အခန်း (၅၉) - ဝေကျန့်ချင်း အပြင်းအထန်ဒဏ်ရာရခြင်း
“ဒီလို ငါတို့ လင်ရှန်မြို့ကို သွားခဲ့တုန်းက…”
ယန်ရှုံ ပြောနေရင်း တစ်ဝက်မှာပင် ဝေကျန့်ချင်းက ရုတ်တရက် စကားဖြတ်ပြောကာ
“ဝက်ဝံကြီး!....”
ဝေကျန့်ချင်းက အလျင်အမြန် တားလိုက်သည်။ သူ့အသံမှာ အလွန်အားနည်းနေသော်လည်း အရေးတကြီးဖြစ်နေမှုကိုတော့ သိသာစွာ ခံစားရနိုင်သေးသည်။ တခြားသူ မသိစေချင်သော အရာအချို့ ရှိနေသည့်ပုံပင်။
ထိုအော်ဟစ်သံ ထွက်လာပြီးနောက် ယန်ရှုံလည်း ချက်ချင်း ပါးစပ်ပိတ်သွားသည်။
“အဟွတ်… အဟွတ်… အဟွတ်…”
တုံ့ပြန်မှု ပြင်းထန်လွန်းသဖြင့် ဝေကျန့်ချင်းလည်း ပြင်းပြင်းထန်ထန် ချောင်းဆိုးလာပြန်သည်။
လင်းကျင်းက ဆက်မမေးတော့ဘဲ ကုတင်ပေါ် လဲလျောင်းနေသော ဝေကျန့်ချင်းကို လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် သူ့မျက်နှာမှာ ဖြူဖျော့နေပြီး အလွန်အားနည်းနေသည့် ပုံပေါက်နေသည်။ နင်ယွဲ့က သူ့ကို ထိန်းပေးထားသော်လည်း နင်ယွဲ့၏ အခြေအနေမှာလည်း တစ်ခုခု မမှန်သလို ထင်ရသည်။
“ကျွန်မကြောင့်လား…” နင်ယွဲ့က ခေါင်းငုံ့ထားပြီး သူမ၏ အမူအရာကို မမြင်ရသော်လည်း အသံကတော့ တုန်ယင်နေသည်။
“အတွေးမလွန်ပါနဲ့… ဒါက ငါ့ကိစ္စကြောင့်ပါ…” ဝေကျန့်ချင်းက အားနည်းစွာ ပြောလိုက်သည်။
“လင်ရှန်မြို့” ဟူသော စကားသုံးလုံးကို ကြားလိုက်ရသည့်အခါ လင်းကျင်းအတွက် ရင်းနှီးသလို ခံစားရသည်။
ခဏကြာမှ လင်းကျင်း ရုတ်တရက် သတိရသွားသည်။
ဝေကျန့်ချင်းနှင့် နင်ယွဲ့တို့သည် လော့လော့၏ ဖခင်နှင့်အတူ လင်ရှန်မြို့မှ ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် လော့လော့၏ ဖခင်မှာ တိုင်းတစ်ပါးမြေတွင် အချိန်မတိုင်မီ သေဆုံးသွားခဲ့ပြီး နင်ယွဲ့နှင့် သမီးဖြစ်သူ လော့လော့သာ ကျန်ရစ်ခဲ့ရသည်။
ယန်ရှုံက စိုးရိမ်ပူပန်နေသော မျက်မှောင်ကြုတ်မှုဖြင့် ပြောလာသည်။
“မိန်းကလေး နင်၊ မမေးတာက ပိုကောင်းပါတယ်။ ကျွန်တော်တို့ ပေါ့ဆခဲ့မိလို့ သူတို့ကို…”
ယန်ရှုံ စကားတစ်ဝက်သာ ပြောရသေးချိန်တွင် ဝေကျန့်ချင်းက သူ့ကို စူးစိုက်စွာ ကြည့်လိုက်သည်။
မိမိ စကားမှားသွားကြောင်း သိလိုက်သဖြင့် ယန်ရှုံလည်း ချက်ချင်း ပါးစပ်ပိတ်လိုက်ကာ ဘေးတွင် တိတ်တဆိတ် ရပ်နေပြီး ဆက်မပြောတော့ပေ။
ယန်ရှုံသည် လိမ်ညာပြောဆိုရာတွင် မကျွမ်းကျင်ပုံရသည်။ဝေကျန့်ချင်း၏ တားမြစ်မှုကြောင့် ယန်ရှုံ စကားဖြတ်ခံလိုက်ရသော်လည်း ဝေကျန့်ချင်း၏ ဒဏ်ရာများမှာ အခြားသူတစ်ဦးဦးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်သေးသည်။
