အခန်း (၄၆) - ကျင့်ကြံသူစျေး၏ ကြေညာချက်
လင်းကျင်းတို့ အိမ်ပတ်ချာလည် တခုတည်းမဟုတ်ဘဲ အခြားနေရာများစွာရှိ အဆောက်အအုံများ ပြိုကျပျက်စီးနေကြသည်။
လူအများစုမှာ အပျက်အစီးပုံများပေါ်တွင်သာ ထိုင်နားနေရတော့သည်။ သို့သော် သေဆုံးသွားသူများနှင့် နှိုင်းယှဉ်လျှင်တော့ သူတို့သည် အလွန်ကံကောင်းသူများဟု ဆိုနိုင်သည်။
မကြာမီ မိုးလင်းသွားပြီး နေမင်းကြီးလည်း ထွက်ပေါ်လာသည်။ ကျင့်ကြံသူစျေးမှ လူများသည် နောက်ဆုံးတွင် ရောက်ရှိလာကြသည်။
ထိုအခါမှ မနေ့ညက မီးအဆိပ်ကင်းခြေများကို သတ်ဖြတ်ရန် ကျင့်ကြံသူစျေး အစောင့်တပ်ဖွဲ့ဝင်များ ဘာကြောင့် မရှိခဲ့ကြောင်း လူတိုင်း သိလိုက်ရသည်။
မနေ့ညက သားရဲလှိုင်းတစ်ခု ဖြစ်ပွားခဲ့ပြီး ကျင့်ကြံသူစျေးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ကျင့်ကြံသူစျေး အစောင့်တပ်ဖွဲ့ဝင်များသည် ထိုသားရဲလှိုင်းကို ခုခံတိုက်ခိုက်ရာတွင် အင်အားအပြည့် သုံးစွဲထားရသဖြင့် စျေးအတွင်းပိုင်း ကာကွယ်ရေးမှာ အားနည်းချက်ကြီးတစ်ခု ပေါ်ပေါက်သွားခဲ့သည်။
ထိုမီးအဆိပ်ကင်းခြေများကလည်း အစောင့်တပ်ဖွဲ့ဝင်များ နတ်ဆိုးသားရဲများနှင့် တိုက်ပွဲဆင်နွှဲနေချိန်၊ အာရုံမစိုက်နိုင်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူခဲ့သည်။
၎င်းသည် မြေအောက်မှ တူးဖောက်ကာ ကျင့်ကြံသူစျေးထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
ထို့အပြင် ကျင့်ကြံသူစျေး စီမံခန့်ခွဲရေးဘက်မှ ကြေညာချက် နှစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။
ပထမကြေညာချက်မှာ—
‘မနေ့ညက သားရဲလှိုင်းကြောင့် ကျင့်ကြံသူစျေး အစောင့်တပ်ဖွဲ့များ ဆုံးရှုံးမှုကြီးမားခဲ့သဖြင့် အစောင့်အသစ် အများအပြား ခေါ်ယူသွားမည် ဖြစ်ကြောင်း…’
ဒုတိယကြေညာချက်မှာ—
‘အပြင်ဘက်ရှိ နတ်ဆိုးသားရဲများ၏ လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာနေသဖြင့် နောက်ထပ် သားရဲလှိုင်းများ မဖြစ်ပွားစေရန် ကျင့်ကြံသူစျေး၏ အပြင်ဘက် ပတ်လည်တွင် ကာကွယ်ရေး မဟာအစီအရင်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်း…’
ကျင့်ကြံသူစျေးအတွင်း နေထိုင်သည့် ကျင့်ကြံသူတိုင်းသည် ဝိညာဉ်ကျောက်တုံးများ ပေးဆောင်ရပေမည်။
အမှန်ပင် မွန်းတည့်ချိန် မရောက်သေးမီမှာပင် စီမံခန့်ခွဲသူ ဂျန်းသည် လူအချို့ကို ခေါ်ဆောင်ကာ ရောက်လာခဲ့သည်။
“တာအိုရောင်းရင်း လင်း….” စီမံခန့်ခွဲသူ ဂျန်းက ရှေ့တိုးလာပြီး လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
“စီမံခန့်ခွဲသူ ဂျန်း...” လင်းကျင်းကလည်း လက်နှစ်ဖက်ယှက်ကာ ပြန်နှုတ်ဆက်လိုက်သည်။
စီမံခန့်ခွဲသူ ဂျန်းသည် ခေါင်းလှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
နေရာအနှံ့မှာ အပျက်အစီးပုံများနှင့် ကျောက်ခဲအုတ်ခဲများသာ ရှိနေသည်။ မြေငလျင် လှုပ်သွားခဲ့သည့်အတိုင်းပင်။ မပျက်စီးသေးသော အိမ်တစ်လုံးတလေပင် မရှိတော့ပေ။
“ဒီမီးအဆိပ်ကင်းခြေများကတော့ တကယ်ပဲ...”
