အခန်း (၆၆) - ခုခံကာကွယ်ရေးအစီအရင်
ထိုအချိန်တွင် ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် ဓားပျံစီးကာ လင်းကျင်းတို့ရှိရာသို့ အရှိန်ပြင်းစွာ ပျံသန်းလာနေသည်။
ထို့အပြင် သူ့နောက်တွင် သားရဲအုပ်ကြီးတစ်အုပ်လည်း လိုက်ပါလာနေသည်။ ထိုအထဲတွင် ချီစုဆောင်းခြင်းအဆင့် သားရဲများသာမက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲများပင် ပါဝင်နေပြီး သူ့နောက်မှ မရပ်မနား လိုက်လံဖမ်းဆီးနေကြသည်။
အစက ထိုကျင့်ကြံသူသည် မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်ပြီး ရုန်းကန်ခြင်းကိုပင် စွန့်လွှတ်တော့မည် ဖြစ်သည်။
သို့သော် လင်းကျင်းတို့ ဖွင့်ထားသည့် ကာကွယ်ရေးအစီအရင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
မျှော်လင့်ချက်တစ်ခု ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန် အရှိန်မြှင့်ကာ လင်းကျင်းတို့ဘက်သို့ ပြေးဝင်လာသည်။
“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး အစီအရင်ဖွင့်ပေးပါ... ကျွန်တော့်ကို ဝင်ခွင့်ပေးပါ...”
ထိုချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူမှာ အလွန်အမင်း စိုးရိမ်နေသည်။
အဝေးကြီး ရှိနေသေးစဉ်ကပင် အသံကုန် ဟစ်အော်နေတော့သည်။ သူ၏ အော်သံကြောင့် ပတ်ဝန်းကျင်ရှိ လူများစွာလည်း သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။
သို့သော် သူ့နောက်တွင် လိုက်လာနေသော သားရဲအုပ်ကြီးကို မြင်လိုက်သည်နှင့် လူအများ၏ ဝိညာဉ်ပင် ခန္ဓာကိုယ်ထဲမှ လွင့်ထွက်တော့မတတ် ဖြစ်သွားကြသည်။
သူတို့သည် ချက်ချင်း နေရာအနှံ့သို့ ပြေးထွက်သွားကြပြီး ထိုနေရာနှင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြသည်။
အချို့ဆိုလျှင် ချက်ချင်း ဓားပျံစီးကာ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားကြသည်။
“မင်းဘာသာ သေချင်ရင် သေစမ်း... ငါတို့ကိုတော့ ဆွဲမချနဲ့... ထွက်သွားစမ်း...”
တစ်ယောက်က မထိန်းနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။
အစီအရင်အတွင်း ရှိနေသော လင်းကျင်းကတော့ အပြင်ဘက် မြင်ကွင်းကို ကြည့်နေရင်း မျက်နှာအမူအရာ မပြောင်းလဲပေ။
ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူသည် လင်းကျင်းက အစီအရင်ဖွင့်ပေးမည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ ပို၍ပင် စိုးရိမ်လာသည်။
“တာအိုရောင်းရင်း...အမြန် အစီအရင်ဖွင့်ပေးပါ...”
