အခန်း (၅) - သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်း
“ဟမ်... လုပ်ဆောင်ချက် အသစ်တခု ထပ်ပွင့်လာပြီလား။...”
လင်းကျင်း စနစ်ရဲ့မျက်နှာပြင်ကို ထပ်မံ ဖွင့်ပြီးစစ်ဆေးကြည့်လိုက်သည်။
နေရာလွတ်စနစ် ( အဆင့် - ၂ )
ကျန်ရှိသော အချိန် - ၂ နာရီ ၁၆ မိနစ် (စုဆောင်းနိုင်သော အချိန် - ၂၀၀ နာရီ)
ပိုင်ရှင် - လင်းကျင်း
ဝိညာဉ်စိုက်ခင်း အကျယ် - ၂၀ မူ
ဝိညာဉ်စွမ်းအင် သိပ်သည်းဆ - ၂
အချိန်စီးဆင်းနှုန်း - ၂
နေ့စဉ် ဝင်ရောက်နိုင်သော အချိန် - ၄ နာရီ
အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (10/500 ရိတ်သိမ်းမှတ်)
အထူးလုပ်ဆောင်ချက် -
စောင့်ကြည့်သတိပေးခြင်း -(ပိုင်ရှင်သည် နေရာလွတ်စနစ်ထဲ ဝင်ရောက်ပြီးချိန်မှာ အပြင်လောကရှိ ပိုင်ရှင်၏ အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက ချက်ချင်း သတိပေးမည်။)
ကြည့်ရှု ရှာဖွေခြင်း - (ပိုင်ရှင်သည် နေရာလွတ်စနစ်အတွင်းမှ အပြင်လောကကို ကြည့်ရှု ရှာဖွေနိုင်သည်။)
(မှတ်ချက်။ ကြည့်ရှု ရှာဖွေနေစဉ် အမြင်သည် အပြင်လောက၏ အချိန်စီးဆင်းမှုနှင့် တပြိုင်တည်း ဖြစ်နေမည်။)
အချိန် စုဆောင်းခြင်း - (နေ့စဉ် ကျန်ရှိသော ဝင်ရောက်နိုင်ချိန်များကို သုညအဖြစ် ပြန်မသတ်မှတ်တော့ဘဲ ဆက်လက် စုဆောင်းထားနိုင်သည်။)
“ဟူး...”
“ဝင်ရောက်နိုင်တဲ့ အချိန် ထပ်တိုးလာပြီပဲ။ ဒါဆို တရက်ကို ၄ နာရီ ဝင်နိုင်ပြီပေါ့။ ဒါ့အပြင် အချိန်စီးဆင်းနှုန်းကလည်း နှစ်ဆ ဖြစ်သွားတယ်။...” လင်ကျင်း၏ မျက်လုံးများ တောက်ပလာသည်။
“ဆိုလိုတာက အခုကစပြီး ငါ စနစ်ရဲ့နေရာလွတ်ထဲမှာ တစ်နေ့ ၈ နာရီ နေလို့ရပြီးတော့ အပြင်လောကကတော့ ၄ နာရီပဲ ကုန်သွားမယ်။ တွက်ကြည့်လိုက်ရင် ငါ အမြတ်ကြီး ရသွားတာ မဟုတ်ဘူးလား။...”
