အခန်း (၇၈) - စုဝေးပွဲ
မွန်းလွဲပိုင်းသို့ ရောက်မှသာ တံခါးခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
လင်းကျင်းသည် ကျင့်ကြံနေရာမှ နိုးထလာပြီး ခြံဝင်းတံခါးကို ဖွင့်ရန် ထွက်သွားလိုက်သည်။
တံခါးရှေ့တွင် ရပ်နေသူမှာ ဟွမ်ချင်းလင်ပင် ဖြစ်သည်။ သေချာပေါက် သူမ၏ ပခုံးပေါ်တွင် အနက်ရောင်စွန်ငှက်လည်း ရှိနေသည်။
အနက်ရောင်စွန်ငှက်က လင်းကျင်းကို ရန်လိုသော အကြည့်ဖြင့် ဆက်လက် စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း တိုက်ခိုက်ရန်တော့ မလုပ်ခဲ့ပေ။
လင်းကျင်းက စကားပင် မပြောနိုင်တော့ပေ။
ရှင်းရှင်းလင်းလင်းဆိုရလျှင် သူသာလျှင် နစ်နာသူ ဖြစ်သော်လည်း အနက်ရောင်စွန်ငှက်၏ အပြုအမူကို ကြည့်ရသည်မှာ သူကပဲ အပြစ်ပြုခံထားရသူ ဖြစ်နေသလိုပင်။
“လင်းကျင်း၊ ကျွန်မ စောစောရောက်လာတာကို စိတ်မရှိဘူးမလား....”
ပြောရင်း ဟွမ်ချင်းလင်က ခြံဝင်းထဲသို့ လျှောက်ဝင်သွားသည်။
“တာအိုရောင်းရင်း ချင်းလင် မနောက်ပါနဲ့...” လင်းကျင်းက ပြန်ဖြေလိုက်သည်။
“ခဏ ထိုင်စောင့်နေပါဦး။”
“ကျွန်တော် ပါဝင်ပစ္စည်းတွေ သွားပြင်ဆင်လိုက်ဦးမယ်။ ဒီည အကြီးအကဲ ယွီ ရောက်လာတဲ့အချိန်ဆိုရင် အားလုံး အဆင်သင့် ဖြစ်နေမှာပါ...”
“ကောင်းပြီ...” ဟွမ်ချင်းလင်က ပြန်ဖြေလိုက်သည်။
သူမကလည်း အားနာပုံ မရဘဲ ခြံဝင်းထဲရှိ ဇရပ်ပေါ်တွင် တိုက်ရိုက် သွားထိုင်ကာ အနက်ရောင်စွန်ငှက်နှင့် စတင် ဆော့ကစားနေတော့သည်။
လင်းကျင်းက အသာအယာ ပြုံးလိုက်ပြီး သူမကို လွှတ်ထားလိုက်သည်။
သူ ဟင်းမချက်တာ ကြာနေပြီ ဖြစ်သော်လည်း ထိုအရည်အချင်းမှာ ဦးနှောက်ထဲတွင် စွဲမြဲစွာ မှတ်သားထားသလို ဖြစ်နေဆဲပင်။
ညနေခင်းသို့ ရောက်လာသောအခါ မီးဖိုချောင်ထဲမှ မီးခိုးများ ထွက်ပေါ်လာပြီး လင်းကျင်းက တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။
မကြာမီမှာပင် ဟင်းနံ့များ ပျံ့လွင့်လာခဲ့သည်။
ထိုအနံ့ကြောင့် ဟွမ်ချင်းလင်သည် မီးဖိုချောင်ဘက်သို့ အကြိမ်ကြိမ် လှမ်းကြည့်နေမိပြီး ဆော့ကစားရန်ပင် စိတ်မဝင်စားတော့ပေ။
ညမှောင်သွားပြီးနောက် ဟင်းပွဲအားလုံး အဆင်သင့် ဖြစ်သွားချိန်တွင် အကြီးအကဲ ယွီ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ဟွမ်ချင်းလင်က စားပွဲကိုပင် ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။
“အကြီးအကဲ ယွီ...”
