အခန်း (၆၀) ဆေးမီးအိုးတစ်ဖို၊ သန့်စင်အဆင့် ဆေးလုံးနှစ်လုံး
ထိုအသံက အလွန်နားဝင်ချိုလှသည်။ လင်းကျင်း စိတ်သက်သာရာရသွားပြီး အပြုံးတစ်ပွင့် ပေါ်လာသည်။
ထို့နောက် တစ်စုံတစ်ရာကို သတိရသွားသလို ရုတ်တရက် နားလည်သွားခဲ့သည်။
“ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှု အမှတ် ၈၀ လား၊ ဘယ်လိုလုပ် ဒီလောက်များနေရတာလဲ...”
လင်းကျင်း သေချာသည်။ သူ မှားကြားမိခြင်း လုံးဝမဟုတ်ပေ။
သေချာပေါက် ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှု အမှတ် ၈၀ ဖြစ်သည်။
ဒါဆို... လင်းကျင်းက ရှေ့တိုးသွားပြီး ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်ကာ အတွင်းသို့ ကြည့်လိုက်သည်။
အထဲတွင် ဆေးလုံးနှစ်လုံးသာ ရှိနေသည်။
ထို့အပြင်... နှစ်လုံးစလုံး သန့်စင်အဆင့် ဖြစ်နေသည်။
ဆေးမီးအိုးတစ်ဖို...... သန့်စင်အဆင့် ဆေးလုံးနှစ်လုံး........
လင်းကျင်း ခဏတာ ကြောင်အသွားသည်။
ထို့နောက် အမြန် သတိပြန်ဝင်လာပြီး သိုလှောင်အိတ်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာ နှစ်လုံးကို ထုတ်ယူကာ ဆေးလုံးနှစ်လုံးကို အသီးသီး ထည့်သိမ်းလိုက်သည်။
ယခုအချိန်တွင် သူ့ရင်ထဲမှ ခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲနေသည်။
ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။
တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။
ယခုအချိန်အထိ ဆေးဖော်စပ်ခြင်းလောကတွင် မီးဖိုတစ်ဖိုတည်းမှ သန့်စင်အဆင့် ဆေးလုံးနှစ်လုံး ပေါ်ထွက်လာနိုင်တဲ့သူ ရှိကြောင်း လင်းကျင်း မကြားဖူးပေ။
စာအုပ်မှတ်တမ်းများထဲတွင်ပင် ထိုသို့သော ဖြစ်ရပ်မျိုး မရှိခဲ့ပေ။
ယခုတော့ ဝေကျန့်ချင်းကို ကယ်တင်နိုင်ရုံသာမက အရင်က လီထန်ယုနှင့် ချုပ်ဆိုထားသော လောင်းကြေးကိုလည်း အချိန်မီ ပြီးမြောက်နိုင်ပြီ ဖြစ်သည်။
လင်းကျင်းသည် လောင်းကြေးကိစ္စကို သိပ်ဂရုမစိုက်ပေ။ သို့သော် ကတိပေးထားပြီး ဖြစ်သည့်အတွက် တတ်နိုင်လျှင် ဖြည့်ဆည်းပေးသင့်သည်။
နေရာလွတ်စနစ်ထဲမှ ထွက်လာပြီးနောက် လင်းကျင်းလည်း သန့်စင်ကျောက်စိမ်းသေတ္တာတစ်လုံးကို ကိုင်ကာ ဝေကျန့်ချင်း၏ ခြံဝင်းဆီသို့ တိုက်ရိုက် ပြေးသွားတော့သည်။
ခြံတံခါးထဲ ဝင်လိုက်သည်နှင့် လင်းကျင်းက အော်ပြောလိုက်သည်။
“သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး ရလာပြီ...”
“သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ...”