စီမံခန့်ခွဲသူ ဂျန်းက သက်ပြင်းချလိုက်ပြီးနောက် လင်းကျင်းကို ပြောသည်။
“ဒီနေ့ ကျင့်ကြံသူစျေးက ထုတ်ပြန်တဲ့ ကြေညာချက်နှစ်ခုကို တာအိုရောင်းရင်းလင်း ကြားပြီးပြီ မဟုတ်လား....”
“ကြားပြီးပါပြီ...” လင်းကျင်းက ပြန်ဖြေလိုက်သည်။
“ဒီတစ်ကြိမ် အစီအရင် တည်ဆောက်ဖို့ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ မေးပါရစေ....”
သို့သော် စီမံခန့်ခွဲသူ ဂျန်းက ချက်ချင်း မဖြေသေးပေ။
သူသည် ရှေ့တစ်လှမ်း တိုးလာပြီး လင်းကျင်းနှင့် ပို၍ နီးကပ်လာကာ
“တာအိုရောင်းရင်း လင်း၊ အလျင်မလိုပါနဲ့...”
“တကယ်တော့ ဒီတစ်ကြိမ်က အစီအရင်ကိစ္စ တစ်ခုတည်း မဟုတ်ဘူး။ ကျင့်ကြံသူစျေးဘက်က နောက်နှစ်အတွက် အိမ်ငှားခကိုလည်း ကြိုတင် ကောက်ခံဖို့ ဆုံးဖြတ်ထားတယ်....”
“ဒါ့အပြင်... ဒီတစ်ကြိမ် ကျင့်ကြံသူစျေး အစောင့်တပ်ဖွဲ့ရဲ့ ဆုံးရှုံးမှုကလည်း မသေးလှဘူး။ အစောင့်တပ်ဖွဲ့ကို လူအင်အား ပြန်ဖြည့်တင်းဖို့ လိုအပ်နေတယ်....”
“ဒါကြောင့် အိမ်ထောင်စုတိုင်းက ကာကွယ်ရေးကြေး အနည်းငယ် ပေးဆောင်ရမှာ ဖြစ်တယ်။ အစောင့်တပ်ဖွဲ့ဝင်တွေက ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် အသက်စွန့်ပြီး နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေရတာ။”
“ခင်ဗျားတို့က ဘာမှ မလုပ်ဘဲ အကျိုးပဲ ခံစားနေမယ်ဆိုရင် မသင့်တော်ဘူး မဟုတ်လား။ တာအိုရောင်းရင်းလင်း၊ ကျွန်တော် ပြောတာ မှန်တယ်လို့ မထင်ဘူးလား...”
“အင်း... နားလည်ပါတယ်...” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“စီမံခန့်ခွဲသူ ဂျန်း၊ ဒီတစ်ကြိမ် စုစုပေါင်း ဘယ်လောက် ပေးရမလဲသာ ပြောပါ...”
“တာအိုရောင်းရင်းလင်း၊ ကျင့်ကြံသူစျေးထဲက အိမ်ငှားခက မြင့်တက်သွားပြီ။ အိမ်ထောင်စုတစ်စုကို တစ်နှစ်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ၂၀ ပေးရမယ်...”
“ထို့အပြင် အစီအရင် တည်ဆောက်ခက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ၃၀ …”
“နောက်ဆုံးအနေနဲ့ အစောင့်တပ်ဖွဲ့ကို ဆက်လက် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ကာကွယ်ရေးကြေးက လစဉ်ပေးဆောင်ရမှာဖြစ်ပြီး တစ်ကြိမ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ လုံး …”
“အားလုံးပေါင်းလိုက်ရင် စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ၆၀ ကျသင့်မယ်....”
ထိုအချိန်တွင် စီမံခန့်ခွဲသူ ဂျန်းက လေသံပြောင်းလိုက်ပြီး ဆက်ပြောသည်။
“တာအိုရောင်းရင်းလင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေ မလုံလောက်ဘူးဆိုရင်လည်း ကိစ္စမရှိဘူး။ အစောင့်တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ရွေးချယ်နိုင်တယ်။...”
