အခန်း (၄၅) - ရွှေအမြုတေ အဆင့် ကျင့်ကြံသူ ထွက်လာခြင်း
ထိုအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ မီးအဆိပ်ကင်းခြေများသည် သူနှင့် ပို၍ပို၍ နီးကပ်လာသည်ကို မြင်သောအခါ အလောတကြီး အော်ဟစ်လိုက်သည်။
“ဘိုးဘေးကြီး... ကယ်ပါဦး...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် အသံတစ်သံ ထွက်ပေါ်လာသည်။
“ဆိုးယုတ်တဲ့ တိရစ္ဆာန်ကောင်... လူကို အန္တရာယ်ပြုဖို့ မစဉ်းစားနဲ့....”
ထိုအသံသည် ဟွမ်လုခေါင်းလောင်းကြီး မြည်ဟည်းသကဲ့သို့ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားကာ နားစည်များပင် ပေါက်ကွဲတော့မတတ် တုန်ခါသွားစေသည်။
ထို့နောက် ရောင်စုံအလင်းငါးမျိုး ပေါ်ထွက်နေသော ပုံရိပ်တစ်ခုသည် ကျင့်ကြံသူစျေး၏ အတွင်းပိုင်းမှ ပျံသန်းထွက်လာသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ဝမ်းသာသော အမူအရာ ပေါ်လာသည်။
သူသည် ထိုလူထံသို့ အမြန် ပျံသန်းသွားပြီး စိတ်သက်သာရာ ရသွားသလို သက်ပြင်းချလိုက်သည်။ ထို့နောက် ဦးညွှတ်အရိုအသေပေးကာ ပြောသည်။
“ဘိုးဘေးကြီး၊ ဒီသားရဲကို သတ်ပေးပါဦး....”
မီးအဆိပ်ကင်းခြေများလည်း ထိုလူမှာ အလွယ်တကူ ရန်စ၍ မရသူ ဖြစ်ကြောင်း ခံစားမိပုံရသည်။ ၎င်းသည် ခေါင်းကို မော့ထားကာ ဟစ်အော်သံများ ဆက်တိုက် ထုတ်လွှတ်နေပြီး ထိုလူကို စိုက်ကြည့်နေသည်။
သို့သော် တိုက်ခိုက်ရန်တော့ မရဲပေ။
အချိန်အနည်းငယ် အပြန်အလှန် စောင့်ကြည့်နေပြီးနောက် မီးအဆိပ်ကင်းခြေများက ရုတ်တရက် စတင် တိုက်ခိုက်လိုက်သည်။
“သေချင်နေတဲ့ တိရစ္ဆာန်ကောင်...”
ထိုလူ၏ ခန္ဓာကိုယ်မှ ရောင်စုံအလင်းငါးမျိုး ပေါက်ကွဲထွက်လာသည်။ ထို့နောက် ရောင်စုံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မီးအဆိပ်ကင်းခြေများထံသို့ ထိုးဖောက်ပျံသန်းသွားသည်။
ထိုအချိန်တွင်မှသာ လူအများသည် ထိုသူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်ရတော့သည်။
သူသည် ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်သည်။
ထို့အပြင် ရောင်စုံအလင်းတန်းမှာ သူ၏ မှော်ရတနာ ဖြစ်နေခြင်းပင်။
ရောင်စုံအလင်းတန်းသည် အလွန်လျင်မြန်စွာ ပျံသန်းသွားပြီး မျက်တောင်တစ်ခတ်အတွင်း မီးအဆိပ်ကင်းခြေများ၏ ရှေ့သို့ ရောက်ရှိသွားကာ ၎င်း၏ ခေါင်းထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
မီးအဆိပ်ကင်းခြေများသည် ချက်ချင်းပင် စူးရှသော အော်သံတစ်ခု ထုတ်လွှတ်လိုက်သည်။
ထို့နောက် သူရဲ့ ခေါင်းကို မြေကြီးပေါ်သို့ အဆက်မပြတ် ဆောင့်ချနေပြီး ခန္ဓာကိုယ်ကြီးမှာလည်း ပြင်းထန်စွာ တုန်ခါလှုပ်ရှားနေသည်။
မြေပြင်ကို ရိုက်ခတ်နေသော အသံများသည် မိုးခြိမ်းသံများကဲ့သို့ ဆူညံနေသည်။
မကြာမီ မီးအဆိပ်ကင်းခြေများသည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲကျသွားသည်။
မလှုပ်ရှားတော့ပေ။
တစ်ဖက်တွင် မီးအဆိပ်ကင်းခြေများ၏ ခေါင်းကို ထိုးဖောက်ခဲ့သော ရောင်စုံအလင်းတန်းသည် ဆံဖြူအဘိုးအို၏ လက်ထဲသို့ ပြန်လည် ပျံသန်းလာပြီး ပျောက်ကွယ်သွားသည်။
ထိုအခါမှ လူအများ သတိပြန်ဝင်လာကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်နေသည်။
မီးအဆိပ်ကင်းခြေများက ဒီလိုပဲ အသတ်ခံလိုက်ရတာလား...
ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက် လှုပ်ရှားလိုက်သည်နှင့် အမှန်တကယ် ထူးခြားလွန်းလှသည်။
မီးအဆိပ်ကင်းခြေများ သေဆုံးသွားသည်ကို မြင်သောအခါ ယခင်က ထွက်ပြေးသွားခဲ့သူများလည်း ပြန်ရောက်လာကြသည်။
“စီနီယာကြီးရဲ့ ကူညီပေးမှုနဲ့ နတ်ဆိုးသားရဲကို သတ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။”
လူတစ်ယောက် စတင်ပြောလိုက်သည်နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပြောလာကြသည်။
“စီနီယာကြီး ဝင်ရောက်ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။...”
“စီနီယာကြီးကို ကျေးဇူးတင်ပါတယ်။...”
“ဒီကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။...”
လူအများအပြားက ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ အနား စုဝေးလာကြပြီး အဆက်မပြတ် ချီးကျူးစကားများ ပြောဆိုနေကြသည်။
သို့သော် ထိုအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကတော့ ဆံဖြူအဘိုးအို၏ ဘေးတွင် မောက်မာစွာ ရပ်နေသည်။
မီးအဆိပ်ကင်းခြေများကို သူကိုယ်တိုင် သတ်လိုက်သည့်ပုံစံမျိုးပင်။ လူအများကတော့ သူ့ကို အတော် မနှစ်မြို့ကြပေ။
ယခင်က မီးအဆိပ်ကင်းခြေများ၏ လိုက်လံခြင်းကို ခံရစဉ် သူ့ကြောင့် လူအတော်များများ သေဆုံးခဲ့ရသည်။
သို့သော် သူသည် ရွှေအမြုတေအဆင့် ဆံဖြူအဘိုးအိုနှင့် ဆက်နွယ်မှု ရှိနေသောကြောင့် မည်သူမှ ထုတ်ဖော် မပြောရဲကြပေ။
“ဘိုးဘေးကြီး ခဏစောင့်ပါ။ ကျွန်တော် နတ်ဆိုးသားရဲ အတွင်းအမြူတေကို သွားယူပေးပါ့မယ်....”
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ပြောပြီး မီးအဆိပ်ကင်းခြေများ၏ အလောင်းရှိရာသို့ လျှောက်သွားသည်။
သွားရင်းလမ်းတွင်ပင် လူအုပ်ကို မောက်မာစွာ ကြည့်ရှုနေသေးသည်။
သို့သော် သူ၏ အပြုအမူကြောင့် လူအများမှာ ပို၍ပင် ရွံရှာလာကြပြီး မည်သူကမှ ဂရုမစိုက်ကြတော့ပေ။
မီးအဆိပ်ကင်းခြေများ၏ ခေါင်းနားသို့ ရောက်သောအခါ ရောင်စုံအလင်းတန်း ထိုးဖောက်သွားခဲ့သော ဒဏ်ရာကို တွေ့လိုက်သည်။
ထို့နောက် သူ၏ ဓားဖြင့် တစ်ချက် ခုတ်ချလိုက်သည်။
ယခင်က အလွန်မာကျောခဲ့သော မီးအဆိပ်ကင်းခြေများ၏ အခွံသည် ချက်ချင်း ကွဲထွက်သွားပြီး အသားများပါ ပြန့်ကျဲထွက်လာသည်။
သေဆုံးသွားပြီးနောက် ၎င်း၏ အခွံမှာ အသက်ဓာတ် ဆုံးရှုံးသွားကာ ယခင်ကဲ့သို့ မာကျောမှု မရှိတော့ပုံရသည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အသားတုံးများကို ကြည့်ရင်း ထိုအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသည် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် စက်ဆုပ်ရွံရှာမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သို့သော် စကားထွက်ပြီးသား ဖြစ်နေပြီဖြစ်သဖြင့် သူသည် စက်ဆုပ်ရွံရှာစိတ်ကို အတင်းဖိနှိပ်ကာ မီးအဆိပ်ကင်းခြေများ၏ ခေါင်းထဲသို့ လက်ထိုးသွင်းလိုက်သည်။
မကြာမီ နတ်ဆိုးသားရဲ အတွင်းအမြူတေ တစ်လုံးကို ဆွဲထုတ်ယူလိုက်သည်။
“ဘိုးဘေးကြီး၊ အတွင်းအမြူတေပါ....”