တစ်ချိန်တည်းမှာပင် ကြည်လင်ချိုသာသော အမျိုးသမီးအသံတစ်သံက လင်းကျင်း၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။
လင်းကျင်း လှည့်ကြည့်လိုက်ရာ နင်ယွဲ့ကို တွေ့လိုက်ရသည်။ သူမလက်ထဲတွင်လည်း သန့်စင်ကျောက်စိမ်းသေတ္တာတစ်လုံး ကိုင်ထားပြီး ထိုသေတ္တာအတွင်း၌ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးတစ်လုံး ရှိနေသည်။
နင်ယွဲ့လည်း လင်းကျင်း လက်ထဲရှိ သေတ္တာကို မြင်လိုက်ရပြီး ခဏတာ အံ့အားသင့်သွားသည်။
“တာအိုရောင်းရင်း လင်း၊ ရှင်က...”
နင်ယွဲ့ စကားဆက်ပြောရန် ပြင်လိုက်စဉ် လင်းကျင်းက ကြားဖြတ်ပြောလိုက်သည်။
“တာအိုရောင်းရင်း နင်၊ ဒီမှာ ရပ်မနေကြရအောင်။ အစ်ကို ဝေက အထဲမှာ စောင့်နေတယ်...”
“ဟုတ်... ဟုတ်တယ်...”
ထိုသို့ပြောပြီးနောက် နှစ်ယောက်သား အိမ်ထဲသို့ အတူဝင်သွားကြသည်။
အိမ်အတွင်း၌ ကုတင်ပေါ် လဲလျောင်းနေသော ဝေကျန့်ချင်းမှာ အရိုးပေါ်အရေတင် ဖြစ်နေပြီး သတိပင် မေ့မြောနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ခံစားခဲ့ရသော နှိပ်စက်မှုများကြောင့် သူ့ခန္ဓာကိုယ်မှာ မူလရုပ်သွင်ကိုပင် မမှတ်မိနိုင်လောက်အောင် ပိန်ချုံးသွားခဲ့ရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ ပုပ်အက်အက်အနံ့အသက်များပင် ထွက်ပေါ်နေသည်။
သူ့ကို ဒဏ်ရာရစေခဲ့သောသူ၏ အဆိပ်စွမ်းအားကား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာလှပေသည်။ လူတစ်ယောက်ကို သေသည်အထိ တဖြည်းဖြည်း နှိပ်စက်နေသကဲ့သို့ပင်။
ယန်ရှုံက နှစ်ယောက် ရောက်လာသည်ကို မြင်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ခုနက သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး ရှာတွေ့တယ်လို့ ပြောလိုက်တာလား၊ ဒါမှမဟုတ် ဖော်စပ်နိုင်ခဲ့တယ်လို့ ပြောလိုက်တာလား...”
လင်းကျင်းက အပြုံးဖြင့် ပြောလိုက်သည်။
“နှစ်ခုလုံးပါပဲ...”
ထိုသို့ပြောပြီးနောက် သူကိုင်ထားသော သန့်စင်ကျောက်စိမ်းသေတ္တာကို လှမ်းပေးလိုက်သည်။
“မြန်မြန် အစ်ကို ဝေကို တိုက်လိုက်ပါ...”
ယန်ရှုံက လှမ်းယူတော့မည့် အချိန်တွင် နင်ယွဲ့က ရုတ်တရက် တားလိုက်သည်။
“ကျွန်မဟာကို သုံးလိုက်...”
ထိုသို့ပြောရင်း ဆေးလုံးကို ယန်ရှုံ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ယန်ရှုံက သူတို့နှစ်ယောက်ကို ကြည့်ရင်း ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
နင်ယွဲ့က တိုက်ရိုက် ပြောလိုက်သည်။
“သွားလေ၊ ဘာစောင့်နေတာလဲ...”
“အော... အော...”
နင်ယွဲ့၏ သတိပေးမှုကြောင့် ယန်ရှုံလည်း သတိပြန်ဝင်လာသည်။
သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး နှစ်လုံးတောင် ရှိနေကြောင်း သူ ယခုမှ သတိထားမိသွားသည်။ ထို့ကြောင့် ဝမ်းသာအားရဖြင့် လက်ခံယူလိုက်သည်။
နင်ယွဲ့က ပြောသည်။
“တာအိုရောင်းရင်း လင်း၊ ဒီသန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးက အရမ်းအဖိုးတန်တယ်။ ရှင့်ဟာကို အရင်သိမ်းထားလိုက်ပါ။ တစ်လုံးတည်းနဲ့ မလုံလောက်မှသာ ရှင့်ဟာကို ထပ်သုံးကြတာပေါ့...”
