အခန်း (၄၁) - အကြီးအကဲ ယွီထံ အလည်သွားခြင်း၊ ဆေးလုံးရောင်းချခြင်း
အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားကာ ဆောင်းရာသီ ကုန်ဆုံးပြီး နွေဦးရာသီသို့ ရောက်ရှိလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးလတာ ကုန်လွန်သွားခဲ့လေပြီ။
ထိုသုံးလအတွင်း လင်းကျင်း နေ့စဉ်နေ့တိုင်း ကျင့်ကြံခဲ့ပြီး အနည်းငယ်မျှပင် ပျင်းရိလျော့ရဲခြင်း မရှိခဲ့ပေ။
နောက်ဆုံးတွင် ယနေ့၌ လင်းကျင်း၏ နတ်အသိစိတ်အာရုံ ပိုမိုခိုင်မာလာပြီး ကျင့်ကြံမှုအဆင့်လည်း တည်ငြိမ်သွားပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ယခုဆိုလျှင် အဆင့်တက်ချိုးဖြတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း လင်းကျင်းက အလျင်မလိုသေးပေ။
သုံးလတာကာလအတွင်း ဖော်စပ်ထားသော ဆေးလုံးများကို ရောင်းချရန် ယွဲ့ပေါင်လောသို့ တစ်ခေါက် သွားရန် လိုအပ်သေးပေသည်။
အိမ်မှ ထွက်ခွာပြီး ကျင့်ကြံသူဈေးသို့ ရောက်ရှိသောအခါ လမ်းမများပေါ်ရှိ လူအရေအတွက်မှာ လွန်ခဲ့သော သုံးလကထက် များစွာ ပိုမိုများပြားလာသည်ကို လင်းကျင်း တွေ့လိုက်ရသည်။
ထိုအရာအားလုံးမှာ နတ်ဆိုးသားရဲများကြောင့်ပင်။
နတ်ဆိုးသားရဲများ၏ မရပ်မနား တိုက်ခိုက်မှုများကြောင့် မိသားစုငယ်များနှင့် ဂိုဏ်းအချို့သည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ကျင့်ကြံသူဈေး၏ အပြင်ဘက်ဝန်းကျင်သို့ ယာယီ ရွှေ့ပြောင်းလာကြရသည်။
ထိုမိသားစုငယ်များနှင့် ဂိုဏ်းများ၏ အင်အားမှာ အလွန်အားနည်းနေသောကြောင့် ကျင့်ကြံသူဈေး၏ အင်အားကို အားကိုး၍ နတ်ဆိုးသားရဲများကို ခုခံရန် ရွေးချယ်ခဲ့ကြခြင်းပေ။
သူတို့၏ အမြင့်ဆုံး တိုက်ခိုက်ရေးအင်အားသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာ ရှိပြီး နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ဆုံးရှုံးမှု ကြီးမားစွာ ခံစားခဲ့ရသည်။
ရွေးချယ်စရာ မရှိသဖြင့်သာ ထိုဆုံးဖြတ်ချက်ကို ချခဲ့ရကြခြင်း ဖြစ်သည်။
နက်ရှိုင်းသော အမွေအနှစ်များနှင့် မရေမတွက်နိုင်သော တပည့်များ ပိုင်ဆိုင်ထားသည့် ဂိုဏ်းကြီးများပင်လျှင် လုံးဝ မထိခိုက်ဘဲ မနေပေ။
ထိုမိသားစုများနှင့် ဂိုဏ်းများအနက် သက်ရောက်မှု မခံရသလောက် ရှိနေသော အဖွဲ့အစည်းမှာ ချင်းယွမ်ဓားဂိုဏ်း တစ်ခုတည်းသာ ဖြစ်နိုင်သည်။
အကြောင်းမှာ ချင်းယွမ်ဓားဂိုဏ်း၏ အတွင်းစည်းတပည့် မည်သူမဆို အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှု ရှိထားကြသောကြောင့်ပင်။