သို့သော် သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အရိပ်မည်းတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။
ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်း တောင့်တင်းသွားသည်။
ထို့နောက် ရှေ့သို့ အနည်းငယ် ဆက်ပျံသန်းသွားပြီးမှ ကောင်းကင်ပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
လူအများ ပြန်မော့ကြည့်လိုက်ကြသောအခါ ကောင်းကင်ထက်တွင် အနက်ရောင် စွန်ငှက်တစ်ကောင် ဝဲပျံနေသည်ကို တွေ့လိုက်ရသည်။ သိသာထင်ရှားစွာပင် ယခုပင် ထိုကျင့်ကြံသူကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အနက်ရောင် စွန်ငှက်ကို မြင်လိုက်သည်နှင့် ဓားပျံစီးကာ ထွက်ပြေးနေကြသူများအားလုံး ချက်ချင်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
မည်သူမျှ ကောင်းကင်တွင် ဆက်မနေရဲတော့ပေ။ အနက်ရောင် စွန်ငှက် ရှိနေသည့် အခြေအနေတွင် ဓားပျံစီးနေခြင်းသည် သေမင်းကို ကိုယ်တိုင် သွားရှာနေခြင်းနှင့် မထူးခြားနားပေ။
အနက်ရောင် စွန်ငှက်သည် ကောင်းကင်ထက်တွင် တစ်ပတ် ဝဲပျံလိုက်ပြီး လေထဲတွင် ကျန်နေသူ မရှိတော့သည်ကို တွေ့သောအခါ လင်းကျင်းတို့ ရှိနေသော ကာကွယ်ရေးအစီအရင်ဘက်သို့ အာရုံပြောင်းလိုက်သည်။
“ရှူးးးးးးး——”
စူးရှသော ငှက်အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုငှက်သည် အစီအရင်ဘက်သို့ တိုက်ရိုက် ထိုးဆင်းလာသည်။ အစီအရင်အတွင်းရှိ လူများ၏ နှလုံးသားများ တဒိန်းဒိန်း ခုန်လာကြတော့သည်။
လင်းကျင်းပင် ချွင်းချက် မဟုတ်ပေ။ အကြောင်းမှာ အနက်ရောင် စွန်ငှက်၏ နာမည်ကျော်ကြားမှုကို လူတိုင်း သိထားကြပြီး...
အချို့ကပင် ၎င်း၏ အရှိန်အပြင် တိုက်ခိုက်နိုင်စွမ်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည်ဟု ပြောဆိုထားကြသောကြောင့် ဖြစ်သည်။
သို့သော် သူတို့ ဆက်မတွေးနိုင်ခင်မှာပင် အနက်ရောင် စွန်ငှက်သည် အစီအရင်နှင့် တိုက်မိသွားသည်။
အလင်းအကာပေါ်တွင် လှိုင်းတွန့်များ ပေါ်လာပြီး အနည်းငယ် တုန်ခါသွားသော်လည်း လုံးဝ မပျက်စီးပေ။
ထိုအခါမှ လူအားလုံး သက်ပြင်းချနိုင်တော့သည်။
သိသိသာသာပင် တစ်ယောက်ယောက်က ချဲ့ကားပြောဆိုထားခြင်းသာ ဖြစ်ပေသည်။ အနက်ရောင် စွန်ငှက်၏ တိုက်ခိုက်နိုင်စွမ်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှင့် လုံးဝ မယှဉ်နိုင်ပေ။
ထို့နောက် တိုက်မိ၍ မူးဝေနေသော ခေါင်းကို ခါလိုက်ပြီး ကောင်းကင်ထက်သို့ ပြန်တက်သွားသည်။
ပြီးနောက်တစ်ဖန် ပြန်လည် ထိုးဆင်းလာသည်။ ယခုတစ်ကြိမ်လည်း အတူတူပင်။
အနက်ရောင် စွန်ငှက်သည် အစီအရင်၏ တန်ပြန်အားကြောင့် ပို၍ပင် ဝေးဝေးသို့ လွင့်ထွက်သွားရသည်။
ထိုအချိန်တွင် အခြားသော သားရဲများလည်း ရောက်ရှိလာကြပြီ ဖြစ်သည်။
အနက်ရောင် စွန်ငှက်က အစီအရင်ကို တိုက်ခိုက်နေသည်ကို မြင်သောအခါ သားရဲအုပ်ကြီးသည် တစ်ဟုန်ထိုး တိုးဝင်လာကြသည်။
သားရဲတိုင်းက အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားရင်း တိုက်ခိုက်လာကြသည်။ အစီအရင်အတွင်းရှိ လူများ၏ မျက်နှာများ အလွန် လေးနက်နေကြသည်။
လင်းကျင်းမှအပ ကျန်သူအားလုံး စိုးရိမ်ပူပန်နေကြသည်။
လော့လော့က နင်ယွဲ့ကို တင်းတင်းဖက်ထားရင်း တိုးတိုးလေး ပြောသည်။
“မေမေ... လော့လော့ ကြောက်တယ်...”
