အခန်း (၄၂) - ချီစုဆောင်းခြင်း အလယ်အဆင့်၊ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်
အိမ်သို့ ပြန်ရောက်ပြီးနောက် လင်းကျင်းလည်း နေရာလွတ်စနစ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။
“စနစ်မျက်နှာပြင်ကို ဖွင့်”
သူ၏ စကားဆုံးသည်နှင့် စနစ်မျက်နှာပြင်သည် လင်းကျင်း၏ ရှေ့တွင် ချက်ချင်း ပေါ်လာသည်။
နေရာလွတ်စနစ် ( အဆင့် - ၂ )
ကျန်ရှိသော အချိန် - ၅၇ နာရီ (စုဆောင်းနိုင်သော အချိန် - ၂၀၀ နာရီ)
ပိုင်ရှင် - လင်းကျင်း
ဝိညာဉ်စိုက်ခင်း အကျယ် - ၂၀ မူ
ဝိညာဉ်စွမ်းအင် သိပ်သည်းဆ - ၂
အချိန်စီးဆင်းနှုန်း - ၂
နေ့စဉ် ဝင်ရောက်နိုင်သော အချိန် - ၄ နာရီ
အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (103/500 ရိတ်သိမ်းမှတ်)
အထူးလုပ်ဆောင်ချက် -
စောင့်ကြည့်သတိပေးခြင်း -(ပိုင်ရှင်သည် နေရာလွတ်စနစ်ထဲ ဝင်ရောက်ပြီးချိန်မှာ အပြင်လောကရှိ ပိုင်ရှင်၏ အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက ချက်ချင်း သတိပေးမည်။)
ကြည့်ရှု ရှာဖွေခြင်း - (ပိုင်ရှင်သည် နေရာလွတ်စနစ်အတွင်းမှ အပြင်လောကကို ကြည့်ရှု ရှာဖွေနိုင်သည်။)
(မှတ်ချက်။ ကြည့်ရှု ရှာဖွေနေစဉ် အမြင်သည် အပြင်လောက၏ အချိန်စီးဆင်းမှုနှင့် တပြိုင်တည်း ဖြစ်နေမည်။)
အချိန် စုဆောင်းခြင်း - (နေ့စဉ် ကျန်ရှိသော ဝင်ရောက်နိုင်ချိန်များကို သုညအဖြစ် ပြန်မသတ်မှတ်တော့ဘဲ ဆက်လက် စုဆောင်းထားနိုင်သည်။)
ဤကာလအတွင်း ရိတ်သိမ်းမှတ်များ အနည်းငယ် တိုးလာခဲ့သော်လည်း နောက်တစ်ဆင့် တက်ရန် လိုအပ်သော ပမာဏနှင့် နှိုင်းယှဉ်လျှင် များစွာ လိုနေသေးသည်။
လင်းကျင်းက မျက်နှာပြင်ပေါ်ရှိ မိမိ၏ အမည်ကို လက်ဖြင့် နှိပ်လိုက်ရာ သူ၏ ကိုယ်ရေးအချက်အလက်များ ပေါ်လာသည်။
လင်းကျင်း - (24/90)
ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)
ကျင့်ကြံမှု - ချီစုဆောင်းခြင်း တတိယ အလွှာ (100%)
ကျင့်ကြံရေးနည်းစနစ် -
ချင်းယွမ်တာအိုကျင့်စဉ် (ပထမအလွှာ)၊
ချင်းယွမ်ဓားထိန်းချုပ်နည်းစနစ် (ကျွမ်းကျင်အဆင့်)၊
မီးထိန်းချုပ်နည်း (ပြီးပြည့်စုံအဆင့်)
ဒုတိယ အလုပ်အကိုင် - ပထမအဆင့် ဆေးဖော်စပ်ပညာရှင် (2997/3000)
သူ၏ ကျင့်ကြံမှုသည် ပြည့်ဝနေပြီဖြစ်ပြီး အချိန်မရွေး အဆင့်ချိုးဖြန်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ။ ထို့အပြင် မီးထိန်းချုပ်နည်းလည်း တိုးတက်လာခဲ့သည်။
လင်းကျင်းက ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်နေသဖြင့် မီးထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုကျွမ်းကျင်လာခဲ့ပြီး ယခုဆိုလျှင် ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်းယွမ်ဓားထိန်းချုပ်နည်းကိုတော့ အားလပ်ချိန်များတွင်သာ လေ့ကျင့်ခဲ့သော်လည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယနေ့ည သူ လုပ်ဆောင်မည့် အရာနှစ်ခုမှာ.....
