အခန်း (၇၂) - ထွက်ခွာခြင်း
ထို့နောက်... ရွှေအမြုတေအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ပုန်းအောင်းနေသော ကျင့်ကြံသူအချို့လည်း ထွက်ပေါ်လာကြသည်။
ထိုအချိန်တွင်... အဝေးမှ လူရိပ်အချို့ ပျံသန်းလာသည်ကို တွေ့ရသည်။
သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အလွန်အားကောင်းလှပြီး အားလုံးမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ဝေကျန့်ချင်းက ပြောလိုက်သည်။
“ညီလေးလင်း၊ ကျင့်ကြံသူစျေးရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ရောက်လာပြီ။ အခု ကာကွယ်ရေးအစီအရင်ကို ပြန်သိမ်းလို့ ရပြီ....”
လင်းကျင်းက ခေါင်းညိတ်လိုက်ပြီး ကာကွယ်ရေးအစီအရင်ကို ပြန်သိမ်းကာ အစီအရင်ပြားကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ထို့နောက်... ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် အတွင်းပိုင်းကျင့်ကြံသူစျေး၏ တာဝန်ခံထံသို့ တိုက်ရိုက် ပျံသန်းသွားကာ သူ့ရှေ့တွင် ရပ်တန့်လိုက်ကြသည်။
ထို့နောက် သူတို့သည် တစ်စုံတစ်ရာကို ဆွေးနွေးနေကြပုံရသည်။ ဆွေးနွေးမှုပြီးဆုံးပြီးနောက် ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူများလည်း လူစုခွဲသွားကြသည်။
သူတို့သည် ကျင့်ကြံသူစျေး၏ မတူညီသော အရပ်မျက်နှာများသို့ ပျံသန်းသွားကြပြီး ကျင့်ကြံသူစျေးထဲသို့ ဝင်ရောက်လာသော နတ်ဆိုးသားရဲများကို ရှင်းလင်းသုတ်သင်ရန် ပြင်ဆင်နေကြပုံရသည်။
“ဒီရွှေအမြုတေအဆင့်ကျင့်ကြံသူတွေ နောက်ဆုံးတော့ လှုပ်ရှားလာပြီ...”
“ငါတို့ ကယ်တင်ခံရပြီ...”
“ဟုတ်တယ်...”
“ကောင်းကင်ကို ကျေးဇူးတင်ရမယ်၊ နောက်ဆုံးတော့ ငါတို့ကို ကယ်ဖို့ လူတွေ ရောက်လာပြီ...”
လူအများအပြားသည် ကောင်းကင်ပေါ်ရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ကြည့်ရင်း စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ဝဲလာကြသည်။
သူတို့ စိတ်သက်သာရာရမှုကို ခံစားနေရပေသည်။
ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူများအနက် လင်းကျင်းက ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုသူမှာ မီးအဆိပ်ကင်းခြေများ ဖြစ်စဉ်တွင် တွေ့ခဲ့ဖူးသော ဝူချိုင်အမတအရှင်ပင်။
ယခင်က အစီအရင်ပညာအကြောင်း အကြီးအကဲ ယွီကို မေးမြန်းစဉ် အကြီးအကဲယွီက သူ့အကြောင်းကို အမှတ်တမဲ့ ပြောဖူးသည်။
ထိုအချိန်မှသာ လင်းကျင်း သိခဲ့ရသည်မှာ ဝူချိုင်အမတအရှင်သည်လည်း သားရဲလှိုင်းဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းရန် သွားရောက်သော အဖွဲ့ဝင်တစ်ဦး ဖြစ်နေခြင်းပင်။
ဝူချိုင်အမတအရှင်ကို မြင်လိုက်ရသည့်အခါ လင်းကျင်း နားလည်သွားသည်။
ဒီရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ညမြူတောင်တန်းအတွင်းသို့ သွားရောက် စုံစမ်းခဲ့ကြသော လူများပင် ဖြစ်ကြသည်။ ယခုတော့ စုံစမ်းရေးတာဝန် ပြီးဆုံးသွား၍ ပြန်လာခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုရွှေအမြုတေအဆင့် ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက် အချိန်အနည်းငယ် ကြာမြင့်လာသောအခါ အတွင်းပိုင်း ကျင့်ကြံသူစျေး၏ ကာကွယ်ရေး အကြီးစားအစီအရင်သည် နောက်ဆုံးတွင် အသက်ဝင်လာခဲ့သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများက ကျင့်ကြံသူစျေးအတွင်း ဝင်ရောက်လာသော နတ်ဆိုးသားရဲများအားလုံးကို ရှင်းလင်းသုတ်သင်ပြီးသွားပြီ ဖြစ်ကြောင်း ထင်ရှားလေသည်။
ထိုညတွင်... အတွင်းပိုင်း ကျင့်ကြံသူစျေးမှ သတင်းကောင်းတစ်ခု ထွက်ပေါ်လာသည်။
‘သားရဲလှိုင်းကို အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီ ဖြစ်ပြီး မကြာမီကာလအတွင်း နတ်ဆိုးသားရဲများသည် ကျင့်ကြံသူစျေးကို ထပ်မံ မတိုက်ခိုက်နိုင်တော့ကြောင်း’ ဖြစ်သည်။
နောက်ရက်များတွင် ကျင့်ကြံသူစျေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့သည်။
သားရဲလှိုင်း ကပ်ဘေးကြောင့် အပြင်ပိုင်းကျင့်ကြံသူစျေး၏ လူဦးရေမှာ ပိုမို လျော့နည်းသွားခဲ့သည်။
အထူးသဖြင့် လင်းကျင်းတို့ နေထိုင်သော နေရာတစ်ဝိုက်တွင် ဖြစ်သည်။
နောက်ပိုင်း၌ စီမံခန့်ခွဲသူ ဂျန်းလည်း လာရောက်လည်ပတ်ခဲ့သည်။
လင်းကျင်းက သားရဲလှိုင်း ဖြစ်စဉ်အကြောင်းကို စီမံခန့်ခွဲသူ ဂျန်းအား မေးမြန်းခဲ့သည်။
စီမံခန့်ခွဲသူ ဂျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်မှသာ လင်းကျင်းသည် ဤဖြစ်ရပ်၏ နောက်ကွယ်မှ အမှန်တရားကို အပြည့်အဝ သိရှိသွားခဲ့သည်။
မူလအခြေအနေအရ... ကာကွယ်ရေး အကြီးစားအစီအရင်နှင့် အစောင့်တပ်ဖွဲ့တို့ ရှိနေသရွေ့ သားရဲလှိုင်းကို ခုခံနိုင်ရန် လုံလောက်နေသင့်ပေည်။
သို့သော် ယခုတစ်ကြိမ်တွင် နတ်ဆိုးသားရဲအချို့က သေချင်ယောင် ဟန်ဆောင်ခဲ့ကြပြီး အစောင့်တပ်ဖွဲ့က သတိလက်လွတ် ဖြစ်သွားသဖြင့် ထိုလှည့်ကွက်ကို မသိလိုက်ဘဲ လုံခြုံရေးတွင် ချို့ယွင်းချက် ပေါ်ပေါက်သွားခဲ့ရသည်။
ထိုမှတစ်ဆင့် ကာကွယ်ရေး အကြီးစားအစီအရင်မှာ ဖောက်ထွင်းခံလိုက်ရပြီး နတ်ဆိုးသားရဲများသည် ကျင့်ကြံသူစျေးထဲသို့ ဝင်ရောက်ကာ ဤအဖြစ်ဆိုးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
ထိုအစီအရင် ပေါက်ကွဲသွားသော နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် လင်းကျင်းတို့ ရှိနေသော အရပ်မျက်နှာပင် ဖြစ်နေခဲ့သည်။
အခြား အရပ်မျက်နှာများမှာတော့ မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိခဲ့ပေ။
ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည် ရှင်းပြနေစဉ် လင်းကျင်း၏ စိတ်ထဲတွင် အနက်ရောင်စွန်ငှက်ကို ပြန်လည် သတိရမိသွားသည်။
ထိုအနက်ရောင်စွန်ငှက်သည် လှည့်ဖြားခြင်းတွင် အလွန်ကျွမ်းကျင်သော သားရဲ ဖြစ်ပေသည်။
ယခင်ကလည်း လူအများအပြားကို လှည့်စားခဲ့ဖူးပြီး ယန်ရှုံပင်လျှင် ၎င်း၏ လှည့်ကွက်ထဲ ကျရောက်လုနီးပါး ဖြစ်ခဲ့ရသေးသည်။
“ကျင့်ကြံသူစျေးက တဖြည်းဖြည်း ပိုပြီး မလုံခြုံလာတော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင် အတွင်းပိုင်းကျင့်ကြံသူစျေးထဲမှာပဲ နေတာ ပိုကောင်းတယ်။ အနည်းဆုံးတော့ အဲဒီမှာ နည်းနည်းပိုပြီး လုံခြုံသေးတယ်...”
