အခန်း (၆၃) - နင်ယွဲ့ ထွက်ခွာလိုခြင်း
“အစ်ကိုဝေ နေထိုင်ပုံက သက်တောင့်သက်သာရှိနေတာပဲ...” လင်းကျင်းက လျှောက်လာရင်း စနောက်သလို ပြောလိုက်သည်။
အိမ်ဝင်းထဲရှိ သစ်ပင်ရိပ်အောက်တွင် ဝေကျန့်ချင်းက ကျောက်စားပွဲဘေး၌ ထိုင်နေသည်ကို သူ မြင်လိုက်ရသည်။ စားပွဲပေါ်တွင် လက်ဖက်ရည်ပွဲအစုံ တစ်စုံရှိနေပြီး ခွက်တစ်ခွက်သာ လိုနေပေသည်။
ထိုအချိန်တွင် ဝေကျန့်ချင်း၏ လက်ဘေးရှိ လက်ဖက်ရည်ခွက်တစ်ခွက်မှာ လက်ဖက်ရည်အပြည့် ရှိနေသည်။
လေပြည်တိုက်ခတ်လာသည်နှင့် လက်ဖက်ရည်မျက်နှာပြင်ပေါ်တွင် လှိုင်းလေးများ ထလာပြီး လက်ဖက်ခြောက်အရွက်အချို့ကလည်း လှိုင်းများနှင့်အတူ ကခုန်နေသကဲ့သို့ ဖြစ်နေသည်။
ဤကဲ့သို့သော မြင်ကွင်းဘေးတွင် အေးအေးဆေးဆေး ထိုင်နေသော ဝေကျန့်ချင်းနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
ဝေကျန့်ချင်းက ရယ်လိုက်ပြီး ပြောသည်။
“ညီလေး လင်းက နောက်ပြန်နေပြန်ပြီ...ငါက အခု ဒဏ်ရာရနေတော့ ဒီလိုလေး အေးအေး ဆေးဆေး နေကြည့်နေတာ...”
“လာ.. ညီလေး လင်း၊ ထိုင်ပါဦး...”
ဝေကျန့်ချင်းက လက်ဖြင့် အချက်ပြလိုက်သည်။
လင်းကျင်းက လျှောက်သွားပြီး ကျောက်စားပွဲ၏ တစ်ဖက်တွင် ထိုင်လိုက်သည်။
ထိုအချိန်မှာပင် လော့လော့က တဒုတ်ဒုတ် ပြေးလာပြီး ကျောက်ခုံပေါ်သို့ ခုန်တက်ကာ လူနှစ်ယောက်ကြား အလယ်တည့်တည့်တွင် ဝင်ထိုင်လိုက်သည်။
လော့လော့က သေးငယ်လွန်းသောကြောင့် ကျောက်ခုံပေါ် ထိုင်နေသည့်တိုင် သူမ၏ ခြေထောက်များက မြေပြင်ကို မထိနိုင်ပေ။ ထို့ကြောင့် လေထဲတွင် ရှေ့တိုးနောက်ဆုတ် ယမ်းခါနေကြသည်။
ဝေကျန့်ချင်းက လက်ဖက်ရည်အိုးကို ယူလိုက်ပြီး လင်းကျင်းအတွက် ခွက်တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ဦးလေး ဝေ၊ သမီးလည်း သောက်မယ်...”
လော့လော့က လက်ဖက်ရည်ခွက်ကို မြှောက်ပြရင်း ပြောလိုက်သည်။
“ကောင်းပြီ... သတိထားနော် လော့လော့၊ ပူနေတယ်...”