လင်းကျင်းလည်း နင်ယွဲ့၏ သဘောထားကို နားလည်သည်။ သူမက သူ့အပေါ် အကြွေးအများကြီး မတင်ချင်သောကြောင့် ယခုလို ပြုမူနေခြင်း ဖြစ်သည်။
“ကောင်းပြီလေ...”
လင်းကျင်းက ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ပေ။
“လာ၊ ဒီမှာ ကူပေးဦး...”
“ကောင်းပြီ...”
နှစ်ယောက်သား စကားကြားသည်နှင့် ကုတင်ဘက်သို့ လျှောက်သွားကြသည်။
ယန်ရှုံက နှစ်ယောက်ကို မြင်ပြီး ညွှန်ကြားလိုက်သည်။
“မင်းတို့ အစ်ကိုဝေကို ထိန်းထားပေးကြ။ ငါ ဝိညာဉ်စွမ်းအား ပို့လွှတ်ပြီး သူ့ကို အရင်နိုးအောင် လုပ်ရမယ်...”
လင်းကျင်းက ရှေ့တက်သွားပြီး ဝေကျန့်ချင်းကို ထူမပေးလိုက်သည်။
ယန်ရှုံက လက်ကိုဆန့်ကာ သူ့ကျောပေါ် တင်လိုက်ပြီး ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်လိုက်သည်။
ခဏကြာပြီးနောက် ဝေကျန့်ချင်းသည် တဖြည်းဖြည်း သတိပြန်ဝင်လာပြီး မျက်လုံးများကို အားယူ၍ ဖွင့်လိုက်သည်။
ထို့နောက် မျက်နှာချင်းဆိုင်ရှိ လူအချို့ကို မြင်လိုက်ရသည်။
“မင်းတို့... ရောက်လာကြပြီလား...”
ဝေကျန့်ချင်း အသံမှာ အလွန်အားနည်းနေသည်။
စကားတစ်ကြောင်း ပြောလိုက်သော်လည်း ခြင်နှင့် ယင်ကောင်တို့၏ တဝီဝီမြည်သံကဲ့သို့သာ ဖြစ်နေသည်။ ဂရုတစိုက် နားမထောင်လျှင် ကြားရမည်ပင် မဟုတ်ပေ။
ဝေကျန့်ချင်းက စကားထပ်ပြောရန် ပြင်လိုက်သည့်အချိန်တွင် နင်ယွဲ့က ချက်ချင်း တားလိုက်သည်။
“အခု စကားမပြောနဲ့ဦး၊ ခွန်အားကို ချွေတာထား...”
ထို့နောက် ဆက်ပြောလိုက်သည်။
“သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ကျွန်မ ဖော်စပ်နိုင်ခဲ့ပြီ။ မကြာခင် ရှင် ပြန်ကောင်းလာတော့မယ်...”
ဝေကျန့်ချင်း၏ မျက်လုံးများ ချက်ချင်း အရောင်တောက်ပသွားတောြသည်။
သို့သော် စကားမပြောရသေးခင်မှာပင် နင်ယွဲ့က ယန်ရှုံ၏ လက်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး ချက်ချင်း ဖွင့်လိုက်သည်။
ထို့နောက် အတွင်းရှိ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ထုတ်ယူကာ ဝေကျန့်ချင်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဆေးလုံး ပါးစပ်ထဲ ဝင်သွားသည်နှင့် ခဏအတွင်းမှာပင် ဝေကျန့်ချင်း၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာသည်။
ယခုအချိန်တွင် လင်းကျင်း ထိန်းပေးထားရန် မလိုတော့ပေ။
ဝေကျန့်ချင်းလည်း ကိုယ်တိုင် ထိုင်လာနိုင်ပြီး ပြန်လည်နာလန်ထူရန် တရားထိုင်ကျင့်ကြံမှု စတင်လိုက်သည်။
ဆေးလုံး၏ အာနိသင် စတင်သက်ရောက်နေပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အခန်းထဲမှ ထွက်လာခဲ့ကြသည်။
အခန်းအပြင်သို့ ထွက်ရောက်ပြီးနောက် နောက်ဆုံးမှ ထွက်လာသော နင်ယွဲ့က တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ ပြန်လည်နာလန်ထူနေသော ဝေကျန့်ချင်းအား အနှောင့်အယှက် မဖြစ်စေရန် ဖြစ်သည်။
ထို့နောက် သုံးယောက်သား ခြံဝင်းအတွင်းသို့ လျှောက်သွားကြတော့သည်။
“သူ ဘယ်လိုလုပ်ပြီး ဒဏ်ရာရသွားတာလဲ။ ကျွန်မကြောင့်လား...”