နောက်ဆုံးတွင် စီမံခန့်ခွဲသူ ဂျန်းကလည်း သူ၏ အကြံပေးချက်ကို ပြောပြခဲ့သည်။
ထိုစကားများက လင်းကျင်း၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ထိမှန်သွားသည်။
‘ကြည့်ရတာတော့ အကြီးအကဲယွီကို တစ်ခေါက်လောက် ထပ်သွားရှာဖို့ လိုနေပြီ ထင်တယ်။’
လင်းကျင်း စိတ်ထဲတွင် တွေးလိုက်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဝေကျန့်ချင်းလည်း အလုပ်များနေခဲ့သည်။ သူသည် လူအမျိုးမျိုးနှင့် ဆက်သွယ်နေပြီး ထွက်ခွာရေး အစီအစဉ်များကို ဆွေးနွေးနေခဲ့သည်။
သားရဲလှိုင်း အဖြစ်အပျက်ကို ကြုံတွေ့ပြီးနောက် လူအများအပြားက ကျင့်ကြံသူစျေးသည် အလွန်အန္တရာယ်များလွန်းသည်ဟု ခံစားလာကြသည်။
ထို့ကြောင့် လူအများအပြားသည် ပိုမိုလုံခြုံသော နေရာများသို့ ထွက်ပြေးရန် ကြိုးစားလာကြသည်။
သို့သော် လက်ရှိ အခြေအနေမှာ ပုံမှန်မဟုတ်သဖြင့် အပြင်သို့ ထွက်သည့် လမ်းကြောင်းများအားလုံး အန္တရာယ်များနှင့် ပြည့်နှက်နေပေသည်။
ထိုအခြေအနေကို အခွင့်အရေးတစ်ရပ်အဖြစ် မြင်သော လူအချို့လည်း ရှိသည်။ သူတို့သည် လူများကို လုံခြုံရာသို့ လမ်းပြပို့ဆောင်ပေးသည့် လုပ်ငန်းကို စတင်လုပ်ကိုင်ကြတော့သည်။
တစ်နေ့တွင် ဝေကျန့်ချင်းထံမှ သတင်းကောင်းတစ်ခု ရောက်လာသည်။
သူသည် ယခင်က သိကျွမ်းခဲ့ဖူးသော လူတစ်ဦး၏ အကူအညီဖြင့် အခြား ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဦးဆောင်သည့် အဖွဲ့နှင့် လိုက်ပါခွင့်ကို စီစဉ်နိုင်ခဲ့သည်။
ထိုအဖွဲ့သည် သန်ဘက်ခါတွင် ထွက်ခွာမည် ဖြစ်ပေသည်။ ထိုသတင်းကို ကြားလိုက်ရသောအခါ လူတိုင်း အလွန်ဝမ်းသာသွားကြ၏။
နောက်ဆုံးတွင် မထွက်ခွာမီ တစ်ရက်အလို၌ လူတိုင်း ထပ်မံ စုဝေးခဲ့ကြကာ ထမင်းဝိုင်းပေါ်တွင် ဝေကျန့်ချင်းက လင်းကျင်းကို သူတို့နှင့်အတူ လိုက်ခဲ့ရန် တမင် အကြံပြုခဲ့သေးသည်။
သို့သော် လင်းကျင်းက ငြင်းဆိုလိုက်လေသည်။
နောက်တစ်နေ့ လူအုပ်စု ထွက်ခွာသွားချိန်တွင် လင်းကျင်းက သူတို့ကို ကျင့်ကြံသူစျေးအပြင်ဘက်အထိ လိုက်ပို့ပေးခဲ့သည်။
သူတို့ တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်နေစဉ်... လော့လော့က သူမ၏ လက်သေးသေးလေးကို အားရပါးရ ဝှေ့ယမ်းနေသည်။
ထိုအချိန်တွင် လင်းကျင်း၏စိတ်ထဲ၌ ရုတ်တရက် ဟာတာတာ ခံစားချက် ပေါ်ပေါက်လာခဲ့၏။
သူတို့၏ ပုံရိပ်များသည် တဖြည်းဖြည်း ပို၍ ဝေးကွာသွားခဲ့သည်။ လင်းကျင်းကတော့ နေရာတစ်ခုတည်းတွင် ရပ်နေဆဲပင် ဖြစ်သည်။