ထိုအတွေးကို တွေးမိရုံဖြင့် လင်းကျင်းရဲ့ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တဖွားဖွား ပေါ်လာတော့သည်။
နေ့တိုင်း သူ့တွင် အခြားလူများထက် အချိန် ၄ နာရီ ပိုလာပေမည်။ ဒီအားသာချက်ဖြင့် သူ့ရဲ့ ကျင့်ကြံရေး တိုးတက်မှု မရှိလာမှာကို သူ ဘာကြောင့် စိုးရိမ်ရဦးပေမည်နည်း။
ထို့အပြင် ယခုက အစပဲ ရှိနေသေးသည်။ စနစ်ရဲ့နေရာလွတ် အဆင့်များ ဆက်လက် မြင့်တက်လာသည်နှင့်အမျှ နေ့စဉ် ဝင်ရောက်နိုင်ချိန်နှင့် အချိန်စီးဆင်းနှုန်းတို့လည်း ပိုမို တိုးတက်လာဦးမည်။
လင်ကျင်းသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ပတ်ဝန်းကျင်ရှိ သိပ်သည်းထူထပ်လှသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် ယုံကြည်မှုများ အပြည့်အဝ ပြည့်နှက်လာပေတော့သည်။
အဆင့် ၂ စနစ်ရဲ့နေရာလွတ် ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ဝိညာဉ်စွမ်းအင်စုစည်း အစီအရင်ငယ် ဖွဲ့စည်းထားတဲ့ စီမံခန့်ခွဲသူ လီရဲ့ အိမ်ဝင်းထက်ပင် ပိုမို ထူထပ်နေပေသေးသည်။
ဒီလောက် ထူထပ်တဲ့ ဝိညာဉ်စွမ်းအင် ရှိတဲ့ပတ်ဝန်းကျင်မှာ လင်းကျင်း ကျင့်ကြံမည်ဆိုပါက ရလဒ်သည်ကား အကျိုးနှစ်ဆ ပိုကောင်းနေမည် မဟုတ်ပါလား။
လင်းကျင်း ရုတ်တရက် စိတ်ချလက်ချ ဖြစ်သွားပြီး ဓာတ်ကြီး ငါးမျိုး ရောနှောဝိညာဉ်မြစ် ဖြစ်နေရင်ကော ဘာဖြစ်လဲ။ ဝိညာဉ်အမြစ် အရည်အသွေး မကောင်းရင် အချိန်နဲ့အမျှ ပြန်လည်ဖြည့်တင်းနိုင်ပေသည်။
စနစ်ရဲ့နေရာလွတ် ရှိနေသရွေ့ ကျင့်ကြံရေးအဆင့်ကို အချိန်နဲ့အမျှ ဖိတင်သွားလို့ ရပေသည်။
“စနစ်...”
“သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်းကို စတင်လိုက်။”
စိတ်လှုပ်ရှားနေသော်လည်း လင်းကျင်းသည် ကိုယ်လုပ်ရမည့် အရေးကြီးကိစ္စကို မမေ့သေးပေ။ အပြင်လောကရှိ သူ၏ မြက်မိုးတဲငယ်ထဲမှာ လူသုံးယောက်က သူ့ကို စောင့်နေကြဆဲ ဖြစ်သည်။
ထိုနောက် လင်းကျင်းရဲ့ အမြင်သည် နတ်ဘုရားတစ်ပါး၏ အမြင်ကဲ့သို့ မြင့်တက်လာတော့သည်။ မြက်မိုးတဲငယ်ကို ဗဟိုပြု၍ သူ၏ မြင်ကွင်းအကျယ်အဝန်းသည် ပို၍ ပို၍ ကျယ်ပြန့်လာပေတော့သည်။
“ဒင်…”
“မြင်ကွင်းချဲ့ထွင်မှု ပြီးဆုံးပါပြီ။”
“ကျေးဇူးပြု၍ ရွှေ့ပြောင်းမည့် နေရာကို ရွေးချယ်ပါ၊ သခင်။”
စနစ်ရဲ့ အသံ ထွက်ပေါ်လာသည့် အချိန်တွင်မှ မြင်ကွင်း ချဲ့ထွင်ခြင်း ရပ်တန့်သွားသည်။
လင်းကျင်း သတိထားမိလိုက်သည်မှာ ဒီဧရိယာရဲ့ အကျယ်အဝန်းသည် ဝိညာဉ်စိုက်ခင်း၏ အကျယ်အဝန်းနှင့် အတိအကျ တူညီနေပြီး ၂၀ မူ တိတိ ရှိနေသည်။
“ဒီနေရာပဲ ကောင်းတယ်...”