ထို့အပြင် ချင်းယွမ်ဓားဂိုဏ်းတွင် ရွှေအမြုတေအဆင့် အကြီးအကဲများစွာ ရှိနေသဖြင့် နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကို ကြောက်ရွံ့စရာ မလိုပေ။
ထိုမျှသာမက လင်းကျင်း ကြားသိထားရသည့် သတင်းများအရ ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲအပြင် ချင်းယွမ်ဓားဂိုဏ်းအတွင်း၌ သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာအိုကြီးအချို့လည်း လျှို့ဝှက်စွာ ရှိနေသေးသည်ဟု ဆိုကြသည်။
သို့သော် ထိုသတင်းမှာ အမှန်ဟုတ်မဟုတ်ကိုတော့ မည်သူမျှ မသိကြပေ။
ကျင့်ကြံသူဈေးအတွင်းသို့ ဝင်ရောက်ပြီးနောက် လင်းကျင်းလည်း ယွဲ့ပေါင်လောသို့ တိုက်ရိုက် သွားကာ အကြီးအကဲ ယွီကို ရှာလိုက်သည်။
“အကြီးအကဲယွီ၊ ကျွန်တော် လာတွေ့တာပါ။”
ထိုသို့ ပြောရင်း လင်းကျင်းက သိုလှောင်အိတ်ထဲမှ အရက်အိုးတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
“ဒါက အကြီးအကဲ ယွီ အကြိုက်ဆုံး ချင်းဟွာမူးယစ်အရက်ပါ။ အထူးတလည် ယူလာခဲ့တာ။”
အကြီးအကဲ ယွီက လင်းကျင်းကို ကြည့်ကာ ပြုံးလျက် ဆူပူသလို ပြောလိုက်သည်။
“ဒီကောင်စုတ်လေးကတော့...”
“ဒီအဘိုးကြီးရဲ့ တစ်ခုတည်းသော ဝါသနာကို ကောင်းကောင်းကြီး ဖမ်းကိုင်ထားတာပဲ။”
အကြီးအကဲယွီသည် ချင်းဟွာမူးယစ်အရက်ကို မဆိုင်းမတွ လက်ခံယူလိုက်သည်။
ထို့နောက် အဆို့ကို ဖွင့်လိုက်ရာ အရက်နံ့ မွှေးမွှေးလေးက ချက်ချင်း ပျံ့နှံ့သွားတော့သည်။
“ဒါမှ အရသာရှိတာကွ...”
“မွှေးလိုက်တာ...”
ထို့နောက် အခြားအရာများကို ဂရုမစိုက်တော့ဘဲ တစ်ငုံကြီး မော့သောက်လိုက်သည်။
“ဟား... ကောင်းလိုက်တာ။”
တစ်ငုံ သောက်ပြီးနောက် အကြီးအကဲယွီက ဖော့ဆို့ကို ပြန်ပိတ်လိုက်ပြီး ရတနာတစ်ပါးလိုမျိုး ရင်ခွင်ထဲ၌ သိမ်းဆည်းလိုက်သည်။
“ဒီကောင်စုတ်လေး၊ ဒီတစ်ခါလည်း ဆေးလုံးလာရောင်းတာ မဟုတ်လား...”
“ဟဲဟဲ...” လင်းကျင်းက ပြုံးရင်း ပြောလိုက်သည်။
“အကြီးအကဲ ယွီရဲ့ အမြင်က တကယ် စူးရှလွန်းပါတယ်....”
အကြီးအကဲယွီက နှုတ်ခမ်းငေါ့လိုက်ပြီး ပြောလိုက်သည်။
“နောက်ဆုံးအသုတ် ရောင်းသွားတာ တစ်လတောင် မပြည့်သေးဘူး။ အခု နောက်တစ်သုတ် ထပ်ဖော်စပ်ပြီးပြန်ပြီ...”
“မင်းရဲ့ ဆေးလုံးဖော်စပ်တဲ့ အရှိန်ကိုတော့ ဒီအဘိုးကြီးတောင် မနာလိုဖြစ်မိနေပြီ...”
ထိုသို့ ပြောပြီးနောက် အကြီးအကဲယွီက လက်ဖြန့်ပေးလိုက်သည်။
“ကဲ၊ မင်း ဖော်စပ်ထားတဲ့ ဆေးလုံးတွေကို ထုတ်ပြစမ်းပါဦး... ဒီအဘိုးကြီး ကြည့်လိုက်မယ်...”
“ခဏစောင့်ပါ အကြီးအကဲယွီ...”