“အစောင့်တပ်ဖွဲ့ထဲ ဝင်ရောက်လိုက်ရင် ဝိညာဉ်ကျောက်တုံး တစ်ပြားမှ ပေးစရာမလိုတော့တဲ့အပြင် ကျင့်ကြံသူစျေးဘက်ကလည်း လစဉ် ဝိညာဉ်ကျောက်တုံး ထောက်ပံ့ပေးဦးမှာ။...”
“ဒါပေမဲ့ အစောင့်တပ်ဖွဲ့က အန္တရာယ်များလွန်းတယ်လို့ ထင်ရင်တော့ ကာကွယ်ရေးအစီအရင် တည်ဆောက်ရေးမှာ ကူညီလုပ်ဆောင်ဖို့လည်း ရွေးချယ်နိုင်တယ်။...”
“အဲ့ဒါဆိုရင် ပေးဆောင်ရမယ့် ဝိညာဉ်ကျောက်တုံးတချို့ကို လျှော့ပေါ့ပေးနိုင်တယ်။ တာအိုရောင်းရင်း လင်း၊ ဘယ်လို သဘောရသလဲ... ဘယ်ဟာကို ရွေးချယ်မလဲ။....”
“စိတ်ချပါ စီမံခန့်ခွဲသူ ဂျန်း၊ ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံး လုံလောက်ပါတယ်...” ဟု လင်းကျင်း ပြောလိုက်သည်။
ထို့နောက် ရင်ဘတ်ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ၆၀ ကို ထုတ်ယူကာ စီမံခန့်ခွဲသူ ဂျန်းထံ ပေးလိုက်သည်။
စီမံခန့်ခွဲသူ ဂျန်းက ဝိညာဉ်ကျောက်တုံးများကို လက်ခံပြီးနောက် ပြောသည်။
“တာအိုရောင်းရင်းလင်း၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ခင်ဗျားရဲ့ အိမ်ကို ပြုပြင်ဖို့ လူတွေ စီစဉ်ပေးမယ်... စိတ်မပူပါနဲ့၊ သူတို့က ကျွမ်းကျင်တဲ့ လက်သမားတွေ၊ အလုပ်လည်း အရမ်းမြန်တယ်...”
“ဒီည ခင်ဗျား အနားယူဖို့ လုံးဝ မနှောင့်နှေးစေရပါဘူး...”
ထိုသို့ ပြောပြီးနောက် ဘေးအိမ်ခြံဝင်းကို လက်ညှိုးထိုးကာ ဆက်ပြောသည်။
“တာအိုရောင်းရင်းလင်း၊ ကျွန်တော် မမှားဘူးဆိုရင် ဘေးက ခြံဝင်းက တာအိုရောင်းရင်းဝေ ပိုင်တာ မဟုတ်လား...”
“ဟုတ်ပါတယ်” လင်းကျင်းက ပြန်ဖြေသည်။
“နားလည်ပါပြီ...”
“သူ ဒီမှာ မရှိတာ မြင်ရတော့ ပြန်ရောက်လာရင် စီမံခန့်ခွဲရေးရုံးကို အမြန်ဆုံး သွားပြီး အခကြေးငွေ ပေးဆောင်ဖို့ အကြောင်းကြားပေးပါ...”
“မဟုတ်ရင် သုံးရက်အကြာမှာ ဒီခြံဝင်းကို ပြန်သိမ်းပြီး တခြားသူကို ငှားပေးလိုက်ရလိမ့်မယ်...”
စီမံခန့်ခွဲသူ ဂျန်း ပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။
“စီမံခန့်ခွဲသူ ဂျန်း....” လင်းကျင်းက သူ့ကို လှမ်းခေါ်လိုက်သည်။
“အစ်ကိုဝေက အခုတလော မရှိသေးတော့ ဒီလိုလုပ်ရအောင်...”
“သူ့အတွက် အခကြေးငွေကို ကျွန်တော်ပဲ ပေးလိုက်ပါ့မယ်...”