လင်းကျင်းက မြက်မိုးတဲနှင့် အနည်းငယ် ဝေးကွာသော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။
“ရွှေ့ပြောင်းမှု စတင်လိုက်။”
လင်းကျင်း စကားဆုံးသည်နှင့် သူ့ရှေ့ရှိ မြင်ကွင်းများ မှုန်ဝါးလာပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန် ပျောက်ဆုံးသွားသလို မူးဝေသော ခံစားချက်တစ်ခု ပေါ်ပေါက်လာ၏။
ချက်ချင်းပင် သူ့ရဲ့ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ သို့သော် လင်းကျင်းက အလျင်အမြန် ဟန်ချက်ပြန်ထိန်းလိုက်သည်။
သူ့ ခြေဖဝါးအောက်မှာ မြေပြင်၏ ထိတွေ့မှုကို ပြန်လည် ခံစားလိုက်ရပြီး အလေးမဲ့ ခံစားချက်မှာလည်း ပျောက်ကွယ်သွားတော့သည်။
ရှေ့ကို ကြည့်လိုက်တဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံးမှာလဲ အမှောင်ထုဖြင့် ဖုံးလွှမ်းနေသည်။
လင်းကျင်းက ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ကြယ်ပေါင်းများစွာ တောက်ပနေသော်လည်း တိမ်များက လမင်းကြီးကိုတော့ ဖုံးကွယ်ထားခဲ့သည်။
ကံကောင်းစွာဖြင့် ကျင့်ကြံသူ ဖြစ်လာပြီးနောက် သူ၏ ညမြင်နိုင်စွမ်းသည် များစွာ တိုးတက်လာခဲ့သည်။ ဤမျှ အမှောင်မျိုးက သူ့အတွက် မည်သည့် အခက်အခဲမှ မဟုတ်တော့ပေ။
ပတ်ဝန်းကျင်ကို အနည်းငယ် ကြည့်ရှုကာ မိမိ ရောက်ရှိနေသည့် နေရာကို အတည်ပြုပြီးနောက် လင်းကျင်းသည် မြက်မိုးတဲငယ်ဘက်သို့ လမ်းလျှောက်သွားတော့သည်။
သူ လုံးဝ မထိတ်လန့်ပေ။ အဘယ်ကြောင့်ဆိုသော် စနစ်နေရာလွတ်မှ မထွက်လာခင်ကတည်းက တဲအတွင်း စောင့်နေသော လူသုံးယောက်ကို မည်သို့ ရှင်းပြရမည်ဆိုတဲ့ အကြောင်းပြချက်ကို သူ ကြိုတင် စဉ်းစားထားပြီးသား ဖြစ်နေသောကြောင့်ပင်။
......
ထိုအချိန် လင်းကျင်း၏ မြက်မိုးတဲငယ်အတွင်းရှိ ဟန်ကျင်းနှင့် စီမံခန့်ခွဲသူ လီတို့သည် စားပွဲ၏ တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြပြီး ယွမ်ပေါ့ကတော့ စီမံခန့်ခွဲသူ လီ၏ ဘေးတွင် မတ်တပ်ရပ်ကာ အလွန် သတိထားလျက်ရှိနေသည်။
လူသုံးယောက်စလုံး၏ အကြည့်များမှာ တံခါးပေါက်ဆီသို့သာ စိုက်ကြည့်နေကြပြီး လင်းကျင်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
စီမံခန့်ခွဲသူ လီသည် စကားတစ်ခွန်းခွန်း ပြောချင်နေသော်လည်း ဟန်ကျင်း၏ မနှစ်မြို့သော မျက်နှာထားကို မြင်သောအခါ ပြန်မျိုချလိုက်ရသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွား၏။ သို့သော် လင်ကျင်းကား ပြန်မလာသေးပေ။ မြက်မိုးတဲအတွင်းရှိ လေထုမှာလည်း ပိုမို ပိုမို တင်းမာလာတော့သည်။
နောက်ဆုံးတွင် ဟန်ကျင်းက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ဦးစွာ မေးမြန်းလိုက်သည်။
“မင်းတို့ ရောက်လာတုန်းက သူ အိမ်ထဲမှာ တကယ် မရှိဘူးလား။...”