“မြန်မြန်လာပါ၊ ကျွန်တော်တို့ စောင့်နေတာ ကြာနေပြီ...”
လင်းကျင်းက ခြံဝင်းတံခါးကို ဖွင့်ကာ အကြီးအကဲ ယွီကို ကြိုဆိုလိုက်သည်။
“ယွဲ့ပေါင်လောက ကိစ္စတွေ အခုမှ ပြီးလို့ အမြန် ပြေးလာတာ။ ပထမက အကြီးအကဲပိုင်ကိုလည်း ဖိတ်ချင်သေးတယ်...”
“ဒါပေမဲ့ သူ့မှာ ကိစ္စတစ်ခု ရှိနေလို့...”
“မင်းတို့ကို စောင့်ခိုင်းမိသွားပြီလား...”
အကြီးအကဲ ယွီက သူတို့နှစ်ယောက်ကို မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ဟင်းတွေ အခုမှ ပြီးတာ...”
“အကြီးအကဲ ယွီ ရောက်လာတဲ့ အချိန်က အတော်လေး ကွက်တိပဲ...”
လင်းကျင်းက ပြုံး၍ ပြောလိုက်သည်။
“အကြီးအကဲ ယွီ၊ မြန်မြန်လာပါ။ ကျွန်မ မစောင့်နိုင်တော့ဘူး။ လောင်ပိုင်ကို မေ့လိုက်တော့...”
“သူသာ ရှိနေရင် ဘယ်သူမှ လွတ်လွတ်လပ်လပ် နေလို့ရမှာ မဟုတ်ဘူး...”
ထိုသို့ ပြောပြီးနောက် ဟွမ်ချင်းလင်က စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ရင်း သွားရည်ကျနေတော့သည်။
လင်းကျင်း ဟင်းချက်နေစဉ်ကတည်းက ဟင်းနံ့များကြောင့် သူမ၏ စားချင်စိတ်ကို နှိုးဆွထားပြီး ဖြစ်သည်။
ယခု ဟင်းပွဲများ စားပွဲပေါ် ရောက်လာပြီ ဖြစ်သော်လည်း အကြီးအကဲ ယွီကို စောင့်နေရသောကြောင့်သာ မစားရသေးခြင်း ဖြစ်သည်။
“ကောင်းတယ်...”
“ကောင်းတယ်...”
“ကောင်းတယ်...”
အကြီးအကဲ ယွီက ပြောရင်း လင်းကျင်းနှင့်အတူ လျှောက်လာခဲ့သည်။
သုံးယောက်လုံး ထိုင်ပြီးနောက် လင်းကျင်းက အရင်ဆုံး ပြောလိုက်သည်။
“လာပါ၊ မြည်းကြည့်ပြီး အရသာ ဘယ်လိုလဲ ပြောကြည့်ပါဦး...”
သူတို့နှစ်ယောက်စလုံး တူကို ကိုင်လိုက်ကြပြီး အသားတစ်စစီကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
“အွန်း...”
ဟွမ်ချင်းလင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး အခြားဟင်းတစ်ပွဲဆီသို့ လက်လှမ်းလိုက်သည်။
“ဒီဟာလည်း စားကောင်းတယ်...”
အကြီးအကဲ ယွီကတော့ ပို၍ တည်ငြိမ်စွာ စားသောက်နေသည်။
“အင်း...”
“တကယ် ကောင်းသားပဲ...”
“ကောင်လေး လင်း၊ မင်းမှာ ဒီလို လက်ရာမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး...”
“ကောင်းတယ်...”
“ကောင်းတယ်...”
ဟွမ်ချင်းလင်က ပါးစပ်အပြည့် ဟင်းများဖြင့် ပြောလိုက်သည်။
“တကယ်ပဲ....”
“ကျွန်မ ထင်တာတော့ မူးယစ်နတ်ဘုရားစံအိမ်က စားဖိုမှူးတွေနဲ့တောင် ယှဉ်လို့ရတယ်...”