နင်ယွဲ့၏ မျက်နှာမှာ ဖြူဖျော့နေပြီး လော့လော့ကို ရင်ခွင်ထဲတွင် တင်းတင်းဖက်ထားရင်း နှစ်သိမ့်ပေးသည်။
“လော့လော့... မကြောက်နဲ့... မေမေ ရှိတယ်...”
ဝေကျန့်ချင်း၏ အမူအရာမှာ အလွန် လေးနက်နေပြီး လင်းကျင်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“ညီလေး လင်း... ဒီအစီအရင်က ဘယ်လောက်ကြာကြာ ခံနိုင်မလဲ…”
လင်းကျင်းက ခေါင်းခါလိုက်ပြီး ပြောသည်။
“သားရဲတွေ မတိုက်ခိုက်ဘူးဆိုရင်.. အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးတုံးနဲ့ နာရီဝက်လောက် ထိန်းထားနိုင်တယ်...”
“ဒါပေမဲ့ အခုလို သားရဲတွေ အများကြီး တိုက်ခိုက်နေတဲ့ အခြေအနေမှာတော့ ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်လည်း မသေချာဘူး...”
“ဒါပေမဲ့... ဒီသားရဲတွေရဲ့ တိုက်ခိုက်မှုက ရွှေအမြုတေအဆင့်ကို မကျော်လွန်သရွေ့... ပြီးတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက် ရှိနေသရွေ့တော့ ပြဿနာ မရှိနိုင်ဘူး...”
လင်းကျင်း ပြောပြီးသည်နှင့် ဝေကျန့်ချင်းက သိုလှောင်အိတ်ကို ထုတ်လိုက်သည်။
ထို့နောက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတစ်ပုံကို ထုတ်ယူကာ လင်းကျင်းထံ ကမ်းပေးလိုက်သည်။
လင်းကျင်း တစ်ချက်ကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံး အတုံးရေ ခြောက်ဆယ်မှ ခုနစ်ဆယ်ခန့် ရှိနေသည်။
“ညီလေး လင်း... ဒီဝိညာဉ်ကျောက်တုံးတွေ ယူထားလိုက်ပါ...”
ဝေကျန့်ချင်းက ပြောရင်း ဝိညာဉ်ကျောက်တုံးများကို လင်းကျင်း၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။
ထို့နောက် ဆက်ပြောသည်။
“ငါတို့ ဒီမှာ ထိုင်ပြီး သေဖို့ စောင့်နေလို့ မဖြစ်ဘူး... ညီလေး လင်းဆီမှာ အဲဒီ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး ရှိသေးလား...”
ဝေကျန့်ချင်းက မေးလိုက်သည်။
“ရှိသေးတယ်... အစ်ကိုဝေက မဟုတ်မှလွဲရော...”
လင်းကျင်းသည် ဝေကျန့်ချင်း၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားသည်။
ဝေကျန့်ချင်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်... ငါ အမြန်ဆုံး ပြန်ကောင်းလာဖို့ လိုတယ်... ဒါမှ ဒီသားရဲတွေကို ဆွဲခေါ်သွားနိုင်မယ်...”