ရုတ်တရက် မေးခွန်းကြောင့် မူလကတည်းက စိတ်လှုပ်ရှားနေသော ယွမ်ပိုမှာ လန့်ဖျပ်သွားပြီး သူ ယခုအချိန်တွင် ခေါင်းပင် မမော့ရဲတော့ပေ။
နေ့ခင်းဘက်တုန်း မောက်မာမှုများလည်း လုံးဝ ပျောက်ကွယ်သွားကာ ဟန်ကျင်း ရုတ်တရက် ဒေါသထွက်ပြီး သူနှင့် သူ့ဦးလေးကို တစ်ချက်တည်း သတ်ပစ်မည်ကိုသာ ကြောက်ရွံ့နေခဲ့သည်။
အကြောင်းမှာ ဟန်ကျင်းသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး သူတို့နှစ်ယောက် ပေါင်းလိုက်လျှင်ပင် ဟန်ကျင်း၏ ပြိုင်ဘက် မဟုတ်သောကြောင့်ပင်။
ယွမ်ပိုသည် လင်းကျင်း အမြန်ပြန်လာစေချင်သောစိတ်ကို ယခင်မည်သည့်အခါမျှ ယခုလောက် မပြင်းပြဖူးပေ။
သို့သော် ထိုအတွေးမျိုး ရှိနေသူမှာ သူတစ်ယောက်တည်း မဟုတ်ပေ။ စီမံခန့်ခွဲသူ လီလည်း အလားတူပင် ဖြစ်သည်။
သူသည် အကြီးအကဲတစ်ဦးအတွက် အလုပ်လုပ်နေပြီး အကြီးအကဲ၏ ကျောထောက်နောက်ခံလည်း ရှိသော်လည်း ဟန်ကျင်းကို အမှန်တကယ် ဒေါသထွက်စေပြီး သူသာ အသတ်ခံလိုက်ရလျှင် အရာအားလုံး အချည်းနှီး ဖြစ်သွားမည်သာ ဖြစ်ပေလိမ့်မည်။
တစ်ဖက်လူက အတွင်းစည်းတပည့် ဖြစ်ပြီး နောက်ခံအင်အားမှာလည်း သူ့ထက် များစွာ ကြီးမားသည်။ သူ့ကို တကယ် သတ်ပစ်ခဲ့လျှင်ပင် ဂိုဏ်းက ဟန်ကျင်းကို ပြင်းပြင်းထန်ထန် အရေးယူမည် မဟုတ်ပေ။
အများဆုံး ပြစ်ဒဏ်အနည်းငယ် ချမှတ်ပြီး တံခါးပိတ် ကျင့်ကြံကာ မိမိရဲ့အပြစ်ကို ဆင်ခြင်စေခြင်းသာ ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် အတွင်းစည်းတပည့်တစ်ယောက်၏ တန်ဖိုးသည် သူ့ထက် များစွာ မြင့်မားနေပေသည်။ ဂိုဏ်းက သူ့လိုလူအတွက်နဲ့တော့ ဟန်ကျင်းကို စွန့်ပစ်မည် မဟုတ်ပေ။
ထို့အပြင် လင်းကျင်း ပျောက်ဆုံးသွားခြင်းနှင့် သူ ရှင်းပြလို့ မရနိုင်တဲ့အခြေအနေတွင် ဒီနေရာမှာရှိနေခြင်းတို့ကိုပါ ထည့်တွက်လိုက်လျှင် ဒီကိစ္စသာ ဂိုဏ်းအထိ ရောက်သွားပါက သူ ဘယ်လိုမှ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် စီမံခန့်ခွဲသူ လီလည်း အလွန် စိတ်လှုပ်ရှားနေပြီး ဟန်ကျင်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