‘ချီစုဆောင်းခြင်း အလယ်အဆင့်သို့ ချိုးဖြတ်မည်။’
‘ထို့နောက် မိမိ၏ ဆေးဖော်စပ်ပညာကို ဒုတိယအဆင့်သို့ မြှင့်တင်မည်။’
လင်းကျင်း ဆေးလုံးဖော်စပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ ကြမ်းပြင်ပေါ်တွင် ခြေထောက်ခွေ၍ ထိုင်လိုက်သည်။
ထို့နောက် မျက်လုံးမှိတ်ကာ စိတ်ကို တည်ငြိမ်စေပြီး ကျင့်စဉ်ကို လှည့်ပတ်စတင်ကာ အဆင့်တကချိုးဖြက်ရန် ပြင်ဆင်လိုက်တော့သည်။
သူ၏ ကျင့်ကြံမှုမှာ ပြည့်ဝနေပြီး ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် ဆေးလုံးများ၏ အကူအညီကို မသုံးတော့ဘဲ မိမိ၏ အင်အားဖြင့်သာ ချိုးဖြတ်ရန် ဆုံးဖြတ်ထားခဲ့သည်။
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
လေးနာရီကြာပြီးနောက် လင်းကျင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများသည် အပြည့်အဝ စုစည်းသွားပြီး နောက်တစ်ဆင့်ကို တက်လှမ်းရန် အသင့်ဖြစ်နေသည်။
ရုတ်တရက် သူ၏ စိတ်အတွေး ပြောင်းလဲသွားပြီး ကျင့်စဉ်ကို အရှိန်မြှင့် လှည့်ပတ်လိုက်သည်။
ဖောက်… တစ်စုံတစ်ခု ထိုးဖောက်ကွဲသွားသည့်အလား ခံစားလိုက်ရသည်။
အဆင့်တက်ချိုးဖြတ်မှုသည် အလွန်ချောမွေ့စွာဖြင့် လင်းကျင်းလည်း ချီစုဆောင်းခြင်း စတုတ္ထအဆင့် သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။
ထိုအချိန်တွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။
“စနစ်သတိပေးချက် - ပိုင်ရှင်သည် လက်ရှိကျင့်ကြံမှုနယ်ပယ်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့သည်။ ဆုလာဘ် - ရိတ်သိမ်းမှတ် ၁၀ မှတ်”
ချိုးဖြတ်မှု အောင်မြင်သွားပြီးနောက် လင်းကျင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအားများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသည်။
သူ၏ အငွေ့အသက်သည်လည်း ချက်ချင်း ပြောင်းလဲသွားပြီး ယခင်ကထက် ပိုမိုထက်မြက်စူးရှလာတော့သည်။
သို့သော် အဆင့်တက်ချိုးဖြတ်အောင်မြင်ပြီးနောက် လင်းကျင်းသည် မျက်လုံးကို ချက်ချင်း မဖွင့်သေးပေ။
ထိုအစား ကျင့်စဉ်ကို ဆက်လက် လှည့်ပတ်ကာ မိမိ၏ ကျင့်ကြံမှုကို တည်ငြိမ်အောင် ပြုလုပ်နေခဲ့သည်။
လေးနာရီကြာပြီးနောက်မှသာ လင်းကျင်း ကျင့်ကြံမှုကို အပြည့်အဝ တည်ငြိမ်စေခဲ့ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသဖြင့် လင်းကျင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။
‘ချီစုဆောင်းခြင်း အလယ်အလတ်အဆင့်...’