နင်ယွဲ့က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ မျက်ခုံးများလည်း တင်းကျပ်စွာ ကြုတ်သွားပြီးနောက် ပြောလိုက်သည်။
“ကောင်းပြီလေ၊ ကျွန်မ မမေးတော့ပါဘူး…”
ထိုသို့ ပြောပြီးနောက် နင်ယွဲ့က ဝေကျန့်ချင်း၏ လက်ကောက်ဝတ်ပေါ် လက်တင်လိုက်ကာ ဝိညာဉ်စွမ်းအားတစ်မျှင်ကို သူ့ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်၍ စစ်ဆေးလိုက်သည်။
နင်ယွဲ့ အားအနည်းငယ် များသွားလျှင်ပင် ဒဏ်ရာ ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ်နေသောကြောင့် အတော်ပင် သတိထားနေရသည်။
အချိန်အတော်ကြာပြီးမှ နင်ယွဲ့က ထပ်မံ ပြောလာသည်။
“ရှင်က အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီပဲ…”
“ဟုတ်တယ်…” ဝေကျန့်ချင်းက ပြန်ဖြေသည်။
နင်ယွဲ့က ဆက်မေးလိုက်သည်။
“အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက ပြန်လည်နာလန်ထနိုင်စွမ်း အရမ်းအားကောင်းတယ်။ ရှင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရတာလဲ…”
“ဒါ့အပြင် ရှင့်ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာတွေကို မကျက်စေအောင် တားဆီးနေတဲ့ စွမ်းအားတစ်ခုလည်း ရှိနေသေးတယ်…”
“တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ…”
ယန်ရှုံက ဝေကျန့်ချင်းကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောသည်။
“ဝေကျန့်က အားပြင်းတဲ့ မှော်ရတနာတစ်ခုရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတာ။ အဆိပ်ပြင်းတဲ့ စွမ်းအားတစ်စု သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့လို့ အခုလို ဖြစ်နေတာ…”
“ပြီးတော့ အဲဒီ အဆိပ်ပြင်း ဝိညာဉ်စွမ်းအားက အစ်ကိုဝေရဲ့ အသက်စွမ်းအားကို ဆက်တိုက် တိုက်စားနေတယ်။ အခြေအနေကလည်း ပိုပိုပြီး ဆိုးလာနေတယ်…”
“ဝေကျန့်ရဲ့ လက်ရှိအခြေအနေအရဆို နောက်ထပ် ငါးရက်လောက်ပဲ တောင့်ခံနိုင်တော့မယ်။ ငါးရက်အတွင်း အဲဒီ အဆိပ်ပြင်း ဝိညာဉ်စွမ်းအားကို မဖယ်ရှားနိုင်ရင်တော့ ကယ်တင်ဖို့ မဖြစ်နိုင်တော့မှာ စိုးရတယ်…”
ထိုသို့ ပြောပြီးနောက် ယန်ရှုံက ခေါင်းငုံ့ချလိုက်သည်။ သူ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုက ပိုမိုလေးနက်လာသည်။
“အခုတော့ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို အသုံးပြုမှပဲ အဲဒီ ဝိညာဉ်စွမ်းအားအစုကို ဖယ်ရှားနိုင်ပြီး အစ်ကိုဝေရဲ့ ဒဏ်ရာတွေကို ကုသနိုင်တော့မယ်...”
“သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး!...”
နင်ယွဲ့က နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ သွေးစိမ်းများပင် စိမ့်ထွက်လာသော်လည်း သူမ သတိမထားမိသလိုပင် ဖြစ်နေသည်။
ဆေးဖော်စပ်ပညာရှင်တစ်ယောက်အနေဖြင့် သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ဖော်စပ်ရခြင်း၏ ခက်ခဲမှုကို သူမ ကောင်းကောင်း သိထားသည်။
ထို့နောက် အခန်းထဲတွင် တိတ်ဆိတ်မှုသာ ကျန်ရစ်ခဲ့သည်။
နင်ယွဲ့က ခေါင်းငုံ့လျက် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ရုတ်တရက် မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှု အပြည့်ရှိနေသည်။
“ယန်ရှုံ၊ ဒီရက်ပိုင်းအတွင်း ကျန့်ချင်းကို သေချာဂရုစိုက်ပေးပါ။ ကျွန်မ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသ ဆေးလုံးကို ရှာကြည့်မယ်။ မတွေ့ရင်တော့ ကိုယ်တိုင်ဖော်စပ်မယ်...”
“ကျွန်တော်လည်း ရှာကြည့်ပါ့မယ်...” လင်းကျင်းကလည်း ဝင်ပြောလိုက်သည်။
ဝေကျန့်ချင်းက လူကောင်းတစ်ယောက်ဖြစ်သည်။ အရင်က သူ့ကို ကူညီပေးခဲ့ဖူးသည့်အပြင် နောက်ဆုံးတစ်ခေါက်ကလည်း နေရာရွှေ့ပြောင်းအဆောင်တစ်ခု ပေးခဲ့သေးသည်။
လင်းကျင်းအနေဖြင့် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေနိုင်မည် မဟုတ်ပေ။
သို့သော် ငါးရက်ဆိုသော အချိန်က အလွန်အမင်း အရေးပေါ်နေသည်။
လင်းကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဝေကျန့်ချင်း ဒဏ်ရာအပြင်းအထန်ရထားကြောင်း သိထားသဖြင့် သူလည်း ဆေးဖော်စပ်ခြင်းကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်သည်။
ကျင့်ကြံသူစျေး၏ အခြေအနေကို သူ အလွန်ကောင်းစွာ သိထားသည်။ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး တစ်လုံးမဆိုထားနှင့် တစ်ဝက်တောင် ရှာတွေ့ဖို့ မလွယ်ကူကြောင်း သိသည်။
မဟုတ်လျှင် အနက်ရောင်ဝတ်လူသည် မှောင်ခိုစျေးကွက်သို့ သွားစရာအကြောင်း မရှိပေ။
ထို့ကြောင့် သူကိုယ်တိုင် ဖော်စပ်လိုက်ခြင်းက ပိုကောင်းသည်။
အကြောင်းမှာ သန့်စင်အဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် သူ၏ အောင်မြင်နှုန်းမှာ အလွန်မြင့်မားသောကြောင့် ဖြစ်သည်။
မကြာသေးမီက သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံး ဖော်စပ်ရာတွင် ပြဿနာများ ဆက်တိုက် ကြုံတွေ့နေရသော်လည်း မည်သို့ပင်ဖြစ်စေ သူ လက်မလျှော့နိုင်ပေ။
