အခန်း (၄) - အဆင့်ချိုးဖြတ်ခြင်း၊ နေရာလွတ်စနစ် အဆင့်မြှင့်တင်ခြင်း
ယွမ်ပိုတယောက် ထိုအသံကို ကြားလိုက်သည်နှင့် ကြောက်လန့်တုန်ယင်သွားကာ လုပ်လက်စကို ချက်ချင်း ရကာ မျက်လုံးများ ပြာယာခတ်လျက် စီမံခန့်ခွဲသူ လီဘက်သို့ လှမ်းကြည့်လိုက်သည်။
သို့သော်... စီမံခန့်ခွဲသူ လီမှာမူ လုံးဝ မတုန်လှုပ်သွားဘဲ သူက ယွမ်ပိုအား လိုက်လာရန် လက်ဟန်ပြလိုက်ပြီးနောက် အိမ်အပြင်သို့ ဦးစွာ ထွက်ခွါသွားတော့သည်။
ယွမ်ပိုလည်း စကားတစ်ခွန်းမှ မပြောတော့ဘဲ နောက်မှ အလျင်အမြန် လိုက်သွားလိုက်တော့သည်။
အိမ်အပြင်ဘက်တွင်... ဆရာတူအကို ဟန်သည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဖြစ်ပြီး သူ၏ မျက်နှာရှိ မျက်ဝန်းများ မှောင်မိုက်ကာ အေးစက်သော အလင်းရောင်များ တောက်ပနေသည်။ စီမံခန့်ခွဲသူ လီကို ကြည့်နေသည့် အကြည့်များက ရေခဲတမျှ အေးစက်လှလွန်းနေပေသည်။
အိမ်အပြင်သို့ ထွက်လာပြီးနောက် စီမံခန့်ခွဲသူ လီက ဟန်ကျင်းကို စိုက်ကြည့်လိုက်ပြီး ဦးစွာ မေးခွန်းထုတ်လိုက်သည်။
“ဟန်ကျင်း... ခုနက မင်း ပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။… ငါ့လက်အောက်ငယ်သားဆီ လာလည်တာလေ အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။...”
ထိုစကားကို ကြားသည်နှင့် ဟန်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဟွန့်... တကယ် အဲဒီလိုပဲလား။…”
စီမံခန့်ခွဲသူ လီက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် လင်းကျင်းက တစ်ချိန်က ငါ့လက်အောက်က လူတစ်ယောက်ပဲ။ အခု မတော်တဆမှုတစ်ခုကြောင့် ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရတော့... ငါလည်း စိတ်မကောင်း ဖြစ်မိနေတာ.. သူ့မှာ အကူအညီလိုတာ တစ်ခုခု ရှိမရှိ လာကြည့်ရုံဘဲ...”
“ဒါက ဂိုဏ်းကညီအစ်ကိုတွေအကြားမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ မဟုတ်ဘူးလား။ ဒါက ခွင့်မပြုထားလို့လား။….”
ထိုစကားကိုတော့ ဟန်ကျင်း ပြန်မဖြေခဲ့ဘဲ အေးစက်စွာ မေးလိုက်သည်။
“လင်းကျင်း ဘယ်မှာလဲ။...”