ဝေကျန့်ချင်းက သတိပေးရင်း လော့လော့၏ ခွက်ကိုလည်း အပြည့်ငှဲ့ပေးလိုက်သည်။
လင်းကျင်းက ဝေကျန့်ချင်းကို လှမ်းကြည့်လိုက်သည်။
ယခု ဝေကျန့်ချင်းသည် အရင်ကနှင့် မတူတော့သလို ခံစားရသည်။ အရင်က အမြဲတမ်း တည်ကြည်ပြီး ပြုံးရယ်ခဲသောသူသည် ယခုတော့ ပိုမို ပေါ့ပါး၍ အေးဆေးလာပုံရသည်။
မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အရာအချို့က သူ့ကို ပြောင်းလဲသွားစေခဲ့ပုံရသည်။ ထို့နောက် လူနှစ်ယောက်သည် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။
မကြာမီ
“ဒုန်း... ဒုန်း... ဒုန်း...” တံခါးခေါက်သံများ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားသည်နှင့် လော့လော့က ကျောက်ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။
“ဦးလေး ယန်၊ ဆက်မခေါက်နဲ့တော့... ဒီလိုသာ ခေါက်နေမယ်ဆို တံခါးကြီး ကျိုးသွားတော့မယ်...”
လော့လော့က ပြေးသွားပြီး တံခါးဖွင့်လိုက်သည်။
တံခါးအပြင်ဘက်တွင် ယန်ရှုံက ရပ်နေသည်။ သူက လော့လော့ကို ပြုံးပြရင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့ လော့လော့...”
“ဦးလေးယန်က ကိုယ့်အားကိုယ် သိပါတယ်... တံခါးကို မဖျက်စီးမိပါဘူး...”
လော့လော့ကတော့ သူ့ကို ဂရုမစိုက်ပေ။ မျက်လုံးလှန်ပြလိုက်ပြီး ပြန်ပြေးသွားတော့သည်။
ယန်ရှုံက လက်တစ်ဖက်တွင် အရက်အိုးနှစ်အိုးကို ကိုင်ထားရင်း အိမ်ဝင်းထဲသို့ ဝင်လာသည်။
ထိုင်နေကြသော လူနှစ်ယောက်ကို မြင်သည်နှင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“ဟာ... မဆိုးဘူးနော်... မင်းတို့နှစ်ယောက်က တကယ်ပဲ ဘဝကို ခံစားတတ်ကြတာပဲ... ပြီးတော့ ကလေးမလေးကိုတောင် တံခါးဖွင့်ခိုင်းထားသေးတယ်...” ပြောပြီးနောက် သူက လျှောက်လာကာ အရက်အိုးနှစ်အိုးကို ဘေးတွင် ချထားလိုက်သည်။
ထို့နောက် ကျောက်ခုံပေါ်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်အိုးကို ကောက်ယူပြီး ခွက်တစ်ခွက် ငှဲ့ကာ တစ်ငုံတည်း မော့သောက်လိုက်သည်။
သောက်ပြီးနောက် နှုတ်ခမ်းကို သပ်လိုက်ရင်း မဝသေးသလို ပုံစံဖြင့် ပြောလိုက်သည်။
“ဟင်း… ဒီလို ဘဝမျိုးက ငါ လောင်ယန်နဲ့တော့ မကိုက်ဘူး... ငါကတော့ အရက်ကို အားရပါးရ သောက်ပြီး အသားတုံးကြီးတွေ ကိုက်စားရတာကို ပိုသဘောကျတယ်...”
ထိုသို့ ပြောပြီးနောက် ယန်ရှုံက လင်းကျင်းကို ပြုံးဖြီးဖြီးဖြင့် ကြည့်လိုက်သည်။
လင်းကျင်းက မကောင်းသည့် အကြိုခံစားချက်တစ်ခု ရလိုက်သဖြင့် အမြန် ပြောလိုက်သည်။
“လောင်ယန်၊ ပြောစရာရှိရင် တိုက်ရိုက်ပြောပါ... အဲဒီလို ကြည့်နေတာက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေတယ်...”
“လော့လော့ကလေးမလေးဆီကနေ ကြားထားတာ ကြာပြီ... ညီလေး လင်းရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတယ်ဆို...”
