဒ် ထွက်ပေါ်လာခဲ့သည်။
ချင်းယွမ်ဓားဂိုဏ်းသည် တစ်လခန့် အစောပိုင်းက မိစ္ဆာချီများ ပြည့်နှက်နေသော ချိုင့်ဝှမ်းကို စုံစမ်းရန် သန္ဓေသားဝိညာဉ်အဆင့် အကြီးအကဲ နှစ်ဦးကို စေလွှတ်ခဲ့ပြီး ထိုချိုင့်ဝှမ်းအတွင်း၌ လျှို့ဝှက်နယ်မြေတစ်ခုကို တွေ့ရှိခဲ့ကြသည်။
မူလက ထိုလျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖုံးကွယ်ထားသည့် အစီအရင်တစ်ခု ရှိနေခဲ့သည်။
သို့သော် အစီအရင်တွင် ပျက်စီးမှုတစ်ခု ဖြစ်ပေါ်နေပြီး များပြားလှသော မိစ္ဆာချီများ အပြင်သို့ စီးထွက်နေခဲ့သည်။
ထိုမိစ္ဆာချီများသည် အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ လူသားကျင့်ကြံသူများအတွက် အနည်းငယ်မျှ ထိတွေ့မိရုံဖြင့်ပင် မိစ္ဆာချီ၏ တိုက်စားခြင်းကို ခံရပြီး နောက်ဆုံးတွင် ရူးသွပ်ကာ သေဆုံးသွားနိုင်သည်။
သန္ဓေသားဝိညာဉ်အဆင့် အကြီးအကဲများပင် ထိုမိစ္ဆာချီများ ပြည့်နှက်နေသော ချိုင့်ဝှမ်းအတွင်း အချိန်ကြာကြာ မနေဝံ့ကြပေ။
လျှို့ဝှက်နယ်မြေ အတွင်းပိုင်းရှိ မိစ္ဆာချီ ပမာဏမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့ စူးစမ်းရန် အသုံးပြုခဲ့သော မှော်ရတနာများပင် မိစ္ဆာချီများဖြင့် ညစ်ညမ်းသွားပြီး အသုံးမဝင်တော့ပေ။
ထိုသို့သော အခြေအနေကို ရင်ဆိုင်ရသောအခါ စုံစမ်းမှုကိုပင် ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
မိစ္ဆာသားရဲများ ဆက်လက် သောင်းကျန်းနေခြင်းကို တားဆီးရန်အတွက် ချင်းယွမ်ဓားဂိုဏ်းမှ သန္ဓေသားဝိညာဉ်အဆင့် အကြီးအကဲနှစ်ဦးသည် လျှို့ဝှက်နယ်မြေ ဝင်ပေါက်အနီးရှိ မိစ္ဆာသားရဲများကို အခြားတစ်နေရာသို့ ဆွဲခေါ်သွားပြီးနောက် ထိုလျှို့ဝှက်နယ်မြေကို ထပ်မံ စည်းတံဆိပ်ခတ် ပိတ်ဆို့ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော်... ထိုမိစ္ဆာချီများသည် လူသားကျင့်ကြံသူများအတွက် အန္တရာယ်ရှိသော်လည်း မိစ္ဆာသားရဲများအတွက်မူ အလွန်တန်ဖိုးရှိသော အားဖြည့်ဆေးတစ်မျိုးနှင့် တူညီနေသောကြောင့် ဖြစ်သည်။
၎င်းတို့၏ ဉာဏ်ရည်ကိုပင် နိုးထစေနိုင်ပြီး ကျင့်ကြံမှုကို တိုးတက်စေကာ မိစ္ဆာများအဖြစ် ပြောင်းလဲနိုင်ရန် ကူညီပေးနိုင်သည်။
သားရဲလှိုင်း ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းမှာ ထိုမိစ္ဆာသားရဲများ ဉာဏ်ရည် စတင်ဖွံ့ဖြိုးလာခြင်းကြောင့်ပင်။ သို့သော် ၎င်းတို့၏ ဉာဏ်ရည်အဆင့်မှာ မြင့်မားခြင်း မရှိသေးဘဲ အများစုမှာ ဗီဇစိတ်အတိုင်းသာ လှုပ်ရှားနေကြသည်။