နင်ယွဲ့က ယန်ရှုံကို စူးစူးစိုက်စိုက် ကြည့်ရင်း မေးလိုက်သည်။
အရပ်နှစ်မီတာနီးပါးရှိသော ခန္ဓာကိုယ်ကြီးမားသည့် ယန်ရှုံလည်း နင်ယွဲ့၏ စူးရဲသော အကြည့်အောက်တွင် မနေတတ်မထိုင်တတ် ဖြစ်လာပြီး နောက်သို့ နှစ်လှမ်းဆုတ်လိုက်ကာ အတင်းပြုံး၍ ပြောလိုက်သည်။
“မိန်းကလေး နင်၊ ကျွန်တော့်ကို ဒီလိုမကြည့်ပါနဲ့လား။ ကျွန်တော် တကယ်ကို စိတ်မသက်မသာ ဖြစ်နေပြီ…”
“ကောင်းပြီ၊ ဒါဆို ပြောသာပြောပါ...”
နင်ယွဲ့က ထပ်မံ ပြောလိုက်သည်။
“မိန်းကလေး နင်၊ ကျွန်တော် တကယ် မပြောနိုင်ဘူးဗျ။ အစ်ကိုဝေကို ကတိပေးထားပြီးသား။ အစ်ကိုဝေ နိုးလာမှ ကိုယ်တိုင် မေးလိုက်ပါလား။ ကျွန်တော့်ကို ကျေးဇူးပြုပြီး အခက်တွေ့အောင် မလုပ်ပါနဲ့...”
ယန်ရှုံသည် ယခုအချိန်တွင် အလွန်အမင်း စိတ်ထိခိုက်သလို ပုံပေါက်နေသည်။ အထူးသဖြင့် နွားတစ်ကောင်လို သန်မာကြံ့ခိုင်သော သူ့ရုပ်ရည်နှင့် တွဲကြည့်လိုက်လျှင် ပို၍ပင် ရယ်စရာကောင်းနေပေသည်။
သို့သော် ဘာကြောင့် နင်ယွဲ့ကို ဒီလောက်အထိ ကြောက်နေသည်ကိုတော့ မစဉ်းစားနိုင်ပေ။
ယန်ရှုံက တင်းခံနေပြီး မဖွင့်ဟသေးသည်ကို မြင်သဖြင့် နင်ယွဲ့လည်း ဝေကျန့်ချင်း နိုးလာမှသာ ဆက်မေးမြန်းရန် ဆုံးဖြတ်လိုက်ရတော့သည်။
ထို့နောက် ဝေကျန့်ချင်းသည် တစ်ညလုံး အနားယူပြီး ပြန်လည်နာလန်ထူရန် လိုအပ်နေသောကြောင့် ယန်ရှုံက ကိုယ်တိုင် တာဝန်ယူ စောင့်ကြည့်ပေးမည်ဟု ပြောလိုက်ပြီး လင်းကျင်းတို့ကို အရင်ပြန်ခိုင်းလိုက်တော့သည်။
အရင်က အချိန်မနှောင့်နှေးသွားစေရန် စိုးရိမ်ခဲ့သောကြောင့် ဆေးလုံး ဖော်စပ်ပြီးသည်နှင့် လင်းကျင်း အနားမယူဘဲ ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့စိတ်အာရုံများ အမြဲတင်းကြပ်နေခဲ့သဖြင့် ပင်ပန်းနေသည်ကိုပင် သတိမထားမိခဲ့ပေ။
ယခုတော့ တစ်ယောက်တည်း ပြန်ရောက်လာပြီးနောက် လင်းကျင်းလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြောင်း ခံစားလိုက်ရသည်။ ဤကား ဆေးဖော်စပ်ခြင်း၏ ပုံမှန်နောက်ဆက်တွဲ အကျိုးဆက်တစ်ခု ဖြစ်သည်။
မကြာမီ လင်းကျင်းလည်း တရားထိုင်၍ ပြန်လည်အနားယူတော့သည်။