‘ဓားပျံစီးနင်းခြင်း...’
‘ဓားပျံတစ်လက် ဝယ်ဖို့ အချိန်တန်ပြီ ထင်တယ်။’
ထို့နောက် လင်းကျင်း အတွေးများကို စုစည်းလိုက်ပြီး စိတ်ကို ငြိမ်သက်စေလိုက်သည်။
ယခု သူသည် ဆေးလုံးဖော်စပ်မှုကို စတင်ကာ မိမိ၏ ဆေးဖော်စပ်ပညာအဆင့်ကိုလည်း မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။
ယခင်အတိုင်းပင် မီးမွှေးသည်၊ ကုန်ကြမ်းပစ္စည်းများကို ပြင်ဆင်သည်၊ ထို့နောက် ဆေးအိုးအတွင်းသို့ အစဉ်လိုက် ထည့်သွင်းလိုက်သည်။
ထိုလုပ်ငန်းစဉ်များကို သူ အကြိမ်ရေ မရေတွက်နိုင်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် အလွန်အမင်း ကျွမ်းကျင်နေ၏။
လေးနာရီပင် မပြည့်သေးခင် စနစ်၏ အသံက ထွက်ပေါ်လာခဲ့သည်။
“ဆေးလုံးသန့်စင်မှု အောင်မြင်သည်။ ဆေးဖော်စပ်ပညာကျွမ်းကျင်မှု +၁၅”
“စနစ်သတိပေးချက် - ကျွမ်းကျင်မှုအမှတ် ပြည့်သွားပြီဖြစ်သဖြင့် ဆေးဖော်စပ်ပညာအဆင့် အလိုအလျောက် တိုးတက်သွားသည်။”
“ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ် - ရိတ်သိမ်းမှတ် ၂၀ မှတ်”
“စနစ်သတိပေးချက် - ပိုင်ရှင်သည် လက်ရှိတွင် ဒုတိယအဆင့် ဆေးပညာရှင် ဖြစ်နေပြီဖြစ်သဖြင့် အဆင့်နိမ့် ဆေးလုံးများကို ဖော်စပ်ရာတွင် လိုအပ်သော ကျွမ်းကျင်မှုအမှတ်ကို ထက်ဝက်လျှော့ချပေးမည်။ ပိုလျှံသော ကျွမ်းကျင်မှုအမှတ်များကိုလည်း အချိုးကျ ပြောင်းလဲတွက်ချက်ပြီးဖြစ်သည်။”
“စနစ်မျက်နှာပြင်ကို ဖွင့်” လင်းကျင်းသည် မျက်နှာပြင်ကို ထပ်မံ ခေါ်ယူလိုက်သည်။
ဆေးပညာ နောက်တစ်ဆင့် တိုးတက်ရန် ကျွမ်းကျင်မှုအမှတ် မည်မျှ လိုအပ်မည်ကို သိချင်နေခြင်းပင်။
လင်းကျင်း - (24/90)
ဝိညာဉ်အမြစ် - ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် (အဆင့်နိမ့်)
ကျင့်ကြံမှု - ချီစုဆောင်းခြင်း စတုတ္ထ အလွှာ (0%)
ကျင့်ကြံရေးနည်းစနစ် -
ချင်းယွင်တာအိုကျင့်စဉ် (ပထမအလွှာ)၊
ချင်းယွင်ဓားထိန်းချုပ်နည်းစနစ် (ကျွမ်းကျင်အဆင့်)၊
မီးထိန်းချုပ်နည်း (ပြီးပြည့်စုံအဆင့်)
ဒုတိယ အလုပ်အကိုင် - ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် (6/10,000)
တစ်သောင်း...
