အခန်း (၅၄) - ကျင့်ကြံသူစျေး၏ တာဝန်
ဒီတစ်ကြိမ် သားရဲလှိုင်းသည် နှစ်ရက်တိတိ ကြာမြင့်ခဲ့သည်။
သို့သော် ကာကွယ်ရေးအစီအရင်၏ အကူအညီကြောင့် သားရဲလှိုင်းကို ကျင့်ကြံသူစျေး၏ အပြင်ဘက်တွင်သာ တားဆီးထားနိုင်ခဲ့ပြီး စျေးအတွင်းပိုင်းကို ထိခိုက်မှု မရှိစေခဲ့ပေ။
သို့သော်လည်း လူများစွာသည် သားရဲလှိုင်းကို မကျော်ဖြတ်နိုင်ခဲ့ဘဲ နတ်ဆိုးသားရဲများ၏ ပါးစပ်အောက်တွင် အသက်ဆုံးရှုံးခဲ့ကြရသည်။
သားရဲလှိုင်း ပြီးဆုံးသွားပြီးနောက် စျေး၏ အစွန်အဖျားပိုင်းတွင် လူမရှိတော့သော ခြံဝင်းများစွာ ပေါ်ပေါက်လာခဲ့သည်။ ထိုလူများအားလုံးသည် သားရဲလှိုင်းကို တိုက်ခိုက်ရင်း စစ်မြေပြင်တွင် သေဆုံးသွားခဲ့ကြသူများ ဖြစ်ကြသည်။
လင်းကျင်း နေထိုင်သော လမ်းကြားထဲတွင်ပင် အိမ် သုံးအိမ်၏ ပိုင်ရှင်များ ပြောင်းလဲသွားခဲ့ရသည်။
ဟုတ်တာပေါ့...
အချို့လူများကတော့ သားရဲလှိုင်းကို တိုက်ခိုက်ရာတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့်ကြွယ်ဝသော ဆုလာဘ်များ ရရှိခဲ့ကြသည်။
ထိုသူများ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နေကာ ဂုဏ်ယူဝင့်ကြွားစွာ သွားလာနေကြပြီး သေဆုံးသွားသူများ၏ မိသားစုများနှင့် သိသိသာသာ ကွာခြားလှသည်။
ဒီနေ့မှာတော့ ကျင့်ကြံသူစျေးမှ ကြေညာချက်အသစ်တစ်စောင် ထပ်မံ ထုတ်ပြန်ခဲ့သည်။
‘သားရဲလှိုင်းသည် မပြီးဆုံးသေးပေ။ ညမြူတောင်တန်းအတွင်း စုံစမ်းစစ်ဆေးမှုများအရ နတ်ဆိုးသားရဲများ ထပ်မံ စုဝေးလာနေသည့် လက္ခဏာများကို တွေ့ရှိထားသည်။’
‘နောက်ထပ် ရောက်လာမည့် သားရဲလှိုင်းကို ခုခံနိုင်ရန်အတွက် ယနေ့မှစ၍ ကျင့်ကြံသူစျေးအတွင်းရှိ ကျင့်ကြံသူတိုင်းသည် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။’
ဒီကြေညာချက် ထွက်ပေါ်လာသည်နှင့် စျေးတစ်ခုလုံး ဆူညံသွားတော့သည်။
လူအများစုက နတ်ဆိုးသားရဲများကို တိုက်ခိုက်ရန် အတင်းအကျပ် စေလွှတ်ခံရမည်ကို စိုးရိမ်လာကြသည်။
သို့သော် ယခုအချိန်တွင် ကျင့်ကြံသူစျေးကို ကျော်လွန်ပြီး မိုင်ထောင်ပေါင်းများစွာ အတွင်း၌ ပိုမိုလုံခြုံသော နေရာ မရှိသလောက်ပင်။
တချို့က ချင်းယွမ်ဓားဂိုဏ်းက ပိုလုံခြုံသည်ဟု ပြောကြပေမဲ့ ချင်းယွမ်ဓားဂိုဏ်းကတော့ ထိုလူများကို လက်ခံပေးမည် မဟုတ်ပေ။
ထို့ကြောင့် သူတို့အနေဖြင့် ကျင့်ကြံသူစျေး၏ နောက်ကွယ်တွင် စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး သားရဲလှိုင်းကို အတူတကွ ခုခံရန်သာ ရွေးချယ်နိုင်တော့သည်။
မွန်းလွဲပိုင်းတွင် စီမံခန့်ခွဲသူ ဂျန်း ရောက်လာခဲ့သည်။
“တာအိုရောင်းရင်း လင်း…”
စီမံခန့်ခွဲသူ ဂျန်း က ပြုံး၍ နှုတ်ဆက်လိုက်သည်။
လင်းကျင်းက တိုက်ရိုက် ပြောလိုက်သည်။
“စီမံခန့်ခွဲသူ ဂျန်း၊ ကြေညာချက်ကို ကျွန်တော် မြင်ပြီးပါပြီ...”