ဟန်ကျင်း ရောက်ရောက်ချင်း... လင်းကျင်း အိမ်ထဲတွင် မရှိကြောင်း သတိထားမိခဲ့သည့်အပြင် ပတ်ဝန်းကျင်တွင် သွေးနံ့တစ်စုံတစ်ရာလည်း မရှိနေပေ။ ထို့အတွက်ကြောင့် သူတို့နှစ်ယောက် လင်ကျင်းကို ထိခိုက်အောင် မလုပ်ရသေးကြောင်း ဟန်ကျင်း နားလည်သွားသည်။
စီမံခန့်ခွဲသူ လီက ပြန်ဖြေလိုက်သည်။
“ငါတို့ ရောက်လာတုန်းက သူ အိမ်ထဲမှာ မရှိဘဲ သူ့အထုပ်အပိုးတွေကတော့ ဒီမှာ ရှိသေးတယ်။ ကြည့်ရတာတော့ အရေးပေါ်ကိစ္စတစ်ခုခု ပေါ်လာလို့ ခဏထွက်သွားတာ ဖြစ်မယ်ထင်တာဘဲ။…”
ဟန်ကျင်းသည် စီမံခန့်ခွဲသူ လီကို တိုက်ရိုက် စိုက်ကြည့်လိုက်တော့ တစ်ဖက်လူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်လွန်းနေပြီး လိမ်ညာနေသည့် အရိပ်အယောင် တစ်စုံတစ်ရာ မတွေ့ရပေ။
ထိုကြောင့်... ဟန်ကျင်း မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားပြီး ဟန်ကျင်းက စီမံခန့်ခွဲသူ လီကို ကြည့်ပြီး ပြောလိုက်သည်။
“မင်း ဘာကြံနေလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။ မင်း လိုချင်နေတာ လင်းယု ရခဲ့တဲ့ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး မဟုတ်ဘူးလား။...”
“အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကြောင့်ကိုး...”
တိတ်တဆိတ် စောင့်ကြည့်နေသော လင်းကျင်းသည် စီမံခန့်ခွဲသူ လီက သူ့ဆီမှာ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ရှိနေသည်ဟု ထင်မှတ်ထားသောကြောင့် ဒီအရာအားလုံးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်နေသည်ကို ယခုအချိန်မှသာ အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။
“ငါ့ကို ဂိုဏ်းကနေ နှင်ထုတ်လိုက်တာလည်း ဒီအကြောင်းကြောင့်ပဲ ဖြစ်မယ်။... ငါ ဂိုဏ်းအပြင် ရောက်သွားတာနဲ့ သူက နောက်ယောင်ခံလိုက်ကာ ငါ့ကို သတ်ပြီး ဆေးလုံးကို လုသွားမှာဘဲ။…”
သို့သော် လင်းကျင်းသည် အမှန်တရားကို ကောင်းကောင်း သိသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင် ကွယ်လွန်စဉ်က နောက်ဆုံးစကား အနည်းငယ်သာ ချန်ထားခဲ့ပြီး အခြားအရာ တစ်ခုမျှ မချန်ခဲ့ပေ။ စီမံခန့်ခွဲသူ လီ ဒီသတင်းကို မည်သူ့ဆီက ရသွားတာလဲဆိုတာကို မသိပေ။
“သူ ဘယ်လို သိသွားတာလဲ။...” စီမံခန့်ခွဲသူ လီ၏ နှလုံးသား တုန်ခါသွားသည်။ သို့သော် အပြင်ပန်းတွင်တော့ မည်သည့်အရာမှ မသိသကဲ့သို့ ဟန်ဆောင်နေဆဲပင်။
“ဘယ်အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို ပြောနေတာလဲ စီနီယာအကို ဟန်၊ ခင်ဗျား အထင်မှားနေပြီ ထင်တယ်နော်။ ငါက လင်းကျင်း မထွက်ခွာခင် ဘာအကူအညီ လိုသေးလဲဆိုတာ လာကြည့်တာ သက်သက်ပဲ။…”
ဟန်ကျင်းက မသိဟန်ဆောင်နေသော စီမံခန့်ခွဲသူ လီကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။
“ဟုတ်တာ မဟုတ်တာ အသာထား… ငါ မင်းကို ပြောချင်တာက... ဒီကိစ္စကို လုံးဝ ဆက်မတွေးနဲ့တော့။”
“လင်ယုက အဲဒီ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ငါ့ကို ပေးခဲ့ပြီးသား။ မဟုတ်ရင် ငါ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ဘယ်လို ရောက်လာတယ်လို့ မင်း ထင်နေလဲ။...”