အကြောင်းမှာ ယခုက အသက်ရှင်ရေးနှင့် သေဆုံးရေးဆိုင်ရာ ကိစ္စဖြစ်နေသောကြောင့်ပင်။ လောင်းကြေးကိစ္စကို မေ့ထားလိုက်တော့မည်။
သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့မည်ဆိုလျှင်ပင် လင်းကျင်းက ၎င်းကို ဝေကျန့်ချင်းအား သောက်သုံးစေမည်မှာ သေချာသည်။
ထို့နောက် နင်ယွဲ့လည်း အတွင်းပိုင်း ကျင့်ကြံသူစျေးသို့ အလျင်အမြန် ထွက်သွားကာ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို လိုက်ရှာတော့သည်။
လော့လော့ကိုလည်း ထိုနေရာတွင် ထားခဲ့သည်။
လင်းကျင်းလည်း ခဏတာ ဆက်နေပြီးနောက် ဆေးလုံးများ သွားရှာရမည်ဟု အကြောင်းပြကာ ထွက်ခွာလာခဲ့သည်။ ထို့နောက် သူ အိမ်သို့ ပြန်သွားလေသည်။
လင်းကျင်းသည် နေရာလွတ်စနစ်ထဲသို့ ဝင်ရောက်ပြီး သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နလန်ထူကုသဆေးလုံးကို ဆက်လက်ဖော်စပ်တော့သည်။
ပထမနေ့တွင် ဆေးနှစ်သုတ် ဖော်စပ်ခဲ့သည်။ နှစ်သုတ်စလုံး အောင်မြင်ခဲ့သော်လည်း သန့်စင်အဆင့် ဆေးလုံး မထွက်လာခဲ့ပေ...
ဒုတိယနေ့တွင် ဆေးသုံးသုတ် ဖော်စပ်ခဲ့သည်။ နှစ်သုတ် အောင်မြင်ပြီး တစ်သုတ် ကျရှုံးခဲ့သော်လည်း သန့်စင်အဆင့် ဆေးလုံး မထွက်လာခဲ့ပေ...
တတိယနေ့တွင် ဆေးသုံးသုတ် ဖော်စပ်ခဲ့သည်။ သုံးသုတ်စလုံး အောင်မြင်ခဲ့သော်လည်း သန့်စင်အဆင့် ဆေးလုံး မထွက်လာခဲ့သေးပေ...
စတုတ္ထနေ့။
လင်းကျင်း မနက်စောစောကတည်းက ဆေးတစ်သုတ် စတင်ဖော်စပ်ခဲ့သည်။ ယခုတစ်ကြိမ်လည်း အောင်မြင်ခဲ့သော်လည်း သန့်စင်အဆင့် ဆေးလုံး မထွက်လာခဲ့သေးပေ။
အချိန်က အလွန်အရေးကြီးနေသောကြောင့် လင်းကျင်းသည် ဆေးဖော်စပ်ရာတွင် ယခင်ထက် ပို၍ သတိကြီးစွာထားလာခဲ့သည်။ အမှားအယွင်း အနည်းငယ်မျှပင် မဖြစ်ရဲတော့သဖြင့် သန့်စင်အဆင့် ဆေးလုံး ထွက်ရှိလာနိုင်နှုန်းမှာ မယုံနိုင်လောက်အောင် မြင့်မားလာစေခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် သန့်စင်အဆင့် ဆေးလုံးကိုတော့ မဖော်စပ်နိုင်သေးပေ။
လင်းကျင်းလည်း ညည်းညူနေဖို့ပင် အချိန်မရှိတော့ပေ။ ဆေးဖော်စပ်ပြီးသည်နှင့် ချက်ချင်း ထိုင်ချကာ အနားယူ၍ စွမ်းအားပြန်ဖြည့်တင်းတော့သည်။
ဒီရက်ပိုင်း ဆက်တိုက် ဆေးဖော်စပ်နေခဲ့သောကြောင့် နေရာလွတ်စနစ်ထဲသို့ ဝင်ရောက်နိုင်မည့် အချိန်မှာ တစ်နာရီခွဲသာ ကျန်တော့သည်။ ထိုအချိန်ပမာဏက ဆေးတစ်သုတ် ထပ်ဖော်စပ်ရန်သာ လုံလောက်သည်။
‘မနက်ဖြန်ဆို ငါးရက်မြောက်နေ့ ရောက်ပြီ။ အဲဒီအချိန်ထိ မဖော်စပ်နိုင်သေးရင် အစ်ကိုဝေကတော့...’