“ဒီတစ်ခါ ကျွန်တော် ဘာလုပ်ပေးရမလဲဆိုတာ တိုက်ရိုက်ပဲ ပြောပါ...”
“တာအိုရောင်းရင်း လင်းက ဒီလောက် တိုက်ရိုက်ဆန်မှတော့ ကျွန်တော်လည်း လိုရင်းကိုပဲ ပြောတော့မယ်...”
“အခု စုဝေးနေတဲ့ သားရဲလှိုင်းက အရင်ထက်တောင် ပိုပြင်းထန်မယ်လို့ ခန့်မှန်းထားတယ်...”
“ဒါကြောင့် ဝိညာဉ်ကျောက်ပေးရုံနဲ့ မလုံလောက်တော့ဘူး။ လူတိုင်း ကိုယ်တိုင် ကိုယ်ကျ ပါဝင်ရတော့မယ်..”
ထိုသို့ ပြောရင်း စီမံခန့်ခွဲသူ ဂျန်းက လင်းကျင်းအနားသို့ တိုးလာပြီး အသံကို နှိမ့်လိုက်သည်။
“ကျွန်တော် သိထားတာက တာအိုရောင်းရင်း လင်းက ဆေးဖော်စပ်ဆရာ တစ်ယောက် ဖြစ်တယ်ဆိုတာ...”
“ဒါကြောင့် ကျွန်တော် တာအိုရောင်းရင်းကို ကျင့်ကြံသူစျေးရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဆီမှာ ဆေးဖော်စပ်ဆရာအဖြစ် စာရင်းသွင်းပေးထားပြီးပြီ...”
“အခုကစပြီး တာအိုရောင်းရင်း လင်းက ဆေးဖော်စပ်ခြင်းကိုပဲ အာရုံစိုက်လိုက်ပါ။ ရှေ့တန်းကို သွားပြီး နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ဖို့ မလိုတော့ဘူး...”
“ကျေးဇူးတင်ပါတယ် စီမံခန့်ခွဲသူ ဂျန်း...”
လင်းကျင်းက လက်နှစ်ဖက်ဆုပ်၍ ကျေးဇူးတင်စွာ အရိုအသေပြုလိုက်သည်။
ရှေ့တန်းစစ်မြေပြင်တွင် တိုက်ခိုက်ရခြင်းသည် အလွန်အန္တရာယ်များလှပေသည်။
လင်းကျင်း၏ လက်ရှိကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ပထမနေ့မှာပင် အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။
ထိုမျှ ရှုပ်ထွေးသော စစ်မြေပြင်တွင် နေရာလွတ်စနစ် ရှိနေသည့်တိုင် အသုံးမဝင်ပေ။ သူသည် နေရာလွတ်စနစ်ထဲတွင် အမြဲတမ်း ပုန်းအောင်းနေနိုင်မည် မဟုတ်ပေ။
ထို့အပြင် နေရာလွတ်စနစ်ထဲ ဝင်ရောက်နိုင်သည့် အချိန်မှာလည်း ကန့်သတ်ချက် ရှိသေးသည်။
အချိန်ပြည့်သွားသည်နှင့် အပြင်သို့ အတင်းအကျပ် ပြန်ပို့ခံရမည်ဖြစ်ပြီး ထိုအချိန်တွင်တော့ သေချာပေါက် သေမင်းလက်ထဲ ကျရောက်သွားမည်သာ ဖြစ်သည်။
စီမံခန့်ခွဲသူ ဂျန်းကို လင်းကျင်း ပထမဆုံး တွေ့ဆုံစဉ်က သဘောမကျခဲ့ပေ။ သို့သော် အကြိမ်အနည်းငယ် ထပ်မံ ပြောဆိုဆက်ဆံပြီးနောက်တွင်တော့ ထင်ထားသလောက် မဆိုးလှကြောင်း တွေ့ရှိလာခဲ့သည်။
“ဒါဆို စီမံခန့်ခွဲသူ ဂျန်း၊ ဆေးဖော်စပ်တဲ့အပိုင်းမှာ ကန့်သတ်ချက်တွေ ရှိသေးလား....” လင်းကျင်းက မေးလိုက်သည်။
“ရှိတာပေါ့။” စီမံခန့်ခွဲသူ ဂျန်းက ခေါင်းညိတ်လိုက်သည်။
“မင်းက ပထမအဆင့် ဆေးဆရာ ဖြစ်တဲ့အတွက် ကျင့်ကြံသူစျေးက မင်းကို လစဉ် ပထမအဆင့် ဆေးလုံး အလုံးတစ်ရာ့ငါးဆယ် တင်သွင်းရမယ်လို့ သတ်မှတ်ထားတယ်...”