ဝေကျန့်ချင်း၏ ယခင်ဒဏ်ရာများမှာ အလွန်ပြင်းထန်လွန်းခဲ့ကာ ယခုအချိန်ထိပင် အပြည့်အဝ ပြန်မကောင်းသေးပေ။
လက်ရှိ တိုက်ခိုက်နိုင်စွမ်းမှာလည်း အကောင်းဆုံးအခြေအနေရှိစဉ်က ထက်ဝက်တောင် မရောက်ရှိသေးပေ။
ယခုလို ရုတ်တရက် ဖြစ်ပွားလာသော အခြေအနေကို ရင်ဆိုင်ရသည့်အခါ သူ အမြန်ဆုံး ပြန်လည်ကောင်းမွန်ချင်လျှင် သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကိုသာ အသုံးပြုရတော့ပေမည်။
အခြားဆေးလုံးများက အမြင့်ဆုံးအဆင့် ဆေးလုံးများပင် ဖြစ်စေ သူ၏ တိုက်ခိုက်နိုင်စွမ်းကို အချိန်တိုအတွင်း ပြန်လည်ရရှိစေရန် မကူညီနိုင်ပေ။
ထို့ကြောင့် သူသည် လင်းကျင်းထံမှ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ငှားယူရန် ပြောခြင်း ဖြစ်သည်။
လင်းကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
“အစ်ကိုဝေ... အပြင်မှာ အနက်ရောင် စွန်ငှက် ရှိနေတယ်... အခု အပြင်ထွက်ဖို့ မသင့်တော်ဘူး ထင်တယ်...”
“ညီလေး လင်း... ထပ်မပြောနဲ့တော့...”
ဝေကျန့်ချင်းက တိုက်ရိုက် ဖြတ်ပြောလိုက်သည်။ ဝေကျန့်ချင်း၏ မျက်နှာအမူအရာမှာ အလွန်အလေးအနက်ထားနေပြီး ပြောလာသည်။
“ဒါကို မလုပ်လို့ မဖြစ်ဘူး... မဟုတ်ရင် သားရဲတွေ ပိုပို စုလာလေ... ငါတို့အတွက် ပိုပြီး အန္တရာယ်များလာလေပဲ...”
“စိတ်မပူနဲ့... ငါ လေထဲမှာ မရှိသရွေ့တော့... အနက်ရောင် စွန်ငှက်ရဲ့ ခြိမ်းခြောက်မှုက သိပ်မကြီးဘူး...”
“ပြီးတော့... လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ အရမ်းကောင်းတဲ့ ကာကွယ်ရေး မှော်ပစ္စည်းတစ်ခု ငါ ပြင်ဆင်ထားခဲ့တယ်... အဲဒီ အနက်ရောင် စွန်ငှက်ကို ငါ လုံးဝ မကြောက်ဘူး...”
ထိုသို့ ပြောပြီးနောက် ဝေကျန့်ချင်းက အဝတ်အစားကို ဖွင့်ပြလိုက်၏။ အတွင်းဘက်တွင် ရွှေချည်သံချပ်ကာတစ်ထည် ဝတ်ဆင်ထားသည်ကို လင်းကျင်း မြင်လိုက်ရသည်။
“ဒါကြောင့် စိတ်ချထားလိုက်...”
“ကောင်းပြီ...”
လင်းကျင်းက ပြောပြီးနောက် လက်ထဲတွင် ကျန်ရှိနေသေးသော သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ထုတ်ယူကာ ဝေကျန့်ချင်းထံ ပေးလိုက်တော့သည်။
ထို့နောက် ဝေကျန့်ချင်း ပေးခဲ့သော ဝိညာဉ်ကျောက်တုံးများကို ပြန်တွန်းပေးလိုက်သည်။
“အစ်ကိုဝေ... ဒီဆေးလုံးကို အစ်ကိုက ကျွန်တော်တို့အားလုံးအတွက် သုံးမှာပဲ... အဲဒီလို အခြေအနေမှာ အစ်ကို့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ဘယ်လိုလုပ် ယူနိုင်မှာလဲ...”
“ဒါပေမဲ့ အစီအရင်ကို ဆက်ထိန်းထားဖို့က…”
ဝေကျန့်ချင်း စကားမဆုံးသေးခင်...