နောက်တစ်နေ့တွင် လင်းကျင်းသည် ယွဲ့ပေါင်လောသို့ သွားရောက်ကာ အကြီးအကဲယွီနှင့် တွေ့ဆုံခဲ့သည်။
“ကောင်လေး၊ နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ... အပြင်ကျင့်ကြံသူစျေးရဲ့ ကာကွယ်ရေးအစီအရင်က မင်းတို့ဘက်ခြမ်းမှာ ပေါက်ကွဲသွားတယ်လို့ ငါ ကြားထားတယ်။”
“ဒီလောက် အန္တရာယ်များတဲ့ အခြေအနေမှာ မင်း ဘယ်လို လွတ်မြောက်လာခဲ့တာလဲ...” အကြီးအကဲယွီက လင်းကျင်းကို တွေ့တွေ့ချင်းမှာပင် မေးလိုက်သည်။
လင်းကျင်းက အကြီးအကဲယွီကို ဦးညွှတ်အရိုအသေပေးပြီး ပြောလိုက်သည်။
“အကြီးအကဲယွီရဲ့ အစီအရင်ပြားအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီအစီအရင်ပြားသာ မရှိခဲ့ရင် ကျွန်တော် နတ်ဆိုးသားရဲတွေရဲ့ ပါးစပ်အောက်မှာ သေပြီးလောက်ပြီ...”
ပြောပြီးနောက် လင်းကျင်းက အစီအရင်ပြားကို အကြီးအကဲယွီထံ ပြန်ပေးလိုက်သည်။
“အကြီးအကဲယွီ၊ အခု အန္တရာယ်လည်း ပြီးသွားပြီဆိုတော့ အစီအရင်ပြားကို ပြန်ယူထားလိုက်ပါ...”
အကြီးအကဲယွီက အစီအရင်ပြားကို လက်ခံယူပြီး လင်းကျင်းအား ပြောလိုက်သည်။
“သားရဲလှိုင်းက ပြန်ဆုတ်သွားပြီဆိုပေမဲ့ ညမြူတောင်တန်းကို သွားစုံစမ်းခဲ့တဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ပြောတာတော့ ဒီကိစ္စက လုံးဝ မပြီးသေးဘူးတဲ့...”
“သူတို့က ညမြူတောင်တန်းရဲ့ အတွင်းပိုင်းနက်နက်ထဲမှာ နတ်ဆိုးအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ချိုင့်ဝှမ်းတစ်ခုကို တွေ့ခဲ့တယ်တဲ့...”
“အဲဒီနေရာမှာ ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲတွေသာမက သန္ဓေသားဝိညာဉ်အဆင့် နတ်ဆိုးသားရဲတွေတောင် အိပ်စက်နေကြသေးတယ်တဲ့...”
“ဒီကိစ္စက သူတို့ ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်သွားပြီမို့ ပေါ့ပေါ့ဆဆ မလှုပ်ရှားရဲဘဲ အရင်ပြန်လာခဲ့ပြီး ချင်းယွမ်ဓားဂိုဏ်းကို ဝင်ရောက်စွက်ဖက်ပေးဖို့ တောင်းဆိုဖို့ ဆုံးဖြတ်ခဲ့ကြတာ...”
“ဒါကြောင့် အပြင်ပိုင်းကျင့်ကြံသူစျေးက အခုထိ မလုံခြုံသေးဘူး...”
ထိုသို့ ပြောပြီးနောက် အကြီးအကဲယွီက လင်းကျင်းကို ကြည့်ကာ ဆက်ပြောသည်။
“ဒီလိုမျိုး ဖြစ်ရပ်တွေ ထပ်မဖြစ်စေဖို့ ငါ မင်းကို အတွင်းပိုင်းကျင့်ကြံသူစျေးထဲ အရင် ပြောင်းရွှေ့ပေးဖို့ စဉ်းစားထားတယ်....”
“အမြင့်ဆုံးအဆင့် ဆေးလုံးကိစ္စကို နောက်မှ ဆက်ပြောကြတာပေါ့...”