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက အတွင်းအမြူတေကို မြှောက်ပြကာ ဆံဖြူအဘိုးအိုကို ပြောလိုက်သည်။
သို့သော် သွေးစွန်းနေသော အတွင်းအမြူတေအပိုင်းအစပေါ်တွင် လှုပ်ရှားနေသည့် ပိုးကောင်ငယ်လေးတစ်ကောင်ကိုတော့ လုံးဝ သတိမထားမိခဲ့ပေ။
“ယိယွမ်.... သတိထား!….” ဆံဖြူအဘိုးအိုက အလျင်အမြန် သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ရောင်စုံအလင်းငါးမျိုးသည် ထပ်မံပေါ်ထွက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူထံသို့ ထိုးဖောက်ပျံသန်းသွားခဲ့သည်။
“ဘာကြီးလဲ...” ထိုကျင့်ကြံသူမှာ နားမလည်နိုင်သလို ဖြစ်သွားသည်။
သို့သော် နောက်တစ်ခဏအကြာတွင် စူးရှသော နာကျင်မှုအော်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုပိုးကောင်ငယ်လေးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့လေပြီ။
ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး နောက်သို့ လဲကျသွားသည်။ သို့သော် မြေပြင်ပေါ်သို့ မကျရောက်မီ ဆံဖြူအဘိုးအိုက သူ၏ နောက်ဘက်သို့ ရောက်ရှိလာကာ ဖမ်းထိန်းလိုက်သည်။
ထို့နောက် ရောင်စုံအလင်းတန်းအဖြစ် ပြောင်းလဲထားသော မှော်ရတနာသည် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ခဏအကြာတွင် ထိုပိုးကောင်ငယ်လေးကို အတင်းအကျပ် ထုတ်ပစ်လိုက်နိုင်သည်။
“မီးအဆိပ်မျိုးကွဲပိုးကောင်...”
ဆံဖြူအဘိုးအိုက မျက်မှောင်ကြုတ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
စကားဆုံးသည်နှင့် သူသည် လက်အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ မီးအဆိပ်ကင်းခြေများ၏ ကြီးမားသော အလောင်းကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
ထို့နောက် သူသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ခေါ်ဆောင်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ထိုနေရာမှ ထွက်ခွာသွားသည်။
ရွှေအမြုတေအဆင့် အဘိုးအို ထွက်ခွာသွားသည်ကို မြင်သောအခါ မကြာမီ လူအများလည်း တဖြည်းဖြည်း လူစုခွဲသွားကြသည်။
အရာအားလုံး ပြီးဆုံးသွားသော်လည်း ကျင့်ကြံသူစျေးဘက်မှ တာဝန်ရှိသူများကတော့ ယခုထိ မပေါ်လာသေးပေ။
ယခုအချိန်တွင် လာမည်မဟုတ်တော့ဟု ထင်ရသည်။ ကျင့်ကြံသူစျေးဘက်မှ ရှင်းလင်းချက် တောင်းလိုပါက မနက်ဖြန်အထိ စောင့်ရပေလိမ့်မည်။
ထိုညတွင် မီးအဆိပ်ကင်းခြေများ၏ ဖျက်ဆီးမှုကြောင့် အိမ်အများအပြား ပျက်စီးခဲ့ရသည်။
သေဆုံးသူ အရေအတွက်မှာလည်း ထောင်ဂဏန်းထက် မနည်းပေ။