“ငါက လင်ယုဆီက ကျေးဇူးကြွေး တင်နေတဲ့သူ။ ဒါကြောင့် သူ့သားကို စောင့်ရှောက်ဖို့က ငါ့တာဝန် ဖြစ်တယ်။ မင်း သူ့ကို ဂိုဏ်းကနေ နှင်ထုတ်အောင် လုပ်ခဲ့တုန်းက ငါ ဝင်မစွက်ဖက်ခဲ့ဘူး။”
“ဒါပေမဲ့... မင်း သူ့ကို ထိခိုက်အောင် လုပ်ဖို့ ကြံနေရင်တော့... ငါ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးနော်။…”
စီမံခန့်ခွဲသူ လီ၏ စိတ်ထဲတွင်မူ ခါးသီးချက်များ ပြည့်နှက်သွားသည်။ နှစ်ပေါင်းများစွာ စီစဉ်ခဲ့သမျှ အားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးသည် အစောကြီးကတည်းက မရှိတော့ပေ။ သို့သော်…
သူက ထိုအရာကို ထုတ်မပြခဲ့ဘဲ ဆေးလုံးအကြောင်း လုံးဝ မသိသကဲ့သို့သာ ဆက်လက် ဟန်ဆောင်နေခဲ့သည်။
ဟန်ကျင်းက အေးစက်စွာ ပြောလိုက်သည်။
“ငါ ပြောသင့်တာ အားလုံး ပြောပြီးပြီနော်... မင်း လင်းကျင်းကို နောက်တစ်ခါ ထပ်ထိရဲရင်တော့ ငါ မညှာမတာ လုပ်မိတာကို အပြစ်မတင်နဲ့ပေါ့။…”
စီမံခန့်ခွဲသူ လီကတော့ မသိဟန်ဆောင်နေဆဲ ဖြစ်ပြီး သူက တရားမျှတမှုရှိသယောင်ဖြင့် ပြောလိုက်၏။
“စီနီယာအကို ဟန်... ဘာပဲဖြစ်ဖြစ် ငါတို့က ဂိုဏ်းတူညီအစ်ကိုတွေဘဲ မဟုတ်လား။ ငါက သူ့ကို အမြဲတမ်း ညီလေးတစ်ယောက်လို သဘောထားခဲ့တာပါ။ ဘယ်လိုလုပ်ပြီး သူ့ကို အန္တရာယ်ပေးရမှာလဲ။…”
စီမံခန့်ခွဲသူ လီ၏ သရုပ်ဆောင်စွမ်းရည်ကို မြင်လိုက်ရသောအခါ လင်းကျင်းပင် မချီးကျူးဘဲ မနေနိုင်တော့ချေ။ တကယ်လို့သာ အခြေအနေမှန်ကို မသိတဲ့ လူတစ်ယောက်သာ ဒီနေရာမှာ ရှိနေခဲ့ရင်တော့ ယခုအချိန်တွင်မူ လှည့်စားခံလိုက်ရပြီး ဖြစ်နေလောက်ပြီ။
သို့သော် ဟန်ကျင်းရဲ့ နောက်ထပ် ပြောလိုက်သော စကားတစ်ခွန်းက လင်းကျင်း၏ တစ်ကိုယ်လုံးကို ထုံကျင်သွားစေသည်။
“ဒါဆိုလည်း... ငါတို့ သူ ပြန်လာတာကို ဒီမှာပဲ စောင့်ကြတာပေါ့။”
“ကောင်းပြီလေ...”
ဟန်ကျင်း၏ သဘောထားက အလွန် ခိုင်မာနေသဖြင့် စီမံခန့်ခွဲသူ လီလည်း ကန့်ကွက်ရန် ခက်ခဲသွားပြီးနောက် သူတို့သုံးယောက်လုံး အိမ်ထဲသို့ အတူတကွ ဝင်သွားကြလေသည်။ ယွမ်ပိုကလည်း စားပွဲပေါ်ရှိ ဆီမီးခွက်ကို လျင်လျင်မြန်မြန် မီးသွားထွန်းလိုက်သည်။
ထို့နောက် လူသုံးယောက်စလုံးသည် လင်းကျင်း၏ မြက်မိုးတဲငယ်အတွင်းမှာ တိတ်ဆိတ်စွာ ထိုင်နေကြပြီး လင်းကျင်း ပြန်လာမည့်အချိန်ကို အတူတကွ စောင့်ဆိုင်းနေပေတော့သည်။
......