“ဒါပေမဲ့ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကိုတော့ မင်းဘက်က ထုတ်စရာ မလိုဘူး။ ကျင့်ကြံသူစျေးက လစဉ် ဆေးဖော်စပ်ကုန်ကြမ်း အစုံနှစ်ရာကို မင်းအတွက် ပြင်ဆင်ပေးမယ်..”
“အကယ်၍ အစုံ နှစ်ရာလုံး ကုန်သွားတဲ့အထိ တာဝန်ကို မပြီးမြောက်သေးဘူးဆိုရင်တော့ မင်းကို ရှေ့တန်း စစ်မြေပြင်ကို ပို့ပြီး နတ်ဆိုးသားရဲတွေကို တိုက်ခိုက်ခိုင်းရလိမ့်မယ်...”
“နောက်ပြီး မင်းဖော်စပ်တဲ့ ဆေးလုံးတွေက အနည်းဆုံး အလယ်အလတ်အဆင့် ဖြစ်ရမယ်။ အဆင့်နိမ့်ဆေးလုံးတွေကိုတော့ စာရင်းထဲ ထည့်တွက်မှာ မဟုတ်ဘူး...”
တစ်လအတွင်း ဆေးလုံး အလုံးတစ်ရာ့ငါးဆယ် ဆိုသည်မှာ အတော်လေး များပြားသော ပမာဏ ဖြစ်သည်။
ထို့အပြင် ဆေးလုံးအရည်အသွေးအပေါ် ကန့်သတ်ချက်ပါ ထပ်ရှိသေးသဖြင့် အတွေ့အကြုံရင့် ဆေးဆရာများသာ ထိုလိုအပ်ချက်ကို ပြည့်မီနိုင်မည် ဖြစ်သည်။
ဆေးဖော်စပ်သက်တမ်း တစ်နှစ်၊ နှစ်နှစ်သာ ရှိသေးသော ဆေးဖော်စပ်ဆရာအသစ်များ၏ အောင်မြင်နှုန်းမှာ ပုံမှန်အားဖြင့် သုံးဆယ်ရာခိုင်နှုန်းခန့်သာ ရှိသည်။
ကုန်ကြမ်းအစုံ နှစ်ရာလုံး အသုံးပြုလိုက်သည့်တိုင် တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ဖို့မှာ အလွန်ခက်ခဲလိမ့်မည်။ အရည်အသွေးကန့်သတ်ချက်ကို ထည့်မတွက်ရသေးပေ။
“တာအိုရောင်းရင်း လင်း၊ ပြဿနာရှိလို့လား?” စီမံခန့်ခွဲသူ ဂျန်းက မေးလိုက်သည်။
ထို့နောက် သူက ထပ်မံ အနားတိုးလာပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
“အကယ်၍ ဆေးဖော်စပ်နေတဲ့အချိန်မှာ တာဝန်ကို မပြီးမြောက်နိုင်ဘူးလို့ ခံစားရရင် ကျင့်ကြံသူစျေးထဲက ဆိုင်တွေမှာ သွားဝယ်လို့ရတယ်။ ဝိညာဉ်ကျောက်တုံး လုံလောက်နေသရွေ့တော့ ဒီတာဝန်ကို သေချာပေါက် ပြီးမြောက်နိုင်မှာပါ...”
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီမံခန့်ခွဲသူ ဂျန်း။ စိတ်ချပါ၊ ကျွန်တော့်ရဲ့ ဆေးဖော်စပ်စွမ်းရည်အပေါ်တော့ ယုံကြည်မှု ရှိပါသေးတယ်...”