“ခင်ဗျားကလား....” စီမံခန့်ခွဲသူ ဂျန်း ခဏတာ အံ့ဩသွားသည်။
အိမ်နီးချင်းအတွက် ဝိညာဉ်ကျောက်တုံး ပေးဆောင်ပေးသူမျိုးကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
“ရပါတယ်...” စီမံခန့်ခွဲသူ ဂျန်းက ခေါင်းညိတ်လိုက်သည်။
တစ်ယောက်အစား တယောက်က ဝိညာဉ်ကျောက်တုံး ပေးချင်နေသည့်အတွက် သူအလုပ်မရှုပ်တော့မည် ဖြစ်သဖြင့် ဘာကြောင့် ငြင်းရမည်နည်း။
ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် နောက်ထပ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံး ၁၂၀ ကို ထုတ်ယူကာ စီမံခန့်ခွဲသူ ဂျန်းထံ ပေးလိုက်သည်။
“သူတို့အတွက်လည်း ကျွန်တော် တစ်ခါတည်း ပေးလိုက်ပါ့မယ်...”
စီမံခန့်ခွဲသူ ဂျန်းက လင်းကျင်း ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ရုပ်ရည်သွင်ပြင် သာမန်ဆန်သည့် အမျိုးသမီးတစ်ဦးသည် တရားထိုင်ကာ ဒဏ်ရာကုသနေပြီး၊ သူမဘေးတွင် အိပ်ယာခင်းထားသော သစ်သားချပ်ပေါ်၌ မိန်းကလေးငယ်တစ်ဦး အိပ်မောကျနေသည်။
ထိုသူများမှာ နင်ယွဲ့နှင့် လော့လော့တို့ပင် ဖြစ်သည်။
မနေ့က လော့လော့ကို ကယ်တင်ရန် နင်ယွဲ့သည် အရေးပေါ်အခြေအနေအတွင်း လျှို့ဝှက်နည်းလမ်းတစ်ခုကို အတင်းအသုံးပြုခဲ့သဖြင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။
လက်ရှိတွင် သူမသည် ဒဏ်ရာပြန်လည်သက်သာစေရန် တရားထိုင်ကုသနေခြင်းပင်။
လော့လော့ကတော့ မနေ့ညက ကောင်းကောင်းမအိပ်ရသည့်အပြင် ကြောက်လန့်မှုလည်း ကြုံခဲ့ရသဖြင့် ယခုအချိန်မှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း ဖြစ်သည်။
“ဒီလိုဆိုရင်တော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်....”
စီမံခန့်ခွဲသူ ဂျန်းက ပြောရင်း ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်သည်။
ထို့နောက် လင်းကျင်းကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထွက်ခွာခါနီးတွင် စီမံခန့်ခွဲသူ ဂျန်းက လင်းကျင်းအနား တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်။
“တာအိုရောင်းရင်း လင်း၊ တာအိုရောင်းရင်း နင်ယွဲ့က လူကောင်းတစ်ယောက်ပါ၊ သီလလည်း ရှိပါတယ်...”
“ဒါပေမဲ့... မင်းတို့နှစ်ယောက်ကြားမှာ ဖြစ်နိုင်ခြေတော့ သိပ်မရှိဘူး ထင်တယ်။...”
“သူနဲ့ တာအိုရောင်းရင်း စုတို့က အရမ်းချစ်ကြတာကို ကျွန်တော် ကိုယ်တိုင် မြင်ဖူးတယ်။ တာအိုရောင်းရင်း စုက ကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ပေမဲ့...”
“ကျွန်တော် ထင်တာတော့ တာအိုရောင်းရင်းနင်ယွဲ့က ဒီတစ်သက်လုံး တခြားသူကို လက်ခံနိုင်တော့မှာ မဟုတ်ဘူး။....”
“တာအိုရောင်းရင်းလင်း၊ ကျွန်တော့်စကား နားထောင်ပြီး လက်လျှော့လိုက်တာ ပိုကောင်းမယ်...”
လင်းကျင်းမှာ မနေနိုင်ဘဲ ခါးသက်သက် ပြုံးလိုက်ရသည်။
စီမံခန့်ခွဲသူ ဂျန်းက တကယ်ပဲ ဒီလိုမျိုး တွေးထားမည်ဟု မထင်ထားခဲ့ပေ။
“စီမံခန့်ခွဲသူ ဂျန်း၊ ခင်ဗျား နားလည်မှု လွဲနေပါပြီ....”
“ကျွန်တော် မကြာသေးခင်က ဆေးလုံးဖော်စပ်ပညာကို သူ့ဆီက သင်ယူနေပြီး တာအိုရောင်းရင်းနင်ယွဲ့က ကျွန်တော့်ဆရာလိုမျိုး ဖြစ်နေတာပါ....”