“ငါတို့ ရောက်လာတုန်းက သူ တကယ် မရှိပါဘူး။ စီနီယာအကိုဟန် မယုံဘူးဆိုရင် ငါ့တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။…”
ထိုစကားကြောင့် နောက်ထပ် ပြောရန် ပြင်ထားသော ဟန်ကျင်းလည်း တိတ်ဆိတ်သွားပေသည်။ တာအိုနှလုံးသားကို တိုင်တည်၍ ကျိန်ဆိုမည်ဟုပင် ပြောနေသဖြင့် တစ်ဖက်လူသည် အမှန်တကယ် လိမ်ညာနေခြင်း မဟုတ်ဟု ထင်ရပေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဟန်ကျင်းက စီမံခန့်ခွဲသူ လီကို လှည့်ကြည့်လိုက်သည်။
“သူ ဒီမှာ မရှိမှတော့ ငါတို့ ဒီလို ထိုင်စောင့်နေတာလည်း အဓိပ္ပာယ် မရှိနေဘူး။ အပြင်ထွက်ပြီး ရှာကြည့်တာ ပိုကောင်းမယ် ထင်တယ်။ စီမံခန့်ခွဲသူ လီ၊ မင်း ဘယ်လို ထင်လဲ။...”
“ကောင်းပါတယ်။...”
စီမံခန့်ခွဲသူ လီက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
ထို့နောက် နှစ်ယောက်သား မတ်တပ်ရပ်ကာ အိမ်အပြင်သို့ ထွက်ရန် ပြင်လိုက်ကြသည့် အချိန်မှာပင် ဟန်ကျင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။
စီမံခန့်ခွဲသူ လီက အံ့ဩစွာ မေးလိုက်သည်။
“စီနီယာအကို ဟန် ဘာဖြစ်လို့လဲ။…”
ဟန်ကျင်းက အပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်တော့သည်။
“ရှာစရာ မလိုတော့ဘူး။ သူ ပြန်လာပြီ။...”
......
စနစ်ရဲ့နေရာလွတ်မှ ထွက်လာပြီးနောက် လင်းကျင်းသည် ဘာမှ မသိသကဲ့သို့ ဟန်ဆောင်ကာ မိမိ၏ မြက်မိုးတဲငယ်ဆီသို့ ဦးတည်လျှောက်လာသည်။
သံသယမဝင်စေရန်အတွက် အိမ်အတွင်းရှိမီးရောင်ကို မြင်လိုက်သည်နှင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်၏။
မြက်မိုးတဲနားသို့ ရောက်လာသောအခါ တံခါးဝတွင် ရပ်နေသော လူသုံးယောက်ကို တွေ့လိုက်ရသည်။ လင်းကျင်းက ခဏ ရပ်တန့်သွားပြီး ထို့နောက် အလျင်အမြန် ရှေ့တိုးလာကာ ရှေ့ရှိ လူနှစ်ယောက်ကို လက်ဟန်ပြုပြီး အရိုအသေပေးလိုက်သည်။
“စီနီယာအကို ဟန်၊ စီမံခန့်ခွဲသူ လီ။ ဒီကို ဘာကိစ္စဖြင့် ရောက်လာကြတာလဲ ခင်ဗျာ။”
စီမံခန့်ခွဲသူ လီက မျက်နှာထား တည်တင်းစွာဖြင့် ဆူပူလိုက်သည်။
“ညသန်းခေါင်ကြီး ဘယ်တွေ လျှောက်သွားနေတာလဲ။ ဂိုဏ်းအတွင်းမှာ အကြောင်းမဲ့ လျှောက်သွားလာနေတာကို တားမြစ်ထားတယ်ဆိုတာ မသိဘူးလား။...”