“သူတို့ ဒီမှာ ရှိနေတော့ အခု ငါ အပြင်ထွက်ဖို့ ပိုပြီး ခက်သွားပြီ။...” စောင့်ကြည့်နေသည့် လင်ကျင်းက ခါးသီးစွာ ပြုံးလိုက်သည်။
“ငါ အပြင်ထွက်လိုက်တာနဲ့ နေရာလွတ်စနစ် ရှိနေတဲ့အကြောင်း သေချာပေါက် ပေါ်သွားလိမ့်မှာဘဲ။...”
လင်းကျင်းက ခေါင်းခါယမ်းလိုက်ပြီး ခါးသီးစွာ ရယ်မောလိုက်သည်။
“တကယ်ကို ကံဆိုးလွန်းတာပဲကွာ ကြွက်တစ်ကောင် ထောင်ချောက်ထဲ ပိတ်မိသလို ဖြစ်နေပြီဟ…”
ထို့နောက် သူသည် ကြည့်ရှုရှာဖွေခြင်းစနစ်မှ အလျင်အမြန် ထွက်လိုက်ပြီး စနစ်ကို မေးလိုက်သည်။
“စနစ်... ငါ အပြင်ထွက်တဲ့အခါ တခြားနေရာမှာ ပေါ်လာနိုင်တဲ့ နည်းလမ်း ရှိလား။...”
“ဟုတ်ကဲ့ သခင်အနေဖြင့် သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်ပါသည်။ သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်းသည် သခင့်ကို အပြင်လောကဆီ တိုက်ရိုက် ပို့ဆောင်ပေးနိုင်ပြီး ရွှေ့ပြောင်းနိုင်သည့် အကွာအဝေးကတော့ နေရာလွတ်စနစ်အတွင်းရှိ ဝိညာဉ်စိုက်ခင်း၏ အကျယ်အဝန်းနှင့် တူညီပါသည်။”
“လက်ရှိ သခင့်ရဲ့ နေရာလွတ်စနစ်မှာ အဆင့် ၁ ဖြစ်ပြီး... ဝိညာဉ်စိုက်ခင်း အကျယ်အဝန်းမှာ ၁၀ မူ ဖြစ်ပါသည်။ ထို့ကြောင့် ရွှေ့ပြောင်းနိုင်သည့် အကွာအဝေးမှာလည်း ၁၀ မူ ဖြစ်ပါသည်။”
“သတ်မှတ်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်ရန် ရိတ်သိမ်းမှတ် ၁ မှတ် ကုန်ကျပါမည်။”
“အခကြေးငွေ ရှိသေးတယ် ဟုတ်လား။…” လင်းကျင်း ယခုအခြေအနေကို လှောင်ပြောင်ချင်စိတ်ပင် မရှိတော့ပေ။ အကြောင်းမှာ သူ၏ ရိတ်သိမ်းမှတ်များမှာ ယခုထိ သုည ဖြစ်နေဆဲပင်။ လင်းကျင်း နောက်ထပ် မေးခွန်းမထုတ်ခင်မှာဘဲ စနစ်ရဲ့ သတိပေးချက်တစ်ခု ထပ်မံ ပေါ်လာခဲ့သည်။
“လက်ရှိ သခင်၏ ရိတ်သိမ်းမှတ်မှာ ၀ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသည်။ သခင့်အနေဖြင့် ချီစုဆောင်းခြင်း ဒုတိယအလွှာကို ဦးစွာချိုးဖြတ်ရန် အကြံပြုပါသည်။”
(မှတ်ချက် - နေရာလွတ်စနစ်အတွင်း အဆင့်ချိုးဖြတ်တာ အောင်မြင်ပါက သခင်သည် ရိတ်သိမ်းမှတ်များ ရရှိမည်ဖြစ်သည်။)
“တကယ်ပဲ ငါ့ကို အဆင့်ချိုးဖြတ်ခိုင်းနေတာပဲ...”
