အခန်း (၆၅) - သားရဲလှိုင်း ရောက်ရှိလာခြင်း
“အကို လင်း၊ ကျေးဇူးပြုပြီး လက်ခံလိုက်ပါ... ပြီးတော့ ရှင့်ကို အကြွေး ပြန်ဆပ်နိုင်မယ့် တခြားနည်းလမ်းလည်း ကျွန်မမှာ မရှိတော့ဘူး...”
ဝေ့ကျန်းချင်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ညီလေး လင်း၊ လက်ခံလိုက်သင့်တယ်... နင်ယွဲ့က ဒီလိုပြောနေမှတော့ ပြဿနာ မရှိလောက်ဘူး...”
“ကောင်းပါပြီ...” လင်းကျင်းက ပြန်ဖြေလိုက်သည်။
နောက်နှစ်ရက်အတွင်း ဝေကျန့်ချင်းသည် သူ၏ အဆက်အသွယ်များကို အသုံးပြုကာ ကုန်သည်ယာဉ်တန်းတစ်ခုနှင့် ဆက်သွယ်ခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ထိုယာဉ်တန်းနှင့်အတူ ထွက်ခွာရန် စီစဉ်ထားကြသည်။
အကြောင်းမှာ အပြင်ဘက်တွင် သားရဲများကြောင့် အခြေအနေများ ရှုပ်ထွေးနေသဖြင့် သူတို့ဘာသာ ထွက်ခွာပါက လုံခြုံရေးအတွက် စိုးရိမ်နေကြသောကြောင့်ပင်။
အရာအားလုံး အဆင်သင့် ဖြစ်နေခဲ့သည်။
သို့သော် ထိုနေ့၌...
အပြင်ဘက် ကာကွယ်ရေးအစီအရင်တွင် တာဝန်ယူနေသူများထံမှ သတင်းတစ်ခု ရောက်လာသည်။
သားရဲလှိုင်းသည် ရုတ်တရက် တိုက်ခိုက်လာခဲ့ပြီး အရေးပေါ် အင်အားဖြည့်တင်းမှု လိုအပ်နေကြောင်း ဖြစ်သည်။
ထိုသတင်းကို ရရှိသည်နှင့် ကျင့်ကြံသူစျေးက ချက်ချင်းပင် လူအင်အားများကို အပြင်ဘက် ကာကွယ်ရေးအစီအရင်ဆီ ပို့ဆောင်လိုက်သည်။
သို့သော်...
တစ်ရက်သာ ကြာသေးသည်။ ကျင့်ကြံသူစျေးတစ်ခုလုံး ရုတ်တရက် ဖရိုဖရဲ ဖြစ်သွားပြီး သားရဲအုပ်စုကြီးတစ်စုက ကျင့်ကြံသူစျေး၏ အစွန်အဖျားသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
အပြင်ပိုင်းကျင့်ကြံသူစျေးတွင် နေထိုင်သူများသည် အတွင်းပိုင်းသို့ အဆက်မပြတ် ပြေးလွှားနေကြသည်။
တစ်ချိန်တည်းတွင် အော်ဟစ်သံများလည်း ဆက်တိုက် ထွက်ပေါ်နေသည်။
“မကောင်းတော့ဘူး...”
“ကာကွယ်ရေးအစီအရင် ကျိုးပျက်သွားပြီ...”
“သားရဲတွေ အကုန် ဝင်လာပြီ...”
“အားလုံး မြန်မြန် အတွင်းပိုင်းကျင့်ကြံသူစျေးထဲကို ဝင်ကြ... အဲဒီမှာ သားရဲတွေကို တားဆီးနိုင်တဲ့ အစီအရင် ရှိတယ်...”