၎င်းမှာ အနက်ရောင်စွန်ငှက်ဖြစ်သော ငှက်ကလေးနှင့် ဆင်တူသည်။
သို့သော် ငှက်ကလေးကဲ့သို့ ဉာဏ်ကောင်းသည့် မိစ္ဆာသားရဲမျိုးမှာ အလွန်ရှားပါးလှသည်။
စည်းတံဆိပ်ခတ်ပိတ်ဆို့ပြီးနောက် ချင်းယွမ်ဓားဂိုဏ်းက သတင်းစကားတစ်ခု ပို့ဆောင်လာခဲ့သေးသည်။
သူတို့၏ ပြောကြားချက်အရ ထိုစည်းတံဆိပ်ခတ်ပိတ်ဆို့မှုသည် ဆယ်နှစ်သာ ခံနိုင်မည်ဖြစ်ပြီး ထိုဆယ်နှစ်အတွင်း မည်သူမျှ ကျင့်ကြံသူစျေးမှ ထွက်ကာ ထိုချိုင့်ဝှမ်းအနီးသို့ မသွားရဟု ဆိုထားသည်။
တစ်ဖက်တွင်လည်း သူတို့က ထိုဆယ်နှစ်အတွင်း အမြဲတမ်း ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဟု ဆိုခဲ့သည်။
ထို့ကြောင့် ဒုက္ခပေးနေခဲ့သော သားရဲလှိုင်းသည် ယာယီအားဖြင့် အဆုံးသတ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း နှစ်လတာ ကုန်ဆုံးသွားခဲ့သည်။ ထိုနေ့တွင် လင်းကျင်းသည် ဆေးလုံးများ ဖော်စပ်ပြီးသွားကာ သူ ဖော်စပ်ထားသော ဆေးလုံးများကို ယွဲ့ပေါင်လောသို့ သွားပို့ရန် ပြင်ဆင်နေသည်။
အိမ်မှ ထွက်လာချိန်တွင် ဟွမ်ချင်းလင်နှင့် တိုက်ဆိုင်စွာ တွေ့ဆုံလိုက်ရသည်။
လင်းကျင်းက အရင်ဆုံး နှုတ်ဆက်ပြီး မေးလိုက်သည်။
“ချင်းလင်၊ အကြီးအကဲပိုင်ဆီ သွားမလို့လား...”
ဟွမ်ချင်းလင်က ခေါင်းညိတ်လိုက်ပြီး ပြန်မေးလိုက်သည်။
“ဟုတ်တယ်...”
“လင်းကျင်း၊ ရှင်လည်း ယွဲ့ပေါင်လောကို သွားမလို့လား...”
ပြီးခဲ့သည့် တစ်လကျော်အတွင်း ဟွမ်ချင်းလင်၏ အဆက်မပြတ် ပူဆာမှုကို မခံနိုင်တော့သဖြင့် လင်းကျင်းက သူမအတွက် အရသာရှိသော ဟင်းပွဲများကို နောက်ထပ် အကြိမ်များစွာ ချက်ပေးခဲ့သည်။
ထိုကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း အတော်လေး ရင်းနှီးလာခဲ့သည်။
အမြဲတမ်း လင်းကျင်းကို ရန်လိုနေခဲ့သော အနက်ရောင်စွန်ငှက် ငှက်ကလေးပင် လင်းကျင်း၏ ဟင်းလက်ရာများ၏ ဆွဲဆောင်မှုအောက်တွင် သူ့အပေါ် မုန်းတီးမှုများ အတော်လေး လျော့နည်းသွားခဲ့သည်။
ယခုဆိုလျှင် ငှက်ကလေးက လင်းကျင်းကို မြင်တိုင်း ခေါင်းငုံ့ထားပြီး မော့မကြည့်ရဲတော့ပေ။
ဟွမ်ချင်းလင်ကလည်း ထိုထူးဆန်းမှုကို သတိထားမိခဲ့သည်။
ထို့ကြောင့် မေးလိုက်သည်။
“ငှက်ကလေး ဘာဖြစ်နေတာလဲ။ ဒီရက်ပိုင်းတိုင်း ရှင့်ကို မြင်တာနဲ့ ဘာလို့ ဒီလောက် လိမ္မာနေတာလဲ။ ရှင် သူ့ကို ဘာများ လုပ်ထားတာလဲ...”