“မင်း ဘယ်လို သဘောရလဲ....”
“အကြီးအကဲယွီ၊ ကျွန်တော်လည်း အကြီးအကဲနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိပါတယ်....”
လင်းကျင်းက ပြောပြီး သိုလှောင်အိတ်ထဲမှ ကြွေပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
“ကျွန်တော် အမြင့်ဆုံးအဆင့် ဆေးလုံးကို ဖော်စပ်ပြီးသွားပါပြီ....”
“မင်း အမြင့်ဆုံးအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ပြီ ဟုတ်လား….”
အကြီးအကဲယွီက အံ့ဩတကြီး ပြောလိုက်သည်။
“ငါ့ကို အရင်ပြကြည့်ပါဦး....”
“ကောင်းပါပြီ။” လင်းကျင်းက ကြွေပုလင်းကို အကြီးအကဲယုထံ ပေးလိုက်သည်။
အကြီးအကဲယွီက ပုလင်းကို လက်ခံယူပြီး အဖုံးဖွင့်ကာ ဆေးလုံးကို လက်ထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် အနီးကပ် သေချာစွာ စစ်ဆေးကြည့်ရှုသည်။
အချိန်အတော်ကြာပြီးနောက် အကြီးအကဲယွီ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား... ငါ သိသားပဲ....”
“ကောင်လေး မင်းရဲ့ ပါရမီက တကယ်ကို ထူးခြားတယ်...”
“မင်း ဒီကို ပထမဆုံး ရောက်လာတဲ့အချိန်ကနေ အခုအထိ တစ်နှစ်ကျော်ကျော်လေးပဲ ရှိသေးပေမဲ့ အမြင့်ဆုံးအဆင့် ဆေးလုံးကို ဖော်စပ်နိုင်နေပြီ...”
“တကယ်ပဲ... ငါ့ရဲ့ မျက်စိ မကန်းဘူးဆိုတာ သိနေခဲ့တယ်...”
“ဒီလိုဆိုမှတော့... အခု မင်း အမြင့်ဆုံးအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ပြီဆိုတော့ မင်းကို လူတစ်ယောက်နဲ့ တွေ့ပေးမယ်....”
“သူသာ သဘောတူမယ်ဆိုရင် မင်း ယွဲ့ပေါင်လောရဲ့ ‘ဧည့်အကြီးအကဲအဆင့်’ ‘ဧည့်ဆေးဖော်စပ်ဆရာ’ ဖြစ်လာနိုင်မယ်...”
“ပြီးတော့ အတွင်းပိုင်းကျင့်ကြံသူစျေးထဲကိုလည်း ပြောင်းရွှေ့နေထိုင်နိုင်မယ်.... အပြင်ပိုင်းကျင့်ကြံသူစျေးမှာလို နေ့တိုင်း စိုးရိမ်ပူပန်နေရတော့မှာ မဟုတ်တော့ဘူး...”
“ကျေးဇူးတင်ပါတယ် အကြီးအကဲယွီ...” လင်းကျင်းက ပြောလိုက်သည်။
“လာ... ငါ့နောက် လိုက်ခဲ့...”
ထို့နောက် အကြီးအကဲယွီက ရှေ့မှ ဦးဆောင်သွားပြီး လင်းကျင်းက နောက်မှ လိုက်သွားသည်။
ဤသို့ဖြင့် လင်းကျင်းလည်း အကြီးအကဲယွီနောက်လိုက်ကာ ယွဲ့ပေါင်လော၏ အမြင့်ဆုံးအထပ်သို့ ရောက်ရှိလာခဲ့သည်။
ဒီနေရာသည် ယွဲ့ပေါင်လော၏ အုပ်ချုပ်သူများ နေထိုင်ရာ နေရာဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် အစီအရင်တစ်ခုဖြင့် ဖုံးကွယ်ထားသောကြောင့် အတွင်းဘက်ကို လုံးဝ မမြင်နိုင်ပေ။
အကြီးအကဲယွီက လင်းကျင်းကို ခေါ်လာပြီး ဝင်ပေါက်ရှေ့တွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်သည်။
“အကြီးအကဲပိုင်...”
“အရင်တစ်ခေါက်က ကျုပ် ပြောခဲ့တဲ့ လူကို ခေါ်လာခဲ့ပြီ...”