ထိုသို့ ပြောပြီးနောက် လင်းကျင်းက သိုလှောင်အိတ်ထဲမှ ဆေးလုံးပုလင်းအနည်းငယ်ကို ထုတ်ယူကာ အကြီးအကဲ ယွီထံ ကမ်းပေးလိုက်သည်။
အကြီးအကဲ ယွီက ကြွေပုလင်းများကို ဖွင့်လိုက်ပြီး ဆေးလုံးများကို သွန်ထုတ်ကာ အသေးစိတ် စစ်ဆေးကြည့်ရှုတော့သည်။
အချိန်အတော်ကြာပြီးနောက် အကြီးအကဲယွီက ခေါင်းမော့လာပြီး လင်းကျင်းကို ကြည့်လိုက်ကာ သူ၏ မျက်လုံးများထဲတွင် တောက်ပသော အရောင်တစ်မျိုး ပေါ်ထွက်နေသည်။
“ကောင်လေး၊ မင်းရဲ့ ဆေးဖော်စပ်ပညာက တိုးတက်လာတာ တကယ် မြန်လွန်းတယ်...”
“ဒီဆေးလုံးတွေရဲ့ အရည်အသွေးကို ကြည့်ရတာ နောက်ထပ် လအနည်းငယ်လောက်ဆိုရင် မင်း အမြင့်ဆုံးအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်တော့မယ်လို့ ငါ ထင်တယ်...”
နှစ်လခန့် အစောပိုင်းက လင်းကျင်းက အဆင့်မြင့် ဆေးလုံးတစ်လုံးကို အကြီးအကဲယွီထံ ပေးခဲ့ဖူးသည်။ ထိုအချိန်က သူ့အနေဖြင့် အဆင့်မြင့် ဆေးလုံးများကို ဖော်စပ်နိုင်နေပြီဖြစ်ကြောင်း ပြောခဲ့သေးသည်။
လင်းကျင်း၏ တိုးတက်နှုန်းကို မြင်ပြီး အကြီးအကဲယွီ အလွန်အံ့အားသင့်ခဲ့ရသည်။ ထို့အပြင် အရည်အချင်းရှိသူကို တန်ဖိုးထားချင်စိတ် ဖြစ်ပေါ်လာသဖြင့် လင်းကျင်းကို ပိုမိုလမ်းညွှန်ပေးခဲ့သေးသည်။
“ကောင်လေး.... မင်း အမြင့်ဆုံးအဆင့် ဆေးလုံးကို ဖော်စပ်နိုင်တဲ့အချိန် ရောက်ရင် ငါ မင်းကို ယွဲ့ပေါင်လောကို ဧည့်အကြီးအကဲ(ဧည့်ဆေးဖော်စပ်ဆရာ) အဖြစ် မိတ်ဆက်ပေးမယ်...”
“အာ... ဧည့်အကြီးအကဲလား”
လင်းကျင်း အနည်းငယ် တွန့်ဆုတ်သွားသည်။
“ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တွေမှ ဧည့်အကြီးအကဲ ဖြစ်နိုင်တာ မဟုတ်ဘူးလား....”
ယွဲ့ပေါင်လော၏ ဧည့်အကြီးအကဲများသည် အလွန်ကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိကြသော်လည်း သတ်မှတ်ချက်များမှာ သဘာဝကျကျ မြင့်မားလှသည်။
အကြီးအကဲ ယွီက မထီမဲ့မြင် ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါက တခြားလူတွေအတွက်။ ငါ ကိုယ်တိုင် မိတ်ဆက်ပေးတဲ့သူကို ဘယ်သူမှ ဝေဖန်ရဲမှာ မဟုတ်ဘူး...”
လင်းကျင်း ခဏတာ ပြောစရာ စကားများ ပျောက်သွားတော့သည်။
ယခင်ကတည်းက အကြီးအကဲ ယွီ၏ ယွဲ့ပေါင်လောအတွင်းရှိ အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်း သူ သိထားပြီးသား ဖြစ်သည်။
သို့သော် ယခုကြည့်ရသလောက်တော့ သူ ထင်ထားတာထက်ပင် ပို၍ ဩဇာကြီးမားနေပေသည်။
“အကြီးအကဲယွီက တကယ် သြဇာကြီးတာပဲ....”
လင်းကျင်း၏ ချီးမွမ်းစကားကို ကြားပြီးနောက် အကြီးအကဲယွီက မျက်လုံးများကို မှေးကျဉ်းလိုက်ကာ ပြုံးရင်း ပြောသည်။
“ကောင်လေး၊ ကြိုးစားထား...”
“မင်းရဲ့ ဆေးဖော်စပ်ပါရမီက တကယ် ထူးချွန်တယ်။ ငါထင်တာတော့ မကြာခင်မှာပဲ မင်း ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာနိုင်လိမ့်မယ်....”