“မဖြစ်ဘူး... နောင်ကျရင် နေ့တိုင်းလာမယ်... ရှင် ကျွန်မအတွက် ဟင်းချက်ပေးရမယ်...”
“အဲဒါတော့ မဖြစ်နိုင်ဘူး။ သူ ဆေးဖော်စပ်ရဦးမယ်လေ....”
အကြီးအကဲ ယွီက ချက်ချင်း ဝင်ပြောလိုက်သည်။
ဟွမ်ချင်းလင်က မျက်လုံးလှန်လိုက်ပြီး ပြောလိုက်သည်။
“ဒါဆို ကျွန်မ အကြီးအကဲပိုင်ကို သွားပြောပြီး လင်းကျင်းရဲ့ တာဝန်တွေ နည်းနည်း လျှော့ခိုင်းလိုက်ရမလား...”
“တာအိုရောင်းရင်း ချင်းလင်...”
“ကျွန်တော်က ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်နေပြီလေ။ အဲဒီလို လုပ်တာတော့ သိပ်မသင့်တော်ဘူး ထင်တယ်...”
လင်းကျင်းက ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင်...”
“လစဉ်လတိုင်း အချိန်နည်းနည်း ဖယ်ပြီး တာအိုရောင်းရင်း ချင်းလင်အတွက် ဟင်းအကြိမ်အနည်းငယ် ချက်ပေးမယ်...”
“ဘယ်လို သဘောရလဲ...”
“ရတယ်... ရတယ်...” ဟွမ်ချင်းလင်က ချက်ချင်း လက်ခုပ်တီးကာ သဘောတူလိုက်သည်။
ထိုအချိန်တွင် အနက်ရောင်စွန်ငှက်က ဖြည်းဖြည်းချင်း စားနေသော ဟွမ်ချင်းလင်ကို စူးစိုက်ကြည့်နေပြီး မငြိမ်မသက် ဖြစ်နေသည်။
“ဘာဖြစ်တာလဲ... မင်းလည်း စားချင်လို့လား...”
ဟွမ်ချင်းလင်က ခေါင်းလှည့်၍ မေးလိုက်သည်။
အနက်ရောင်စွန်ငှက်က အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။ သိသာစွာပင် ၎င်းသည် ဟွမ်ချင်းလင်၏ စကားကို နားလည်နေသည်။
“ဒါပေမဲ့ ဒီဟင်းတွေကို လင်းကျင်း ချက်ထားတာလေ....”
“ဒါကြောင့် သူ့ကို သေချာပေါက် မေးရမယ်....”
“မင်း အရင်တုန်းက သူ့ကို အရမ်း ရန်လိုခဲ့တာ....”
“ဒါမှ မဟုတ် သူ့ကို တောင်းပန်လိုက်ပါလား....”
လင်းကျင်းနှင့် အကြီးအကဲ ယွီတို့ နှစ်ယောက်စလုံးက လူနှင့် ငှက်တို့၏ အတားအဆီးမရှိ ဆက်သွယ်ပြောဆိုမှုကို စိတ်ဝင်တစား ကြည့်နေကြသည်။
သို့သော် အနက်ရောင်စွန်ငှက်ကတော့ သဘောမကျသည့်ပုံစံဖြင့် လင်းကျင်းကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် သူ့ဘက်သို့ ကျောခိုင်းလိုက်သည်။
သို့သော်လည်း စားပွဲပေါ်ရှိ စားကောင်းသောက်ဖွယ်များကို မကြာခဏ ပြန်လှည့်ကြည့်နေဆဲ ဖြစ်သည်။
အထူးသဖြင့် အလယ်တွင် ရှိနေသော အနံ့မွှေးမွှေးလေး ထွက်နေသည့် ကြက်ကင်ကိုပေါ့။
လင်းကျင်းက နှာခေါင်းကို ပွတ်လိုက်ရင်း အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။
“စားချင်ရင် စားခိုင်းလိုက်ပါ...”