ဝေကျန့်ချင်း - “လောင်ယန်ကလည်း မြည်းစမ်းချင်နေတာ ကြာပြီ... ညီလေး လင်း၊ ဘယ်လို သဘောရလဲ...”
“ဒီလိုဆို ကောင်းပြီလေ...” လင်းကျင်းက စကားစလိုက်သည်။
“ဟဲဟဲ၊ ဒါဆို ကောင်းတာပေါ့...”
ထိုသို့ ပြောရင်း ယန်ရှုံက သိုလှောင်အိတ်ထဲမှ ပြင်ဆင်ပြီးသား ဝိညာဉ်သိုးတစ်ကောင်ကို ထုတ်ယူလိုက်သည်။
လင်းကျင်း ခန့်မှန်းကြည့်ရာ ထိုဝိညာဉ်သိုးသည် အသက်ရှင်စဉ်က အနည်းဆုံး ပိဿာတစ်ရာကျော်ခန့် ရှိခဲ့မည် ဖြစ်သည်။
ပိဿာတစ်ရာကျော်ရှိသော သိုးတစ်ကောင်ဆိုသည်မှာ အလေးချိန် သိပ်မများလှဟု ထင်ရနိုင်သော်လည်း ဒီမှာ စားမယ့်လူက လူနည်းနည်းလေးပဲ ရှိတာ မဟုတ်ပေလော။
“ကျုပ်ကတော့ ထူးထူးခြားခြား တစ်ခုခု စားချင်တယ်... တစ်ခါမှ မစားဖူးတဲ့ အရသာမျိုးပေါ့... ညီလေး လင်း၊ လုပ်ပေးနိုင်မလား...”
“ညီလေး လင်း မသိလောက်ဘူး... လောင်ယန်က စားကောင်းသောက်ဖွယ်တွေကို တကယ် နားလည်တဲ့ ဝေဖန်အကဲဖြတ်သူ တယောက်ဘဲ,…”
ဘေးတွင် ထိုင်နေသော ဝေကျန့်ချင်းက နဖူးကို ဖိကိုင်လိုက်ပြီး သူ ကြည့်ရတာတောင် ရှက်လာပြီ ဖြစ်သည်။
လင်းကျင်းလည်း စကားမဲ့သွားသည်။
“ခင်ဗျား... ခင်ဗျား... ဒီကိစ္စကို ကြိုစီစဉ်ထားတာ မဟုတ်ဘူးလား...”
ယန်ရှုံက ရယ်လိုက်ပြီး ပြောသည်။
“ဟုတ်တာပေါ့... ငါက စားချင်နေတာ ကြာပြီ... ဒါပေမဲ့ ငါကိုယ်တိုင််လည်း ဟင်းမချက်တတ်ဘူး... ပြီးတော့ လောင်ဝေကိုလည်း မျှော်လင့်လို့ မရဘူး...”
ထို့နောက် ဝေကျန့်ချင်းကို လက်ညှိုးထိုးရင်း ခေါင်းခါလိုက်သည်။
“သူ့ကို ကြည့်စမ်း... အခုဆို ဒီဝိညာဉ်သိုးကိုတောင် မမနိုင်တော့လောက်ဘူး...”
ဝေကျန့်ချင်းခမျာ ဘာပြောရမှန်း မသိတော့ပေ။ သူက ထိုင်နေယုံတောင် အပြစ်မဲ့စွာ ပစ်မှတ်ဖြစ်သွားပြန်သည်။
သို့သော် ထိုကဲ့သို့ အခြေအနေများကို အကျင့်ရနေပြီ ဖြစ်သဖြင့် ဘာမှ မပြောတော့ပေ။ ထိုအစား လင်းကျင်းကိုသာ စိတ်ဝင်တစား ကြည့်နေသည်။
လင်းကျင်းက ဒီဝိညာဉ်သိုးကို မည်သို့ ကိုင်တွယ်မည်ကို သိချင်နေသည်။
“ဦးလေး လင်း၊ သမီးလည်း စားမယ်...”