လူအုပ်ကြီးသည် ဖရိုဖရဲ ဖြစ်နေကာ အတွင်းပိုင်းကျင့်ကြံသူစျေးဘက်သို့ အလုအယက် ပြေးသွားကြသည်။
ဆူညံသံများကို ကြားလိုက်ရသဖြင့် လင်းကျင်းလည်း အခြေအနေကို စစ်ဆေးရန် အပြင်သို့ ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် နင်ယွဲ့၊ ဝေကျန့်ချင်းနှင့် ယန်ရှုံတို့ သုံးယောက်လည်း ထွက်လာကြသည်။
ဝေကျန့်ချင်းက တဖြည်းဖြည်း ချဉ်းကပ်လာနေသော သားရဲအုပ်ကြီးကို ကြည့်ကာ မျက်မှောင်နက်နက်ကြုတ်လိုက်သည်။
လင်းကျင်းလည်း အလားတူပင် ဂရုတစိုက် ကြည့်ရှုနေသည်။ ဒီသားရဲလှိုင်းက အဲ့လောက် ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကာကွယ်ရေးအစီအရင်သည် တစ်ရက်အတွင်းပင် ကျိုးပျက်သွားခဲ့သည်။
သားရဲများ ပိုမိုများပြားလာသည်နှင့် ဝေကျန့်ချင်းက ချက်ချင်း ပြောလိုက်သည်။
“သားရဲတွေ အရမ်းများတယ်... သွားကြစို့... ငါတို့လည်း အတွင်းပိုင်းကျင့်ကြံသူစျေးကို သွားရမယ်...”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ယန်ရှုံက ရှေ့ဆုံးမှ ဦးဆောင်၍ ထွက်သွားပြီး ကျန်သူများက နောက်မှ လိုက်သွားကြသည်။
နင်ယွဲ့ကတော့ ကြောက်လန့်မှုကြောင့် မျက်နှာဖြူဖပ်နေသော လော့လော့ကို ပွေ့ချီထားသည်။
သို့သော်... သူတို့ အတွင်းပိုင်းကျင့်ကြံသူစျေးဘက်သို့ သွားရန် ပြင်ဆင်နေစဉ်မှာပင်...
ကြီးမားသော အလင်းရောင်အကာတစ်ခု ရုတ်တရက် မြင့်တက်လာခဲ့သည်။ အတွင်းပိုင်းကျင့်ကြံသူစျေး၏ အစီအရင်ကို အသက်သွင်းလိုက်ခြင်းပင် ဖြစ်သည်။
ထိုအစီအရင်သည် အပြင်ပိုင်းကျင့်ကြံသူစျေးမှ လူများအား အပြင်ဘက်တွင် တိုက်ရိုက် ပိတ်ဆို့ထားလိုက်သည်။
“မြန်မြန် အစီအရင်ကို ဖွင့်ပေးပါ...”
“ကျွန်တော်တို့ကို ဝင်ခွင့်ပေးပါ...”
“သားရဲတွေ ရောက်လာတော့မယ်...”
“အစီအရင် ဖွင့်ပေးပါ...”
“ကျွန်တော်တို့ကို ဝင်ခွင့်ပေးပါ...”
“မြန်မြန်...!!!”
သားရဲများသည် လူအုပ်ဆီသို့ ပို၍ နီးကပ်လာသည်နှင့်အမျှ လူများ အထိတ်တလန့် ဖြစ်လာကြသည်။
“မြန်မြန် ဖွင့်ပါ...”
“ကျွန်တော်တို့အားလုံးကို သေစေချင်နေတာလား...”
“တောင်းပန်ပါတယ်...”
“အစီအရင်ကို မြန်မြန် ဖွင့်ပေးပါ...”
သို့သော်... သူတို့ မည်မျှ တောင်းပန်နေပါစေ အချည်းနှီးသာ ဖြစ်နေခဲ့သည်။
သားရဲအုပ်ကြီးသည် သူတို့ထံသို့ အရှိန်ပြင်းစွာ ပြေးဝင်လာကာ တဖြည်းဖြည်း ပို၍ နီးကပ်လာသည်နှင့်အမျှ လူအချို့သည် ဆက်လက် သည်းမခံနိုင်တော့ပေ။
“အတွင်းပိုင်းကျင့်ကြံသူစျေးက လူတွေက ငါတို့ကို သတ်ချင်နေတာပဲ...”
“အားလုံး မြန်မြန် အစီအရင်ကို တိုက်ခိုက်ကြ... အပေါက်တစ်ပေါက် ဖောက်ပြီး ဝင်ကြမယ်...”