စီမံခန့်ခွဲသူ ဂျန်းက ရှက်ရွံ့သွားသည့် အမူအရာဖြင့် ပြောသည်။
“ဪ... ဒီလိုကိုး....”
“စိတ်မရှိပါနဲ့....”
“တာအိုရောင်းရင်းလင်းက တာအိုရောင်းရင်းနင်ယွဲ့ကို အဲ့ဒီလို သဘောထားရှိတယ်လို့ ကျွန်တော် ထင်မိသွားတာ...”
“ခင်ဗျားကို ဟာသဖြစ်သွားစေမိပြီ....”
“ရပါတယ်၊ အခု ရှင်းသွားပြီပဲ...” လင်းကျင်းက ပြောလိုက်သည်။
ထိုအချိန်တွင် စီမံခန့်ခွဲသူ ဂျန်းက ရုတ်တရက် သတိရသွားသည့်ပုံစံဖြင့် ပြောလာသည်။
“ဒါနဲ့ တာအိုရောင်းရင်း လင်း…”
“ခင်ဗျားက ဆေးဖော်စပ်ဆရာဆိုတော့ ကျွန်တော် အကြံတစ်ခုပေးချင်တယ်။ ဒီရက်ပိုင်းအတွင်း ဆေးဖော်စပ်ပစ္စည်းတွေကို များများဝယ်ယူ စုဆောင်းထားလိုက်ပါ။...”
“နတ်ဆိုးသားရဲလှိုင်း တိုက်ခိုက်မှုကြောင့် မိသားစုငယ်တွေနဲ့ ဂိုဏ်းငယ်တော်တော်များများရဲ့ ဝိညာဉ်စိုက်ခင်းတွေ ပျက်စီးသွားတယ်...”
“ဒါ့အပြင် နတ်ဆိုးသားရဲလှိုင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း မချောမွေ့တော့ဘူး...”
“အခြားဒေသတွေကနေ ပို့ဆောင်မယ်ဆိုရင် ကုန်ကျစရိတ် အများကြီး တက်လာလိမ့်မယ်...”
“ကျွန်တော် ခန့်မှန်းတာတော့ ရက်အနည်းငယ်အတွင်း ဆေးဖော်စပ်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ အကြီးအကျယ် မြင့်တက်လာလိမ့်မယ်...”
စီမံခန့်ခွဲသူ ဂျန်းသည် အပြစ်ရှိသလို ခံစားရ၍လား မသိ၊ မထွက်ခွာမီ ထိုသတင်းကို လင်းကျင်းအား ပြောပြခဲ့သည်။
ဤသတင်းသည် လင်းကျင်းအတွက် အလွန်အသုံးဝင်လှသည်။
အကြောင်းမှာ သူသည် ယခုတလော ဆေးဖော်စပ်ပစ္စည်း အမြောက်အမြား လိုအပ်နေသောကြောင့်ပင်။
ပြီးခဲ့သည့် သုံးလတာ ကာလအတွင်း လင်းကျင်းလည်း ကျင့်ကြံခြင်း ပြုလုပ်နေသော်လည်း ဆေးဖော်စပ်ခြင်းကို တစ်ရက်မျှ မရပ်နားခဲ့ပေ။
သုံးလအတွင်း သန့်စင်အဆင့် တေးလုံး တစ်ဒါဇင်ကျော် ဖော်စပ်နိုင်ခဲ့သည်။
သူကိုယ်တိုင် မသုံးနိုင်သမျှကို မှောင်ခိုစျေးကွက်တွင် ရောင်းချခဲ့သည်။
အခြား ဆေးလုံးများ ရောင်းချ၍ ရသည့် ဝင်ငွေများကိုပါ ပေါင်းလိုက်လျှင် လင်းကျင်း၏ လက်ထဲတွင် ယခု ဝိညာဉ်ကျောက်တုံး အလုံး ၆,၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့်လည်း စီမံခန့်ခွဲသူ ဂျန်း လာရောက်၍ ဝိညာဉ်ကျောက် ကောက်ခံချိန်တွင် သူသည် တုံ့ဆိုင်းမှု မရှိဘဲ အလွယ်တကူ ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ဒီသတင်းကို ရရှိပြီးနောက် သူသည် ဆေးဖော်စပ်ပစ္စည်းများကို အမြောက်အမြား ဝယ်ယူစုဆောင်းရန် စီစဉ်လိုက်တော့သည်။