လော့လော့က သူမထက် အများကြီးကြီးသော ဝိညာဉ်သိုးကို ကြည့်ရင်း နှုတ်ခမ်းသပ်လိုက်သည်။
“တွေ့လား... လော့လော့တောင် ပြောပြီးပြီ...” ယန်ရှုံက အားပါးတရ ရယ်မောလိုက်သည်။
ဖြူဖွေးသော သွားတန်းကြီး နှစ်တန်းလုံး ပေါ်လာသည်။
“ကောင်းပြီလေ... ဒီနေ့တော့ အပြင်က ကြွပ်ရွပြီး အတွင်းက နူးညံ့တဲ့ ဝိညာဉ်သိုးကင်တစ်ကောင် လုပ်ပေးမယ်...”
“လောင်ယန်၊ ကျွန်တော့်ကို နည်းနည်း ကူညီပေးဦး...” လင်းကျင်းက ပြောလိုက်သည်။
“လိုတာရှိရင်သာ ပြော...ငါ ချက်ချင်း လုပ်ပေးမယ်...”
ယန်ရှုံက အလွန်စိတ်လှုပ်ရှားနေသည့် ပုံစံဖြင့် ပြောသည်။
“အရင်ဆုံး မီးဖိုကြီးတစ်ခု လိုတယ်... ပြီးတော့ သံချောင်းအတန်းတစ်ခုလည်း လိုသေးတယ်...”
လင်းကျင်းသည် ဤမျှများစွာပါဝင်သော အဆာပလာများဖြင့် အရင်က တစ်ခါမျှ မချက်ဖူးပေ။
သို့သော် ယခင်ဘဝတွင် အခြားသူများ လုပ်နေသည်ကို အင်တာနက်ပေါ်တွင် မြင်ဖူးခဲ့သည်။
တကယ်တမ်းတော့ မခက်ခဲလှပေ။ အနည်းငယ် ခက်ခဲနိုင်သည်မှာ မီးအပူချိန်ကို ထိန်းချုပ်ရခြင်းသာ ဖြစ်သည်။
ဒါပေမဲ့ သူက ဘယ်သူလဲ။ သူက ဆေးဖော်စပ်ပညာရှင် တစ်ယောက်လေ.... မီးအပူချိန် ထိန်းချုပ်ရတာကတော့ သူ့အတွက် ထမင်းစားရေသောက်ကိစ္စပဲ ဖြစ်လေသည်။
နင်ယွဲ့ ပြန်ရောက်လာချိန်တွင် လင်းကျင်းနှင့် ယန်ရှုံတို့က ယန်ရှုံ မန္တန်ဖြင့် ဖန်တီးထားသော မီးဖိုကြီးဘေးတွင် အလုပ်ရှုပ်နေကြသည်။
လော့လော့ကလည်း ဘေးတွင် ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်ပေးရင်း ကူညီနေသည်။
ဒီလောက် ကြီးမားတဲ့ဝိညာဉ်သိုးကြီးကို မြင်လိုက်ရသည့် နင်ယွဲ့မှာ အံ့အားသင့်သွားသည်။
လူနည်းနည်းလေး စုစားကြမည့် ညစာတစ်နပ်အတွက် ဒီလောက်ကြီးကြီးမားမား ပြင်ဆင်ဖို့ လိုအပ်သေးသလား။
“သူတို့ ဘာလုပ်နေကြတာလဲ...”
နင်ယွဲ့က ဝေကျန့်ချင်း အနားသို့ လျှောက်လာရင်း မေးလိုက်သည်။
ဝေကျန့်ချင်းက လက်နှစ်ဖက် ဖြန့်လိုက်ပြီး ပြန်ဖြေသည်။
“မြင်တဲ့အတိုင်းပဲ... နှစ်ယောက်က စားချင်တယ်... တစ်ယောက်ကတော့ ချက်ရဲတယ်...”