ဂျန်းစီမံခန့်ခွဲရေးမှူးက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆို ဒီကိစ္စကို အတည်ပြုလိုက်ပြီ...”
ထို့နောက် သူက နောက်ဘက်ရှိ လူတစ်ယောက်ကို လှည့်ပြောလိုက်သည်။
မကြာမီ လူတစ်ယောက်က ရှေ့သို့ ထွက်လာပြီး သိုလှောင်အိတ်ထဲမှ အထုပ်ကြီးတစ်ထုပ် ထုတ်ယူလိုက်သည်။ အထုပ်ထဲတွင် ဆေးဖော်စပ်ကုန်ကြမ်း အစုံ နှစ်ရာ ပါဝင်နေသည်။
နောက်ထပ် လူတစ်ယောက်က စာအုပ်တစ်အုပ် ကိုင်ထားပြီး လင်းကျင်း၏ အမည်ကို မှတ်တမ်းတင်လိုက်သည်။ ထိုသို့ဖြင့် ဒီကိစ္စ ပြီးဆုံးသွားခဲ့ပေသည်။
ယခုမှစ၍ လင်းကျင်းသည် လစဉ် ပထမအဆင့် ဆေးလုံး အလုံးတစ်ရာ့ငါးဆယ်ကို အချိန်မီ တင်သွင်းရန်သာ လိုအပ်ပေတော့သည်။
အခြားသူများကဲ့သို့ နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ရန် မလိုတော့ပေ။
ကိစ္စအားလုံး ပြီးစီးသွားပြီးနောက် စီမံခန့်ခွဲသူ ဂျန်းလည်း ပြန်သွားရန် ပြင်ဆင်လိုက်ပြီး မထွက်ခွာမီ လင်းကျင်းက စီမံခန့်ခွဲသူ ဂျန်းအား လက်ဆောင်အသေးစား အနည်းငယ် ပေးလိုက်သေးသည်။
ဒီကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပေ။ ယခင်တစ်ခေါက်က စီမံခန့်ခွဲသူ ဂျန်း ပြောခဲ့သော စကားများကြောင့် လင်းကျင်းသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ချွေတာနိုင်ခဲ့သည်။
ထို့ကြောင့် သူ့အား ကျေးဇူးတင်ကြောင်း တစ်နည်းနည်းဖြင့် ဖော်ပြသင့်သည်ဟု လင်းကျင်း ခံစားမိခဲ့သည်။
စီမံခန့်ခွဲသူ ဂျန်းသည် အစပိုင်းတွင် ငြင်းဆန်သော်လည်း လင်းကျင်းက အကြိမ်ကြိမ် တိုက်တွန်းနေသဖြင့် နောက်ဆုံးတွင် လက်ဆောင်များကို လက်ခံပြီး လူနှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
စီမံခန့်ခွဲသူ ဂျန်း ထွက်သွားပြီးနောက် လင်းကျင်းလည်း အခန်းထဲသို့ ပြန်ဝင်လာသည်။
ထို့နောက် သူသည် ဆေးဖော်စပ်ကုန်ကြမ်း အစုံ နှစ်ရာကို ထုတ်ယူကာ စတင် စီစဉ်နေလိုက်သည်။
“ခေါက်... ခေါက်... ခေါက်...” မကြာမီမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လင်းကျင်းက စားပွဲပေါ်တွင် မစီစဉ်ရသေးသော ဆေးပင်များကို ချထားခဲ့ပြီး တံခါးဆီသို့ လျှောက်သွားသည်။
ခြံဝင်းတံခါးကို ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် နင်ယွဲ့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
“တာအိုရောင်းရင်း နင်ကိုး၊ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ...”
နင်ယွဲ့ကလည်း အားနာမနေဘဲ တိုက်ရိုက် ဝင်လာခဲ့သည်။ လော့လော့ ပါမလာသည်ကို မြင်သဖြင့် လင်းကျင်းက မေးလိုက်သည်။
“လော့လော့ကော ဘယ်မှာလဲ၊ ဘာလို့ အတူ မလာတာလဲ...”
နင်ယွဲ့က ပြန်ဖြေသည်။ “လော့လော့က ဆော့ကစားရင်း ပင်ပန်းသွားလို့ အခု အိမ်မှာ အိပ်ပျော်နေတယ်...။
“သြော်... ဒီလိုကိုး။” လင်းကျင်းက ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။
“ဒါနဲ့ တာအိုရောင်းရင်း နင် ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ...”