သို့သော်... သူ့စကားကို နားထောင်သူ အလွန်နည်းပါးပေသည်။
လူအများစုက ဒီအစီအရင်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်ကြောင်း သိထားကြသည်။
သူတို့လိုလူများက အပေါက်တစ်ပေါက် ဖောက်ထွင်းနိုင်မည်ဟု မျှော်လင့်ခြင်းသည် အိပ်မက်မက်နေခြင်းသာ ဖြစ်သည်။
လူများသည် အထိတ်တလန့် ဖြစ်ကာ နေရာအနှံ့သို့ ပြေးလွှားကြသည်။ သားရဲများထံမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
သားရဲများ၏ အရှိန်က အလွန်မြန်လွန်းလှသည်။ အထူးသဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲအချို့က ရှေ့ဆုံးမှ ဦးဆောင်ကာ ပြေးဝင်လာနေကြသည်။
ပြေးနှုန်း နှေးကွေးသည့် ကျင့်ကြံသူများက သားရဲတစ်ကောင်၏ လက်ဝါးချက်တစ်ချက်တည်းဖြင့် သွေးအနှစ်များ ဖြစ်သွားကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျင့်ကြံသူအများအပြားက ချက်ချင်း ဓားပျံစီးကာ ကောင်းကင်ပေါ်သို့ တက်သွားကြသည်။
အတွင်းပိုင်းကျင့်ကြံသူစျေးကို ကျော်ဖြတ်ပြီး အခြားနေရာသို့ ထွက်ပြေးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
ချီစုဆောင်းခြင်း အလယ်အလတ်အဆင့်သို့ မရောက်သေးသော ကျင့်ကြံသူများအတွက်တော့ အခြေအနေက ပို၍ ဆိုးရွားသည်။
ဓားပျံ မစီးနိုင်သဖြင့် သူတို့သည် မိမိတို့တွင် ခြေနှစ်ချောင်း ထပ်ပေါက်လာစေချင်လောက်အောင် ဒီနေရာမှ အမြန်ဆုံး ထွက်ပြေးချင်နေကြသည်။
သို့သော် သားရဲများထက် ပိုမြန်အောင် မပြေးနိုင်တော့ကြောင်း သိသည့် ကျင့်ကြံသူအချို့လည်း ရှိသည်။ ထိုသူများက ချက်ချင်း ပုန်းခိုနိုင်မည့် နေရာများကို ရှာဖွေကြသည်။
ဉာဏ်ကောင်းသူအချို့ကတော့ ကိုယ်ဖျောက်အဆောင်များကို အသုံးပြုကြသည်။ အဆောင်ကို ကိုယ်ပေါ်တွင် ကပ်ထားရုံသာမက မိမိ၏ အငွေ့အသက်ကိုပါ ဖုံးကွယ်ထားကြသည်။
ထိုသို့သော လူအချို့ကတော့ အသက်ရှင် လွတ်မြောက်နိုင်ခဲ့ကြသည်။ သို့သော် ပိုမိုများပြားသော လူများကတော့ ကံမကောင်းခဲ့ကြပေ။
သားရဲများ၏ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရပြီး အဲ့နေရာတွင်ပင် သားရဲများ၏ အစာ ဖြစ်သွားကြသည်။
ကောင်းကင်သို့ ဓားပျံစီးကာ ထွက်ပြေးသည့် ကျင့်ကြံသူများ၏ အခြေအနေကလည်း ပိုကောင်းသည်တော့ မဟုတ်ပေ။
သားရဲများထဲတွင် ပျံသန်းနိုင်သည့် အမျိုးအစားများလည်း ရှိသည်။ အချို့ဆိုလျှင် သားရဲငှက်များ ဖြစ်ကြပြီး လေထဲတွင် သူတို့၏ အရှိန်က မြေပြင်ပေါ်မှ သားရဲများထက် အဆများစွာ ပိုမြန်လေသည်။
ကောင်းကင်ထက်တွင် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဓားပျံစီးကာ အရှိန်ပြင်းစွာ ထွက်ပြေးနေသည်။
သို့သော် ရုတ်တရက် အနက်ရောင်အလင်းတန်းတခုက သူ့ကို ချောင်းမြောင်းတိုက်ခိုက်လိုက်၏။
သူ ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ရခင် သတိလစ်သွားတော့သည်။ ထို့နောက် ကောင်းကင်ပေါ်မှ တိုက်ရိုက် ပြုတ်ကျလာသည်။
“ဘုန်း…” မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