ဆေးလုံးများကို ရောင်းချပြီးနောက် လင်းကျင်းလည်း ဆေးလုံးဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ထပ်မံ ဝယ်ယူလိုက်သည်။
ထို့နောက် ယွဲ့ပေါင်လောမှ ထွက်ခွာသွားတော့သည်။
ယွဲ့ပေါင်လောမှ ထွက်လာချိန်တွင် ကောင်းကင်မှာ မှောင်စပျိုးနေပြီ ဖြစ်ပြီး လမ်းများပေါ်တွင်လည်း တိတ်ဆိတ်လာခဲ့ပြီး လမ်းသွားလမ်းလာ အနည်းငယ်သာ ကျန်ရှိတော့သည်။
လင်းကျင်းသည် လူမရှိသော ထောင့်တစ်နေရာကို ရှာတွေ့ကာ မိမိ၏ ရုပ်သွင်ကို အနည်းငယ် ပြောင်းလဲလိုက်ပြီးမှ ပြန်ထွက်လာခဲ့သည်။
ဒီတစ်ကြိမ်တွင် ဒုတိယအဆင့် ဆေးညွှန်းများနှင့် ဒုတိယအဆင့် ဆေးလုံးဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူရန် လိုအပ်နေသေးသည်။
ထိုအရာများကို ယွဲ့ပေါင်လောတွင် ဝယ်ယူရန်မှာ အနည်းငယ် အဆင်မပြေသောကြောင့် ဖြစ်သည်။
သူ ရွေးချယ်ထားသော နေရာမှာ ယခင်က သန့်စင်အဆင့် ဆေးလုံးများကို ရောင်းချခဲ့ဖူးသည့် ဆိုင်ငယ်လေး ဖြစ်သည်။
“အိုး... ဆရာကြီး ရောက်လာပြီပဲ”
လင်းကျင်း ဝင်လာသည်နှင့် ဆိုင်ရှင်က ပြုံးဖြီးဖြီးဖြင့် ကြိုဆိုလိုက်သည်။
ဒီကာလအတွင်း လင်းကျင်းက ထိုဆိုင်တွင် အကြိမ်များစွာ ဆေးလုံးများ ရောင်းချခဲ့ပြီး ဆိုင်ရှင်အတွက်လည်း အမြတ်အစွန်း ကောင်းကောင်း ရရှိစေခဲ့သည်။
ထို့ကြောင့် လင်းကျင်း ရောက်လာတိုင်း ဆိုင်ရှင်မှာ အလွန်ဝမ်းသာနေပြီး အခြားဖောက်သည်များထက်ပင် ပိုမိုကောင်းမွန်စွာ ဆက်ဆံလေ့ရှိသည်။
“ဆိုင်ရှင်၊ ကျွန်တော် ဒုတိယအဆင့် ဆေးညွှန်း အနည်းငယ် ဝယ်ချင်တယ်...”
“ဒါ့အပြင် ဒုတိယအဆင့် ဆေးလုံးဖော်စပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေလည်း လိုသေးတယ်...”
“ဆရာကြီး... ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်သွားပြီလား....”
ဆိုင်ရှင်က လင်းကျင်းကို ကြည့်ကာ ခဏတာ အံ့အားသင့်သွားသည်။
“ဟုတ်တယ်” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
လင်းကျင်း ခေါင်းညိတ်သည်ကို မြင်ပြီး ဆိုင်ရှင်က ချက်ချင်း သတိဝင်လာကာ ပြုံးဖြီးလျက် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ဆရာကြီး။ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်....”
“အရမ်း ချီးကျူးလွန်းနေပါပြီ ဆိုင်ရှင်….”
ဆိုင်ရှင်က ဆက်ပြောသည်။
“ဆရာကြီး လိုချင်တဲ့ ဆေးညွှန်းတွေနဲ့ ကုန်ကြမ်းတွေကိုသာ ပြောပါ။ ကျွန်တော်တို့ဆိုင်မှာ အကုန်ရှိပါတယ်....”
လင်းကျင်းက ပြောလိုက်သည်။
“ဆေးညွှန်းအနေနဲ့တော့ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး၊ စွမ်းအင်စုဆောင်းဆေးလုံးနဲ့ ယွမ်ချီစုဆောင်းဆေးလုံး ဖော်စပ်နည်း သုံးမျိုး လိုတယ်....”