နင်ယွဲ့က ခေါင်းလှည့်ပြီး လင်းကျင်းကို ကြည့်ကာ မေးလိုက်သည်။
“စီမံခန့်ခွဲသူ ဂျန်းဆီက ကြားရတာ၊ ရှင် ဆေးဖော်စပ်တာဝန် ချထားခံရတယ်ဆို...”
“ဟုတ်တယ်။” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“ကျင့်ကြံသူစျေးမှာ ပထမအဆင့် ဆေးဆရာတွေကို ပေးထားတဲ့ တာဝန်က တော်တော်များတယ်လို့ ကြားတယ်...”
“အလယ်အလတ်အဆင့်နဲ့ အထက် ပထမအဆင့် ဆေးလုံး အလုံးတစ်ရာ့ငါးဆယ်တောင်တဲ့...”
“ဘယ်လိုထင်လဲ၊ ရှင့်အတွက် ခက်ခဲလား...”
“တာဝန်ပမာဏ အရမ်းများတယ်လို့ ခံစားရရင် ကျွန်မ ကူပြီး ဆေးလုံးတချို့ ဖော်စပ်ပေးနိုင်တယ်။ ဒါဆို ရှင့်အပေါ် ဖိအား နည်းသွားမှာပေါ့....”
လင်းကျင်းက အံ့ဩသွားသည်။ နင်ယွဲ့ ဒီကို လာရခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။
“တာအိုရောင်းရင်း နင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုပါဘူး။ ပထမအဆင့် ဆေးလုံး အလုံးတစ်ရာ့ငါးဆယ်က ကျွန်တော့်အတွက် ပြဿနာ မဟုတ်ဘူး....”
ထိုသို့ ပြောပြီးနောက် လင်းကျင်းက နင်ယွဲ့ကို ကြည့်ကာ မေးလိုက်သည်။
“တာအိုရောင်းရင်း နင်၊ ဒုတိယအဆင့် ဆေးဆရာတွေဖြစ်တဲ့ ခင်ဗျားတို့ကိုရော ဘယ်လိုတာဝန်တွေ ပေးထားလဲ...”
“ကျွန်မတို့ကတော့ အဆင်ပြေတယ်.... လစဉ် အလယ်အလတ်အဆင့်နဲ့ အထက် ဒုတိယအဆင့် ဆေးလုံး အလုံးနှစ်ဆယ် ပေးဖို့ပဲ လိုတယ်...”
“နောက်ပြီး ကုန်ကြမ်းအစုံ ငါးဆယ် ပေးထားတယ်။ ဒါက လုံလောက်တာထက်တောင် ပိုနေသေးတယ်...”
သားရဲလှိုင်းကို အဓိက ခုခံတိုက်ခိုက်နေသူများမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့ အသုံးပြုသည့် ဆေးလုံးများမှာလည်း ဒုတိယအဆင့် ဆေးလုံးများသာ ဖြစ်သည်။
ထို့ကြောင့် ဒုတိယအဆင့် ဆေးလုံးများကို အဓိက ထုတ်လုပ်ပေးနေရသူများမှာ ဒုတိယအဆင့် ဆေးဆရာများ ဖြစ်ပြီး ကျင့်ကြံသူစျေးအနေဖြင့်လည်း သူတို့ကို အလွန်အကျွံ ဖိအားပေးရန် မဝံ့ရဲပေ။
“ဒါဆို ကောင်းတာပေါ့....” လင်းကျင်းက ပြောလိုက်သည်။
ထိုစကား ပြောပြီးနောက် သူ ဘာဆက်ပြောရမည်ကို မသိတော့ပေ။
နင်ယွဲ့လည်း အလားတူပင် ဖြစ်နေသည်။
ခဏတာအတွင်း နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်...
“တာအိုရောင်းရင်း နင်...”
“တာအိုရောင်းရင်း လင်း...”
နှစ်ယောက်သား တစ်ချိန်တည်း စကားစလိုက်ကြပြီး ချက်ချင်း ရပ်သွားကြသည်။
“တာအိုရောင်းရင်း နင် အရင်ပြောပါ...”
ခဏအကြာတွင် တိတ်ဆိတ်မှုကို လင်းကျင်း ဦးစွာ ချိုးဖျက်လိုက်တော့သည်။