ထိုသို့ ပြောပြီးနောက် ဟွမ်ချင်းလင်က သံသယအပြည့်ဖြင့် လင်းကျင်းကို ကြည့်လိုက်သည်။
လင်းကျင်းက နှုတ်ခမ်းကွေးလိုက်ပြီး ပြောစရာ စကားမဲ့သွားရသည်။
ဟွမ်ချင်းလင်၏ စကားကြောင့် စိတ်ထဲတွင် မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်။
‘ဒါ ဘာအဓိပ္ပာယ်လဲ။ ငါက အနက်ရောင်စွန်ငှက်ကို ဘာလုပ်နိုင်မှာမို့လဲ...’
‘တကယ် ပြောရမှာ ထူးဆန်းတာပဲ...’
သို့သော် လင်းကျင်းကတော့ အနက်ရောင်စွန်ငှက်၏ ထိုအပြုအမူ ဖြစ်ရသည့် အကြောင်းရင်းကို သိထားသည်။
အမှန်တော့... အကြောင်းရင်းက ဒီငှက်ကောင်လေးကြောင့်ပင်။
ဒီအနက်ရောင်စွန်ငှက်က ညဘက်ဆိုလျှင် တိတ်တဆိတ် လှုပ်ရှားတတ်ပြီး လင်းကျင်း၏ မီးဖိုချောင်ထဲသို့ ခိုးဝင်လာတတ်သည်။
သို့သော် လင်းကျင်းက ဟင်းချက်ခဲသောကြောင့် အကြိမ်တိုင်းနီးပါး ၎င်းသည် ခေါင်းငိုက်စိုက်ချ၍သာ ပြန်သွားရလေသည်။
အနက်ရောင်စွန်ငှက်၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး သာမန်အားဖြင့် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲသည်။
လင်းကျင်းအနေဖြင့် စနစ်၏ သတိပေးချက်များကြောင့်သာ ၎င်းကို သတိထားမိခဲ့ခြင်း ဖြစ်သည်။
လင်းကျင်းက ဟွမ်ချင်းလင်၏ ပခုံးပေါ်ရှိ ငှက်ကလေးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
“ဒီကောင်လေးက ရှက်တတ်တာ ဖြစ်နိုင်ပါတယ်လေ”
ထိုစကားကို ကြားလိုက်သည်နှင့် အနက်ရောင်စွန်ငှက်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး မျက်လုံးသေးသေးလေးများဖြင့် လင်းကျင်းကို စိုက်ကြည့်လာသည်။
မကျေနပ်ကြောင်း ဖော်ပြနေသကဲ့သို့ပင်။
“ကျိ...”
၎င်းက လင်းကျင်းဘက်သို့ အော်ဟစ်လိုက်ပြီး မကျေနပ်မှုကို ထုတ်ဖော်ပြသလိုက်သည်။
ဟွမ်ချင်းလင်က ငှက်ကလေးကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ဒီပုံစံက ဘယ်လိုကြည့်ကြည့် ရှက်တတ်သည့်ပုံ မပေါ်ပေ။
ထို့နောက် သူတို့နှစ်ဦးလည်း ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ယွဲ့ပေါင်လောသို့ အတူတကွ လျှောက်သွားခဲ့ကြသည်။
ယွဲ့ပေါင်လောသို့ ရောက်သည့်အခါ လင်းကျင်းက ပထမဆုံး အကြီးအကဲယွီထံ သွားပြီး ဆေးလုံးများကို အပ်နှံလိုက်သည်။ ဒါပထမဆုံးအကြိမ် ဖြစ်သဖြင့် အများကြီး မအပ်ခဲ့ပေ။
အခြေခံ သတ်မှတ်ချက်အတိုင်းသာ အမြင့်ဆုံးအဆင့် ဆေးလုံး ငါးလုံးကို အပ်နှံခဲ့ပြီး ကျန်သည့် ဆေးလုံးများမှာလည်း အခြေခံလိုအပ်ချက်နှင့် ကိုက်ညီသည့် ဆေးလုံးများသာ ဖြစ်သည်။