နောက်တစ်ဆင့် တိုးတက်ရန် ကျွမ်းကျင်မှုအမှတ် တစ်သောင်း လိုအပ်နေသည်။
“မဆိုးဘူး”
မိမိတွင် ဒီစနစ်ရှိနေသည့်အတွက် အလွန်ကံကောင်းသည်ဟု ခံစားမိလိုက်သည်။
ကျွမ်းကျင်မှုအမှတ် တစ်သောင်းဆိုသည်မှာ များလွန်းသည်ဟု မဆိုနိုင်ပေ။
အထူးသဖြင့် အခြားဆေးဖော်စပ်ပညာရှင်များနှင့် နှိုင်းယှဉ်လျှင် ပိုသိသာ၏။ ဆေးဖော်စပ်ပညာရှင် အများစုက အဆင့်တစ်ဆင့်တည်းတွင် နှစ်ပေါင်းများစွာ ပိတ်မိနေတတ်ကြပြီး မည်မျှပင် ကြိုးစားစေကာမူ တိုးတက်မှု မရှိကြပေ။
တချို့ဆိုလျှင် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ်ပင် ဘဝကုန်ဆုံးသွားကြသည်။
သို့သော် လင်းကျင်းအတွက်တော့ ကွဲပြားသည်။ သူသည် ဆေးလုံးများကို ဆက်လက် ဖော်စပ်ရုံဖြင့် ကျွမ်းကျင်မှုအမှတ်များ ရရှိနိုင်ကာ အတားအဆီးတစ်စုံတစ်ရာ မရှိ ဆက်တိုက် အဆင့်တက်နိုင်သည်။
‘ဒီအတိုင်းသာဆိုရင် အမြင့်ဆုံးဖြစ်တဲ့ နဝမအဆင့်မြောက် ဆေးပညာရှင် ဖြစ်ဖို့တောင် သိပ်မဝေးတော့ဘူး မဟုတ်လား’
ထိုသို့ တွေးရင်း လင်းကျင်း၏ အတွေးများက တဖြည်းဖြည်း ပျံ့လွင့်သွားသည်။
ထို့နောက် လင်းကျင်း ဆေးလုံးဆက်မဖော်စပ်တော့ဘဲ နေရာလွတ်စနစ်ထဲမှ ထွက်လာခဲ့သည်။
ဆေးလုံးဖော်စပ်နည်း ဆေးညွှန်းများကို ယခုမှ ရရှိထားခြင်း ဖြစ်သဖြင့် ဒုတိယအဆင့် ဆေးလုံးများကို ချက်ချင်း စတင်ဖော်စပ်ခြင်းမှာ အနည်းငယ် အလျင်စလိုနိုင်လွန်းသည်။
လင်းကျင်းက ဆေးညွှန်းများကို သေချာလေ့လာပြီး နားလည်သဘောပေါက်သွားမှသာ ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ အချိန်နှောင်းသွားမည်လည်း မဟုတ်ပေ။
နေရာလွတ်စနစ်ထဲမှ ထွက်လာသောအခါ ကျစ် ချိန်လွန်စ အချိန်သို့ ရောက်နေပြီး ညနက်ပိုင်း၏ တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသည်။
လင်းကျင်း၏ အဆင့်တက်ချိုးဖြတ််ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်းတို့အတွက် ကုန်ဆုံးခဲ့သော အချိန်ကို ပေါင်းလိုက်လျှင် ရှစ်နာရီခန့် ရှိပေမည်။
သို့သော် နေရာလွတ်စနစ်အတွင်း၌ ရှိနေခဲ့သောကြောင့် ပြင်ပလောကတွင် လေးနာရီသာ ကုန်လွန်ခဲ့သည်။
ဤသည်မှာ နေရာလွတ်စနစ်၏ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သည့် အစွမ်းပင်။
အခြားသူများထက် နေ့စဉ် လေးနာရီ ပိုမိုရရှိနေလေ၏။
လင်းကျင်းသည် ကျင့်ကြံမှုကို ပိုမိုတည်ငြိမ်စေရန် တရားထိုင်ကျင့်ကြံရန် ပြင်ဆင်နေစဉ် ရုတ်တရက် မြေကြီးတုန်ခါလာသည်ကို ခံစားလိုက်ရသည်။
ရှီး...