လင်းကျင်းသာ အမြန်ဆုံး တုံ့ပြန်နိုင်ခဲ့ခြင်း မရှိပါက နင်ယွဲ့နှင့် လော့လော့တို့ပင် ထိုသေဆုံးသူများထဲတွင် ပါဝင်သွားနိုင်သည်။
အစောပိုင်းက ရွှေအမြုတေအဆင့် ဆံဖြူအဘိုးအို ရောက်ရှိလာချိန်တွင် လင်းကျင်းသည် အပျက်အစီးပုံများကြားတွင်သာ နေခဲ့ပြီး ရှေ့သို့ မတိုးခဲ့ပေ။
ပထမအချက်မှာ သူသည် ထိုအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့် ရန်ငြိုးရှိနေပြီ ဖြစ်သည်။
လင်းကျင်း၏ အကြံအစည်ဖြင့် ဘေးဒုက္ခကို ထိုကျင့်ကြံသူထံ လွှဲပြောင်းလိုက်ခြင်းကြောင့် သူ့မှာ အလွန်အမင်း ဒုက္ခရောက်ခဲ့ရပြီး မီးအဆိပ်ကင်းခြေများ၏ ပါးစပ်ထဲတွင်ပင် အသက်ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။
ထိုကျင့်ကြံသူက လင်းကျင်းကို မမုန်းဘူးဟု ပြောလျှင် လုံးဝ မယုံနိုင်စရာပင်။ ထို့အပြင် ထိုလူမှာ အငြိုးအတေးထားတတ်သည့် လူစားမျိုး ဖြစ်သည်မှာ ထင်ရှားလေသည်။
လင်းကျင်းသာ ရှေ့တိုးသွားခဲ့မည်ဆိုလျှင် အဲ့ဒီ့နေရာတင် သတ်ဖြတ်ခံရဖို့ပင် အလားအလာ များလှသည်။
ထို့အပြင် ရွှေအမြုတေအဆင့် ဆံဖြူအဘိုးအိုနှင့် ထိုအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတို့၏ ဆက်ဆံရေးမှာလည်း သာမန်မဟုတ်ပေ။
အစောပိုင်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ထိုအဘိုးအို မြင်ခဲ့ခြင်း ရှိမရှိကိုလည်း မသိနိုင်ပေ။
ထို့ကြောင့် လင်းကျင်းတွင် သူတို့နှင့် မဆက်ဆံရန် ပို၍ပင် အကြောင်းပြချက် ရှိနေသည်။
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် လင်းကျင်းသည် အပျက်အစီးပုံကြားမှ ထွက်လာကာ သူ၏ အိမ်ဘက်သို့ ပြန်သွားသည်။
သို့သော် သူ၏ အိမ်ကို မြင်လိုက်ရသောအခါ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ သူ၏ အိမ်သည်လည်း အပျက်အစီးပုံအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
အနီးရှိ အပျက်အစီးပုံတစ်ခုပေါ်တွင်တော့ နင်ယွဲ့နှင့် လော့လော့တို့ ရပ်နေကြသည်။
လင်းကျင်း ပြန်လာသည်ကို မြင်သည်နှင့် လော့လော့သည် ချက်ချင်း ပြေးလာပြီး သူ၏ ခြေထောက်ကို ဖက်ထားလိုက်သည်။
“ဦးလေးလင်း... လော့လော့က နောက်တစ်ခါ ဦးလေးကို မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ...”
လော့လော့၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နှက်နေသည်။
လင်းကျင်းက လော့လော့ကို ပွေ့ချီလိုက်ပြီး သူမ၏ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးလိုက်သည်။
“လိမ္မာတဲ့ လော့လော့လေး၊ မငိုနဲ့တော့...”
“ဦးလေး ပြန်ရောက်လာပြီ မဟုတ်လား...”
“ဟုတ်... ဟုတ်...”