ဟိုင်းအချိန် ကျော်လွန်သွားမှသာ လင်းကျင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်။
(ဟိုင်းအချိန် = 21:00 to 23:00 pm)
သူ့မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ အိမ်မှ ထွက်ရန် ပြင်လိုက်သည်။
ဒီည သူ လုပ်စရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးသည်။ အိမ်မှ ထွက်လာပြီးနောက် လင်းကျင်းသည် ဝေ့ကျန်းချင်၏ ခြံဝင်းသို့ ရောက်လာသည်။
“ခေါက်... ခေါက်... ခေါက်...”
လင်းကျင်းက တံခါးကို ခေါက်လိုက်သည်။
ဝေကျန့်ချင်း ပြန်လည်နာလန်ထူနေသည်ကို အနှောင့်အယှက် မဖြစ်စေရန် အလွန်ညင်သာစွာသာ ခေါက်လိုက်ခြင်း ဖြစ်သည်။
“ကျွီ...”
တံခါး ပွင့်လာသည်။ တံခါးဖွင့်ပေးသူမှာ ယန်ရှုံ ဖြစ်သည်။
“ညီလေး လင်း၊ ဒီအချိန်ကြီး ဘာလို့ ရောက်လာတာလဲ...”
ယန်ရှုံက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“အစ်ကိုဝေ အခု ဘယ်လိုနေသေးလဲ...”
လင်းကျင်းက ပြန်မေးလိုက်သည်။
“မဆိုးပါဘူး။ ပြန်လည်နာလန်ထူနှုန်း အရမ်းမြန်တယ်။ အရင်ကထက် အများကြီး ကောင်းလာပြီ...”
ယန်ရှုံက ပြန်ဖြေသည်။
“ဒါဆို ကောင်းတာပေါ့...”
“ကျွန်တော် အခု မှောင်ခိုစျေးကွက်ကို သွားတော့မလို့။ ဒီသန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို အကို ယူထားလိုက်ပါ...”
“တစ်ခုခု မမှန်တာ သတိထားမိရင် အစ်ကိုဝေကို ချက်ချင်း သောက်ခိုင်းလိုက်ပါ...”
ထိုသို့ ပြောရင်း လင်းကျင်းသည် သိုလှောင်အိတ်ထဲမှ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး ပါရှိသော သန့်စင်ကျောက်စိမ်းသေတ္တာကို ထုတ်ယူကာ ယန်ရှုံထံ လှမ်းပေးလိုက်သည်။
“ညီလေး လင်း၊ ဒါက မသင့်တော်ဘူးထင်တယ်...”
ယန်ရှုံက လက်နှစ်ဖက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းရင်း ပြောလိုက်သည်။
“သန့်စင်အဆင့် ဆေးလုံးက ဒီလောက်အဖိုးတန်တာကို ကျွန်တော် ဘယ်လိုလုပ် သိမ်းထားရဲမှာလဲ...”
“ပြီးတော့ အစ်ကိုဝေလည်း သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး တစ်လုံး သောက်ထားပြီးပြီ။ အခု အသက်အန္တရာယ် မရှိတော့ဘူး...”
“ညီလေး လင်း၊ မင်း ဒီဆေးလုံးကို အိတ်ထဲ ပြန်သိမ်းထားလိုက်တာက ပိုကောင်းလိမ့်မယ်။…”