သူ၏ ပျက်စီးနေသော ရုပ်အလောင်းကို ကြည့်လိုက်လျှင် ရင်ဘတ်နေရာတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်နေသည်ကို တွေ့ရပြီး နှလုံးသည်လည်း အတင်းနှိုက်ထုတ်ခံထားရပြီး ဖြစ်သည်။
အနီးအနားရှိ လူအချို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကြောက်လန့်ပြီး ချွေးစေးများ ပြန်လာကြသည်။ ထို့ဖြင့် သူတို့ အလျင်အမြန် လှည့်ကြည့်လိုက်ကြသည်။
ထိုအခါ အနက်ရောင်အလင်းတန်းသည် လေထဲတွင် လှည့်ပတ်ပျံသန်းနေသည်ကို မြင်လိုက်ရသည်။ ၎င်း၏ မျက်လုံးများမှာ စူးရှထက်မြက်နေပြီး ထိုလူအနည်းငယ်ကို အနီးကပ် စောင့်ကြည့်နေလေသည်။
၎င်းငှက်သားရဲမှာ အနက်ရောင် စွန်ငှက် တစ်ကောင် ဖြစ်နေသည်။
အနက်ရောင် စွန်ငှက်သည် သာမန်သားရဲ မဟုတ်ပေ။ ၎င်းသည် ကောင်းကင်၏ အုပ်စိုးရှင်ဟုပင် ဆိုနိုင်သည်။
ကိုယ်အရွယ်အစားမှာ မကြီးလှပေ။ ခိုငှက်တစ်ကောင်ခန့်သာ ရှိသည်။ သို့သော် ၎င်း၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်သည်။
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲတစ်ကောင် ဖြစ်သည့်အပြင် ၎င်း၏ ပျံသန်းနှုန်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် ယှဉ်နိုင်လောက်၏။
ထို့အပြင် ၎င်း၏ နှုတ်သီးမှာ အလွန်မာကျောပြီး ထက်ရှလှသဖြင့် တိုက်ခိုက်ရေး မှော်အဖိုးတန်ပစ္စည်းများ ပြုလုပ်ရာတွင် အကောင်းဆုံး ကုန်ကြမ်းတစ်မျိုးလည်း ဖြစ်သည်။ သာမန် ကာကွယ်ရေး မှော်အဖိုးတန်ပစ္စည်းများက ၎င်း၏ ထိုးဖောက်မှုကို လုံးဝ မခံနိုင်ပေ။
အနက်ရောင် စွန်ငှက်ကို မြင်လိုက်သောအခါ ထိုလူအနည်းငယ်သည် အလျင်အမြန် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး ကောင်းကင်တွင် ဆက်မနေရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် အနက်ရောင် စွန်ငှက်များသည် ပုံမှန်အားဖြင့် မြေပြင်ပေါ်ရှိ သားကောင်များကို မတိုက်ခိုက်ကြပေ။
သို့သော် ကောင်းကင်ထဲတွင်သာဆိုလျှင် ၎င်းတို့၏ လိုက်လံသတ်ဖြတ်မှုမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုအချိန်တွင် လင်းကျင်းနှင့် အခြားသူများသည်လည်း သားရဲများ၏ သတ်ဖြတ်မှုမြင်ကွင်းကို မြင်တွေ့နေရပြီး မျက်နှာများ မကောင်းတော့ပေ။
“အတွင်းပိုင်း ကျင့်ကြံသူစျေးထဲ ဝင်မရတော့ဘူးဆိုရင် အခြားတစ်နေရာကနေ ဖောက်ထွက်သွားကြတာ ပိုမကောင်းဘူးလား...” ယန်ရှုံက အကြံပေးလိုက်သည်။
“မဖြစ်နိုင်ဘူး.. သားရဲတွေ အရမ်းများလွန်းတယ်.. ဖောက်ထွက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး...”
နင်ယွဲ့က ရှုပ်ထွေးပွေလီနေသော လူအုပ်ကြီးနှင့် ရမ်းကားနေသော သားရဲများကို ကြည့်ရင်း မျက်ခုံးများ တင်းတင်းကြုတ်သွားခဲ့သည်။
“ဒါဆို ဘာလုပ်ကြမလဲ...အမြန် စဉ်းစားကြဦး...သားရဲတွေက ဒီဘက်ကို ရောက်လာနေပြီ...”
ယန်ရှုံလည်း စတင်၍ စိုးရိမ်လာပြီ ဖြစ်သည်။
ထိုအချိန်တွင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲအချို့က ရှေ့ဆုံးမှ ဦးဆောင်ကာ သူတို့ရှိရာသို့ ပြေးဝင်လာနေကြသည်။
“အစ်ကိုဝေ...အစ်ကိုယန်...တာအိုရောင်းရင်း နင်...”