လော့လော့က မျက်ရည်များကြားမှ ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် နင်ယွဲ့က လျှောက်လာပြီး လင်းကျင်းအား ဦးညွှတ်အရိုအသေ ပြုလိုက်သည်။
“တာအိုရောင်းရင်း လင်း၊ ဒီတစ်ကြိမ် ကျွန်မတို့ သားအမိရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မှုကို လက်ခံပေးပါ...”
လင်းကျင်းက လော့လော့ကို လက်တစ်ဖက်ဖြင့် ပွေ့ထားရင်း ကျန်လက်တစ်ဖက်ဖြင့် နင်ယွဲ့ကို အမြန် ထူပေးလိုက်သည်။
“တာအိုရောင်းရင်း နင်၊ အရမ်း ယဉ်ကျေးလွန်းနေပါပြီ...”
“ထပါဦး...”
“အန္တရာယ်ကြုံတုန်းက ခင်ဗျားက ကျွန်တော့်ကို မစွန့်ပစ်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်လည်း ခင်ဗျားတို့ကို ပစ်ထားလို့ မရဘူးပေါ့....”
လင်းကျင်းက ပြောရင်း နင်ယွဲ့ကို ထူပေးလိုက်သည်။
လင်းကျင်း အန္တရာယ်ကင်းကင်း ပြန်ရောက်လာသည်ကို မြင်သောအခါ နင်ယွဲ့မှာ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
“တာအိုရောင်းရင်း လင်း၊ မီးအဆိပ်ကင်းခြေများရဲ့ ပါးစပ်ထဲကနေ ဘယ်လို လွတ်မြောက်လာခဲ့တာလဲ...”
လင်းကျင်းက မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
“အဲဒီ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက တကယ် ယုတ်မာလွန်းတယ်။ လော့လော့ကို ငါးစာအဖြစ် သုံးပြီး တာအိုရောင်းရင်း နင်ကို မီးအဆိပ်ကင်းခြေများကို တားဆီးဖို့ ဆွဲဆောင်ချင်ခဲ့တာ...”
“ကံကောင်းလို့ အရင်တုန်းက အစ်ကိုဝေက ကျွန်တော့်ကို ရွှေ့ပြောင်းအဆောင်တစ်ခု ပေးထားခဲ့တယ်။ ဒါကြောင့် ဒီဒုက္ခကို အခြားသူဆီ လွှဲပို့မယ့် အကြံတစ်ခု စဉ်းစားလိုက်တာ....”
“အရင်ဆုံး မိုးကြိုးငါးသွယ်အဆောင်ကို သုံးပြီး မီးအဆိပ်ကင်းခြေများကို တိုက်ခိုက်လိုက်မယ်။ ပြီးရင် သူ့ရဲ့ အမုန်းတရားကို ကိုယ့်ဆီ ဆွဲယူလိုက်တာပေါ့...”
“ပြီးတော့ ရွှေ့ပြောင်းအဆောင်ကို သုံးပြီး သူ့ပါးစပ်ထဲကနေ လွတ်မြောက်လာတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အမုန်းတရားကို အဲဒီ ယုတ််မာတဲ့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဆီ လွှဲပေးလိုက်နိုင်ခဲ့တယ်....”
“ဒီလိုကိုး...”
နင်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“ဦးလေးလင်းက တကယ် ဉာဏ်ကောင်းတာပဲ.... အဲဒီလူက တကယ် လူဆိုးကြီး....” လော့လော့ကလည်း ဝင်ပြောလိုက်သည်။
ဒီနေ့ သူမ အမှန်တကယ် ကြောက်ရွံ့ခဲ့ရသည်။ အထူးသဖြင့် ထိုအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ ဖမ်းဆီးခြင်းကို ခံရပြီး မီးအဆိပ်ကင်းခြေများထံ ပစ်လွှတ်ခံလိုက်ရသည့် အချိန်တွင် ဖြစ်သည်။
အကူအညီမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်နေသော ခံစားချက်မှာ ပြန်တွေးကြည့်ရုံဖြင့်ပင် ကြောက်စရာ ကောင်းလှသည်။
နင်ယွဲ့က ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ရင်း သက်ပြင်းချကာ ဝမ်းနည်းကြေကွဲသော အသံဖြင့် ပြောလိုက်၏။
“ဒီညမှာတော့ လူအများစု အိပ်ပျော်နိုင်ပါ့မလားဘဲ.....”