လင်းကျင်းက ကျန်ရှိသော အချိန်ကို ကြည့်လိုက်သည်။ တစ်နာရီကျော်ကျော်သာ ကျန်တော့သဖြင့် သူ မနှောင့်နှေးဝံ့တော့ပေ။ စိတ်နှင့် ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ပြီး မိမိ၏ အခြေအနေကို အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းကာ အဆင့်ချိုးဖြတ်ရန် စတင် ပြင်ဆင်လိုက်သည်။
အချိန် မည်မျှ ကုန်သွားသည်ကို သူ မသိတော့ပေ။
သို့သော် လင်းကျင်းသည် မိမိရဲ့ အရှိန်အဝါနှင့် စိတ်အခြေအနေတို့ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခံစားနေရသည်။
သို့ရာတွင် တစ်စုံတစ်ခုက သူ့ရှေ့က လမ်းကို ပိတ်ဆို့ထားသကဲ့သို့ပင် နောက်တစ်ဆင့်ကို တိုးမသွားနိုင်သေးပေ။ လင်းကျင်းသည် စိတ်ကို သေချာစုစည်းလိုက်ပြီး ကျင့်ကြံရေးနည်းစနစ်ကို အပြည့်အဝ လည်ပတ်စေကာ ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် စုပ်ယူလိုက်သည်။
အချိန် တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ ပိုမို တိုးပွါးလာပေတော့သည်။
မကြာခင်မှာဘဲ သွေးကြောများအတွင်းရှိ ဝိညာဉ်စွမ်းအားများ ပြည့်လျှံလုနီးပါး ဖြစ်လာတော့၏။ သို့သော် လင်းကျင်းက မရပ်တန့်သေးဘဲ ကျင့်ကြံရေးနည်းစနစ်ကိုသာ ဆက်လက် လည်ပတ်နေဆဲပင်။
“ဝုန်း…..”
ရုတ်တရက် လင်းကျင်းသည် ထူးခြားသော ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရပြီး သူသည် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ ခံစားရကာ ပတ်ဝန်းကျင်ရှိ လောကကြီးသည်လည်း ပိုမို ရှင်းလင်းကာ အစစ်အမှန် ဖြစ်လာတော့သည်။
လင်းကျင်း ချီစုဆောင်းခြင်း ဒုတိယအလွှာကို အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
“ဂုဏ်ယူပါတယ် သခင်။ အဆင့်ချိုးဖြတ်မှု အောင်မြင်ခဲ့သဖြင့် ရိတ်သိမ်းမှတ် ၁၀ မှတ် ရရှိပါသည်။”
“ဒင်…”
“စနစ်သတိပေးချက် - ယခု သခင်၏ ပထမဆုံးအကြိမ် ရိတ်သိမ်းမှတ် ရရှိခြင်း ဖြစ်သောကြောင့် အပိုဆုအဖြစ် ရိတ်သိမ်းမှတ် ၁၀၀ မှတ် ထပ်မံ ချီးမြှင့်ပါသည်။”
မမျှော်လင့်ထားသော ဆုလာဘ်ကြောင့် လင်းကျင်း အနည်းငယ် အံ့ဩသွားခဲ့ရကာ ထိုကဲ့သို့ အပိုဆုတစ်ခု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါကို လူသစ်အကျိုးခံစားခွင့်လို့ သတ်မှတ်လို့ရမလား။...”