နောက်ဆုံးတွင် အကြီးအကဲ ယွီက အခြေအနေကို ဖြေလျှော့ရန် ပြောလိုက်သည်။
“ကောင်းပြီ၊ အကြီးအကဲ ယွီ…” ဟွမ်ချင်းလင်က ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူမသည် စားပွဲပေါ်မှ ကြက်ကင်ကို ယူလိုက်ပြီး အသားတစ်တုံးကြီးကို ဆွဲဖြုတ်လိုက်သည်။
“ငှက်ကလေး... လာ…”
အနက်ရောင်စွန်ငှက်၏ ခံစားချက်ကို လုံးဝ ဂရုမစိုက်ဘဲ ဟွမ်ချင်းလင်က အသားတစ်တုံးကြီးကို အနက်ရောင်စွန်ငှက်၏ ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်သည်။
ထိုကြောင့် အနက်ရောင်စွန်ငှက်မှာ တောင်ပံများကို အဆက်မပြတ် ခတ်နေပြီး မျက်လုံးများပင် လန်ထွက်လုမတတ် ဖြစ်သွားသည်။ အချိန်အတော်ကြာမှသာ အသက်ကို ပြန်ပြီး မှန်အောင် ရှူနိုင်ခဲ့တော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းကျင်းက မနေနိုင်ဘဲ ပြုံးမိသွားသည်။
“အကြီးအကဲ ယွီ...”
ထို့နောက် လင်းကျင်းသည် ကြိုတင် ပြင်ဆင်ထားသော ချင်းဟွာမူးယစ်ရည်ကို ထုတ်ယူလိုက်သည်။
အကြီးအကဲ ယွီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ဟားဟား...”
“မင်းက ငါ့စိတ်ကို တကယ်သိတာပဲ...”
“စားပွဲပေါ်မှာ အရက်မရှိဘဲ ဘယ်ဖြစ်ပါ့မလဲ....”
လင်းကျင်း အရက်အိုးကို ဖွင့်လိုက်ကာ ချက်ချင်းပင် အရက်နံ့ မွှေးမွှေးလေးက ပျံ့နှံ့သွားသည်။
အကြီးအကဲ ယွီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မွှေးလိုက်တာ...”
“တကယ်ကို မွှေးလိုက်တာ...”
လင်းကျင်းက အကြီးအကဲ ယွီအတွက် တစ်ခွက်၊ သူ့အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။
ထိုအချိန်တွင် ဟွမ်ချင်းလင်က သူမကို ချန်ထားသည်ကို မခံနိုင်တော့ပေ။
“ကျွန်မလည်း သောက်မယ်...”
“အကြီးအကဲ ယွီ၊ ရှင် ကျွန်မကို ဖွက်ပြီး အရက်ခိုးသောက်နေတာ ကျွန်မ မြင်ပြီးသား...”
“လောင်ပိုင် မရှိတုန်း ကျွန်မလည်း မြည်းကြည့်ချင်တယ်...”
“အကြီးအကဲ ယွီ...”
လင်းကျင်းက အကြီးအကဲ ယွီကို ကြည့်ကာ သဘောထား မေးလိုက်လေသည်။
“ချင်းလင် သောက်ချင်ရင် တစ်ခွက်လောက် မြည်းကြည့်ခိုင်းလိုက်ပါ...”
အကြီးအကဲ ယွီက ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ...”
ထို့နောက် လင်းကျင်းက ခွက်တစ်ခွက် ထပ်ထုတ်ကာ ဟွမ်ချင်းလင်အတွက်လည်း တစ်ခွက် ငှဲ့ပေးလိုက်သည်။
“အကြီးအကဲ ယွီ...”
“ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တာတွေအတွက် ဒီတစ်ခွက်နဲ့ ဂါရဝပြုပါတယ်...”
ထိုသို့ ပြောပြီး လင်းကျင်းက ခွက်ကို မြှောက်ကာ အကြီးအကဲ ယွီကို ဂါရဝပြုလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
ထိုမြင်ကွင်းကို မြင်ပြီး ဟွမ်ချင်းလင်ကလည်း ခွက်ကို ကောက်ကိုင်လိုက်ပြီး လင်းကျင်းကို အတုယူကာ ပါးစပ်ထဲသို့ လောင်းထည့်ရန် ပြင်လိုက်သည်။
ခဏအကြာ...