ယခုအချိန်၌ စီမံခန့်ခွဲသူ လီ၏ ရုပ်သွင်မှာ လေးနက်တည်ကြည်နေပြီး အာဏာရှိသူတစ်ယောက်၏ ဟန်ပန်အပြည့် ဖြစ်နေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လင်းကျင်း စိတ်ထဲတွင် မနေနိုင်ဘဲ ချီးကျူးမိသွား၏။ သူ့မှာသာ အစကတည်းက အရာအားလုံးကို မျက်မြင်ကြည့်နေခဲ့ခြင်း မရှိပါက တစ်ဖက်လူ၏ လှည့်စားမှုကို ယုံကြည်မိလောက်ပေမည်။
ဒီသရုပ်ဆောင်စွမ်းရည်မျိုးဖြင့် ကမ္ဘာမြေမှာသာဆိုလျှင် အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိဖို့ သေချာပေါက် ပြဿနာ မရှိနိုင်ပေ။
လင်ကျင်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။
“စီမံခန့်ခွဲသူ လီကို တင်ပြပါတယ်။ ခုနက ကျွန်တော် အဆင့် ချိုးဖြတ်တော့မယ့် အခြေအနေကို ခံစားမိခဲ့ပါတယ်။ ဒါ့ကြောင့် အနှောင့်အယှက် တစ်ခုခုကြောင့် အဆင့်ချိုးဖြတ်တာ ထိခိုက်သွားမှာကို စိုးရိမ်လို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားရှာပြီး အဆင့်ချိုးဖြတ်ခဲ့တာပါ။”
“စီမံခန့်ခွဲသူ လီ စိတ်ချပါ။ ဂိုဏ်းစည်းကမ်းတွေကို ကျနော် သိပါတယ်။ ဒီနေရာနဲ့ အရမ်းမဝေးတဲ့ နေရာမှာပဲ ရှိနေခဲ့တာပါ။ အဝေးကြီး လျှောက်မသွားခဲ့ပါဘူးခင်ဗျာ။…”
“အဆင့်ချိုးဖြတ်ခဲ့တယ် ဟုတ်လား။…”
ဘေးတွင် ရပ်နေသော ဟန်ကျင်း၏ မျက်လုံးများ တောက်ပသွားသည်။
သူသည် ချက်ချင်း နတ်အာရုံကို ထုတ်လွှတ်ကာ လင်းကျင်းကို စစ်ဆေးလိုက်၏။
လင်းကျင်းက လက်ဆုပ်လက်ကိုင်ပြု၍ ပြန်ဖြေသည်။
“စီနီယာအကို ဟန်ကို တင်ပြပါတယ်။ ကံကောင်းထောက်မစွာနဲ့ အခုလေးတင် ချိုးဖြတ်နိုင်ခဲ့ပါတယ်။”
“ဟုတ်သားပဲ...”
စစ်ဆေးပြီးနောက် ဟန်ကျင်းသည် လင်းကျင်း အမှန်တကယ် ဖောက်ထွက်အောင်မြင်သွားကြောင်း အတည်ပြုလိုက်နိုင်သည်။
ထို့နောက် သူရဲ့ ခေါင်းကို လှည့်ကာ စီမံခန့်ခွဲသူ လီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“စီမံခန့်ခွဲသူ လီ ခုနက မင်း ပြောခဲ့တာ မဟုတ်ဘူးလား။ လင်းကျင်း ဂိုဏ်းကနေ နှင်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး မင်းလည်း တာဝန်ရှိတယ်လို့ ခံစားရလို့ သူ ပြန်လာတာကို စောင့်ပြီး လမ်းစရိတ်နည်းနည်း ပေးချင်တယ်ဆိုတာလေ။...”
ဟန်ကျင်း၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်စ ပေါ်ထွက်လာပြီး
“အခု သူ ပြန်ရောက်လာပြီလေ။...”