အဆင့်ချိုးဖြတ်မှုမှ ရရှိသော ရိတ်သိမ်းမှတ် ၁၀ မှတ်…
အပိုဆု ရိတ်သိမ်းမှတ် ၁၀၀ မှတ်... စုစုပေါင်း ၁၁၀ မှတ် ဖြစ်သွားသည်။ ထိုအခါမှသာ လင်းကျင်းသည် စနစ်ရဲ့နေရာလွတ် အဆင့်မြှင့်တင်ရန် လိုအပ်သော ရိတ်သိမ်းမှတ်မှာ ၁၀၀ မှတ်သာ ဖြစ်ကြောင်း သတိရသွားတော့သည်။
“စနစ်... အချက်အလက်မျက်နှာပြင်ကို ဖွင့်လိုက်။”
ထို့နောက် အလင်းမျက်နှာပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာတော့ လင်းကျင်း မော့ကြည့်လိုက်သောအခါ...
ထင်သည့်အတိုင်းပင် စနစ်ရဲ့နေရာလွတ်ကို အဆင့်မြှင့်တင်နိုင်သည့် ရွေးချယ်မှုတစ်ခု ပေါ်လာနေသည်ကို တွေ့လိုက်ရတော့သည်။
နေရာလွတ်စနစ် ( အဆင့် - ၁ ) (အဆင့်မြှင့်တင်နိုင်)
ကျန်ရှိသော အချိန် - ၁၇ မိနစ်
ပိုင်ရှင် - လင်းကျင်း
ဝိညာဉ်စိုက်ခင်း အကျယ် - ၁၀ မူ
ဝိညာဉ်စွမ်းအင် သိပ်သည်းဆ - ၁
အချိန်စီးဆင်းနှုန်း - ၁
နေ့စဉ် ဝင်ရောက်နိုင်သော အချိန် - ၂ နာရီ
အဆင့်မြှင့်တင်ရန် လိုအပ်ချက် - (110/100 ရိတ်သိမ်းမှတ်)
အထူးလုပ်ဆောင်ချက် -
စောင့်ကြည့် သတိပေးခြင်း -(ပိုင်ရှင်သည် နေရာလွတ်စနစ်ထဲ ဝင်ရောက်ပြီးချိန်မှာ အပြင်လောကရှိ ပိုင်ရှင်၏ အနီးပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ပေါ်ပေါက်ပါက ချက်ချင်း သတိပေးမည်။)
ကြည့်ရှု ရှာဖွေခြင်း - (ပိုင်ရှင်သည် နေရာလွတ်စနစ်အတွင်းမှ အပြင်လောကကို ကြည့်ရှု ရှာဖွေနိုင်သည်။)
(မှတ်ချက်။ ကြည့်ရှု ရှာဖွေနေစဉ် အမြင်သည် အပြင်လောက၏ အချိန်စီးဆင်းမှုနှင့် တပြိုင်တည်း ဖြစ်နေမည်။)
“စနစ်... အဆင့်မြှင့်တင်လိုက်။”
လင်းကျင်းသည် လုံးဝ မတွန့်ဆုတ်ဘဲ ချက်ချင်းပင် အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။
“ဂျုန်း... ဂျုန်း... ဂျုန်း...”
လင်းကျင်းရဲ့အမိန့်ကို လက်ခံရရှိပြီးနောက် နေရာလွတ်စနစ်တစ်ခုလုံး စတင် ပြောင်းလဲလာသည်။
အထင်ရှားဆုံး ပြောင်းလဲမှုမှာ နေရာလွတ်တစ်ခုလုံး အပြင်ဘက်သို့ ဆက်တိုက် ချဲ့ထွင်လာပြီး အကျယ်အဝန်း ပိုမို ကြီးမားလာခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် နေရာလွတ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည်လည်း ပိုမို ထူထပ်သိပ်သည်းလာသည်။
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးမှာ ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။ ဆယ်မိနစ်ကြာပြီးနောက်...
စနစ်ရဲ့ သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။
“ဒင်…”
“အဆင့်မြှင့်တင်မှု အောင်မြင်ပါသည်။
“လက်ရှိ စနစ်နေရာလွတ် အဆင့် - ၂”
“လုပ်ဆောင်ချက်အသစ် ဖွင့်လှစ်ပြီးပါပြီ - အချိန်စုဆောင်းခြင်း။”