“အဟွတ်... အဟွတ်… အဟွတ်...”
“ဒါ ဘာကြီးလဲ... လုံးဝ မကောင်းဘူး.....”
ဟွမ်ချင်းလင်က မျက်နှာရှုံ့မဲ့သွားကာ ပါးစပ်ထဲရှိ အရက်ကို ချက်ချင်း ထွေးထုတ်လိုက်သည်။
“ဟ...”
“ဘာလို့ နည်းနည်း စပ်နေရသေးတာလဲ...”
ဟွမ်ချင်းလင်က ပါးစပ်ထဲရှိ အစပ်အရသာကို ဖိနှိပ်ရန် ဟင်းအနည်းငယ်ကို အမြန် စားလိုက်သည်။
“ဟားဟားဟား...” အကြီးအကဲ ယွီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အခုတော့ သိပြီမလား! ငါ ဘာလို့ မင်းကို မသောက်ခိုင်းတာလဲဆိုတာကို....”
“အကြီးအကဲ ယွီ...ဒါက ရှင် အမြဲသောက်နေတဲ့ အရက်လား...”
“ဟုတ်တယ်... ဘယ်လိုလဲ၊ ထပ်သောက်ချင်သေးလား...”
အကြီးအကဲ ယွီက ခေါင်းညိတ်ရင်း မေးလိုက်သည်။
“မသောက်တော့ဘူး...”
“တစ်သက်လုံး မသောက်တော့ဘူး...”
ဟွမ်ချင်းလင်က ပေါ်လန့်ဂူလို ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။
(ဘာသာပြန်သူ မှတ်ချက်။ ပေါ်လန့်ဂူ ဆိုတာ လက်နဲ့ လှည့်ပြီး ဆော့ကစားရတဲ့ ဗုံ အသေးလေးပါ။ မြန်မာမှာတော့ ပတ်တို သို့ ပလုတ်တုတ် လို့ ခေါ်ပါတယ်။)
ထိုအချိန်တွင် အနက်ရောင်စွန်ငှက်သည် အသားတုံးကြီးကို စားပြီးသွားပြီ ဖြစ်သည်။
၎င်းက ဟွမ်ချင်းလင်ကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခွက်ထဲတွင် ကျန်နေသေးသော အရက်တစ်ဝက်ကို ကြည့်လိုက်သည်။
ထို့နောက် ဟွမ်ချင်းလင်၏ ပခုံးပေါ်မှ ခုန်ဆင်းလာပြီး ခေါင်းငုံ့ကာ ခွက်ထဲမှ အရက်ကို စတင် သောက်လိုက်သည်။
သို့သော် မကြာမီမှာပင်...
အနက်ရောင်စွန်ငှက်က တောင်ပံများကို တဖျပ်ဖျပ် ခတ်လိုက်ပြီး တံခါးအပြင်သို့ ပျံထွက်သွားကာ ငါးကန်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။
ထို့နောက် ၎င်း၏ ခေါင်းတစ်ခုလုံးကို ရေထဲသို့ ထိုးနှစ်လိုက်လေသည်။ ပြီးသောအခါ လင်းကျင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
လင်းကျင်းကတော့ သူ့မှာ အပြစ်မရှိသည်ဟု ခံစားရသည်။
အရက်ကို သူ ငှဲ့ပေးခဲ့သည် မှန်သော်လည်း အနက်ရောင်စွန်ငှက်က ကိုယ့်သဘောနဲ့ကိုယ် သောက်ခဲ့ခြင်းသာ ဖြစ်ပေည်။ သူ ဘာမှ မလုပ်ခဲ့ပေ။
ထို့နောက် အနက်ရောင်စွန်ငှက်သည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ အရှိန်ပြင်းပြင်းဖြင့် ထွက်သွားတော့သည်...။