လင်းကျင်းက ဖြတ်ပြောလိုက်သည်။
“အစ်ကိုဝေ စိတ်ချထားပါ...ကျွန်တော် ဝိညာဉ်ကျောက်တုံး မလိုပါဘူး... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တွေ လုံလောက်အောင် ရှိပါတယ်... အချိန်တော်တော်ကြာအောင် တောင့်ခံနိုင်တယ်...”
“ဒါဆိုလည်း ကောင်းပြီ...”
လင်းကျင်းက မယူချင်သည်ကို မြင်သဖြင့် ဝေကျန့်ချင်လည်း ထပ်မတိုက်တွန်းတော့ပေ။
ထို့အစား ဝိညာဉ်ကျောက်တုံးများကို ယန်ရှုံထံ ပေးလိုက်သည်။
“ညီလေး လင်းရဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ မလုံလောက်တော့ရင် ဒါတွေကို သူ့ကို ပေးလိုက်ပါ...”
ယန်ရှုံက ဝိညာဉ်ကျောက်များကို လက်ခံလိုက်ပြီး ပြန်ဖြေသည်။
“ကောင်းပြီ...”
“လောင်ဝေ စိတ်အေးအေးထားပြီး အနားယူလိုက်...ငါ့ဆီမှာလည်း နည်းနည်း ရှိသေးတယ်... အကုန်ပေါင်းလိုက်ရင် တော်တော်ကြာကြာ ခံနိုင်မှာ သေချာတယ်...”
ဝေကျန့်ချင်းက ခေါင်းညိတ်လိုက်ပြီး နင်ယွဲ့နှင့် ယန်ရှုံတို့ကို လှည့်ကြည့်ကာ မှာကြားသည်။
“ငါ အရင်ထိုင်ပြီး ဒဏ်ရာ ပြန်ကောင်းအောင် လုပ်လိုက်ဦးမယ်...တကယ်လို့ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု ဖြစ်လာရင် မတွန့်ဆုတ်နဲ့...ငါ့ကို ချက်ချင်း နှိုးလိုက်...”
ထို့နောက် ဝေကျန့်ချင်းက သန့်စင်ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ပြီး အတွင်းမှ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ထုတ်ယူပြီး တစ်ခါတည်း သောက်ချလိုက်ကာ ထိုင်လျက် ကျင့်ကြံ၍ ပြန်လည်ကုသမှု စတင်လိုက်သည်။
တစ်ဖက်တွင် ခုခံကာကွယ်ရေးအစီအရင်အပြင်ဘက်ရှိ သားရဲများမှာ အစီအရင် ပတ်လည်တွင် ဝိုင်းရံထားဆဲ ဖြစ်သည်။
၎င်းတို့သည် မရပ်မနား တိုက်ခိုက်နေကြပြီး အကာအကွယ်အစီအရင်ကို ဖျက်ဆီးနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
သို့သော် ထိုအစီအရင်မှာ မယုံနိုင်လောက်အောင် ခံနိုင်ရည် ကောင်းမွန်လှသည်။
သားရဲများ မည်သို့ပင် တိုက်ခိုက်စေကာမူ အလင်းကာပေါ်တွင် လှိုင်းဂယက်များသာ ပေါ်လာပြီး အားနည်းသွားသည့် လက္ခဏာ အနည်းငယ်မျှပင် မတွေ့ရပေ။
ထိုအခြေအနေကို မြင်ပြီးနောက် သားရဲများက ပို၍ပင် ဒေါသထွက်လာကြသည်။
ရူးသွပ်သွားသည့်အလား ၎င်းတို့၏ တိုက်ခိုက်မှုများကို ပိုမို ပြင်းထန်လာစေပြီး အစီအရင်ကို မရပ်မနား ဆက်လက် ထိုးနှက်တိုက်ခိုက်နေကြတော့သည်။