စူးရှသော အသံတစ်သံသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။
လင်းကျင်း၏ မျက်နှာအရောင် ပြောင်းလဲသွားပြီး အိမ်ထဲမှ အလျင်အမြန် ပြေးထွက်လာကာ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။
အသံထွက်ပေါ်လာသော နေရာကို လှမ်းကြည့်လိုက်ရာ အဝေးတစ်နေရာတွင် မီးလောင်ကျွမ်းနေပြီး ကောင်းကင်တစ်ခုလုံးကို နီရဲ တောက်ပနေသည်ကို တွေ့လိုက်ရသည်။
ထိုမီးတောက်များအကြား၌ မီတာရာနှင့်ချီ ရှည်လျားသည့် ကင်းခြေများကြီးတစ်ကောင်က ဖျက်ဆီးမှုများကို ပြုလုပ်နေ၏။
နတ်ဆိုးသားရဲ၏ ပတ်ဝန်းကျင်တွင် သက်တံရောင်အလင်းတန်းများ တောက်ပစွာ လက်လက်နေပြီး ကျင့်ကြံသူအချို့က ၎င်းကို တိုက်ခိုက်နေကြသည်။
ထိုအချိန်တွင် ဘေးအိမ်၏ အမိုးပေါ်မှ လှပသည့် ပုံရိပ်တစ်ခု လွင့်မျော၍ တက်လာခဲ့သည်။
ထိုသူမှာ နင်ယွဲ့ ဖြစ်ပြီး သူမ၏ လက်ထဲတွင် မျက်လုံးမဖွင့်တဖွင့်ဖြင့် အိပ်ငိုက်နေသော လော့လော့ကို ဆွဲခေါ်ထားသည်။
“မေမေ... ဘာဖြစ်တာလဲဟင်...”
လော့လော့က မျက်လုံးကို ပွတ်ရင်း အားယူဖွင့်လိုက်သည်။ ဘာဖြစ်နေသည်ကို လုံးဝ မသိသေးသည့် ပုံပင်။
နင်ယွဲ့က ကင်းခြေများကြီးကို စိုက်ကြည့်နေပြီး မျက်ခုံးများကို ကျုံ့ထားကာ မျက်နှာအမူအရာမှာ အလွန်လေးနက်နေသည်။
လင်းကျင်းသည် နင်ယွဲ့ဘေးသို့ ခုန်ရောက်လာပြီး မေးလိုက်သည်။
“တာအိုရောင်းရင်း နင်၊ ဒီကင်းခြေများက ဘာကောင်လဲ...”
“မီးအဆိပ်ကင်းခြေများ...”
နင်ယွဲ့က ပြောလိုက်သည်။
ထို့နောက် လင်းကျင်းအား ရှင်းပြသည်။
“မီးအဆိပ်ကင်းခြေများတွေက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် နတ်ဆိုးသားရဲတွေ ဖြစ်တယ်။ ပုံမှန်အားဖြင့် ညမြူတောင်တန်းရဲ့ အနက်ပိုင်းတွေမှာပဲ နေထိုင်ကြပြီး သူတို့ကို တွေ့ရဖို့ အရမ်းရှားတယ်။...”
“ဒါပေမဲ့ ဘယ်လိုကြောင့် ဒီနေရာကို ရောက်လာလဲတော့ မသိဘူး။ သူ့ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရတာ မီတာရာနဲ့ချီ ရှည်နေပြီ။ ဒီမီးအဆိပ်ကင်းခြေများက အုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ ဖြစ်ရမယ်...”
ထိုစကားကို ကြားပြီးနောက် လင်းကျင်း၏ အမူအရာမှာလည်း လေးနက်သွားသည်။
‘အုတ်မြစ်တည်ဆောက်ခြင်းအဆင့် နတ်ဆိုးသားရဲ ဖြစ်နေတာတောင် မကဘူး...’
‘အုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်နေသေးတယ်...’
‘ဒီလိုကောင်မျိုးက ဘယ်လိုလုပ်ပြီး ကျင့်ကြံသူဈေးထဲကို ရောက်လာတာလဲ….’