ဝိညာဉ်သိုးကင် အဆင်သင့်ဖြစ်ချိန်တွင် ညမှောင်စ ပြုနေပြီ ဖြစ်သည်။
နင်ယွဲ့ကလည်း စောစောက ဟင်းပွဲအချို့ ပြင်ဆင်ထားခဲ့သေးသည်။
လှီးဖြတ်ထားသော ဝိညာဉ်သိုးသားများကို စားပွဲပေါ် တင်လိုက်သည်နှင့် စောစောကတည်းက သွားရည်ကျနေသော ယန်ရှုံနှင့် လော့လော့တို့က တစ်ယောက်တစ်တုံးစီ အကြီးကြီး ယူလိုက်ကြသည်။
ယန်ရှုံကတော့ တိုက်ရိုက် ကိုက်ချလိုက်ပြီး အသားတုံးကြီး တစ်တုံးကို ဆွဲဖြုတ်စားလိုက်သည်။
“စားကောင်းလိုက်တာ... တကယ်ကို စားကောင်းတာပဲ... အဲဒီစကားက ဘယ်လိုပြောတာပါလိမ့်...”
“ဘယ်လို ဖော်ပြရမလဲ...”
“ဟုတ်ပြီ... အပြင်က ကြွပ်ရွ… အတွင်းက နူးညံ့...”
“လာ…. အားလုံး လာမြည်းကြည့်ဦး...”
ထိုသို့ ပြောရင်း သူက ဆက်လက် အားရပါးရ စားနေတော့သည်။
လော့လော့ကတော့ စကားပြောဖို့တောင် အချိန်မရှိပေ။
အသားတုံးကြီးကို ဖက်ထားပြီး တဖြည်းဖြည်း ကိုက်စားနေသည်။
လင်းကျင်းက ပြောလိုက်သည်။
“အစ်ကိုဝေ၊ တာအိုရောင်းရင်း နင်၊ ခင်ဗျားတို့လည်း မြည်းကြည့်ပါဦး...”
“ကောင်းပြီ...”
နှစ်ယောက်စလုံး ပြန်ဖြေလိုက်ကြသည်။
ထို့နောက် တစ်ယောက်တစ်တုံးစီ ယူကာ စတင် မြည်းကြည့်လိုက်ကြသည်။
စားပြီးနောက် ဝေကျန့်ချင်းက ပြောသည်။
“ညီလေး လင်း... မင်းသာ ဆေးဖော်စပ်ပညာရှင် မဟုတ်ခဲ့ရင် မသေမျိုးစားဖိုမှူးအရှင်တောင် ဖြစ်နိုင်တယ်...”
“ဒီလို ချက်နည်းမျိုးကို ဘယ်လို စဉ်းစားမိတာလဲ မသိဘူး... ဒါပေမဲ့... အရသာကတော့ တကယ် ကောင်းတယ်...”
နင်ယွဲ့ကလည်း အဆက်မပြတ် ခေါင်းညိတ်နေသည်။ စားသောက်ရင်း အချိန်အတော်ကြာ စကားစမြည် ပြောဆိုနေကြသည်။ သို့သော် ဘာကြောင့်မှန်း မသိဘဲ စကားပြောနေရာမှ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
“ညီလေး လင်း...”
ဝေကျန့်ချင်းက လင်းကျင်းကို ကြည့်ရင်း စတင်ပြောလိုက်သည်။
“ပြောပါ အစ်ကိုဝေ...” လင်းကျင်းက ခေါင်းမော့ကြည့်လိုက်သည်။
“ငါတို့ မကြာခင် ထွက်သွားတော့မယ်...”
“ထွက်သွားတော့မှာလား...”
လင်းကျင်းက ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။
“ဒီတစ်ခေါက် အစ်ကိုဝေ ဒဏ်ရာရခဲ့တာနဲ့ ဆက်စပ်နေတာလား...”
ဝေကျန့်ချင်းက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်...”
ထို့နောက် ဆက်ပြောသည်။
“ပြီးတော့ နင်ယွဲ့နဲ့လည်း ဆိုင်တယ်...”