အချိန်၏ ဖိအားကြောင့် လင်းကျင်း၏ စိတ်သည် ခဏတာ လှုပ်ရှားသွားရသည်...သို့သော် ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဆက်လက် တရားထိုင်ကာ အနားယူနေတော့သည်။
လေးနာရီကြာပြီးနောက် လင်းကျင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာကာ မဆိုင်းမတွပင် နေရာလွတ်စနစ်ထဲသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။
ယခင်အတိုင်း ကြိုတင်ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားပြီးနောက် လင်းကျင်းသည် မီးထိန်းချုပ်ခြင်းပညာကို အသုံးပြုကာ မီးတောက်များကို ဂရုတစိုက် ထိန်းချုပ်နေသည်။ အနည်းငယ်မျှပင် ပေါ့ဆမသွားရဲပေ။
တစ်နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ယခုတစ်ကြိမ်လည်း ထူးမခြားနားပင်။
ဆေးရနံ့များ လွင့်ပျံလာသည်။ လင်းကျင်းကတော့ ထိုအရာကို ရိုးနေပြီ ဖြစ်သည်။
ဆေးရနံ့ ထွက်ပေါ်လာခြင်းက ဆေးဖော်စပ်မှု အောင်မြင်ကြောင်းသာ ဆိုလိုပြီး သန့်စင်အဆင့် ဆေးရည် ထွက်ပေါ်မည်ဟု အာမမခံနိုင်ပေ။
ခဏကြာ စောင့်ဆိုင်းပြီးနောက်တွင်ပင် စနစ်အသိပေးသံ မပေါ်လာသေးပေ။
ယခုအချိန်တွင် ဆေးရနံ့များက ဆေးဖော်စပ်ခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လင်းကျင်း၏ နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာနေသည်။
ထိုရနံ့က အလွန်စွဲမက်ဖွယ်ကောင်းပြီး ယခင်အကြိမ်များထက်ပင် ပိုမိုသန့်စင်နေသလို ခံစားရသည်။ ရနံ့ကို ရှူရှိုက်လိုက်ရုံနှင့်ပင် လူကို မူးမေ့သွားစေလောက်အောင် ဖြစ်နေသည်။
ဒီရနံ့...
ဒီအချိန်အတိုင်းအတာ...
ဖြစ်နိုင်တာက...
နောက်ဆုံးတစ်ခေါက်လည်း ဒီလောက် အချိန်ကြာခဲ့ပြီး သန့်စင်အဆင့် ဆေးလုံး ထွက်ပေါ်လာခဲ့သည်ကို သူ ကောင်းကောင်း မှတ်မိနေသည်။
လင်းကျင်းသည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ထားရင်း မျက်လုံးများ အရောင်တောက်လာကာ ဆေးမီးဖိုကို စိုက်ကြည့်နေမိသည်။
အချိန်သည် တစ်စက္ကန့်ချင်းစီ ကုန်ဆုံးသွားသည်။
လင်းကျင်းလည်း လုံးဝ စိတ်မလျှော့ရဲပေ။
ရုတ်တရက်—
စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
“ဒင်...”
“စနစ်အသိပေးချက် - ဂုဏ်ယူပါတယ်။ ပိုင်ရှင်သည် သန့်စင်အဆင့် ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဆုကြေးအဖြစ် ရိတ်သိမ်းမှတ် ၂၀ ရရှိပါသည်။”
“ဆေးဖော်စပ်မှု အောင်မြင်ပါသည်။ ဆေးဖော်စပ်ခြင်း ကျွမ်းကျင်မှု +၈၀…”