“အားလုံး ကျွန်တော့်ဆီ မြန်မြန်လာကြ...ကျွန်တော့်မှာ နည်းလမ်းရှိတယ်...”
သုံးယောက်သား လှည့်ကြည့်လိုက်ကြသည်။
လင်းကျင်း၏ တည်ငြိမ်ပြီး ယုံကြည်ချက်အပြည့်ရှိသော မျက်လုံးများကို မြင်လိုက်ရသဖြင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်း သူ့အနားသို့ သွားလိုက်ကြသည်။
လင်းကျင်းလည်း သိုလှောင်အိတ်ထဲမှ အစီအရင်ပြားတစ်ခုကို ထုတ်လိုက်သည်။
ထို့နောက် အစီအရင်ပြားပေါ်ရှိ အပေါက်ငယ်များအတွင်း ဝိညာဉ်ကျောက်တုံး ငါးတုံးကို ထည့်သွင်းလိုက်သည်။
ချက်ချင်းပင် အလင်းအကာတစ်ခု မြင့်တက်လာပြီး လူအားလုံးကို ဖုံးအုပ်လိုက်တော့သည်။
ထို့နောက် အလင်းအကာသည် ဖြည်းဖြည်းချင်း ကျယ်ပြန့်လာကာ လင်းကျင်း၏ ခြံဝင်းတစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားမှ ရပ်တန့်သွားတော့သည်။
“ခုခံကာကွယ်ရေး အစီအရင်ပြား...” ယန်ရှုံက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ညီလေး လင်း... ဒီလို အဖိုးတန်ပစ္စည်းမျိုးကို ဘယ်တုန်းက ရထားတာလဲ...”
“တစ်ယောက်ယောက်က ငှားပေးထားတာ...အခုလို အချိန်မှာ အသုံးဝင်လာမယ်လို့တော့ မထင်ထားဘူး...”
လင်းကျင်းက ပြောလိုက်သည်။
ထိုခုခံကာကွယ်ရေး အစီအရင်ပြားမှာ ယခင် သားရဲလှိုင်းကိစ္စကြောင့် အကြီးအကဲ ယွီက လင်းကျင်းအား ငှားပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က သားရဲလှိုင်း မစတင်ရသေးခင်မှာပင် ညမြူတောင်တန်းအတွင်း ဝင်ရောက်သွားသည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများက အရာအားလုံးကို ဖြေရှင်းပစ်ခဲ့ကြသည်။
ထို့ကြောင့် လင်းကျင်းက ထိုအစီအရင်ပြားကို အကြီးအကဲယွီထံ ပြန်အပ်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် မကြာသေးခင်က အလုပ်များလွန်းနေသဖြင့် သွားမပေးဖြစ်ခဲ့ပေ။
ယခု အရေးကြီးဆုံး အချိန်တွင်မူ မထင်မှတ်ဘဲ အသုံးဝင်လာခဲ့သည်။
ကံကောင်းစွာဖြင့်… သူ ပြန်မအပ်ရသေးပေ။ မဟုတ်လျှင် ယနေ့တွင် သူတို့အားလုံး အန္တရာယ်ကြုံရပေလိမ့်မည်။
“ဒီအစီအရင်ပြားရဲ့ ကာကွယ်နိုင်စွမ်းက ဘယ်လောက်ရှိလဲ...”
ဝေကျန့်ချင်းက စိုးရိမ်နေဆဲ ဖြစ်သည်။
အပြင်ဘက်တွင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် သားရဲများစွာ ရှိနေသည်။ ကာကွယ်နိုင်စွမ်း မလုံလောက်ပါက သူတို့အားလုံး သားရဲများ၏ အစာ ဖြစ်သွားနိုင်သည်။
“စိတ်မပူပါနဲ့ အစ်ကိုဝေ...”
“ဒီအစီအရင်ပြားထဲက အစီအရင်ရဲ့ ခုခံကာကွယ်နိုင်စွမ်းက အရမ်း အားကောင်းတယ်... ရွှေအမြုတေအဆင့်ထက် ကျော်လွန်တဲ့ တိုက်ခိုက်မှုမျိုး မဟုတ်သရွေ့တော့ ခံနိုင်တယ်...”
ထိုစကားကို ကြားပြီးနောက် ဝေကျန့်ချင်းလည်း သက်ပြင်းချကာအနည်းငယ် စိတ်အေးသွားတော့သည်။