ထို့နောက် အကြီးအကဲယွီ၏ နေရာမှ ထွက်လာပြီး နောက်လအတွက် လိုအပ်မည့် ဆေးဖော်စပ်ပစ္စည်းများကို သွားယူရန် ပြင်ဆင်လိုက်သည်။
လင်းကျင်းသည် ယွဲ့ပေါင်လောကို ဖြတ်ကျော်ကာ အနောက်ဘက် ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။ အနောက်ခြံဝင်းမှာ အများပြည်သူ ဝင်ရောက်ခွင့်မရှိသည့် နေရာဖြစ်သည်။
ထိုနေရာတွင် လူများ အလွန်စည်ကားနေပြီး အားလုံးမှာ ယွဲ့ပေါင်လောမှ လူများသာ ဖြစ်ကြသည်။
စီမံခန့်ခွဲသူများ၊ ဝန်ထမ်းများနှင့် အမျိုးမျိုးသော ဧည့်ဆေးဖော်စပ်ဆရာများပင် ပါဝင်နေသည်။
ဆေးဖော်စပ်ပစ္စည်းများ သွားယူရာ လမ်းတွင် လူနှစ်ယောက်နှင့် ဆုံမိခဲ့သေးသည်။
လင်းကျင်းက ထိုထဲမှ တစ်ယောက်ကို မှတ်မိသည်။
ထိုသူသည်လည်း ဧည့်ဆေးဖော်စပ်ဆရာတစ်ဦး ဖြစ်ပြီး မျိုးနွယ်အမည်မှာ ဝမ်ဟု ထင်ရသော်လည်း အမည်အတိအကျကိုတော့ မမှတ်မိပေ။
ထိုသူက ခေါင်းမော့ရင်ကော့ လျှောက်လာပြီး လင်းကျင်းကို မမြင်သလိုပင် ပြုမူနေသည်။
နောက်တစ်ယောက်မှာ အရပ်အနည်းငယ် ပုသည့် လူတစ်ဦးဖြစ်ပြီး လင်းကျင်း တစ်ခါမှ မတွေ့ဖူးသေးသူ ဖြစ်သည်။
အသစ်ရောက်လာသူ ဖြစ်နိုင်ပေသည်။
ထိုအရပ်ပုသည့် ဧည့်ဆေးဖော်စပ်ဆရာက လင်းကျင်းကို မြင်သည်နှင့် ချက်ချင်း ရှေ့တိုးလာပြီး လက်ဆုပ်ပြီး အရိုအသေပြုကာ ပြောလိုက်သည်။
“တာအိုရောင်းရင်း၊ မေးပါရစေ... ခင်ဗျားလည်း ဧည့်ဆေးဖော်စပ်ဆရာတစ်ဦးလား...”
လင်းကျင်း အနည်းငယ် အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ပထမအဆင့် ဆေးဆရာတစ်ဦးသာ ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အခြားသော ဧည့်ဆေးဖော်စပ်ဆရာများက သူနှင့် တွေ့ဆုံအပေါင်းအသင်းလုပ်လေ့ မရှိပေ။
တွေ့ဆုံမိလျှင်ပင် ဝမ်မျိုးနွယ်ဝင် ကျင့်ကြံသူကဲ့သို့ ခေါင်းမော့လျှောက်သွားကြပြီး လင်းကျင်းနှင့် စကားတစ်ခွန်းမှ မပြောကြပေ။
စိတ်အခြေအနေ ကောင်းသည့်အချိန်ဆိုလျှင် လမ်းကြုံတွေ့သည့်အခါ ခေါင်းညိတ်ပြရုံသာ လုပ်ပြီး နှုတ်ဆက်သည်ဟု သဘောထားကြသည်။
သို့သော် လင်းကျင်းကတော့ ထိုအရာကို ဂရုမစိုက်ဘဲ မိမိ၏ ဆေးဖော်စပ်ခြင်းကိုသာ အာရုံစိုက်လေ့ရှိပြီး အခြားသူများနှင့်လည်း ပုံမှန်အားဖြင့် ဆက်ဆံမှု မရှိချေ။
သို့သော် ယခုတော့ တစ်ဖက်လူက ကိုယ်တိုင် လာရောက် နှုတ်ဆက်ခဲ့သည်။
ယင်းကား အမှန်ပင် ထူးဆန်းလှပေသည်။