“လောလောဆယ် ဒီသုံးမျိုးပဲ...”
“ကုန်ကြမ်းပစ္စည်းကတော့ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး၊ စွမ်းအင်စုဆောင်းဆေးလုံးနဲ့ ယွမ်ချီစုဆောင်းဆေးလုံးအတွက် အစုံနှစ်ဆယ်စီ လိုတယ်....”
ထိုသို့ ပြောပြီးနောက် လင်းကျင်းက ခဏစဉ်းစားလိုက်ပြီး ထပ်ဖြည့်ပြောသည်။
“ဒါပဲ”
“ကောင်းပါပြီ၊ ပြဿနာ မရှိပါဘူး...” ဆိုင်ရှင်က မေးစေ့ကို ပွတ်ရင်း ခေါင်းညိတ်လိုက်သည်။
“ဆရာကြီး ခဏစောင့်ပါဦး၊ ကျွန်တော် သွားယူပေးလိုက်မယ်...” ထိုသို့ ပြောပြီး ဆိုင်နောက်ခန်းဘက်သို့ လျှောက်သွားသည်။
မကြာမီမှာပင် ဆိုင်ရှင် ပြန်ရောက်လာသည်။
“ဆရာကြီး၊ ဒါတွေက ဆရာကြီး လိုချင်တဲ့ ကုန်ကြမ်းတွေပါ။ အရေအတွက် မှန်မမှန် စစ်ကြည့်ပါဦး....” ဟု ပြောကာ ကုန်ကြမ်းအိတ်သုံးအိတ်ကို ကောင်တာပေါ် တင်ပြီး လင်းကျင်းဘက်သို့ တွန်းပေးလိုက်သည်။
လင်းကျင်းက အိတ်များကို ဖွင့်ကြည့်ကာ အတွင်းရှိ ပစ္စည်းများကို စစ်ဆေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဆိုင်ရှင်က သိုလှောင်အိတ်ထဲမှ ဆေးညွှန်းစာရွက် သုံးရွက်ကို ထုတ်ယူကာ လင်းကျင်းထံ ကမ်းပေးလိုက်သည်။
လင်းကျင်းက အသာအယာ ကြည့်ရှုစစ်ဆေးလိုက်ရာ ပြဿနာတစ်စုံတစ်ရာ မတွေ့ရပေ။
“ဒါတွေအားလုံးအတွက် ဝိညာဉ်ကျောက်တုံး ဘယ်လောက် ကျမလဲ...” လင်းကျင်းက မေးလိုက်သည်။
ဆိုင်ရှင်က ပြန်ဖြေကာ
“ဒုတိယအဆင့် ဆေးဖော်စပ်ကုန်ကြမ်းတွေက ပထမအဆင့်ထက် အများကြီး ဈေးကြီးတာကို ဆရာကြီးလည်း သိမှာပါ...”
“ဒါပေါ့၊ ကျွန်တော် သိပါတယ်။”
“ဈေးနှုန်းကိုသာ ပြောပါ ဆိုင်ရှင်။” လင်းကျင်းက ပြောလိုက်သည်။
“ဆရာကြီး လိုချင်တဲ့ ဆေးညွှန်းသုံးမျိုးနဲ့ ကုန်ကြမ်းတွေ အားလုံးပေါင်းရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင့်နှစ်ရာ ကျပါမယ်....”
“အင်း... မဆိုးဘူး၊ မျှတတဲ့ ဈေးပဲ...” လင်းကျင်းက ပြောလိုက်သည်။
ထို့နောက် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ ငွေချေလိုက်တော့ည်။
လင်းကျင်း လိုချင်သော ပစ္စည်းများကို ယွဲ့ပေါင်လောတွင် ဝယ်ယူမည်ဆိုလျှင်လည်း ဈေးနှုန်းမှာ ခန့်မှန်းခြေအားဖြင့် ယခုနှင့် အတူတူမျှပင် ဖြစ်လိမ့်မည်။
ထို့ကြောင့် ဆိုင်ရှင်ပြောသော ဈေးနှုန်းမှာ လုံးဝ စျေးမများပေ။ အကြောင်းမှာ ဆိုင်ရှင်သည် လင်းကျင်းနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်လိုသောကြောင့် ယခုလိုအချိန်မျိုးတွင် ဈေးတင်ရောင်းမည့်သူ မဟုတ်ပေ။